The_dahlia
23/03/2025
Monologue
Speaker 1: ဟိုတစ်နေ့ကလေ Sally Rooney ရဲ့ Normal People ကြည့်တယ်။ အဲ့ထဲမှာ မင်းသမီးပေါ့၊ “Marianne” က အိပ်ရာပေါ်မှာ မင်းသား၊ “Connell” ကို “will you hit me” ဆိုတဲ့ bed scene တစ်ခုပါတယ်။ အဲ့နားလေးက အရှိုက်ပဲ သိလား။ ငါ ချက်ချင်းဆက်မကြည့်နိုင်ဘဲ ၅ မိနစ်လောက် pause လုပ်ထားပြီး ရေသောက်၊ လမ်းထလျှောက်ပြီးမှ ဆက်ကြည့်နိုင်တယ်။
Speaker 1: “you could do anything you wanted to me” ဆိုတဲ့စကားကို အိပ်ရာပေါ်မှာ မျက်လုံးအသေတွေနဲ့ ပြောတာ။ မျက်လုံးအသေလို့ ပြောလို့ရသလို တအားနာကျင်ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ပြောတာ။ မင်းသမီးက abusive household မှာ ကြီးပြင်းလာတာ။ သူ့ထဲက အချစ်ခံရဖို့ ဘာမဆိုလုပ်ပေးမယ်ဆိုတဲ့ inner child လေးရဲ့ နာကျင်မှုကို အထင်းသားမြင်နေရတယ်။ အဲ့မှာ ငါငိုတာပဲ။ Marianne ရဲ့ သူ့နာကျင်မှုအပေါ်၊ သူ့မလုံခြုံမှုတွေအပေါ် ရိုးသားမှုက ငါ့ကို မှန်ထောင်ပြလိုက်သလိုပဲ။ သူ့ကို ကြည့်တိုင်း “ငါက အချစ်မခံထိုက်ဘူး” “တန်ဖိုးမရှိဘူး”လို့ပဲ ခံစားရတဲ့ ငါ့ low self-worth ငါ ပြန်မြင်နေရသလို ခံစားရတယ်။
Speaker 2: အဲ့တော့ရော Connell က အဲ့နားမှာ ဘာလုပ်လိုက်လဲ။
Speaker 1: ဘာမှမလုပ်ဘူး၊ “I can’t do this to you” ဆိုပြီး ပြောလိုက်တယ်ထင်တယ်၊ Marianne ရဲ့ အတွင်းကမ္ဘာကို Connell မြင်သွားတယ်ထင်တာပဲ၊ Connell ရှေ့က တခြားလူတွေနဲ့မှာလည်း Marianne က သူ့ကိုယ်သူ ထိုးပေးခဲ့တာပဲ၊ ဒါပေမဲ့ ဘယ်သူ့မှ သူ့ကိုသူရယ်လို့ မမြင်ခဲ့ကြဘူး၊ ရသလောက် အရည်ညှစ်ထုတ်ပြီး အသုံးချခဲ့ကြ၊ အခွင့်အရေးယူခဲ့ကြတာပဲ၊ Connell ကျမှ ဘာလို့မြင်တတ်ရလဲဆိုတာက သူတို့ ကြားက ဆက်နွယ်မှု connection ကို ပိုလှသွားစေတယ်လို့ ငါထင်တယ်။
Speaker 1: ဪ ပြီးတော့ ငါ အရက်မသောက်တော့ဘူးလို့ စဉ်းစားထားတယ်၊ ငါ သူ့ကို ကတိပေးထားလို့၊ play boy တွေနဲ့ မ date ပါနဲ့တော့လို့ သူ တားဖူးတာရှိတယ်၊ ငါ့အတွက်မကောင်းတဲ့အရာတစ်ခုခုကို လုပ်တော့မယ်ဆိုရင် အဲ့စကားက နားထဲမှာ ပြန်ပြန်ကြားယောင်လာတယ်၊ ဪ ငါသူ့ကို ကတိပေးထားတာပဲ ဆိုပြီး၊ အဲ့လို အသိတရားဝင်လာတာနဲ့ အဲ့အရာကို ငါဆက်မလုပ်ဖြစ်တော့ဘူး၊ လိမ္မာနေတယ်ပဲ ဆိုပါတော့။ bad boy addiction က အဲ့မှာပြတ်တာပဲ။
Speaker 1: နောက်ပြီးတော့ ရှိသေးတယ်၊ ငါ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်ထဲပဲ ဖြစ်နေဦးမယ်ထင်တယ်၊ သူကလေ သူတို့ batch ရဲ့ Summa Cum Laude၊ first date မှာ ငါ့ကို စာအုပ်ဖတ်ပြီး စောင့်တာ၊ ဖတ်တဲ့စာအုပ်ကလည်း Dostoevsky ရဲ့ Notes from Underground၊
Speaker 1: အဲ့လောက် စာတော်တဲ့ဘဲက ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ဖိနပ်ကြိုးကို ချည်ပေးတာလေ၊ တစ်ခါလည်းမဟုတ်၊ နှစ်ခါတောင်၊ လူတွေရှေ့မှာ၊ ပထမဆုံးအကြိမ် ငါတို့ ကတောက်ကဆဖြစ်ကြတော့ ငါ့ thinking process က auto ငါအအော်ခံရပြီလို့ပဲ ထင်တာ၊ သူက အော်တတ်တဲ့လူမျိုးမဟုတ်ဘူးဟ၊ ငါ့ကိုစိတ်တိုနေရက်သားနဲ့ ငါ့ဖိနပ်ကြိုးပြေသွားတော့ ငုံ့ပြီး ဖိနပ်ကြိုးချည်ပေးတာဟယ်၊ အဲ့ဒါကြီးကို ရသွားပြီးကတည်းက နောက်ပိုင်းတခြားဘဲတွေ ငါ့ကို ဂဂျိုးဂဂျောင်လာလုပ်ရင် နင်တို့က ဘာမလို့လဲ ဆိုတာတွေ ဖြစ်လာရော။
Speaker 1 ရယ်လျက်
Speaker 1 : သူ့စံနှုန်းကို ဘယ်သူ့မှ မကျော်နိုင်နေဘူး၊
ငါတို့၂ယောက်က တစ်ယောက် dating standard ကို တစ်ယောက် မမျှော်လင့်ဘဲ မြှင့်ပေးခဲ့မိတယ်ထင်တယ် လို့ ငါတို့မကြာခဏ ရယ်စရာပြောဖူးကြသေးတယ်၊ Connell နဲ့ Marianne ပြောသလို “we have done so much good for one another” ပေါ့။
Speaker 1 : သူခရီးသွားရမယ့်မနက်မှ ငါ့ကြောင့်
နောက်ကျနေတာ၊ တခြားလူတွေနဲ့ဆို ငါက အမြဲအပြစ်အပြောခံနေကျလေ၊ သူက မျက်မှောင်တစ်ချက်တောင် မကျုံ့ဘဲ ငါ့ကို စောင့်တာ၊ ယောကျာ်းလေးတွေ အဲ့လောက်နူးညံ့တတ်မှန်း၊ စိတ်ရှည်တတ်မှန်းငါမသိခဲ့ဘူး။ သူနဲ့မှ လက်တွဲဖော်ဆီက တန်ဖိုးထားခံရတယ်ဆိုတာ၊ လေးစားမှုနဲ့ ဆက်ဆံခံရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပထမဆုံးအကြိမ်ခံစားဖူးတာပဲ၊ အဲ့တော့မှ အရင်ကရဖူးတဲ့ အရာတွေက ဘာမှမဟုတ်ပါလားဆိုပြီး သိလာတာ၊ နွေးထွေးပြီး စိတ်လုံခြုံတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိလာတဲ့အချိန်မှာ ဘယ်ဟာကတော့
ငါ့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတာကို ချိန်ထိုးတတ်လာတယ်။ သူ့ကိုမြင်တိုင်း ဪ သူ့အမေက သားလေးကို ကောင်းကောင်းပျိုးထောင်ခဲ့တာပဲလို့ နေရင်းထိုင်ရင်းငါ့မှာ ဂုဏ်တွေယူနေသေးတယ်။
Speaker 2 : ဟဲ့ နေပါဦး၊ အဲ့ဒါဆို အဲ့လောက် chemistry လည်းမိ၊ နင့်အပေါ်လည်း ကောင်းတယ်ဆို အဲ့ဘဲ ဘယ်ရောက်သွားလဲ။
Speaker 1 : A good question. ငါတို့ ပြတ်သွားတယ်ရော်။
Speaker 2 ငြိမ်သက်
Speaker 1 : (ရယ်) လက်တွေ့ဘဝက တကယ်ရက်စက်တယ် သူငယ်ချင်း။ ရွှေမင်းသမီးလေးဇာတ်တောင် မသိမ်းနိုင်ဘူး။
Speaker 1 : ဒီတစ်ခါမှာ သူက သူ့အတွက်သူ ရွေးချယ်သွားတယ်။ PhD ဆက်တက်ရင် သူ ldrs မလုပ်နိုင်လောက်ဘူးတဲ့။ အဲ့ဒါလည်း ငါ့အတွက် အရှိုက်ပဲသိလား။ နောက်ထပ် အထိနာစေတဲ့ breaking point ။ ငါက ဦးစားပေးရွေးချယ်ခံရဖို့ မထိုက်တန်နေဘူးလား ဆိုတဲ့ဆီပဲ အဝိုင်းတွေဆက်လည်တာ။ “ငါက ဦးစားပေးခံရဖို့ မထိုက်တန်ဘူး” ဆိုတဲ့ ငါ့ရဲ့ ယိုင်နဲ့နေတဲ့ အတွင်းကမ္ဘာရဲ့ ရောင်ပြန်တွေဟပ်တာဆိုတာ ကြောက်စရာပဲ။
Speaker 1 : သူသွားခါနီး လမ်းခွဲစကားကြားတဲ့အချိန်မှာ ငါဘာလုပ်ခဲ့လဲသိလား။
Speaker 2 : ကျေးဇူးပြုပြီး ပြဿနာရှာခဲ့တယ်လို့ ပြောပေးပါ။
Speaker 1 : အေး… အဲ့ဒါလည်း တစ်ပိုင်းပေါ့။ ဒါပေမဲ့ တခြားလူတွေနဲ့တုန်းကလိုပဲ ထားသွားမခံရဖို့ ငါဘာမဆို လုပ်ပါ့မယ်ဆိုပြီးလည်း တောင်းပန်ခဲ့သေးတယ်။
Speaker 2 : ဟယ်။
Speaker 1 : ထုံးစံအတိုင်း ငါ့ကိုယ်ငါ ထိုးပေးခဲ့တာပေါ့။ ဒါပေမဲ့ သူဘာလုပ်လဲ သိလား။ ဘာမှမလုပ်ခဲ့ဘူး။
အခွင့်အရေးယူသလို ဖြစ်သွားမှာစိုးလို့ဆိုပြီးကို ဘာမှမလုပ်ခဲ့တာတဲ့။ ထားခဲ့ခံရလို့ နာနေတဲ့ကြားထဲက လူတိုင်းက အခွင့်အရေးပေးတိုင်း အခွင့်အရေးမယူကြဘူးပဲ ဆိုတဲ့ အသိမှာ ပိုနာကျင်ရတယ်။ ငါ့ဘဝတစ်လျှောက်လုံး ငါ့ကို အနိုင်ကျင့်၊ တန်ဖိုးမထားတဲ့လူတွေနဲ့ပဲ တွေ့ခဲ့တာ။ ငါ့အတွက်ငါ ဘယ်လိုရပ်တည်ပေးရကောင်းမှန်းလည်း မသိခဲ့ဘူး။ ကိုယ်ကျင့်တရားအရရော၊ သူနဲ့သူကြား စိတ်လုံခြုံနေတဲ့၊ လုံလောက်နေတဲ့ သူ့ကို မြင်ရတဲ့
အချိန်မှာ ငါ့ထဲက healthy မဖြစ်တဲ့ pattern တွေကို မှန်ထောင်ပြလိုက်သလိုပဲ။ ငါ့ကိုချစ်တယ်၊ သူ့ကိုသူတော့ ပိုချစ်တယ် ဆိုတာလေးကို ငါသင်ယူလိုက်ရတာ။ သူက တည်ငြိမ်လေလေ၊ ငါက လှုပ်ခတ်လေလေ။ သူ့ကိုသူ ဦးစားပေးနေရာမှာ ထားတတ်တဲ့သူကို မြင်ရတဲ့အချိန်မှာ ငါ့ကိုငါ မရွေးချယ်နိုင်တဲ့နေတဲ့ငါက ငါ့ကိုယ်ငါ သိမ်ငယ်လာတယ်။ ပြီးတော့ အဲ့နားမှာတင် အဲ့လိုလူနဲ့ ငါမထိုက်တန်နေဘူးလို့ပါ ခံစားရတယ်။
Speaker 1 : အဲ့နားလေးကလေ ငါ့ကို လှုပ်နှိုးလိုက်သလိုပဲ။ အတွင်းထဲက မလုံနေတဲ့ ငါ့ခြံစည်းရိုးတွေကို အလုပ်လုပ်ဖို့ အချက်ပေးခေါင်းလောင်းသံလေးတွေ မြည်လာတာ။
Speaker 2 : နင့်ကိုယ်နင် ပိုချစ်တတ်လာတယ်ပေါ့။
Speaker 1 : အဲ့လိုပြောဖို့ စောသေးပေမဲ့ ကြိုးစားနေတုန်းပါပဲပေါ့။
Speaker 2 : သူနဲ့ရော အဆက်အသွယ်ရှိသေးလား။
Speaker 1 : ဘလိုင်းကြီး ထားခဲ့ခံရတဲ့နေရာမှာ စိတ်ဆိုးတုန်းပဲမလို့၊ ငါအဆက်အသွယ်တွေ အကုန်ဖြတ်ပစ်လိုက်တာ။ မတရားဘူးလို့ ခံစားရတဲ့နားမှာ ငါစိတ်ဆိုးတတ်လာပြီသိလား။ ဒါပေမဲ့ ခုနပြောခဲ့သလို “we have done so much good for one another” ပါ။ ငါတို့ တစ်ယောက်အပေါ်တစ်ယောက် အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီ။ Marianne နဲ့ Connell ရဲ့ closure လို ငါတို့အတွက်က ပြည်ဖုံးကားချပြီးတဲ့ တစ်ခန်းရပ်ပြဇာတ်လို ခံစားရတယ်။
……………………………………………
Speaker 1 : ဒါပေမဲ့လည်း ဘယ်သူသိမလဲ၊ နေသာတဲ့တစ်ရက်ရက်မှာ ငါသူ့ဆီ စိတ်လိုလက်ရ ဖုန်းဆက်ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
သူသင်ပေးခဲ့လို့ ကိုယ့်ဟာကိုယ် ချစ်တတ်နေပြီလို့ ပြောပြမလို့။
Pic Crd : Normal People
#
၂၀၄၆
မှေးစင်းနေတဲ့မျက်တောင်တွေကနေတစ်ဆင့် သူမအိပ်မက်ထဲကို သူမဝင်လာခဲ့တယ်။
အိပ်မက်ဆိုပေမဲ့ မြေအောက်ခန်းဆီသွားဖို့ နောက်တစ်လွှာ ထပ်ဆင်းရဦးမယ်။
မည်းမည်းမှောင်မှောင်လှေကားရှည်ကြီးတွေကနေဆင်းရင် အခန်းသေးသေးလေးတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ အခန်းကျယ်ကြီးဆီရောက်တယ်။
လှေကားကဆင်းနေတဲ့အချိန် တိတ်ဆိတ်လွန်းလို့ အပေါ်ပြန်တက်ပြေးဖို့တောင် သူမအကြိမ်ကြိမ်အခါခါ ကြိုးစားဖူးတယ်။
မီလို လေးနဲ့သာ အတူတူဆင်းရရင် ပိုလွယ်ကူလိမ့်မယ်လို့လည်း ထင်တယ်။
ဘယ်လောက်ပဲကြောက်ကြောက် တံခါးနောက်က အခန်းထဲမှာ ရှိနေမယ့်အရာတွေအတွက် သူမကတော့ မြေအောက်ခန်းဆီ ဆင်းလာဖြစ်နေတာပဲ။
အခန်းတွေဆီ ရောက်ရောက်နေတာ လပေါင်းများစွာ ကြာပြီမို့ အခန်းတော်တော်များများဆီ သူမရောက်ဖူးခဲ့ပြီ။
ဖေဖေရှိနေတဲ့အခန်းကို သွားဖွင့်မိတုန်းကဆို သူမ သေအောင် ကြေအောင် လူးလိမ့်ငိုကျွေးခဲ့တယ်။
မနှုတ်ဆက်ရသေးဘဲ အသင့်မဖြစ်ခင် ခွဲခွာခဲ့ရတဲ့သွားလေသူကို ဆယ်စုနှစ်တစ်ခုကြာတဲ့အချိန်မှာ ပြန်တွေ့ရတော့ ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ်။
"ဖေဖေက သမီးရဲ့ သမီးရည်းစားပတ်သက်မှုတွေအကုန်လုံးမှာ အရိပ်ထိုးခဲ့တာ သိရဲ့လား"ဆိုပြီး သောင်းကျန်းပစ်ခဲ့တာ မနက်မိုးလင်းပြီး လန့်နိုးလာတဲ့အထိပဲ။
အဲ့နေ့ကစပြီး ဖေဖေ့ဓါတ်ပုံရှေ့မှာ ပန်းအိုးထိုးဖြစ်ခဲ့တယ်။
အိပ်မက်ထဲမှာ အဲ့အခန်းကိုလည်း ဘယ်တော့မှ သွားမဖွင့်ဖြစ်တော့ဘူး။
မသက်မသာခံစားရစေတဲ့ အခန်းတွေရှိသလို တိုလီမုတ်စတွေ စုထည့်ထားတဲ့အခန်းလေးတွေလည်း ရှိတယ်။
ဘတ်စ်ကားကြပ်တဲ့အချိန် အနောက်ကနေ အတင်းတိုးကပ်လာတဲ့လူကြီးရဲ့ ခန္ဓါကိုယ်ကို ရွံရတာတို့၊ အပျိုစဖြစ်တဲ့အချိန် လမ်းထဲမှာ ထုပ်ဆီးမတိုးရတော့လို့ မေမေ့စည်းစနစ်တွေကို စိတ်ကုန်ခဲ့တာတို့၊ ရီပို့ကတ်မှာလက်မှတ်ထိုးဖို့ အုပ်ထိန်းသူနေရာမှာ ဘယ်သူ့ကိုထိုးခိုင်းရမှန်းမသိတာတို့၊ တစ်ညလုံး အိပ်ပစ်လိုက်ပြီး စာမေးပွဲရောက်မှ စာမပြလို့ ဘေးခုံကတစ်ယောက်ကို စိတ်ကောက်ခဲ့တာတို့ပေါ့...။
မသိမ်းဆည်းထားဘူးလို့ ထင်ခဲ့တဲ့အရာတွေအားလုံးက အခန်းတစ်ခုစီထဲမှာ နေရာတကျရှိနေခဲ့တယ်။
သူတို့အားလုံးကို ထိပ်တိုက်ရင်ဆိုင်ပစ်မှပဲ အခုသူမကို ကောက်ကြောင်းဖော်ခဲ့တဲ့အရာတွေကို ရှင်းရှင်းလင်းလင်းမြင်လာတော့တယ်။
တချို့ကို ခွင့်လွှတ်၊ တချို့ကို စွန့်လွှတ်ပစ်လိုက်တယ်။
ဒါတွေအားလုံးက သူမပဲမို့ ဖြစ်ခဲ့သမျှကိုလည်း လက်ခံနိုင်ခဲ့တယ်။
ငယ်ချစ်ဦးရှိနေတဲ့အခန်းကို ဖွင့်မိတဲ့နေ့ကတော့ တကယ့်
အံ့သှစရာပဲ။
တစ်သက်လုံးနာကျည်းခဲ့ပေမဲ့ သူနဲ့သိပ်လိုက်တဲ့ ရှပ်အင်္ကျီကို လက်ခေါက်ဝတ်ပြီး သူမရှေ့ရောက်လာတဲ့သူ့ကို မျက်နှာမြင်ရတော့လည်း စိတ်မဆိုးနိုင်ခဲ့ဘူး။
"နင်ဟယ်" ဆိုတဲ့ အာမေဋိတ်တစ်ခုပဲ ပြုနိုင်ပြီး စိတ်ခံစားချက်က ပြင်းထန်လွန်းလို့ ချက်ချင်းပြန်လန့်နိုးသွားခဲ့တယ်။
အဲ့နေ့မနက်မှာတော့ ဘာကိုမှ မယုံကြည်တဲ့သူမဟာ ဘုရားစင်ရှေ့ငုတ်တုတ်ထိုင်ဖြစ်ပြီး အဲ့လူဆိုးကောင် သူရောက်နေတဲ့ နေရာမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးဖြစ်ခဲ့တယ်။
နှစ်တွေတအားကြာသွားလို့လား၊ သူမရဲ့စိတ်ကို နေရာတော်တော်များများ ယူထားတဲ့အရာက သက်သက်ရှိလို့လား မသိပေမဲ့ အရှေ့ကအခန်းတွေနဲ့ ငြိမ်းချမ်းရေးယူရတာ အများကြီးလွယ်ကူခဲ့တယ်။
သူမကို လပေါင်းများစွာ ညှို့ယူခဲ့တဲ့အခန်းကတော့ တစ်ခန်းတည်းပဲ။
အထဲမှာဘယ်သူရှိလဲဆိုတာသိလို့ အခန်းဝကိုရောက်ပြီးမှ
အထဲကိုဘယ်တော့မှမဝင်ဖြစ်ခဲ့ဘူး။
အဲ့စေ့ထားတဲ့တံခါးရှေ့မှာပဲ သူမငိုတယ်၊ ရယ်တယ်၊ တချို့ညတွေဆို ဒေါသကြောင့် အသားတွေပါတဆတ်ဆတ်တုန်တယ်။
ဒါပေမဲ့ တံခါးဖွင့်လိုက်ရင် တစ်ခုခုကို လက်လွှတ်လိုက်ရတော့မယ်ဆိုတာသိနေတာမို့ အဲ့အရာကို ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးလို့ တံခါးရှေ့ကပဲ အမြဲလှည့်ပြန်ဖြစ်တယ်။
တကယ့်ကို လပေါင်းများစွာပါပဲ။
.......................................
ဟုတ်ပါတယ်။
အဲ့အခန်းထဲမှာ သူရှိတယ်။
.......................................
ဒီညတော့ အဲ့အခန်းတံခါးကို ဖွင့်ကြည့်ဖို့ အချိန်တန်ပြီလို့ သူမထင်တယ်။
အဲ့လိုနဲ့ အခန်းရှေ့ သူမရောက်တယ်။
တံခါးရဲ့နောက်မှာ သူရှိမယ်။
သူနဲ့ပတ်သက်တဲ့ အကြောက်တရား၊ ခွန်းကြီးခွန်းငယ်ရန်ပွဲတွေ၊ ဘယ်အရာမဆိုပေါ့...။
အားလုံး ရှိနေနိုင်ပြီး အဲ့အရာကိုလည်း သူမနှစ်သက်ချင်မှလည်း နှစ်သက်လိမ့်မယ်။
သည်းညည်းမခံနိုင်တဲ့အခါ အော်ငိုပစ်လိုက်မယ်ဆိုတဲ့စိတ်နဲ့ တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်တယ်။
"ကျွီ" ဆိုတဲ့ တံခါးပွင့်သွားသံက ကျယ်လွန်းလို့ ကျောထဲကတောင် စိမ့်တက်သွားတယ်။
သူ့ကို သူမတွေ့ရပါတော့မယ်။
အခန်းထဲဝင်လိုက်ပေမဲ့ တကယ်ရောက်သွားတဲ့နေရာက
လူကူးတံတားတစ်ခုအပေါ်ပဲ (သူနဲ့ တစ်ခါလာဖူးတယ်)။
ညလေအေးကြောင့် သူမဂါဝန်အဖြူက လေထဲမှာ လွင့်နေတယ်။
ငုံ့ကြည့်မိတော့ ဖိနပ်တောင် မပါဘဲ ခြေဗလာနဲ့ဆိုတာ သတိထားမိလိုက်တယ်။
လူရှင်းနေတဲ့တံတားပေါ်မှာ စိတ်လှုပ်ရှားလွန်းလို့ လျှောက်ပြေးနေမိတယ်။
နဖူးမှာ ချွေးစို့လာတဲ့အထိ မရပ်မနားပြေးနေမိတယ်။
မဟုတ်သေးပါဘူး။
သူ့ကိုတွေ့ရဖို့ သူမ ဒီကို လာတယ်ထင်တာပဲ။
သူက ဘယ်မှာလဲ။
တံတားအောက်ကို ရောက်တဲ့အချိန်မှာ လူတစ်ယောက်မှ မရှိနေဘဲ အမှောင်ထုကြီးပဲရှိတယ်။
ဘယ်ညာလိုက်ကြည့်မိတော့ ဗြိတိသျှသံရုံးဘေးမှာ ရုပ်ရှင်တွေထဲ ပါတတ်တဲ့ လမ်းဘေးဖုန်းရုံလေးတွေ့လိုက်ရတယ်။
ဘာကြောင့်မှန်းမသိပေမဲ့ အဲ့ဖုန်းရုံထဲ ဝင်လိုက်မိတယ်။
ပြီးတော့ အသက်ကို ဝဝရှူတယ်။
ဘာလုပ်ရမယ်ဆိုတာ သူမသိသလိုပဲ။
သူ့ဆီဖုန်းခေါ်လိုက်တယ်။
"ဟဲလို" ဆိုတဲ့ သူ့အသံကို ကြားရတဲ့အချိန်မှာ ဝမ်းသာလွန်းလို့ နှုတ်ခမ်းဖျားတွေ တဆတ်ဆတ်တုန်လာတယ်။
အဲ့အသံကို မကြားရတာ ရက်ပေါင်းများစွာ ကြာခဲ့ပြီပဲ။
"နင်သူ့ကို မမေ့သေးပါဘူး" လို့ တစ်ယောက်ယောက်ကများ ပြောလာခဲ့ရင် "ဟုတ်ကဲ့၊ ကျွန်မမမေ့သေးပါဘူး" လို့ ဝန်ခံဖို့လည်း အသင့်ပါပဲ။
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရတာ ခုနစ်လ၊
အဆက်အသွယ်လုံးဝမရှိတာ ငါးလ။
သူမမှာ ပြောစရာတွေအများကြီး ရှိခဲ့ပါတယ်။
သူအဆင်ပြေနေခဲ့ပါသလား။
သူမကတော့ ဒီလတွေမှာ တစ်ယောက်ယောက်ဆီပြေးချသွားပြီး သူ့ပခုံးပေါ်မှာ မျက်နှာအပ်ပြီး ငိုချင်တဲ့ တမ်းတမှုက ဘယ်လိုမျိုးလဲဆိုတာကို ကောင်းကောင်းသိခဲ့ပါပြီ။
ငိုဖို့လိုအပ်တဲ့နေ့တွေမှာ ငိုပြီး ရယ်ဖို့ လိုအပ်တဲ့နေ့တွေမှာ ရယ်ရတယ်ဆိုတာလည်း သင်ယူတတ်ခဲ့ပြီ။
လူသစ်တွေအများကြီးလည်း သူမဘေးရောက်လာခဲ့တယ်။
ပလေတိုးနစ်ဆက်ဆံရေးတွေမှာ သံယောဇဥ်ထားတတ်ဖို့လည်း ကြိုးစားနေတယ်။
သူမချစ်ခြင်းမေတ္တာကိုလည်း မြစ်ကြီးနားမြို့က သစ်ပင်အကြီးကြီးတွေ အုပ်ဆိုင်းနေတဲ့လမ်းပေါ်မှာ၊ အစာလာလာတောင်းတဲ့ ခွေးနက်လေးဆီမှာ၊ အမေ့ နားထင်က ဆံပင်ဖြူတွေထဲမှာ၊ အဘွားနှစ်ယောက်ရဲ့ "မြေးလေးရေ" ဆိုတဲ့ ခေါ်သံဆီမှာ၊ သူငယ်ချင်းတစ်ယောက်စီတိုင်းအတွက် ဘေးကင်းဖို့ ရည်ရွယ်တဲ့ ဆုတောင်းသံမှာ၊ စာအုပ်တွေထဲမှာ၊ ရေးလက်စကဗျာထဲအထိပါ နေရာတိုင်းကို ဖြန့်ကျဲဖြစ်ခဲ့တယ်။
အဲ့မေတ္တာကို သူ့အိမ်ခေါင်မိုးအထိ ညတိုင်းပို့လွှတ်ဖြစ်နေတဲ့အကြောင်းကိုလည်း သူသိအောင် ပြောပြချင်ခဲ့တယ်။
သူမအဆင်ပြေခြင်း၊ မပြေခြင်းက သူ့နေ့ရက်တွေအပေါ် သက်ရောက်မှုရှိမှာစိုးလို့ သူမက ဒီလတွေမှာ ပါးစပ်ကိုပဲ ပိတ်ထားပစ်တယ်။
စကားလုံးတွေကိုတော့ တစ်လျှောက်လုံး ကျောပေါ်မှာ ထမ်းပိုးထားခဲ့ပါတယ်။
ဖုန်းကိုကိုင်ထားရင်း လည်ချောင်းဝထိ တွန်းထိုးထွက်လာတဲ့ စကားလုံးတွေကို မျိုချနေရတယ်။
ခက်ခက်ခဲခဲအားယူပြီး ပြောထွက်သွားတဲ့စကားက
"ဘာလုပျနလေဲ" တဲ့။
ပြောစရာတွေများလွန်းရင် စကားလုံးတွေက အငွေ့ပျံတက်ပါသလား။
"ထမင်းစားနေတယ်" လို့ သူပြန်ဖြေပါတယ်။
"အင်း...အင်း၊ ဆက်စား" ဆိုပြီး ဖုန်းချပစ်လိုက်မိတယ်။
ပြီးတော့ ဖုန်းရုံထဲမှာ အကြာကြီးမတ်တပ်ဆက်ရပ်နေဖြစ်တယ်။
သူလည်း ဖုန်းပြန်မခေါ်ပါဘူး။
သူမလည်း ထပ်မခေါ်ဖြစ်တော့ဘူး။
ငါးလစာက စကားသုံးခွန်းနဲ့ လုံလောက်သွားခဲ့ပါတယ်။
"ထမင်းစားနေတယ်" ဆိုတဲ့ အဖြေက သာမန်သိပ်ဆန်တာပဲ။
အဆင်ပြေနေပုံရလို့ အဲ့အသံမှာ ကျေနပ်သွားမိတယ်။
သူမပျော်ရွှင်လာပါတယ်။
ဖုန်းရုံထဲကပြန်ထွက်လာပြီး နှစ်ယောက်အတူ လျှောက်ခဲ့ဖူးတဲ့လမ်းတွေပေါ်မှာ သူမတစ်ယောက်တည်း လျှောက်နေမိတယ်။
စိတ်က ဘယ်မှမပြေးဘဲ ပစ္စုပ္ပန်တည့်တည့်မှာပဲ ရှိနေတယ်။
ပေါ့ပါးလွန်းလို့ ငှက်မွှေးလေးလို လေမှာလွင့်သွားတော့မယ်တောင် ထင်နေမိတယ်။
"နင်အဆင်ပြေနေတယ်ဆိုတာလောက် ဘယ်အရာမှ အရေးမကြီးဘူးဟ" လို့ ကောင်းကင်ကို မော့ကြည့်ပြီး သူမ ရေရွတ်လိုက်မိတယ်။
လုံလောက်ပြီလို့ခံစားရတဲ့အချိန်မှာ တံခါးကို ပြန်ပိတ်လိုက်ပြီး သူရှိနေတဲ့အခန်းကို ကျောခိုင်းခဲ့မိတယ်။
ဒီအခန်းကို ထပ်ဖွင့်စရာမလိုတော့ဘူးလို့ သူမထင်တယ်။
ဆင်းလာခဲ့တဲ့လှေကားတွေအတိုင်း တစ်ယောက်တည်း
အပေါ်ပြန်တက်လာခဲ့တယ်။
တစ်ယောက်တည်းဆိုတဲ့အသိကိုလည်း နှစ်ခြိုက်နေမိပါတယ်....။
×××
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Yangon