Pont Collection

Pont Collection

Share

21/09/2025

Introvert လား ၊Extrovert လား???
လူတိုင်းမှာ သူတို့ရဲ့ ပြင်ပသွင်ပြင်လက္ခဏာသာမကဘဲ စိတ်နေစိတ်ထား (Personality) တွေလည်း မတူကြပါဘူး။ အကြမ်းဖျင်းအားဖြင့်တော့ Introvert (I) နဲ့ Extrovert (E) ဆိုပြီး နှစ်မျိုးရှိတယ်လို့ ပြောနိုင်ပါတယ်။

တချို့က မွေးကတည်းက သူ့သဘာဝအတိုင်း Introvert သို့မဟုတ် Extrovert ဖြစ်နေပေမယ့်၊ တချို့ကတော့ ကြီးပြင်းလာပုံ၊ ပြုစုပျိုးထောင်ခံရပုံ (Nurturing & Parenting)၊ ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကြောင့် I မှ E သို့မဟုတ် E မှ I ကို ပြောင်းလဲသွားတတ်ပါတယ်။

__

Introvert (I) ဆိုတာ ဘယ်လိုပုံစံမျိုးလဲ။

I တွေက အိမ်တွင်း/အခန်းတွင်းမှာပဲ အနားယူ/အားပြန်ဖြည့်ရတာကို အားသန်ပါတယ်။ လူအများကြီးနဲ့ စကားပြောတာ၊ ပွဲလမ်းသဘင်သွားတာမျိုးထက် တစ်ယောက်တည်း စာအုပ်ဖတ်တာ၊ ကိုယ့်ဘာသာ စဉ်းစားတာ၊ ဒါမှမဟုတ်ရင် ကိုယ်အရမ်းရင်းနှီးတဲ့သူတစ်ဦးနှစ်ဦးနဲ့ စကားပြောတာမျိုးကို ပိုကြိုက်တယ်။ စကားပြောရင်လည်း နက်နက်နဲနဲ ပြောရတာကို သဘောကျတယ်။ မွေးရာပါ ဦးနှောက်ဖွဲ့စည်းပုံကြောင့် I တွေရှိသလို၊ တစ်ခါတလေ ပတ်ဝန်းကျင်ကြောင့်၊ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုကြောင့်လည်း I ဖြစ်သွားတတ်ပါတယ်။ ဥပမာ- ငယ်ငယ်က တအားချုပ်ချယ်ခံရလို့ လူတွေနဲ့ မရောနှောတတ်ဘဲ ကိုယ့်ဘာသာနေတတ်တဲ့သူမျိုးပေါ့။

Extrovert (E) ဆိုတာက ဘယ်လိုပုံစံလဲ ။

E တွေကတော့ လူတွေကြားထဲမှာမှ အားအင်ပြည့်ပြီး တက်ကြွတတ်တဲ့သူတွေပါ။ လူအများကြီးနဲ့ ပေါင်းသင်းရတာ၊ ပွဲလမ်းသဘင်သွားရတာ၊ စကားပြောရတာကို သဘောကျတယ်။ အာရုံစိုက်မှုခံရတာကိုလည်း ပျော်တယ်။ တစ်ခါတလေ E အဖြစ်မွေးလာပေမယ့်လည်း မကောင်းတဲ့အတွေ့အကြုံတွေကြောင့်၊ ဒါမှမဟုတ် တခြားဖိအားတွေကြောင့် I ဆန်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာ- လူအများကြီးနဲ့ပေါင်းပြီး အပြောအဆိုမှားခဲ့ဖူးလို့ နောက်ပိုင်း လူအများကြီးနဲ့ မပူးပေါင်းတော့ဘဲ ကိုယ့်ဘာသာနေတာမျိုးပေါ့။

Ambivert ဆိုတာကရော ဘယ်လိုလဲ။

အခုနောက်ပိုင်းမှာ Ambivert ဆိုတဲ့ ဝေါဟာရတစ်ခု ထပ်ပေါ်လာတယ်။ ဒါကတော့ I လည်းမဟုတ်၊ E လုံးလုံးလည်း မဟုတ်ဘဲ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး I လိုလည်း နေတတ်သလို၊ E လိုလည်း နေတတ်တဲ့သူတွေပါ။ သူတို့က လိုအပ်ရင် လူအများကြားထဲ တက်ကြွစွာ ပါဝင်နိုင်သလို တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကိုလည်း နှစ်သက်ကြပါတယ်။ သူတို့က နှစ်ခုစလုံးရဲ့ အားသာချက်တွေကို ယူပြီး လိုက်လျောညီထွေ နေထိုင်နိုင်ကြတဲ့ လူအမျိုးအစားတွေပါ။



ဆိုတော့
ဘယ် Personality က ပိုကောင်းလဲ။

တကယ်တော့ ဘယ် personality ကမှ ကောင်းတယ်၊ ဆိုးတယ်ရယ်လို့ မရှိပါဘူး။ ကိုယ့် personality နဲ့ကိုယ် အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိကြတယ်။

*** I တွေရဲ့ အားသာချက်ကတော့ နက်နက်နဲနဲ စဉ်းစားတတ်တာ၊ သုံးသပ်တတ်တာ၊ အသေးစိတ်ကျတာတွေပဲ ဖြစ်ပါတယ်။ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတာကို သဘောကျပြီး အတွေးအခေါ်ပိုင်းမှာ ထူးချွန်ကြပါတယ်။

*** E တွေရဲ့ အားသာချက်ကတော့ လူမှုဆက်ဆံရေးကောင်းတာ၊ ခေါင်းဆောင်နိုင်စွမ်းရှိတာ၊ စွမ်းအင်တွေ ပြည့်ဝနေတတ်တာပါ။ အဖွဲ့အစည်းနဲ့ လုပ်ရတာကို သဘောကျပြီး လူတွေကို ဦးဆောင်ဖို့၊ လှုံ့ဆော်ဖို့မှာ ထူးချွန်ကြပါတယ်။



◾️Introvert တွေရဲ့ စိတ်ခံစားချက်

လူထူထပ်တဲ့နေရာမှာဆို စိတ်ညစ်လွယ်ပါတယ်။

လူနည်းနည်းနဲ့ လေးနက်တဲ့ စကားဝိုင်းတွေကို ပိုနှစ်သက်ပါတယ်။

◾️Extrovert တွေရဲ့ ခံစားချက်

တစ်ယောက်တည်းဖြစ်နေတာကြာရင် စိတ်ဓာတ်ကျတတ်တယ်။ လှုပ်ရှားမှုများတဲ့ အခြေအနေကို လိုလားပါတယ်။

“ ကိုယ်က ဘယ်လို personality မှန်းမသိဘူး” ဆိုရင်ရော။

တကယ်တော့ I နဲ့ E က မဲခွဲသလို ကန့်သတ်လို့ မရပါဘူး။ တစ်ခါတလေ I ဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် E လို့ ထင်နေတာမျိုးလည်း ရှိတတ်ကြပါတယ်။

ဒါကြောင့်…

မေးခွန်းထုတ်ပါ
“ ကိုယ့်ရဲ့ တက်ကြွလန်းဆန်းမှုဟာ လူတွေကြားထဲမှာမှ ဖြစ်ပေါ်တတ်သလား၊ တစ်ယောက်တည်းနေရင်း အနားယူပြီး အားသစ်ပြန်မွေးရသလား” ဆိုတာကိုပေါ့။

လက်တွေ့စမ်းကြည့်ပါ
တစ်ပတ်ကို ၃ ရက် လူသစ်တွေနဲ့ စကားစမြည်ပြောကြည့်ပါ။ ပျော်လား၊ ပင်ပန်းလား၊ စိတ်ညစ်လား၊ လန်းဆန်းတက်ကြွလား စသဖြင့်ပေါ့။



ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ သိဖို့က အရေးကြီးပါတယ်။ I ဖြစ်စေ E ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်ပြီး ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့ပါပဲ။

ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေကလည်း personality ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

I တွေက ကိုယ့်ခံစားချက်တွေကို ရင်ထဲမှာပဲ ထားတတ်ပြီး E တွေကတော့ ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ကြပါတယ်။ ဒါပေမယ့် ဒါတွေက လုံးဝ ပုံသေသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေတော့ မဟုတ်ပါဘူး။

လူတိုင်းက ထူးခြားကြပြီး ကိုယ့်စိတ်ခံစားချက်တွေကို ကိုယ်စီ ကိုင်တွယ်ပုံချင်း မတူကြပါဘူး။

ကိုယ်က I ပဲဖြစ်ဖြစ်၊ E ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် Ambivert ပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်နေသဘောထားကို လက်ခံပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့၊ အားသာချက်ကို အသုံးချတတ်ဖို့က ပိုအရေးကြီးပါတယ်။ “ ငါက Introvert မို့လို့ လူမှုရေးညံ့တယ်” ဆိုပြီး စိတ်မညစ်ပါနဲ့။ ဒါဟာ သဘာဝတစ်ခုပါ။ လူတိုင်းမှာ ထူးခြားတဲ့ Personality ဆိုတာ ရှိပြီးသားပါ။

“ ကိုယ့်ရဲ့ Personality ဟာ ကိုယ့်ကို အားနည်းစေတဲ့ အရာမဟုတ်ဘဲ ကိုယ့်ရဲ့ထူးခြားမှုကို ဖော်ပြတဲ့ အမှတ်အသားတစ်ခုဆိုတာကို မမေ့ပါနဲ့” …….။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon