ZEMMA MEDIA
08/03/2020
တပေါင်းလပြည့်နေ့အကြောင်း သိမှတ်ဖွယ်ရာ
၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇာဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပါသည်။
၃။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကကြားသိရာ ခေါင်းဆောင်အမတ် ၁၀ ဦးတို့ကို နောက်ပါအခြွေအရံတစ်ထောင်စီဖြင့်၁၀ ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇာဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့် တွေ့၍ တရားနာရသောအခါ ကပိလဝတ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တစ်ယောက်မကျန် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း ဖြစ်ကုန်ကြပါသည်။
၄။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏သာယာပုံကို ဂါထာပေါင်း ၆၄ ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့်ဖွားရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂ သောင်းခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇာဂြိုဟ်မြို့မှ ယူဇနာ ၆၀ ဝေးကွာသော ကပိလဝတ်ပြည်တော်သို့ တစ်နေ့လျှင် ၁ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ (၂ လကြာမျှ) ဒေသစာရီ ကြွချီတော်မူပါသည်။
ဖြစ်ပေါ်လာသော အကျိုးဆက်များ
မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ—
နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါ်လာခြင်း၊
သာကီဝင်မင်းမျိုးတို့၏မာန်စွယ်ကို နုတ်ပယ်သောအားဖြင့်ပေါက္ခရဝဿမိုးကို ရွာသွန်းစေခြင်း၊
ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း၊
မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်သောအခါ အရဟတ္တဖိုလ်တည်ခြင်း၊ မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခုနီ သာသနာ ထူထောင်ခွင့်ကြုံခြင်း၊
ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကြီး ဟောကြားခြင်း၊
ဇနပဒကလျာဏီ၏ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း၊
သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘဝသို့ ရောက်ရှိခြင်း
သာကီဝင်အမျိုးမှ မင်းသားတစ်ထောင် ရဟန်းဘောင်သို့ရောက်ခြင်း၊
ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ “ကုလပ္ပသာဒ“ဧတဒဂ်ကို ချီးမြှင့်တော်မူခြင်း၊
အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူခြင်း စသော အကျိုးဆက်များ ဖြစ်ပါသည်။
ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ
နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ်ဘိက်ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။
မုနိတို့၏သခင်ဖြစ်တော်မူသော မြတ်စွာဘုရား …. ဆောင်းနှောင်းနွေဦးတပေါင်းလ ဤအခါထူးသည် အေးလည်းမအေးလွန်းလှပါဘုရား၊ ပူလည်းမပူ လွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား၊ မြေအပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြေလန်းဆန်းနေပါသည်ဘုရား၊ ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလဝတ်နေပြည်သို့ ကြွချီရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရား။
ရှင်အုန်းညိုရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့် သတ္တဝါလူ၊ ခပ်သိမ်းသူကို ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိ
ညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။
အဖြစ်အကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တစ်စုတစ်ရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခံသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။
မာဂဓီ (သာစည်)
(အခါတော်နေ့များ စာအုပ်မှ)
ကူးယူဖော်ပြသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Room(101), Building (B-5), Hantharwaddy Villa, Hantharwaddy Street, (6)Ward, South Okkalapa Township
Yangon
11091
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |