Studio eainmon
18/02/2026
The PIANO (2026)
linocut print illustrated story
13 print artworks ( 29.5x21 cm each) &
10 limited print books.
၂၀၂၆ ခုနှစ်အတွက် ပထမဆုံးလက်ရာပါပဲ။ ဒီလက်ရာအတွက်တော့ အဆက်အစပ်၊ အမှတ်အသားတွေ များမယ်ထင်တယ်။
မူရင်းစာမူအကြောင်း၊ လက်ရာအတွက်ရွေးချယ်ခြင်းနဲ့ ဆောင်ရွက်ပုံအဆင့်ဆင့်တွေပဲဖြစ်ပါလိမ့်မယ်။ အဲဒီအစဉ်အတိုင်းပဲပြောပါရစေ။
မူရင်းလက်ရာဖြစ်တဲ့ ပီယာနို လို့အမည်ပေးထားတဲ့အရေးအသားတစ်ခုကို ၂၀၀၄ ခုနှစ် ဇန်နဝါရီမှာ ရေးသားဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ နောက်ဆုံးနှစ် ဂီတအထူးပြုကျောင်းသားဖြစ်နေတုန်းပဲ။ ဆိုတော့ ဂီတနဲ့အပတ်အသက်ပိုများခဲ့သလို စိတ်ကူးတွေဟာ ဂီတနဲ့ ရသစာပေအရေးအသားအပေါ်မှာ ပိုမိုခဲ့တယ်။ ရေးပြီးပြီးချင်းပဲ ဟန်သစ်မဂ္ဂဇင်းကို ပို့ခဲ့တယ်။ ခြောက်လကျော်အကြာ ဟန်သစ်၊ နိုဝင်ဘာ၊ ၂၀၀၄ ထုတ်မှာ ပုံနှိပ်ဖော်ပြခံရတယ်။
အရေးအသားဟာ အဲဒီအချိန် ၂၀၀၄ ခုနှစ်က စာရေးသူရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ တွေးခေါ်မှု၊ တုန့်ပြန်မှု၊ ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပါတယ်။
၂၀၂၆၊ gallery ohmar မှာ if we were in a parallel world of dystopia ပွဲအတွက် လုပ်မယ် တိုင်ပင်ကြတော့ ရုတ်တရက် ဘာလုပ်မယ်လို့ မဆုံးဖြတ်နိုင်ဘူး။ လုပ်ချင်တာတွေရှိပေမယ့် သေသေချာချာ ဘာကိုလုပ်မယ်ရယ်လို့ တွေးလို့မရဘူး။ စိတ်ထဲမှာတော့ နှစ်ရဲ့ရှေ့ပိုင်းကာလတွေကလုပ်ထားခဲ့တဲ့ print လက်ရာတွေမျိုး လုပ်ချင်ပေမယ့် artwork ရေရေရာရာတစ်ခုမဖြစ်ပဲ ပွကုန်မှာလည်း စိုးနေတယ်။ တိုက်တိုက်ဆိုင်ဆိုင် စာအုပ်စင်တွေရှင်းတဲ့ရက်က ပြန်တွေ့၊ ပြန်ဖတ်မိတဲ့ ပီယာနို ကို သတိရမိတယ်။ စိတ်ကူးမိပြီး စာမူကို နောက်ထပ်ပြန်ဖတ်တဲ့အခါ အခုလိုအခြေအနေ၊ အချိန်မှာ ဒီအရေးအသားကို ထပ်ပြောချင်လာပြန်တယ်။ ကိုယ်တိုင်လည်း ပြန်လည်နှစ်သက်မိတယ်။ နောက်တစ်ချက်က ကိုယ်တိုင် character မွေးထားတာ တစ်နှစ်ရှိပြီဖြစ်တဲ့ ကြောင်တစ်ကောင် ပုံကိုလည်း bold လုပ် ပွဲထုတ်လိုက်ချင်တယ်။ အဲဒီမှာ သရုပ်ဖော်ပုံတစ်ခုချင်းစီအတွက် ဇာတ်ညွှန်းအခန်းစဉ်ပြန်ဆွဲ၊ ပုံကြမ်းထုတ် လုပ်ခဲ့တယ်။ ပထမတော့ စာမျက်နှာတစ်မျက်နှာချင်းစီ၊ တစ်ပုံစီ ပြမယ်တွေးပေမယ့် စိတ်ထဲမှာ ကျောင်းသားဘဝက လုပ်ခဲ့တဲ့ လက်ရေးမဂ္ဂဇင်းတွေ၊ ကဗျာစာအုပ်တွေ ထုတ်ခဲ့၊ လုပ်ခဲ့သလိုမျိူ စိတ်ကူးရတာနဲ့ limited version တွေပါ ပုံနှိပ်ပစ်လိုက်ဖို့ စိတ်ကူးရလာတာပဲ။ ကိုယ့်အတွက်တော့ အနှစ်နှစ်ဆယ်လောက် ကာလကို လူးလာခေါက်တုံ့လုပ်ရခြင်းပဲ ထင်မိတယ်။ တော်တော်အလုပ်ရှုတ်မယ်၊ ပင်ပန်းမယ်လို့တော့ ကြိုတွေးထားမိပေမယ့် ရအောင်လုပ်မယ်လို့လည်း ကြို ဆုံးဖြတ်ထားခဲ့တယ်။
အခန်းငယ် ၁၂ ခန်း ခွဲပြီး ခဲပုံကြမ်းတွေရေးတယ်။ မင်ပုံချောထပ်ရေးတယ်။ အဲဒီ မင်ပုံချောပေါ်မှာပဲ ပုံကူးစက္ကူနဲ့ negative image တွေရအောင် ပြန်ကူးတယ်။ အရောင်တစ်ခုချင်းစီအတွက် တစ်ပုံစီ ကူးရတယ်။ နောက်တစ်ခါ ပုံကူးစက္ကူပေါ်က negative ပုံတွေကို negative အတိုင်း ပုံထွင်းမယ့် lino sheet ပေါ်မှာ carbon paper နဲ့ positive ဘက်က ပြန်ကူးယူရပါတယ်။ အရောင်တစ်ရောင်ချင်းစီအတွက် lino plate တစ်ချပ်ချင်းစီကူးယူအပြီးမှာ lino ချပ်ပေါ်မှာ negative ပုံရိပ်တွေအတိုင်း အချိုင့်ထွင်းပါတယ်။ ရှုတ်ထွေးများမြောင်လှတဲ့ လုပ်ငန်းစဉ်တွေအပြီးမှ တကယ့်ပုံနှိပ်ခြင်းဆီ ရောက်ပါတော့တယ်။ ပုံနှိပ်စဉ်မှာတော့ နံရံမှာချိတ်ဆွဲပြသမယ့် ၁၃ ချပ်အတွက် faceing dummy တစ်မျိုးသုံးပြီး အနီနှင့်အနက်၊ 200 gsm acid free paper နဲ့ အရေအတွက် တစ်ချပ်တည်းစီသာ ပုံနှိပ်ထားပြီး မူပွားစာအုပ်တွေအတွက်တော့ flat dummy တစ်မျိုးနဲ့ အပြာနှင့်အနက်၊ 170 gsm boosner print paper ကိုသုံးပြီး စာအုပ် ၁၀ အုပ် ကန့်သတ်ပုံနှိပ်ခဲ့ပါတယ်။ ပုံနှိပ်စဉ်မှာတော့ အဓိက သရုပ်ဖော်ပုံတွေအားလုံးကို linocut plate တွေနဲ့ essdee lino ink ကိုသုံးပြီးပုံနှိပ်တယ်။ body text တွေနဲ့ စာမျက်နှာနံပါတ်တွေကို laser တံဆိပ်တုံး၊ day-date တံဆိပ်တုံးနဲ့ တံဆိပ်ရိုက်မင်တွေကိုသုံးပြီးပုံနှိပ်ပါတယ်။အဓိကကျတဲ့နေရာတစ်နေရာက ကူညီခဲ့သူလည်းရှိပါတယ်။ မြန်မာဘာသာနဲ့အရေးအသားကို အဂ်လိပ်ဘာသာသို့ပြန်ဆိုပေးသူ နိုင်ရဲကျော် ပါ။ နှစ်သက်ရတဲ့ ပြန်ဆိုမှုအတွက် ကျေးဇူးမှတ်တမ်းပြုပါတယ်။
ကြိုတင်ထင်ထားတဲ့အတိုင်း လက်ရာကို ဖန်တီးရတာ ရှုတ်ထွေးပင်ပန်းပေမယ့် ဖြတ်ကျော်ပြီးတဲ့အခါ ကျေနပ်ရပါတယ်။ လက်ရာကိုပြုလုပ်မယ်လို့ ဆုံးဖြတ်ချိန်ကနေစပြီး တစ်လအတွင်း အချိန်လု အပြီးသတ်ခဲ့ရတယ်။တကယ်တော့ ဒီလက်ရာဟာ ကိုယ့်အတွက်တော့ ကြိုးကြိုးစားစား ဆော့ကစားခြင်းတစ်ခုလို့ဆိုရပါလိမ့်မယ်။ ခေတ်အလိုက် print နည်းပညာတိုးတက်မှုတွေထက် ရိုးရိုးရှင်းရှင်းနည်းနဲ့ အနီးအနားကအလွယ်တကူပစ္စည်းတွေနဲ့ ကိုယ်တစ်ယောက်တည်းနဲ့ တနိုင်တပိုင်မူပွားလို့ရနိုင်တာကို စမ်းသပ်ကြည့်ခြင်းပါပဲ။
ပြပွဲမှာတော့ နံရံချိတ်လက်ရာတွေ၊ ပုံနှိပ်စာအုပ်အပြင် မူရင်း lino plate တွေကိုပါ display တစ်ခုနဲ့ ပြဖြစ်ပါတယ်။ illustrated story print book တွေကို စုဆောင်းမှုတွေ အတွက်လည်း ကျေးဇူးတင်ရတယ်။ လုပ်နည်းကိုင်နည်းတွေအရမဟုတ်ပဲ မူရင်းဇာတ်လမ်းကျောရိုး အရေးအသားကို မူတည်ထားတဲ့ artist statement မှာတော့ အခုလို ရေးခဲ့ပါတယ်။
"ခံစားမှုကို အမှန်အတိုင်း တစ်သဝေမတိမ်းထုတ်ဖေါ်ဖို့ရာဟာ ခက်ခဲလှတယ်။ ကျွန်ုပ်တို့ဟာ အဲဒီလိုထုတ်ဖေါ်ဖို့ ကြိုးစားတိုင်းလည်း ခက်ခဲစွာကြိုးပမ်းရတာချည်းဖြစ်သလို ရရှိမှုအကြိမ်တွေဟာလည်း ပါးရှားလှတယ်။ ဒါပေမယ့် အနုပညာရှင်ဟာ ထုတ်ဖေါ်ဖို့ ကြိုးစားတုန်းပဲ။
တစ်ကယ်တော့ ခံစားမှုဆိုတာဟာ အမြဲတမ်းအလှည့်အပြောင်းတွေနဲ့ ဖြစ်ပေါ်ပျောက်ကွယ်သွားတတ်တာမျိုးပဲ။ ပြောင်းလဲလှုပ်ရှားနေတဲ့ ခံစားချက်ကို အချိန်နဲ့အမျှ အမိအရဆုပ်ကိုင်ဖို့ ကြိုးစားနေရင်း ထုတ်ဖေါ်ပုံတွေဟာလည်း ရုတ်ချည်း ထွေပြားပြောင်းလဲသွားတတ်သေးတာပဲ။ လှပတဲ့အရာဆိုတာ အချိန်နဲ့အမျှ ရှုတ်ထွေးပြောင်းလဲမှုတွေကြားထဲက ကိုယ်တိုင်ပုံဖေါ်ယူရတဲ့ ဆန်းကြယ်တဲ့အရာပဲလို့ ထင်မိရဲ့။"
♥️
17/10/2024
🟢 available for collect
- 51°19'45.8"N, 12°20'47.7"E
- Wunna Aung
- 60 cm x 80 cm, acrylic on canvas, 2022
ဒီနေရာဟာ Leipzig မှာ နောက်ဆုံးရေးဖြစ်တဲ့ sketch ကို ပြန်ရေးတာပဲ။ အထူးတလည်တော့ဘာအကြောင်းမှမရှိဘူး။ မနက်ဖြန်မနက် ပြန်တော့မယ်ဆိုတော့ အဲဒီညနေတစ်ခင်းလုံး စက်ဘီးတစ်စီးနဲ့ ဟိုရောက်ဒီရောက်လျှောက်သွားရင်း ဟာ ဒီနေရာလေး လှတယ်၊ ပုံရေးဦးမှပဲလို့ စိတ်ကူးပီးရေးခဲ့တာ။ စိတ်ထဲမှတ်မိတာတစ်ခုတော့ရှိတယ်၊ အဲဒီဒေသက တူးမြောင်းတွေ၊ တံတားတွေ များလွန်းတော့ အဲဒီတုန်းက sketch book ထဲမှာ အဲဒီလိုပုံတွေ သိသိသာသာများခဲ့တယ်ဆိုတာ။ ဒီနေရာလေးက Leipzig က ချစ်စရာနေရာလေးတစ်ခု Konneritzbrucke တံတား နေရာပါ။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Yangon