Seagames2013
19/10/2024
ညဘက် ဘောပွဲကြည့်ရင်း ဗိုက်ဆာတတ်သူလား🙋
ရှန်းကော်နဲ့ ဘာနဲ့လိုက်လဲ
ကောမန့်ပေးခဲ့ကြအုံး ဘရိုတို့
19/10/2024
Sir Alex Ferguson.
INEOS ရဲ့ ယဉ်ကျေးမှုနားမလည်တဲ့ လုပ်ရပ်
✍️ ရေးသားသူ - စည်သူ
မန်ချက်စတာယူနိုက်တက်က အသံတိတ်နေတဲ့ အပတ်ရယ်လို့ကို မရှိ။ နိုင်ငံတကာရက်သတ္တပတ်မှာလည်း ဖာဂူဆန်ကို သံတမန်ရာထူးက ရပ်တန့်တဲ့သတင်း၊ အဝတ်လဲခန်းထဲ ဝင်ခွင့် ပိတ်ပင်တဲ့ သတင်းတွေနဲ့ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတယ်။ ကိုယ့်ဖိအား ကိုယ်ဝယ်ယူလိုက်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး INEOS ရဲ့ ပြတ်သားတဲ့လုပ်ရပ်က တစ်ဖက်ကကြည့်တော့ စီးပွားရေးအမြင်ဖြင့် ကြည့်တာ၊ အခြားတစ်ဖက်က ကြည့်တာ ယဉ်ကျေးမှုနားမလည်တာ ဖြစ်နေပါတယ်။
မန်ယူနိုက်တက်က အခြားအသင်းတွေနဲ့ ခြားနားတာက သူတို့မှာ သီးခြားတန်ဖိုးတွေ ရှိတာပါ။ အသင်းရဲ့ သမိုင်းစဉ်လာကို လွန်စွာတန်ဖိုးထားပြီး ဂန္ထဝင်ပုဂ္ဂိုလ်တွေကိုလည်း ထူးထူးကဲကဲ ဆက်ဆံတတ်ပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတွေမှာ ဘယ်ဂန္ထဝင်တွေကများ ပွဲစဉ်တိုင်းလိုလို တက်ရောက်အားပေးကြပါသလဲ။ သေချာပါတယ် ဆာအဲလက်စ်ဖာဂူဆန်၊ ဆာဘော်ဘီချာလ်တန်တို့လို ပွဲတိုင်းနီးပါးမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါက မန်ယူနိုက်တက်ရဲ့ ဒီပုဂ္ဂိုလ်တွေနဲ့ ထားရှိတဲ့ Special bond တစ်ခု ဖြစ်တယ်။ အထူးနှောင်ကြိုးတစ်ခု ဖြစ်ပါတယ်။ ဘော်ဘီချာလ်တန် ဆုံးပါးသွားတော့ သူမရှိတဲ့ ပွဲကြည့်စင်ကတောင် တစ်မျိုးကြီး ဖြစ်နေတဲ့အထိ ပရိသတ်တွေ၊ မန်ယူနိုက်တက်နှလုံးသားတွေနဲ့ ဆက်စပ်မှု ရှိတယ်။ ဖာဂူဆန်လည်း အသက်အရွယ်ကြီးမားလှပြီဖြစ်လို့ မကြာခင် ဓမ္မတာလမ်းကို လိုက်ရဦးမှာပါ။ ဒါပေမဲ့ ဒီ့မတိုင်ခင်မှာ INEOS ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကြုံလိုက်ရတယ်။
ယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမား ကန်တိုနာက ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ပါတယ်။ ပုံမှန်အားဖြင့် ကန်တိုနာက စကားများများ ပြောလေ့မရှိသူပါ။ သူ့ဘာသာသူ အနုပညာအလုပ်တွေပဲ လုပ်နေလေ့ရှိတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘယ်လိုကိစ္စမျိုး ရှိသည်ဖြစ်ပါစေ၊ ဆာအဲလက်စ်ဟာ အသက်ရှိနေသရွေ့ ယူနိုက်တက်မှာ နေရာတစ်ခု ပေးထားသင့်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ဒါမျိုးလုပ်တာ စော်ကားခြင်း ဖြစ်တယ်လို့ ကန်တိုနာက ဝေဖန်တယ်။ သံတမန်ရာထူးက ရပ်တန့်လိုက်ပြီး နှစ်စဉ်ပေးချေနေတဲ့ ပေါင်(၂.၁၆)သန်းကိုပါ ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ ကန်တိုနာ ဝေဖန်တဲ့အချိန်မှာ အဝတ်လဲခန်းသတင်းက မထွက်လာသေးဘူး။ ဒါတောင်မှ မန်ယူနိုက်တက်လို အသင်းမျိုးအတွက် လွဲနေပါတယ်။
ပေါင်(၂.၁၆)သန်းဟာ ဘောလုံးအသင်းတစ်သင်းအတွက် မပြောပလောက်တဲ့ ပမာဏပါ။ ဂလေဇာမိသားစုတွေဟာလည်း ဘောလုံးပွဲတစ်ပွဲ လာကြည့်ဖို့တောင် မအားလပ်နိုင်ပေမဲ့ နှစ်စဉ်ပေါင်သန်းနဲ့ချီတဲ့ လစာငွေတွေကို သူတို့ရဲ့ ဒါရိုက်တာရာထူး အကြောင်းပြပြီး ထုတ်ယူနေပါတယ်။ ယူနိုက်တက်ဟာ စာရင်းဇယားတွေနဲ့ ပြည့်မီဖို့အတွက် ဘဏ္ဍာရေးလိုအပ်ချက်တွေ ရှိနေပြီး INEOS က ဒီအတွက် အလုပ်လုပ်နေတာပါ။ ရာသီမစခင်ကလည်း ဝန်ထမ်း ၂၅၀ ကို ထုတ်ပယ်ပြီး အသုံးစရိတ် လျှော့ချခဲ့ပါတယ်။ အခုတော့ ဖာဂူဆန်အထိပါ ရောက်လာတယ်။
အသုံးစရိတ်လျှော့ချခြင်းက မမှားပေမဲ့ ဖာဂူဆန်လို အသင်းရဲ့ပြယုဂ်ကြီးတစ်ခုကို ထိတာတော့ မှားပါတယ်။ ယူနိုက်တက်ဟာ ဒီလောက်တောင် ပိုက်ဆံနဲ့ပတ်သက်လို့ ဒုက္ခရောက်နေပြီလားဆိုတဲ့ အမြင်ကို ပေးတဲ့အပြင် ဖာဂူဆန်လို ပုဂ္ဂိုလ်ကိုတောင် အလေးမထားနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ ဒီအမြင်က သူတို့ ဖြစ်ချင်တဲ့အမြင်လားဆိုတာကိုတော့ သူတို့ပဲ သိပါလိမ့်မယ်။ INEOS က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး ခေတ်မီမီ ရှေ့ဆက်ချင်တဲ့ အဖွဲ့ပါ။ အသင်းရဲ့ ဖွဲ့စည်းပုံထဲမှာလည်း ပရော်ဖက်ရှင်နယ်ကျတဲ့ အရွေ့တွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ကျခြင်းဆိုတဲ့အထဲမှာ ယူနိုက်တက်ရဲ့ ယဉ်ကျေးမှုစံနှုန်းတွေကို နားလည်ခြင်းလည်း ပါဝင်ပါတယ်။ သံတမန်ရာထူးက ရပ်ဆိုင်းခြင်းအပြင် အဝတ်လဲခန်းဝင်ခွင့် ပိတ်ပင်ခြင်းပါ ပါလာတာက ယဉ်ကျေးမှူစံနှုန်းတွေကို ချိုးဖောက်တဲ့သဘော သက်ရောက်သွားပါပြီ။
ယူနိုက်တက်မှာ အစဉ်အဆက် ဂန္ထဝင်နည်းပြကြီးတွေ၊ ကစားသမားကြီးတွေဟာ အဝတ်လဲခန်းအတွင်း ဝင်ရောက်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ အားအားယားယား လိုက်ဝင်မနေကြပါဘူး။ ဂုဏ်ထူးဆောင်သဘောအနေနဲ့ ဒီဝင်ရောက်ခွင့်ကို ပေးထားတာသာ ဖြစ်ပါတယ်။ ဒီအထိ ကန့်သတ်ခြင်းဟာ INEOS ရဲ့ ပါဝါကန့်သတ်မှု သဘောအဖြစ် သက်ရောက်လာတယ်။ ဖာဂူဆန်ကြီးကို အလကားသက်သက် ပေါင်(၂)သန်း ပေးထားရတယ်၊ အဝတ်လဲခန်းထဲ ပေးဝင်နေရတယ်၊ ဒါဟာ INEOS သွားလိုတဲ့ မော်ဒန်ဖွဲ့စည်းပုံအတွက် မကိုက်ညီဘူး စတဲ့ အကောက်အယူမျိုးတွေ သူတို့ဘက်မှာ ရှိပုံ ရပါတယ်။ ဒါဟာ အချက်အလက်သဘောအရ ကြည့်တဲ့အခါ မမှားပါဘူး။ စီးပွားတွက် တွက်တဲ့အခါ မမှားပါဘူး။ ကုမ္ပဏီသဘောနဲ့ ကြည့်တဲ့အခါ မမှားပါဘူး။ ဒါပေမဲ့ မန်ယူနိုက်တက်ရဲ့ အစဉ်အလာနဲ့ ကြည့်တဲ့အခါမှာ မှားပါတယ်။
ဒီလုပ်ရပ်ကြောင့် INEOS ဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူတို့လမ်းစဉ်အတိုင်း သူတို့ ချီတက်မယ်ဆိုတဲ့ အတွေးအမြင်ကို ပေးပါတယ်။ ဒါဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလမ်းကြောင်းကို ဖာဂူဆန်နဲ့ တည်ပြီး ထွင်းဖွင့်လိုက်ခြင်း INEOS အတွက် အန္တရာယ်များတဲ့လမ်းကြောင်း ဖြစ်လာစေတယ်။ အခုဆိုရင်ပဲ အသံတွေ ဆူညံနေပါပြီ။ နဂိုကတည်းကမှ ဖိအားပေါင်းစုံနဲ့အသင်းဟာ နိုင်ငံတကာရက်သတ္တပတ် အေးအေးလူလူနားနေရမယ့်အချိန်မှာလည်း အသံမစဲ တသဲသဲ ဖြစ်နေတုန်းပါ။ ပွဲတိုင်း နိုင်နေတဲ့အချိန်ဆိုရင်တော့ ဒီလိုကိစ္စမျိုးက မေ့မေ့ပျောက်ပျောက် ဖြစ်နိုင်နေပေမဲ့ တစ်ဖက်မှာ အပြောင်းအလဲတစ်ခုကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရချိန်၊ အခြားတစ်ဖက်မှာ နတ်နေကိုင်းကို တက်ကိုင်တာ ဖြစ်နေတယ်။ ရိုးရိုးလေးပါပဲ။ ဒါဟာ ယဉ်ကျေးမှုနားမလည်ခြင်း ဖြစ်ပါတယ်။
| #ဘောလုံးအိမ် | | | | |
Click here to claim your Sponsored Listing.
Website
Address
Yangon