Sight Khaung- Beautiful
20/07/2024
နာနတ်ပင်🍍🍍 တိုးချဲ့စိုက်ပျိုး ဝင်ငွေတိုး
=====================
နာနတ်သီးကို အခြားသော အသီးအနှံများ ကဲ့သို့ပင် လူကြိုက်များကြသည်။ အရသာမှာ ချိုချဉ်အရသာဖြစ်သည်။ နာနတ်သီးကို ဖျော်ရည် အဖြစ်လည်း သောက်သုံးကြသည်။ အစိတ်များ ပြုလုပ်၍ အရသာမှုန့်ဖြင့်လည်း တို့စားကြသည်။ အချိုပွဲအဖြစ်လည်းကောင်း၊ သရေစာအဖြစ် လည်းကောင်း လူမျိုးဘာသာမရွေး စားသုံးကြသည်။ ထို့ပြင် ဆေးဖက်လည်းဝင်၏။ နာနတ်သီးကို စားသုံးသူများလှသဖြင့် ဈေးကွက်ဝင်အသီးလည်း ဖြစ်ပါသည်။ ထို့ကြောင့် နာနတ်သီးကို တစ်နိုင် တစ်ပိုင်အဖြစ်လည်းကောင်း၊ စီးပွားအဖြစ် လည်းကောင်း စိုက်ပျိုးသင့်ပါသည်။
နာနတ်ပင်စိုက်ပျိုးနည်း🍍
နာနတ်ပင်ကို စိုက်ပျိုးရာတွင် အသီး၏ ထိပ်ပိုင်းကို လှီးဖြတ်၍လည်းကောင်း၊ အသီး၏ အရင်းမှ ထွက်လာသော အပင်တက်ငယ်ကို ဖဲ့ယူ၍လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ သီးရင့် သားတက်ကို စိုက်ပျိုးပါက တစ်နှစ်အတွင်း အသီး စသီးကြောင်း သိရသည်။ အစေ့ကိုစိုက်ပျိုးလျှင် ၂၁ လကြာမှသီးသည်။
ထို့ကြောင့် နာနတ်သီး စိုက်ပျိုးမည်ဆိုပါက နာနတ်ပင်သားတက်ကို စိုက်ပျိုးခြင်းကပို၍ ကောင်းပါသည်။ နာနတ်ပင်၏ အမြင့်သည် သုံးပေမှ ငါးပေအထိ မြင့်တတ်ပါသည်။ အရွက် ပတ်လည်တွင် ဆူးများရှိသည်။ နာနတ်ပင်ကို စိုက်ပျိုးရာတွင် စိုက်ကျင်း ပြုလုပ်၍လည်းကောင်း၊ ထယ်ရေးမြောင်းပြုလုပ်၍လည်းကောင်း၊ စိုက်ပေါင် များ ပြုလုပ်၍လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။
စိုက်ကျင်းပြုလုပ်၍ စိုက်ခြင်းနှင့် ထယ်ရေးမြောင်း ပြုလုပ်၍စိုက်ခြင်းကို အောင်ဆန်း(စိုက်ပျိုးရေး)၏ ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားသည်ကို အနည်းငယ် ပြန်လည်ဖော်ပြချင်ပါ သည်။ စိုက်ကျင်းဖြင့် စိုက်ပျိုးမည်ဆိုပါ က ကျင်းအနက် ၁၅ စင်တီမီတာမှ ၂၀ စင်တီမီတာ စိုက်ကျင်းများတူး၍ စိုက် ကြသည်။ စိုက်ပျိုးပြီးလျှင် အပင်ခြေကို မြေဖို့ပေးရသည်။ သို့မှသာ အမြစ်စွဲမည် ဖြစ်သည်။ ပင်ခြေကို ကောက်ရိုးသစ်ဆွေး၊ သစ်ရွက်ဆွေး၊ လွှစာမှုန့် ဖြူးပေးပါက အပင်ပိုမိုဖြစ်ထွန်းပါသည်။
စိုက်ပေါင်ဖြင့် စိုက်ပျိုးမည်ဆို လျှင်လည်း စိုက်မြေကို အနံ လေးပေ၊ အလျားကို သင့်သလောက်ဖြင့် အမြင့် ပေါင် တစ်ပေခန့် စိုက်ပေါင်ဖော်၍ တစ်ပင် နှစ်ပေခြားကို တြိဂံပုံစိုက်ပျိုး ကြသည်ဟုဆိုပါသည်။ ထို့အတူ ထယ်ရေးကြောင်းများကို အနက် ၃၀ စင်တီမီတာမှ ၄၀ စင်တီမီတာ မြောင်း များတူးဖော်၍ ထယ်ရေးမြောင်းအတွင်း နှင့် ထယ်ရေးမြောင်းဘေးရှိ ၁ ဒသမ ၂ မီတာမှ ၁ ဒသမ ၅ မီတာ အကျယ်ပေါ် တွင် တြိဂံပုံ သို့မဟုတ် ဖိုခနောင့်ဆိုင် စိုက်ပျိုးကြောင်း ရေးသားဖော်ပြထား သည်ကို တွေ့ရသည်။
အထက်ပါ စိုက်ပျိုးနည်းများကို ပင်ကြား၂၅ စင်တီမီတာ၊ တန်းကြား ၆၀ စင်တီမီတာ၊ စိုက်မြောင်းအကွာ အဝေး ၉၀ စင်တီမီတာအတိုင်း စိုက်ပျိုး မည်ဆိုပါက တစ်ဧကတွင် အပင်ပေါင်း ၃၄၈၅ဝ ဝင်ဆံ့နိုင်ပါသည်။
မြေဩဇာကျွေးခြင်း
နာနတ်ပင်ကိုစိုက်ပျိုးပြီး အပင် ပြုစုခြင်း၊ ရောဂါကာကွယ်ခြင်း၊ မြေဩဇာ ကျွေးခြင်း စသည့်တို့ကို ပြုလုပ်ရပါ သည်။ ဤကား မည်သည့်စိုက်ပျိုးပင် မဆို ပြုလုပ်ပေးရပါသည်။ သို့သော် မြေဩဇာကျွေးနှုန်း ကွဲပြားမှုရှိပါသည်။ သီးထွက်တစ်ရာသီအတွက် တစ်ပင် လျှင် ယူရီးယား ၂၆ ဂရမ်၊ ပိုတက် ၁၉ ဂရမ်၊ တီစူပါ ၈ ဂရမ် ထည့်ပေးရကြောင်း၊ ယူရီးယားကိုမူ ခြောက်လတစ်ကြိမ်၊ ပိုတက်ကိုမူ နှစ်ကြိမ်ကျွေးပေးရန် လိုကြောင်း၊ တီစူပါအားလုံးနှင့် ပိုတက် တစ်ဝက်ကို အပင်စိုက်ချိန်မှာ ထည့်ပေး ရပြီး ကျန်တစ်ဝက်ကို စိုက်ပျိုးပြီး ခြောက်လအကြာ၌ ထည့်ပေးရကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရ သည်။
အသီးချိုအောင်လုပ်နည်းနှင့် ခူးဆွတ်ချိန်
နာနတ်သီးတွင် တချို့အသီးများ သည် အလွန်ချဉ်သည်။ တချို့အသီး များက ချိုသည်။ မချိုသော နာနတ်သီး ကို ချိုအောင် ပြုလုပ်နိုင်ပါသည်။ တြိဂံ ပုံသဏ္ဌာန်စိုက်ပျိုးထားပါက တြိဂံ ပေါင်အလယ်မှ အနက်နှစ်လက်မခန့် မြောင်းဖောက်၍ မဖောက်ထုံးကို ရေဖျော်လောင်းပေးရသည်။ ရှည် သော စိုက်ပေါင်ဆိုလျှင် အသီးချိုစေရန် မဖောက်ထုံး ရေဖော်၍ လောင်းပေးရ သည်ဟုဆိုပါသည်။ နာနတ်ပင်ကို စတင်စိုက်ပျိုးပြီး ခြောက်လမှ ရှစ်လ သားခန့်အကြာတွင် အပွင့်ပွင့်သည်ဟု ဆိုပါသည်။ နာနတ်ပွင့် ပွင့်ပြီး ၂၂ လ ကြာလျှင် အသီးစခူးနိုင်ပါသည်။ တချို့ ကလည်း စတင်စိုက်ပျိုးပြီးချိန်မှ နှစ်နှစ် ကြာတွင် အပွင့်ပွင့်ပြီးနောက် ခြောက် လမှ ရှစ်လအကြာ အသီးစသီးသည်ဟု ဆိုကြပါသည်။ တချို့ကမူ စိုက်ပြီး ၁၆ လမှ ၁၈ လအကြာ ခူးနိုင်ပါသည်။
နာနတ်ပင်၏ အကျိုးကျေးဇူးများ
နာနတ်ပင်သည် စီးပွားရေးအရ တွက်ခြေကိုက်ရုံမက ကျန်းမာရေး အတွက်လည်း အကျိုးကျေးဇူးများ လှပါသည်။ နာနတ်သီးစားသုံးခြင်းဖြင့် အူနှင့်အစာလမ်းကြောင်း ကောင်းမွန် စေခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင် ခြင်းကိုသက်သာစေခြင်း၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း၊ ကင်ဆာအမျိုးမျိုး ကို ကာကွယ်ပေးခြင်းအပြင် ဗီတာမင် နှင့် သတ္တုဓာတ်များစွာလည်း ပါဝင်ပါ သည်။ နာနတ်သီးတွင် ဆေးဖက်ဝင် ဓာတ်ပစ္စည်းများလည်း ပါဝင်ပါသည်။ ထို့အပြင် နာနတ်သီးတွင် ဗီတာမင်စီ အများဆုံး ပါဝင်သည်။ ထိုဗီတာမင်စီ ဓာတ်သည် သွေးကြောနံရံများကို ခိုင်ခံ့ အောင် ဆောင်ရွက်ပေးသည့်အတွက် နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယို ခြင်းနှင့် အခြားသောသွေးယိုစီးမှုများကိုကာကွယ်ပေးပါသည်။
ထို့ကြောင့်နာနတ်သီးသည် ကျန်းမာရေးအတွက် အလွန်အသုံးဝင် သလို စီးပွားဖြစ်လည်း စိုက်ပျိုးနိုင် သော ဈေးကွက်ဝင်အသီးတစ်မျိုး ဖြစ် ပါသည်။ နာနတ်ပင်သည် အသီး၊ အပွင့်၊ အရွက်အားလုံး ဘက်စုံအသုံးဝင်သည့် အတွက် နာနတ်သီးကို စိုက်ပျိုးသင့် ပါကြောင်း ရေးသားတိုက်တွန်းလိုက် ပါသည်။
ကိုကျော်စွာ(ကျိုက်ပိ)
တင့်ကျွစ်လာလောင်းသွံဟာ မောက်ဖားမေးကွင်းတန် လဲ့လှူးလွေမေးကွင်း
#ရှမ်းတောင် #ဆိုက်ခေါင်စံပြကျေးရွာ #ဆိုက်ခေါင်သီတင်းကျွတ်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
BangKaPi 21/3
Bang Kapi
BANGKAPI21/3