Mental Note

Mental Note

แชร์

01/01/2026

ဒီတစ်ရက်ပြီးနောက်တစ်ရက်
ဒီတစ်မနက်ပြီး နောက်ထပ်မနက်
ဘယ်အချိန်ထိလဲဆို တည်ရှိနေသမျှလို့ဖြေရမယ်

ချစ်ခြင်းတရားဆိုတာလည်း
ဂရုတစိုက်ရေလောင်းပေါင်းသင်ပေးနေတဲ့ အပင်ငယ်လေးလို
တဖြည်းဖြည်းနဲ့ ကြီးထွားလာတာမျိုးမလား

ချစ်ခဲ့ပါတယ် ချစ်နေပါတယ် ဟုတ်ကဲ့ဆက်ချစ်ပါဦးမယ်။

31/12/2025

နှစ်သစ်တစ်ခုအစပြုတဲ့အခါ
လူတိုင်း ပိုကောင်းလာချင်ကြတယ်၊ ပိုအဆင်ပြေချင်ကြတယ်

အကောင်းဆုံး အဆောင်လေးပေးရမယ်ဆို
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
ကိုယ့်ကိုချစ်တဲ့လူတွေကို ချစ်ပါ
ကိုယ်ဘက်ကချည်း စရတဲ့ဆက်ဆံရေးတွေကိုရှောင်ပါ ဒါပါပဲ။

17/12/2025

စာဖတ်သူတွေနည်းလာလည်း စာကရေးနေမှာပါ
တစ်‌ယောက်ပဲရှိလည်း အဲ့တစ်ယောက်အတွက်ရေးနေမှာ
တစ်ယောက်မှမရှိလည်း ဝါသနာအရရေးဖြစ်နေဦးမှယ

တကယ်ကြီး Vpnတွေ banတဲ့အခါ
telegram တို့ YouTube တို့မှာရှိနေပါ့မယ်

နောက်တစ်ခုက
မင်"နဲ့တိုက်ရိုက် discuss လုပ်ချင်တာရှိဆိုလည်း
လုပ်ရအောင် telegram gpလေးလည်းဖွဲ့ပေးဖို့ စဉ်းစားထားတယ်။
စကားပြောချင်တဲ့လူတွေ ရင်ဖွင့်စရာမရှိတဲ့လူတွေအတွက်ပေါ့။

16/12/2025

ဒီနှစ်ဆောင်းကုန်ရင် ရောက်လာမယ့်နွေဦးကိုတော့
အတော်လေး မျှော်လင့်ထားတယ်

ဒီနွေဦးရဲ့အလှကိုတော့ လက်မလွတ်မိအောင် သတိမူရမယ်
ပန်းကလေးတွေ၊ ငှက်ကလေးတွေ၊ ကောင်းကင်ပြာတွေ၊ တိမ်တိုက်ဖြူဖြူလေးတွေအရာအားလုံးကို တမေ့တမောငေးမယ်

မန္တလေး ကျုံးဘေးမှာနေထွက်ချိန်ကို စောင့်ကြည့်မယ်
မဟာမြတ်မုနိမှာ ငါးစာလည်းကျွေးပြီး ညနေခင်းကျ ဈေးချိုဘက်ကခို‌လေးတွေလည်း အစာကျွေးမယ်

နာရီစင်နဲ့နေဝင်ချိန်ကိုလည်း မှတ်တမ်းတင်မယ်
ခင်ဖုန်းသက်ဝေကဗျာတွေ ခပ်တိုးတိုးငြီးရင်း studio ခေတ်သီချင်းတွေကို ထပ်တလဲလဲနားထောင်မယ်

ဒီလိုအချိန်ခါမှာ မြတ်နိုးရသူတစ်စုံတစ်ဦးသာအနားရှိရင်
အဲ့ဒီကာလအပိုင်းအခြားလေးဟာ အတော်လေးပြည့်စုံနေမယ့် စိတ်ကူးပန်းချီလေးဖြစ်နေဦးမှာပဲ

ကျွန်တော်တော့ လာမယ့်နွေဦးမှာ
သဘာဝအလှကို ရှာမယ် ချစ်ခြင်းမေတ္တာကိုရှာမယ် ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ရှာမယ်။

14/12/2025

နိုးထလာတဲ့မနက်တွေမှာ ယောင်တောင်တောင်နဲ့ အဓိပ္ပါယ်မရှိတဲ့ နေ့ရက်တွေကို ရောက်တတ်ရာရာတွေးရင်း စိတ်ကိုပင်ပန်းစေမယ့်အစား လူပင်ပန်းခံပြီး ဘဝအတွက်အလုပ်လုပ်ပါ။

လောကမှာ ဘယ်အရာမှ အလကားဖြစ်သွားတယ်ဆိုတာမရှိဘူး။ တစ်ခုခုလုပ်ဆောင်ပြီဆိုတာနဲ့ တစ်စုံတရာကပြန်ရစမြဲပဲ ဘာမှအဖတ်မတင်ဘူးဆိုတဲ့အလုပ်ဟာ လောကမှာမရှိဘူး။

ထင်သာအောင်ပြောရရင် ‌အရက်သောက်ရင် မူးယစ်မှုကျန်သလို၊ ကော်ဖီသောက်မိတဲ့အချိန်မှာ လန်းဆန်းမှုကျန်လိမ့်မယ်။ ဒီသဘောပါပဲ ကိုယ်လုပ်လိုက်တဲ့ action ပေါ်မှာ အကျိုးသက်ရောက်မှုက ကိုယ့်စီကိုပဲပြန်လာပါတယ်။

ကျွန်တော့်မှာ သူငယ်ချင်းငယ်ပေါင်း တစ်ယောက်ရှိတယ်။ covidကာလမှာ ကျွန်တော်တို့တတွေ စီးပွားရှာမရ၊အပြင်ထွက်မရဆိုတော့ လိုင်းပေါ်မှာ ဝေးလားဝါးလားလုပ်လိုက်၊ စိတ်ဓာတ်ကျလိုက်၊ ဇာတ်ကားကြည့်လိုက်နဲ့ အချိန်ဖြုန်းခဲ့မိပေမဲ့ သူကတော့ ဘာသာရပ်တစ်ခုကိုလေ့လာတယ်၊ scholarရအောင်လုပ်တယ်၊ ဟောအခုတိုင်းပြည်စုတ်ပြတ်သတ်နေတော့ သူကအေးဆေးပြည်ပမှာ ကျောင်းတက်ရင်းမိဘပြန်ထောက်ပံ့နေပြီ။

နောက်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ကောင်လေးရောသူရောက ကုမ္ပဏီဝန်ထမ်းတွေ သာမန်ဝန်ထမ်းဆိုတော့အလွန်ဆုံးရ သုံးလေးသိန်းပေါ့။ အိမ်တွေကလည်း ပုံမှန်ဆိုတော့ လက်ထပ်ဖို့ကို သူတို့ကိုယ်တိုင်ကြိုးစားယူရမှာဖြစ်နေတယ်။ အဲ့တော့ကောင်လေးကို အလုပ်ထွက်ခိုင်းလိုက်တယ် နောက်ပြီးနှစ်ယောက် ရှိသမျှပိုက်ဆံနဲ့ အိုးဝေလေးဝယ်ပြီး ကောင်လေးကcarryဆွဲတယ်။ ရတဲ့ပိုက်ဆံထဲကဆီဖိုးထမင်းဖိုးဖယ်ပြီး အကုန်စုကြတယ်။ မနှစ်ကပဲ အတော်လေးပြည့်စုံတဲ့ ‌မင်္ဂလာပွဲလေးသူတို့ဝင်ငွေနဲ့ ကျင်းပနိုင်ခဲ့တယ်။

အခုချိန်ဘာဖြစ်နေသလဲဆိုတာ အရင်နှစ်တွေကဘာလုပ်ခဲ့သလဲဆိုတဲ့အရာပေါ်မှာမူတည်ပြီး နောင်တစ်ချိန်ဘာကောင်ဖြစ်မလဲဆိုတာတော့ အခုမင်းဘာလုပ်နေသလဲနဲ့ တိုက်ရိုက်သက်ဆိုင်နေလိမ့်မယ်။

ဘဝကစိတ်ညစ်စရာတွေ သောကတွေအများကြီးပါ။အလုပ်လုပ်ရင် ရတဲ့ စိတ်ပင်ပန်းမှုကို ဘာမှမလုပ်လည်း ကြုံနိုင်တာပဲ။ ဘာကွာသလဲဆိုတော့ တကယ်လုပ်နေတဲ့လူက ဖြေရှင်းတတ်ပြီး အတွေးနဲ့ပဲ depression ဝင်တဲ့လူကျ တကယ်ကြုံတဲ့အခါ ငိုဖို့‌နဲ့ထွက်ပြေးဖို့ပဲတတ်ပါတယ်။

ဒီဘက်ခေတ်လူငယ်တွေကိုပြောချင်တာက ငွေ နဲ့ပညာကို အဓိကထားရှာပါ။ ကျွန်တော်ပြောတာ အတန်းပညာမဟုတ်ဘူးနော် အတက်ပညာ။ စက်ချုပ်တဲ့မိခင်က သားသမီးတွေ အကုန်ကျော့နေအောင်ထားနိုင်သလို၊ ဝက်ရှော့ဆရာဖခင်က သူ့ကလေးလိုချင်တာ ချက်ချင်းအကောင်ထည်ဖော်နိုင်ပေမဲ့ ဘွဲ့ရသားသမီးကတော့ တစ်လ ကိုယ့်ဘာသာတောင်မချောင်လည်တာ ဘာလို့လဲဆိုတော့ အတန်းပညာပဲ ကျွန်တော်တို့တတွေ တက်ခဲ့လို့လေ။

ဘာကအဓိက ဘာကသာမည ခွဲနိုင်ပြီး တန်ဖိုးရှိတဲ့အချိန်တွေကို အလကားမကုန်စေချင်တာမို့ ဆယ်ကျော်သက် နှစ်ဆယ်ဝန်းကျင် လူငယ်တွေဖို့ ရေးတဲ့စာပါ။ အဆုံးထိဖတ်မိမယ်ဆို စိတ်လေတဲ့နေ့တွေကရုန်းထွက်ပြီး ပညာနဲ့ငွေတစ်ခုခုကို အသေချာရှာပါ့မယ်ဆိုတဲ့ ကတိကျွန်တော့်ကိုပေးပါ။

12/12/2025

၂၀၂၅မှာ ကိုယ့်ကိုယ်ကိုယ်အတော်လေး ပစ်ထားမိတာမို့
၂၀၂၆ကျ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပေးဖို့သာ အလေးထားတွေးပါ့မယ်

မနက်စာသေချာစားဖို့
ကော်ဖီတွေလျော့သောက်ဖို့
ရေပုံမှန်သောက်ဖို့ စတဲ့အသေးဖွဲလေးတွေကစ

လုပ်သင့်‌တာတွေလုပ်နေရင်း ဝါသနာကိုမေ့မပြစ်ဖို့
အနားကလူတွေကို ပျော်အောင်ထားဖို့နဲ့
ပျော်နေတဲ့လူတွေသာ အနားမှာထားဖို့ စတဲ့စိတ်ကလေးအေးချမ်းစေမဲ့ ကိစ္စရပ်တွေအပြင်

တစ်ဖက်သတ်မေတ္တာတွေ မထားမိစေဖို့
မလိုအပ်တဲ့စေတနာတွေ မပိုမိစေဖို့
မေတ္တာရှိတဲ့လူတွေအပေါ် စိတ်ရင်းနဲ့ဆက်ဆံမိစေဖို့ စတဲ့နောင်တရနိုင်တဲ့ အကြောင်းတရားတွေအဆုံးပေါ့

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bang Kapi?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

ที่อยู่


Bang Kapi