Playmaker Journal
24/04/2026
ဆီးကျိတ်ကင်ဆာရောဂါ ခံစားခဲ့ရကြောင်း ဘရိုက်တန်နှင့် နယူးကာဆယ်နည်းပြဟောင်းခရစ်ဟွတ်တန် ဖွင့်ဟလာ
================
ဘရိုက်တန်နှင့် နယူးကာဆယ်နည်းပြဟောင်းခရစ်ဟွတ်တန်က ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဆီးကျိတ်ကင်ဆာဖြစ်ပွားကာ ဆေးကုသမှုခံယူခဲ့ရကြောင်း ဖွင့်ဟလာပါတယ်။
ဟွတ်တန်ဟာ ကင်ဆာရောဂါအစောပိုင်းအဆင့်တွင် စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပြီး မေလတုန်းက အောင်မြင်စွာ ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
အသက် ၆၇ နှစ်ရှိ နည်းပြက "ဒီသတင်းကြောင့် လုံးဝကို မတုန်လှုပ်ခဲ့ဘူး။ လူတိုင်းက ကွဲပြားတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျုပ်က လုံးဝ ကျန်းမာနေတာ။ ဒါက ကျုပ်ကို သတ်လာမှာ မဟုတ်ဘူးဆိုတာ တွေးလိုက်မိတယ်။ လုပ်စရာ ရှိတာ လုပ်ဖို့ပဲ တွေးတယ်"လို့ ပြောကြားသွားပါတယ်။
ကစားသမားဘဝတုန်းက နောက်တန်းအစွန်လူအဖြစ် ကစားခဲ့တဲ့ ဟွတ်တန်ဟာ စပါးစ်အတွက် ၃၉၈ ပွဲကစားခဲ့ကာ ၁၉၈၀ ခုနှစ်များတုန်းက ယူအီးအက်ဖ်အေဖလား ၁ လုံး၊ အက်ဖ်အေဖလား ၂ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အိုင်ယာလန်အတွက် ၅၃ ပွဲကစားခဲ့တဲ့ ဟွတ်တန်ဟာ ဝက်စ်ဘရွန်း၊ ဘရိုက်တန်တို့တွင် ကစားကာ ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ နည်းပြလောကသို့ ဝင်ရောက်ပြီးနောက် နယူးကာဆယ်နှင့် ဘရိုက်တန်တို့ကို ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သလို ဘာမင်ဂမ်၊ နော့ဝှစ်ချ်၊ နော်တင်ဟမ်ဖောရက်စ်တို့ကိုလည်း ကိုင်တွယ်ခဲ့ကာ နောက်ဆုံးအသင်းအဖြစ် ဂါနာအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက "အကြံကောင်းဉာဏ်ကောင်းတွေ ရခဲ့တယ်။ ဆေးကုသလို့ ရတဲ့ နည်းလမ်းအားလုံးကို ပြောပြကြတယ်။ ဆီးကျိတ်ကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကောင်းကောင်းမွန်မွန်လည်း ပြန်ကောင်းလာတယ်။ အခု ခွဲစိတ်ကုသလာတာ တစ်နှစ်ရှိပြီ။ ကျန်းမာရေးကောင်းတယ်။ အားလုံးအဆင်ပြေတယ်။ စွမ်းအင်တွေအများကြီးရှိပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆီးကျိတ်ကင်ဆာမှာ အသက် ၅၀ နှစ်အထက် အမျိုးသားများတွင် အဖြစ်များလေ့ရှိတဲ့ ကင်ဆာရောဂါဖြစ်ပြီး အစောပိုင်းတွင် လက္ခဏာမပြဘဲ တဖြည်းဖြည်း ကြီးထွားလာတဲ့ ကင်ဆာဖြစ်ပါတယ်။
ဆီးကျိတ်ကင်ဆာဖြစ်နေကြောင်းကို ပြသတဲ့ လက္ခဏာများမှာ ဆီးသွားရခက်ခြင်း၊ ဆီးနှင့် သုတ်တွင် သွေးပါခြင်း၊ ကျောအောက်ပိုင်း/တင်ပုဆုံနာကျင်ခြင်း၊ လိင်ထောင်မတ်ရန် ခက်ခဲခြင်းတို့ ပြတတ်ပါတယ်။
ယင်းကင်ဆာမှာ အသက် ၅၀ နှစ်နောက်ပိုင်းတွင် စတင်ဖြစ်ပွားပြီး ပုံမှန်အားဖြင့် အသက် ၆၇ နှစ်အရွယ်တွင်မှ လက္ခဏာပြတတ်ပါတယ်။ ဒါ့အပြင် မိသားစုအတွင်း ယင်းရောဂါဖြစ်ပွားဖူးသူ ရှိပါက ဖြစ်ပွားနိုင်ခြေများတတ်ပါတယ်။
24/04/2026
စပါးစ်နှင့်ပွဲတွင် ဘရော့ဘီ အနီကတ်ပြထုတ်ပယ်ခံရသင့်ကြောင်း ပရီးမီးယားလိဂ်ဝန်ခံလာ
===================
စပါးစ်ကို အနိုင်ရခဲ့တဲ့ ဆန်းဒါးလန်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရိုင်ယန်ဘရော့ဘီမှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသင့်ကြောင်း ပရီးမီးယားလိဂ်က ဝန်ခံလာပါတယ်။
ဧပြီလ ၁၂ ရက်နေ့တုန်းက အလင်းရောင်ကွင်းပွဲစဉ်တွင် ဆန်းဒါးလန်းတို့ ဦးဆောင်ဂိုးရပြီးနောက် မကြာမီ ပွဲချိန် ၆၃ မိနစ်မှာ ဘရော့ဘီက ခရစ္စတီယန်ရိုမီယိုနှင့်အပြိုင် ဘောလုံးရရှိရေး ကြိုးပမ်းခဲ့ပါတယ်။
စပါးစ်နောက်ခံလူရိုမီယိုက အရှိန်လျှော့ချကာ ခန္ဓာကိုယ်ဖြင့် အကာအကွယ်လုပ်ပြီး ဂိုးသမားအန်တိုနန်ကန်စကီး ဖမ်းနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဆန်းဒါးလန်းတိုက်စစ်မှူးဘရော့ဘီရဲ့ တွန်းလှဲခြင်းခံခဲ့ရပါတယ်။ ရိုမီယိုဟာ ကန်စကီးနှင့် လဲကျသွားပြီးနောက် ရာသီအကုန်အထိ အနားယူရမယ့် ဒူးဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒိုင်လူကြီးရော့ဘ်ဂျုံးစ်က ယင်းဖြစ်ရပ်ကို ပြစ်ဒဏ်ဘောပေးခဲ့ပေမယ့်လည်း ပထမပိုင်းတွင် ပီဒရိုပေါ်ရိုနှင့် ပြဿနာတက်ခဲ့မှုကြောင့် အဝါကတ်ပြသခြင်းခံခဲ့ရတဲ့ ဘရော့ဘီအား ဒုတိယအဝါကတ်ပြသကာ ထုတ်ပယ်ခဲ့ခြင်း မရှိပါဘူး။
ယခုအခါ ပရီးမီးယားလိဂ်ရဲ့ Key Match Incidents (KMI) သမာဓိခုံအဖွဲ့က ဘရော့ဘီမှာ မလိုအပ်ဘဲ လက်နှစ်ဖက်ဖြင့် တွန်းခဲ့မှုနှင့်အတူ ဒုတိယအဝါကတ်ပြသခြင်းခံရသင့်တယ်လို့ ယုံကြည်ပြီး ဒိုင်လူကြီးဂျုံးစ်ရဲ့ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ၃ မဲ ၂ မဲဖြင့် ဆုံးဖြတ်လာပါတယ်။
ယင်းပွဲတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ စပါးစ်ဟာ ဘရော့ဘီသာ ထုတ်ပယ်ခြင်းခံရမည်ဆိုပါက မိနစ် ၃၀ အား တစ်ယောက်အသာဖြင့် ကစားခွင့်ရလာပါမယ်။
ယင်းပွဲအပြီးတွင် ဘရော့ဘီဟာ ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရပြီး ဆန်းဒါးလန်းက ယင်းဖြစ်ရပ်ကို ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ဂျုံးစ်ဟာ ယခုရာသီတွင် key match incidents (KMI)ရဲ့ စစ်ဆေးတဲ့ အမှား ၁၂ ကြိမ်တွင် အမှား ၅ ကြိမ်အား ကျူးလွန်ထားတဲ့ ဒိုင်လည်း ဖြစ်ပါတယ်။
24/04/2026
နိုင်ဂျီးရီးယားတိုက်စစ်မှူးဟောင်း ကွင်းအတွင်း နှလုံးဖောက်ကာ လဲကျသေဆုံး
======================
နိုင်ဂျီးရီးယားတိုက်စစ်မှူးဟောင်းမိုက်ကယ်အီနီရာမိုဟာ အသက် ၄၀ နှစ်အရွယ်တွင် ကွင်းအတွင်း လဲကျသေဆုံးသွားခဲ့ပါတယ်။
တူရကီလိဂ်တိုက်စစ်မှူးဟောင်းဟာ ၂၀၁၈ ခုနှစ်ကတည်းက ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပြီး ဒေသတွင်း ခြေကြည်ရေးပွဲတစ်ပွဲတွင် ပွဲကစားရင်း သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။
အီနီရာမို ကွင်းအတွင်း လဲကျသွားပြီးနောက် ကွင်းအတွင်းတွင် အသက်ပြန်ရှင်လာရေး ကြိုးပမ်းခဲ့ပြီးနောက် ဆေးရုံသို့ ပို့ချိန်မှာတော့ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
Tank လို့အမည်ပြောင်ပေးခြင်းခံခဲ့ရတဲ့ အီနီရာမိုဟာ နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက် ၁၁ ပွဲကစားခဲ့ရာမှာ ၃ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ဂျီးရီးယားအတွက် ပထမဆုံးပွဲ ကစားခွင့် ရပြီးနောက် သုံးလအကြာ အိုင်ယာလန်နှင့်ပွဲတွင် ပထမဆုံးဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ နိုင်ဂျီးရီးယားကလပ် Lobi Stars အကယ်ဒမီမှ ထွက်ပေါ်လာပြီးနောက် တူနီးရှားကလပ် Esperance သို့ ပြောင်းကစားခဲ့ပါတယ်။
သူဟာ အယ်လ်ဂျီးရီးယားကလပ် USM Alger တွင် အငှားဖြင့် ကစားစဉ် ခြေစွမ်းပြနိုင်မှုကြောင့် ဆော်ဒီကလပ် Al-Shabab သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းကစားခွင့်ရခဲ့ပါတယ်။
သူဟာ ခေတ္တသာ ကစားပြီးနောက် Esperance သို့ ပြန်လာခဲ့ပြီး တူရကီသို့ ပြောင်းကစားခဲ့ကာ ၅ နှစ်ကြာ ကစားခဲ့ပါတယ်။
သူဟာ တူရကီစူပါလိဂ်ကလပ်များဖြစ်ကြတဲ့ Sivasspor၊ Besiktas၊ Istanbul Basaksehir နှင့် Manisaspor အတွက် ပွဲတစ်ရာကျော်ကစားခဲ့ရာမှာ ၃၁ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၇ ခုနှစ်တွင် Al-Ettifaq သို့ ပြောင်းကာ အရှေ့အလယ်ပိုင်းသို့ ပြန်ပြောင်းခဲ့ပြီး ယင်းနောက်ပိုင်းတွင် Esperance သို့ ပြန်လာကစားခဲ့သလို ဆိုက်ပရပ်စ်ကလပ် Turk Ocagi Limasol SK မှာလည်း ကစားခဲ့ပါတယ်။
သူဟာ Esperance မှာ ကစားစဉ်တုန်းက ပရိသတ်အချစ်တော်ကစားသမားတစ်ဦးဖြစ်ပြီး ယင်းကလပ်အတွက် ၆၅ ဂိုးသွင်းပေးခဲ့ပါတယ်။
24/04/2026
မာတီနက်ဇ်ရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်အယူခံအား ငြင်းပယ်ရတဲ့အကြောင်းရင်းကို အက်ဖ်အေအတည်ပြုလာ
====================
အက်ဖ်အေရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆံပင်ဆွဲမှုအပေါ် သည်းခံခွင့်လွှတ်နိုင်စရာမရှိကြောင်း ပြောကြားကာ ယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်အယူခံအား ပယ်ချခဲ့ရတဲ့ အကြောင်းရင်းအား အတည်ပြုလာပါတယ်။
လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ ပွဲအတွင်း လိဒ်တိုက်စစ်မှူးဒိုမီနစ်ကယ်ဗတ်လီဝင်းကို ဆံပင်ဆွဲမှုအတွက် ၃ ပွဲပယ်ခံရတဲ့ မာတီနက်ဇ်အတွက် ယူနိုက်တက်ဘက်က အယူခံဝင်မှုကို ပယ်ချခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ မာတီနက်ဇ်ဟာ အိုးထရက်ဖို့ဒ်တွင် လိဒ်အား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ကယ်ဗတ်လီဝင်းကို ဆံပင်ဆွဲခဲ့တာ ဖြစ်ပြီး ဒိုင်လူကြီးပေါလ်တီယာနေးက ကွင်းဘေးအနီး မော်နီတာတွင် စစ်ဆေးမှု ပြုလုပ်ပြီးနောက် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဘောလုံးပွဲတွင် ဆံပင်ဆွဲမှုအပေါ် သည်းခံခွင့်လွှတ်နိုင်စရာ မရှိကြောင်း၊ ယင်းလုပ်ရပ်အတွက် ပြင်းထန်စွာ အရေးယူရမည်ဖြစ်ကြောင်း ဆိုထားပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချဲလ်ဆီးအား အနိုင်ရတဲ့ပွဲကို လွဲချော်ထားပြီးဖြစ်ကာ ဧပြီလ ၂၇ ရက်နေ့ ဘရန့်ဖို့ဒ်နှင့်လည်းကောင်း၊ မေလ ၃ ရက်နေ့ လီဗာပူးနှင့် အိမ်ကွင်းပွဲစဉ်တို့ကိုလည်းကောင်း လွဲချော်လာဦးမှာ ဖြစ်ပါတယ်။
24/04/2026
လာမယ့်အပတ်တွင် နယူးကာဆယ်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် အက်ဒီဟောင်း စီစဉ်ထား
====================
နယူးကာဆယ်နည်းပြအက်ဒီဟောင်းဟာ လာမယ့်အပတ်တွင် အသင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
နယူးကာဆယ်ဥက္ကဌယာဆာအယ်ရူမေယန်နှင့် Public Investment Fund (PIF) မှ တာဝန်ရှိသူများဟာ လာမယ့်အပတ်တွင် အင်္ဂလန်အရှေ့မြောက်ပိုင်းသို့ လာရောက်လည်ပတ်ရန် စီစဉ်ထားကြပါတယ်။
အက်ဒီဟောင်းနှင့် အသင်းပိုင်ရှင်များဟာ နော်သမ်ဘာလန်းရှိ Matfen Hall တွင် တွေ့ဆုံရန် စီစဉ်ထားကြပါတယ်။
နယူးကာဆယ်အသင်းတာဝန်ရှိသူများဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ယခုကဲ့သို့ကာလမျိုးတွင်ပင် အသင်းရဲ့ ရေရှည်စီမံကိန်းအပါအဝင် အနာဂတ်အစီအစဉ်များနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြဖူးပါတယ်။
အက်ဒီဟောင်းက "ဒါက ပုံမှန်လုပ်ရိုး လုပ်စဉ်ပါ။ ကျွန်တော်တို့အတွက် ထူးထူးထွေထွေ မဟုတ်ပါဘူး။ ပိုင်ရှင်တွေနဲ့ တိုက်ရိုက်စကားပြောခွင့်ရတာ အမြဲသဘောကျတယ်။ ကိုယ့်ဆန္ဒရှိတဲ့အရာရာကို ပြောခွင့်ရတယ်။ ဒါကလည်း ကျွန်တော်တို့ အမြဲတမ်းလုပ်လာတဲ့အရာပါ။ လာမယ့်အပတ်အတွက် စိတ်လှုပ်ရှားနေပါတယ်"လို့ ပြောကြားသွားပါတယ်။
အက်ဒီဟောင်းဟာ ရလဒ်ဆိုးရွားကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ သို့အထိ ကျဆင်းလာမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။
နယူးကာဆယ်ဟာ နွေရာသီတွင် အသင်းရဲ့အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ အန်တိုနီဂေါ်ဒွန်၊ ဆန်ဒရိုတိုနာလီ၊ တိုနီလီဗရာမန်တို၊ ဘရူနိုဂူမာရေးစ်စတဲ့ အရေးပါတဲ့ ကစားသမားများကို ဆုံးရှုံးရနိုင်ခြေ ရှိနေပြီး အလုပ်ရှုပ်တဲ့ အပြောင်းအရွှေ့ ကြုံလာဖို့ ရှိနေပါတယ်။
24/04/2026
ဂက်စ်ပါရီနီနှင့် ပြဿနာတက်ပြီးနောက် ရိုးမားအကြံပေးရာထူးမှ ထွက်ခွာလာတော့မယ့် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ နည်းပြ
=======================
ကလော်ဒီယိုရေနီယာရီဟာ နည်းပြဂျီယန်ပီရိုဂက်စ်ပါရီနီနှင့် ပြဿနာတက်ပြီးနောက် ရိုးမားရဲ့စီနီယာအကြံပေးရာထူးမှ ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။
အသက် ၇၄ နှစ်ရှိ ရေနီယာရီဟာ ၂၀၂၄ ခုနှစ်တုန်းက သူချစ်တဲ့ ရိုးမားကို နည်းပြအဖြစ် တတိယအကြိမ်မြောက် ကိုင်တွယ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ၁ မှတ်အကွာ အဆင့် ၅ နေရာတွင် ရပ့်တည်နိုင်အောင် ကူညီခဲ့သူ ဖြစ်ပါတယ်။
အီတလီလူမျိုးနည်းပြဟာ ရာသီအကုန်မှာ ရာထူးမှ ထွက်ခွာပြီးနောက် အီတလီနည်းပြရာထူးအတွက် ကမ်းလှမ်းမှုပါ ငြင်းပယ်ကာ ပိုင်ရှင်ဒါနီရယ်ဖရက်ကင်ရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။
လက်စတာနည်းပြဟောင်းဟာ နွေရာသီတွင် အသက် ၆၈ နှစ်ရှိ ဂက်စ်ပါရီနီအား ရိုးမားနည်းပြအသစ် အဖြစ် ခန့်အပ်ရာတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဝါရင့်အီတလီနည်းပြကြီးနှစ်ဦးတို့ဟာ သဘောထားကွဲလွဲမှုများ ဖြစ်ပြီးနောက် လေ့ကျင့်ရေးကွင်းတွင်မှ မျက်နှာချင်းမဆိုင်တော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ယခုလအစောပိုင်းတုန်းက အင်တာဗျူးတစ်ခုတွင် ရေနီယာရီက အတ္တလန္တာနည်းပြဟောင်းမှာ ကလပ်ရဲ့ နည်းပြရာထူးအတွက် စတုတ္ထဦးစားပေးနည်းပြသာ ဖြစ်ကြောင်း ပြောကြားခဲ့ရာမှ ၎င်းတို့အကြား တင်းမာမှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယခုထွက်ပေါ်လာတဲ့သတင်းအရ ရေနီယာရီဟာ မကြာမီ ရိုးမားမှ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ရေနီယာရီဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက လောင်းကြေး ၅၀၀၀/၁ သာ ဖွင့်ခြင်းခံထားရတဲ့ လက်စတာကို ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
တဖက်တွင် လက်စတာဟာ ယခုရာသီတွင် ချန်ပီယံရှစ်မှ လိဂ် ၁ သို့ တန်းဆင်းခဲ့ရပြီး နှစ်ရာသီဆက် တန်းဆင်းရမှုနှင့် ကြုံနေရပါတယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
10250