Migrant Rights Promotion Working Group - MRPWG
30/03/2026
သတိပေးချက်ပါဗျို့!
"အခမဲ့ဆင်းကတ်" ရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ လက်ဆောင်
မသိလိုက်ဘဲ ထောင်ကျသွားနိုင်ပါတယ်။
မင်္ဂလာပါ သူငယ်ချင်းတို့နဲ့ မိဘပြည်သူအပေါင်းတို့...
ဒီနေ့တော့ စေတနာရှေ့ထားပြီး အရေးကြီးတဲ့သတင်းတစ်ခု သတိပေးချင်လို့ပါ။ အခုတလော "ဆင်းကတ်အလကားပေးတယ်" ဆိုပြီး လိမ်လည်နေတဲ့ သတင်းတွေ အများကြီးကြားနေရပါတယ်။
"အလကားရတယ်" ဆိုတဲ့ စကားလုံးနောက်ကို အလောတကြီး မလိုက်သွားပါနဲ့ဦး။ ဘာလို့လဲဆိုတော့ သူ့ရဲ့နောက်ကွယ်က အကျိုးဆက်က ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းလို့ပါ။
⚠️ လူလိမ်တွေသုံးတဲ့ လှည့်ကွက်
သူတို့က လူစည်ကားတဲ့ နေရာတွေမှာ အရောင်းကောင်တာ (Booth) လေးတွေဖွင့်ပြီး စေတနာရှင်တွေလိုလိုနဲ့ ဆင်းကတ်တွေ အလကားဝေပါတယ်။ ဒါပေမဲ့ ကတ်ရဖို့အတွက် "မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ခိုင်းတာ" နဲ့ "မျက်နှာကို Scan ဖတ်ခိုင်းတာ" စတဲ့ အချက်အလက်တွေကို အခွင့်အရေးရယူဖို့အတွက် ကိုယ်ရေးကိုယ်တာ အတည်ပြုရမယ်ဆိုပြီး အကြောင်းပြ တောင်းဆိုပါလိမ့်မယ်။
🚨 ကျွန်ုပ်တို့ကို "တရားခံ" ဖြစ်သွားစေမယ့် ထောင်ချောက်
လူလိမ်တွေက ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို ရသွားပြီဆိုရင် သင့်နာမည်နဲ့ ဖုန်းနံပါတ်ပေါင်း ဆယ်ချီ၊ ရာချီပြီး ထုတ်ပါလိမ့်မယ် (ဒါကို Sim Mule လို့ ခေါ်ပါတယ်)။ ပြီးရင် အောက်ပါ မကောင်းတဲ့ကိစ္စတွေမှာ အသုံးပြုပါတယ် ။
• Call Center ဂိုဏ်းတွေအဖြစ် တခြားသူတွေကို ဖုန်းဆက်လိမ်လည်တာ။
• Online ငွေစာရင်း (Banking) တွေဖွင့်ပြီး ငွေလိမ်တာ။
• နောက်ဆုံးမှာတော့ ရဲကစုံစမ်းတဲ့အခါ ဆင်းကတ်ပိုင်ရှင်က "သင့်နာမည်" ဖြစ်နေတဲ့အတွက် အပြစ်ဒဏ်ခံရမယ့်သူက သင်ကိုယ်တိုင် ဖြစ်သွားပါလိမ့်မယ်။
⚖️ ပြစ်ဒဏ်ကြီးလေးပါတယ်၊ မလုပ်မိပါစေနဲ့!
ထိုင်းနိုင်ငံရဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုကာကွယ်နှိမ်နင်းရေး အမိန့်ဒီကရီ (၂၀၂၃) အသစ်အရ သူတပါးကို သင့်နာမည်နဲ့ ဆင်းကတ်အသုံးပြုခွင့်ပေးတာ (Sim Mule) ဟာ အောက်ပါအတိုင်း အပြစ်ဒဏ်ခံရနိုင်ပါတယ်။
• ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ။
• ဒဏ်ငွေ အများဆုံး ဘတ် ၃ သိန်းအထိ။
• သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ခံရနိုင်ပြီး ရာဇဝတ်မှုမှတ်တမ်း (Criminial Record) ဝင်သွားတဲ့အတွက် အနာဂတ်ပျက်စီးသွားနိုင်ပါတယ်။
✅ ဘေးကင်းအောင် ဘယ်လိုနေမလဲ
1. လောကမှာ အလကားရတာ မရှိဘူး: အထူးသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ မျက်နှာ Scan ပေးရမယ်ဆိုရင် သတိထားပါ။
2. ချက်ချင်း ငြင်းဆိုပါ: တရားဝင် ဝန်ဆောင်မှုစင်တာ (Service Center) မဟုတ်ရင် ဘယ်သူ့ကိုမှ သင့်မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ခွင့် သို့မဟုတ် မျက်နှာ Scan ဖတ်ခွင့် လုံးဝမပေးပါနဲ့။
3. သေချာအောင် စစ်ဆေးပါ: သင့်နာမည်နဲ့ ထူးဆန်းတဲ့ ဖုန်းနံပါတ်တွေ ပွင့်နေသလားဆိုတာကို ဖုန်းအော်ပရေတာ စင်တာတွေမှာဖြစ်ဖြစ်၊ NBTC ရဲ့ "3-Layer" App မှာဖြစ်ဖြစ် စစ်ဆေးနိုင်ပါတယ်။
🆘 အကယ်၍ သံသယဖြစ်ဖွယ် အခြေအနေနဲ့ ကြုံရရင် ဒါမှမဟုတ် မှားလုပ်မိသွားပြီဆိုရင် AOC Hotline 1441 ကို ၂၄ နာရီပတ်လုံး ဖုန်းဆက်တိုင်ပင်နိုင်ပါတယ်။
မိမိတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကိုလည်း ဒီပို့စ်လေး Share ပေးပြီး သတိပေးပေးကြပါဦး။ ဆင်းကတ်တစ်ခုတည်းနဲ့ ဘဝမပျက်ပါစေနဲ့။
#ထိုင်းနိုင်ငံပြန်ကြားရေးဌာန
#အွန်လိုင်းဘေးအန္တရာယ်သတိပေးချက်
#ဆင်းကတ်လိမ်လည်မှု
#လိမ်လည်
မူရင်းလင့်
https://www.facebook.com/photo/?fbid=1393336032821815&set=a.307599311395498
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ องค์กรนั้น
เว็บไซต์
ที่อยู่
Mae Sot