MOOZ Services

MOOZ Services

Share

25/06/2019

#ဂျပန်အင်တာဗျူးအကြောင်း အပိုင်း - ၂

အပိုင်း - ၂ မှာတော့ အပိုင်း - ၁ မှ မေးခွန်းတွေထဲက တချို့မေးခွန်းများ မေးရာတွင် ဖြေဆိုသူများ၏ ဖြေဆိုပုံများထဲမှ ကြိုတင် စဉ်းစားထားခြင်း မရှိဘဲ မေးလာသော မေးခွန်းများဖြေဆိုရာတွင် သူဌေး၏ အမှတ်ပေးခြင်းကို ခံရလေအောင် ကျွန်တော်မှတ်သားမိသလောက် နဲ့ တွေးတောမိသလောက် တချို့မေးခွန်းများကို သုံးသပ် ရေးသားပေးပါမည်။ ဂျပန်အင်တာဗျူးအကြောင်း အပိုင်း - ၁ မေးခွန်းများထဲမှ....

• ဂျပန်နိုင်ငံကို ဘာလို့ သွားချင်တာလဲ?
ဟူသော မေးခွန်းကို ဖြေကြည့်ရအောင်ပါ။

ယခုမေးခွန်းကို ဖြေဆိုရာတွင် မိမိကိုယ်တိုင်က ဘာကြောင့်သွားချင်တာလဲဟု အရင်ဖြေကြည့်ပါ။ ဘာကြောင့်သွားချင်မှန်းမသိ ဂျပန်သွားရရင်ပြီးရော ဟူသော အတွေးနှင့်တော့ အင်တာဗျူးတွေကို ဝင်မဗျူးစေချင်ပါ။ ဂျပန်နိုင်ငံသည် မိမိထင်ထားသလို နတ်ပြည်တမျှလှပသော တိုင်းပြည်တစ်ပြည်ဖြစ်နိုင်သော်လည်း ကိုယ်ထင်မထားတဲ့ စိတ်ဖိစီးမှု့များနှင့် ပြည့်နှက်ကာ စိတ်ရောလူပါ ပင်ပန်းရမည့် ငရဲပြည်တစ်ပြည် ဖြစ်နိုင်တယ်ဆိုတာကိုလည်း သိတားဖို့ လိုအပ်ပါသည်။

ထို့ကြောင့် ဂျပန်နိုင်ငံသို့ သွားမည်ဆိုလျင် တိကျသေချာသော အကြောင်းပြချက်၊ ခိုင်မာသော ဆုံးဖြတ်ချစ် ရှိဖို့ လိုအပ်သည်။ (ယခုမေးခွန်းကို အင်တာဗျူး ဖြေဆိုသူတို့၏ အဖြေတချို့မှာ...

1. နည်းပညာတွေ လေ့လာချင်လို့ပါ။

2. ကိုယ်အတွက် အတွေ့အကြုံကောင်းတွေ ရမယ်လို့ ယုံကြည်လို့ပါ။

3. ဂျပန်လူမျိုးတွေနဲ့ အတူတူ အလုပ်လုပ်ချင်လို့ပါ။

စသည်ဖြင့် ဖြေဆိုကြသည်ကို တွေ့ရသည်။) မိမိကိုယ်တိုင် ဘာကြောင့် သွားချင်တာလဲ သေချာ သုံးသပ်ကာ ပြင်ဆင်ထားသင့်သည်။

• ဂျပန်နိုင်ငံကို ဘယ်လိုမြင်ပါသလဲ ?
ဟူသော မေးခွန်းကို ဖြေကြည့်ရအောင်ပါ။

ယခုမေးခွန်းကို ဖြေနိုင်ရန်အတွက် ဂျပန်နိုင်ငံအကြောင်းကို သိဖို့လိုအပ်ပါသည်။ ထို့ကြောင့် မိမိ၏ စိတ်ကူးတွင် ဖြေကြည့်ပါ။ ထိုမေးခွန်းအတွက် အကောင်းဆုံးအဖြေ မိမိမှာ ရှိလားဆိုတာ။ မရှိရင်တော့ မိမိအမြင်ကို ဖြေဆိုနိုင်ဖို့ အတွက် ဂျပန်အကြောင်း စာအုပ်များ ရှာဖတ်ပါ။ သိသူများထံ မေးမြန်းကာ ကြိုတင် ပြင်ဆင်ပါ။ (ထိုမေးခွန်းကို အင်တာဗျူးမှာ ဖြေဆိုသူများ၏ အဖြေတချို့မှာ.....

1. စက်မှု့ထွန်းကားပြီး အချိန်တိကျတဲ့ နိုင်ငံလို့ မြင်ပါတယ်။

2. ပြည်သူလူထုက အလုပ်ကြိုးစားတဲ့ နိုင်ငံလို့ မြင်ပါတယ်။

3. စည်းကမ်းရှိပြီး သန့်ရှင်းသပ်ရပ်တဲ့ နိုင်ငံလို့ မြင်ပါတယ်။

စသည့် အဖြေများ ဖြေကြသည်ကို တွေ့ရသည်။) မိမိကို အမေးခံရပါက မည်သို့ ဖြေဆိုမည်ကို အကောင်းဆုံး ပြင်ဆင်ထားသင့်သည်။

• မင်းဘဝရဲ့ ဦးတည်ချက်က ဘာဖြစ်ပါသလဲ ?
ဟူသော မေးခွန်းကို ဖြေကြည့်ရအောင်ပါ။

ယခုမေးခွန်းကို ဖြေဖို့ရန်မှာ မြန်မာလူငယ်အများစုအတွက် အလွန်ခက်ခဲသည်ကို တွေ့ရသည်။ ခက်ခဲသည်ထက် မစဉ်းစားဖူးတာ ဖြစ်ပေလိမ့်မည်။ စဉ်းစားဖူးလျင်လည်း မိမိစိတ်ပိုင်းဆိုင်ရာ ခံယူချက်ထက် ငယ်စဉ်ကလေး ဘဝက ပတ်ဝန်းကျင်ရှိ လူအများအကြား ပျံ့နှံ့ကူးစက်ခဲ့သော အယောင်ဆောင် ဦးတည်ချက်များ ဖြစ်သည့် ဆရာဝန် ဖြစ်ချင်တယ်...၊ ဆရာမ ဖြစ်ချင်တယ်...၊ စစ်ဗိုလ် ဖြစ်ချင်တယ်..၊ အင်ဂျင်နီယာ ဖြစ်ချင်တယ်... ဟူသော ရေပေါ်စီ ဓလေ့၏ ဝန်းကျင်တွင် ကြီးပြင်ခဲ့ရသူများ ဖြစ်သောကြောင့် ဟိုလိုလို.. ဒီလိုလို ဦးတည်ချက်များ၊ ဦးတည်မဲ့များသာ ရှိကြသည်။

မိမိဘဝတွင် အမှန်တကယ် ဖြစ်ချင်သော ဦးတည်ချက်ကို မေးသောအခါတွင်မူ အတိတ်မေ့နေသူ တစ်ယောက်လို..၊ အနာဂါတ်မရှိသူ တစ်ယောက်လို..၊ ဆွံ့အကာ အဖြေကို ချက်ချင်း မဖြေနိုင်ဘဲ ရှိနေကြသော လူငယ်အမြောက်အများ တွေ့ရှိရသည်။ ထိုသို့ ဖြစ်ရခြင်းအကြောင်းကို ကျွန်တော့၏ ဥာဏ်မှီသလောက် သုံးသပ်ကြည့်ဖူးသည်။ အကြောင်းမှာ မိမိတို့ လူငယ်များ ရှင်သန်ကြရာ ပတ်ဝန်းကျင်သည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး စသည့် အကြောင်းပြချက်များနှင့် ဘောင်ခတ်ထားခြင်းကို ခံခဲ့ကြ၊ ခံနေရကြသောကြောင့် ဖြစ်သည်။ တစ်ချိန်က ကျွန်တော်ကိုယ်တိုင်သည်လည်း ကိုယ့်ဘဝမှာ ဘာဖြစ်လို့ ဖြစ်ချင်မှန်း မသိသော ဦးတည်ရာမဲ့လူငယ်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကျွန်တော် စာအုပ်တော်တော်များများကို ဖတ်ရှု့ခွင့်ရပြီး ကိုယ့်ဘဝဦးတည်ချက်က ဘာဖြစ်ရမယ်ဆိုတာကို သုံးသပ်ဆင်ခြင်မိခဲ့သည်။

ထို့ကြောင့် မိမိ၏ဘဝ ဦးတည်ချက်ကို သေချာမသိသူများမှာ မိမိတို့၏ အပြစ်မဟုတ်ပေ။ ခေတ်နဲ့ စနစ်၏ အကျိုးဆက် တစ်ခုမျှသာ ဖြစ်ပြီး မိမိတို့ ဘာဖြစ်ချင်သည်ဟူသော အဖြေကို မသိသော ပြသနာတစ်ခုသာ ဖြစ်သည်။ ပြသနာကို သိလျင် အဖြေရှာဖို့ရာ မေးခွန်းထုတ်တတ်ရမည်။ မေးခွန်းမထုတ်တတ်သော ပြသနားများတွင် အဖြေမရှိပေ။ ထို့ကြောင့် မိမိကိုယ်ကို ပြန်ပြီး မေးခွန်းတွေ မေးကြည့်ရမည်။ ထို့မှသာ မိမိဘဝ၏ ဦးတည်ချက်က ဘာလဲ ဟူသော မေးခွန်းကို ဖြေဆိုနိုင်လိမ့်မည် ဖြစ်သည်။ ( ထိုမေးခွန်းကို ဖြေဆိုသူများ၏ အဖြေတချို့မှာ...

1. အိမ်ထောင်ဦးစီးကောင်း တစ်ယောက် ဖြစ်ဖို့။

2. လူတွေကို ကူညီနိုင်တဲ့သူ ဖြစ်ဖို့။

3. ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့။

စသည့် အဖြေများကို ဖြေဆိုသော လူအနည်းငယ်ကို တွေ့ရသည်။) မိမိကို အမေးခံရပါက မည်သို့ ဖြေဆိုမည်ကို ပြင်ဆင်ထားသင့်သည်။

• ဒီကုမ္မဏီကို ဘာလို့ ရွေးချယ်တာလဲ?
ဟူသော မေးခွန်းကို ဖြေကြည့်ရအောင်ပါ။

ယခုမေးခွန်းကို ဖြေဖို့ရန် မိမိကိုယ်တိုင် ပြင်ဆင်ထားရမည်။ မိမိကိုယ်ကို အရင်ဆုံး မေးထားကြည့်သင့်သည်။ ဤမေးခွန်းကို ဖြေနိုင်ရန် အဓိကအားဖြင့် ကုမ္မဏီအကြောင်းကို ဦးစွာသိမှသာ ဖြေနိုင်မည် ဖြစ်သည်။ ကုမ္မဏီအကြောင်း သိရန်မှာ သက်ဆိုင်ရာ အေးဂျင့်များမှ ကုမ္မဏီ၏ သတင်းအချက်အလက်များကို ၎င်း၊ ကုမ္မဏီ၏ ဝက်ဆိုက်စ် လင့်(website link) များကို ၎င်း သိရှိအောင်လုပ်ပြီး ကုမ္မဏီ၏ အခြေအနေနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်များကို သိနိုင်သမျှသိအောင် လေ့လာထားသင့်သည်။ ဂျပန်ကုမ္မဏီ အများစုသည် ကိုယ်ပိုင်ဝက်ဆိုက်စ်များ ရှိကြသဖြင့် မိမိကိုယ်တိုင် ဝင်ရောက် ဖတ်ရှု့လေ့လာမှု့များ ပြုလုပ်ထားပါက ဖြေဆိုရာတွင် အထောက်အကူ များစွာ ရရှိနိုင်သည်။

ထိုသို့ လေ့လာမှု့များ မရှိဘဲ ဂျပန်သွားရရင် ပြီးရောဟု တွေးကာ အင်တာဗျူးဆိုတိုင်း ဝင်ဖြေပါက ကိုယ်တိုင်က ဘာလုပ်ချင်မှန်းမသိ၊ အလုပ်ကလည်း ဘာအလုပ်မှန်းမသိ၊ ဖြေဆိုရာ၌လည်း မရေရာ မသေချာမှု့များစွာဖြင့် အောင်ဖို့မှာ မဖြစ်နိုင်ပါ။ (ထိုမေးခွန်းကို ဖြေဆိုသူများ၏ အဖြေတချို့မှာ...

1. ဒီကုမ္မဏီရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အလုပ်တွေကို အင်မတန် စိတ်ဝင်စားလို့ပါ။

2. ကုမ္မဏီက နည်းပညာတွေ မြန်မာပြည်မှာ ပြန်အသုံးချလို့ ရမယ်ထင်လို့ပါ။

3. အကောင်းဆုံး ကြိုးစားလုပ်ကိုင်ခွင့် ရမယ်လို့ ထင်လို့ပါ။

စသည့် အဖြေများဖြေဆိုသော လူများကို တွေ့ရသည်။) မိမိအနေနှင့်လည်း တိကျသေချာတဲ့ အဖြေတစ်ခုတော့ ရှိနေသင့်ပါသည်။

• ပတ်ဝန်းကျင်က မင်းကို ဘယ်လိုလူစားမျိုးဟု ပြောကြသလဲ?
ဟူသော မေးခွန်းကို ဖြေကြည့်ရအောင်ပါ။

ယခုမေးခွန်းကို ဖြေဖို့ရာ ခက်မည်မထင်ပါ။ မခက်သော်လည်း အမှန်တကယ် ဖြေဆိုရာတွင် စဉ်းစားရ ခက်လှပါသည်။ မိသားစုကြား၊ သူငယ်ချင်းကြား... ပတ်ဝန်းကျင် လူအများက မိမိကို ဘယ်လိုလူစားများဟု သတ်မှတ်ထားပါသလဲ။ မိမိကိုယ်တိုင်ကရော ဘယ်လိုလူစားမျိုးလဲဆိုတာ အမှန်တိုင်း ဖြေဆိုနိုင်ဖို့တော့ အလွန်အရေးကြီးသည်။ အကယ်၍ ဟန်ဆောင် လိမ်ညာပြီး ကောင်းတာတွေပဲ ဖြေသွားမယ်ဆိုရင်... ဟန်ဆောင်ခဲ့တဲ့ ဘဝနဲ့သာ ရှင်သန်နေရမှာပါ။ ( ထိုမေးခွန်းကို တချို့လူများ ဖြေဆိုပုံမှာ...

1. ကြင်နာတတ်ပြီး ရိုးသားလွန်းသူလို့ ပြောကြတယ်။

2. ပျော်ပျော် နေတတ်သူ လို့ ပြောကြတယ်။

3. မိဘအားကိုးရတဲ့ လူလိမ္မာလေး တစ်ယောက်လို့ ပြောကြတယ်။

စသည့် အဖြေများကို ဖြေကြသည်။) မိမိကိုယ်ကို ဘယ်လိုလူစားမျိုးလဲဆိုတာ သိအောင် ကြိုတင် ပြင်ဆင်ထားသင့်သည်။

• အခက်အခဲတွေ ကြုံလာရင် ဘယ်လို ဖြေရှင်းသလဲ?
ဟူသော မေးခွန်းကို ဖြေကြည့်ကြရအောင်ပါ။

ယခုမေးခွန်းကို မေးလိုက်တိုင်း လူအတော်များများ လက်တုန်ကာ ဘာဖြေရမှန်းမသိ ဖြစ်သွားကြသည်။ အမှန်အားဖြင့် မိမိတွင် တိကျသော အဖြေတစ်ခု ရှိနေသင့်သည်။ မိမိသည် အခက်အခဲကြုံလာရင် တစ်ယောက်တည်း ဖြေရှင်းဖို့ ကြိုးစားသူလား။ အများနဲ့ တိုင်ပင် ဖြေရှင်းတတ်သူလား။ မဖြေရှင်းဘဲ စိတ်ညစ်နေသူလား... ဆိုတာ ကိုယ့်ကိုယ်ကို သိဖို့ လိုအပ်သည်။ (ထိုမေးခွန်းကို အခြားသူတို့ ဖြေဆိုပုံမှာ....

1. မိမိယုံကြည်ရသူနှင့် တိုင်ပင်ဆွေးနွေးပြီး နည်းလမ်းရှာဖြေရှင်းတယ်။

2. ကိုယ့်ဘာသာကို ဖြေရှင်းဖို့ နည်းလမ်းရှာတယ်။

3. အလုပ်တစ်ခု အဆိုးဆုံးကြုံနေရချိန်တွင် အကောင်းဆုံ ကြိုတင်ပြင်ဆင်မှု့အတွက် စိတ်ကို တည်ငြိမ်အောင် ထားတယ်။

စသည်ဖြင့် ဖြေဆိုကြသည်များ ရှိသည်။) မိမိကိုယ်တိုင်က ဖြေရှင်းချင်စိတ်ရှိသော လူတစ်ယောက်လားဆိုတာ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်သင့်သည်။

• မင်းရဲ့ အားသာချက်နဲ့ အားနည်းချက်က ဘာတွေလဲ?
ဟူသော မေးခွန်းကို ဖြေကြည့်ကြရအောင်ပါ။

ယခုမေးခွန်းသည် မိမိကိုယ်ကို အမှန်ကန်ဆုံး သုံးသပ်ဆင်ခြင်ပြီးမှ ဖြေဆိုသင့်သည်။ လူဆိုသည်မှာ ကိုယ်ရည်သွေးရန်အတွက် အချိန်အတော်များများကို အသုံးပြုနေကြသော အတ္တသားကောင်များ ဖြစ်ကြသည်။ ထို့ကြောင့် မိမိကိုယ်ကို ကိုယ်ရည်သွေးကာ ဖြေဆိုတတ်ကြသည်။ အမှန်အားဖြင့် မိမိကိုယ်ကို သိမြင်ထားသော ကိုယ်ပိုင်အမြင်ကိုသာ အမှန်အတိုင်း ဖြေဆိုသင့်သည်။ တချို့ဆိုလျင် မိမိ၏အားသာချက်၊ အားနည်းချက်တွေက ဘာမှန်းတောင် မသိသူတွေ ရှိသေးသည်။ ထို့ကြောင့် မိမိကိုယ်တိုင်၏ အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်ရှာဖွေထားပါ။ (ထိုမေးခွန်းကို တချို့လူများ ဖြေဆိုပုံမှာ...

1. အားသာချက်က အလုပ်တစ်ခုကို အဆုံးအထိ လုပ်တတ်တာဖြစ်ပြီး အားနည်းချက်က အားနာတတ်တာ။

2. အားသာချက်က အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်တာ ဖြစ်ပြီး အားနည်းချက်က လူတွေအပေါ် သနားတတ်တာ။

3. အားသာချက်က စိတ်ရှည်သည်းခံတတ်တာ ဖြစ်ပြီး အားနည်းချက်က အသံကျယ်ကျယ် စကားပြောမိတာ။

စသည်ဖြင့် ဖြေဆိုကြသည်များ ရှိသည်။)
ယခုမေးခွန်းကိုဖြေဆိုရာတွင် အဖြေများသည် တိကျရှင်းလင်းနေစေရန် အထူးသတိပြုရန် လိုအပ်သည်။ တချို့သည် ကြိုတင်ပြင်ဆင်မှု့မရှိဘဲ ဖြသ်သလိုဖြေဆိုလိုက်ရာ ရှေ့နောက်မညီမှု့များ၊ အဖြေနှစ်ခုစလုံး အားသာချက်များ ဖြစ်နေမှု့များကို တွေ့ရသဖြင့် ထိုသို့ မဖြစ်စေရန် ကြိုတင် ပြင်ဆင်မှု့များ ပြုလုပ်ထားသင့်သည်။

• မြန်မာပြည်ကို ပြန်ရောက်ရင် ဘာလုပ်မှာလဲ?
ဟူသော မေးခွန်းကို ဖြေကြည့်ကြရအောင်ပါ။

ယခုမေးခွန်းကို ဖြေဆိုရာတွင် တိကျသေချာဖို့ လိုအပ်သည်။ အများစုမှာ ယေဘုယျအဖြေများကိုသာ ဖြေဆိုကြသည်ကို တွေ့ရသည်။ အများစု ဖြေသော ယခုမေးခွန်း၏ ယေဘုယျအဖြေမှာ မြန်မာပြည် ပြန်ရောက်ရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ပါတယ် ဟူသော အဖြေ ဖြစ်သည်။ ထိုအဖြေကို ဂျပန်တို့ မနှစ်သက်ပေ။ ပို၍ တိကျအောင် ဖြေဆိုသင့်သည်။ ကိုယ်ပိုင်လုပ်ငန်းက ဘာလုပ်မှာလဲ.... စားသောက်ဆိုင်လား၊ ဘာအစားအစာ ရောင်းတဲ့ စားသောက်ဆိုင်လဲ၊ ကုမ္မဏီထောင်မှာလား ဘာကုမ္မဏီထောင်မှာလဲ.... စသည့်ဖြင့် တိကျသေချာသော အဖြေကိုသာ ဖြေသင့်သည်။

ကျွန်တော်တို့သည် ဂျပန်သွားသည်မှာ ကျွန်တော်တို့ ကြုံတွေ့နေရသော လိုချင်တောင်းတမှု့ အခက်အခဲများကို ထွက်ပေါက်ရှာသောအားဖြင့် ဂျပန်သို့ သွားနေကြခြင်း ဖြစ်သည်။ လိုအင်များကို ဖြည့်ဆည်းဖို့ရာ ထွက်ပေါက်ရှာရာတွင် အနာဂါတ် ဘာလုပ်မည်ကို တိကျသေချာသော ဆုံးဖြတ်ချက်ရှိသူ အလွန်နည်းလှသည်။ ထို့ကြောင့်ပင် ယခုမေးခွန်းကို ယေဘုယျအားဖြင့် ဖြေနေကြခြင်း ဖြစ်သည်။ မွန်းကြပ်ခြင်းကို ထွက်ပေါက်ရှာရာ၌လည်း ကြိုတင်ပြင်ဆင်မှု့များနှင့် မိမိဘဝအနာဂါတ်ကို မျှော်ကြည့်သင့်သည်။ (ယခုမေးခွန်းကို ဖြေဆိုသူတို့၏ အဖြေတချို့မှာ...

1. ဂျပန်မှာ လေ့လာခဲ့တဲ့ နည်းပညာတွေကို အသုံးပြုလို့ရမယ့် မြန်မာပြည်က ဂျပန်ကုမ္မဏီမှာ အလုပ်ပြန်လုပ်ပါမယ်။

2. ဂျပန်စကားပြန် လုပ်ပါမယ်။

3. ရရှိလာတဲ့ ငွေအရင်းအနှီးနဲ့ အထည်ဆိုင်လေး ဖွင့်ပါမယ်။

စသည်ဖြင့် ဖြေဆိုကြသည်များ ရှိသည်။) မိမိကိုယ်တိုင်က ဘာလုပ်ချင်သလဲ.... မှန်ထောင်ပြီး မေးကြည့်သင့်သည်။

အထက်ပါ မေးခွန်းများသည် အလုပ်သင် အင်တာဗျူးများတွင် အမေးများသောကြောင့် ကြိုတင်ပြင်ဆင်နိုင်စေရန် ဖော်ပြပေးရခြင်းဖြစ်သည်။

ထို့အပြင် အင်တာဗျူး အဆုံးသတ်များတွင် အရေးကြီးဆုံးသော အချက်ကို ဖော်ပြလိုသေးသည်။ အင်တာဗျူး မေးခွန်းများ မေးပြီးချိန်တွင် ...

• သူဌေးကို ဘာမေးစရာ ရှိပါသလဲ?

• သူဌေးကို ဘာပြောစရာ ရှိပါသလဲ?

ဟူသော နောက်ဆုံးမေးခွန်းများကို ကြိုတင်ပြင်ဆင်ထားရန် အလွန်အရေးကြီးသည်။ ထိုမေးခွန်းများကို အင်တာဗျူး ဖြေဆိုသူအများစုသည် မဖြေဆိုနိုင်ကြပေ။ မေးစရာရှိလား၊ ပြောစရာရှိလား ဟု သူဌေးက မေးရာတွင် ဘာမှမေးစရာ မရှိပါဘူးခင်ဗျာ..၊ ဘာမှပြောစရာ မရှိပါဘူး ခင်ဗျာ.. နှင့်သာ အဆုံးသတ်သွားကြသည်။ မိမိ အလုပ်သွားလုပ်မယ့် ကုမ္မဏီအကြောင်း နဲ့ လုပ်ငန်းအကြောင်းများကို မေးသင့်သည်။ ဂျပန်မူလီများသည် ရစ်တတ်သော်လည်း သူတို့ကို ပြန်မေးတာကိုလည်း သူဌေးအတော်များများက နှစ်သက်ကြသည်။

တစ်ခုတော့ သတိထားရန်လိုသည် မေးချင်တာ မေးဟုဆိုတိုင်း အင်တာဗျူးခန်းထဲတွင် အချိန်ပိုအကြောင်းများကို မေးသောသူများကို ရွေးချယ်မှု့နည်းသည်ကို တွေ့ရသည်။ ထို့ကြောင့် အချိန်ပိုအကြောင်းများကို သက်ဆိုင်ရာ အေးဂျင်စီများ၌ ၎င်း၊ ကုမ္မဏီ အကြောင်းကို ဂဃဏန သိသော သူများထံ၌ ၎င်း မေးမြန်းစုံစမ်းသင့်သည်။ အချိန်ပိုသည် စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု့အပေါ်၌ မူတည်နေ၍ လုပ်ငန်းလည်ပတ်နေမှု့ အကြောင်းအရာများကို အင်းတာဗျူးချိန်၌ မေးခွင့်ရှိပါက မေးကြည့်လျင် ရလဒ်ကောင်းနိုင်သည်။ (ယခုမေးခွန်းကို ဖြေဆိုသူအချို့၏ အဖြေများမှာ...

1. ကုမ္မဏီရဲ့ အဓိက ဦးတည်ချက်နဲ့ ဆောင်ပုဒ်တွေကို သိခွင့်ရလား မသိဘူး။

2. သူဌေးအနေနဲ့ ဝန်ထမ်းတွေအပေါ် ဘယ်လိုစိတ်ထားပြီး ကုမ္မဏီကို ဦးဆောင်နေပါသလဲ။

3. ကုမ္မဏီက မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါသလား။

စသည်ဖြင့် ပြန်လည်မေးမြန်းကြသည်များ တွေ့ရသည်။) ဘာမှ မေးစရာမရှိတဲ့ အခြေအနေမျိုး မကြုံရအောင် ပိုမိုသာလွန်တဲ့ မေးခွန်းလေးတွေကို မိမိခံယူချက်အတိုင်း ပြင်ဆင်ထားပါက ရလဒ်ထူးမည် ဖြစ်သည်။

ထို့နောက် ပို၍အရေးကြီးသည်မှာ နောက်ဆုံးတွင် မိမိအနေနှင့် သူဌေးအား တစ်ခုခုပြောနိုင်ရန် အလွန်အရေးကြီးလှသည်။ ဘာပြောချင်လည်းဟု မေးလာသည် ဖြစ်စေ၊ မမေးသည်ဖြစ်စေ.... မိမိအနေနဲ့ နောက်ဆုံးပြောချင်တာကတော့ သူဌေးအနေဖြင့် မိမိကို ရွေးချယ်စေချင်ကြောင်း၊ ရွေးချယ်ပါက ဘယ်လို ကြိုးစားမည်ဖြစ်ကြောင်း၊ ကုမ္မဏီရဲ့ လုပ်ငန်းပိုင်းဆိုင်ရာကိုလည်း အလွန်စိတ်ဝင်စားသူ ဖြစ်ကြောင်း ... စသည်တို့ကို ဟန်ပါပါနှင့် ယုံကြည်အားကိုးလောက်သော အသံအနေအသံထားဖြင့် ပြောဆိုနိုင်ဖို့ရာ အလွန်အရေးကြီးသည်။ ( ဘာပြောစရာရှိလဲ ဟူသော မေးခွန်းကို ဖြေဆိုသူ အချို့၏ အဖြေများမှာ ....

1. ဒီကုမ္မဏီမှာ အလုပ်လုပ်ချင် လွန်းသောကြောင့် သူဌေးအနေနဲ့ မိမိကို အခွင့်အရေးပေးဖို့ မျှော်လင့်မိပါတယ်။

2. မိမိကိုသာ ခေါ်မယ်ဆိုလျင် သူဌေးအနေနဲ့ အကျိုးများစွာ ရရှိမှာမို့ သူဌေးရဲ့ ရွေးချယ်မှု့ကို လေးလေးနက်နက် စောင့်နေပါ့မယ်။

3. သူဌေးနဲ့အတူ ကုမ္မဏီကဝန်ထမ်းတွေနဲ့ အတူတူပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်။

စသည်ဖြင့် ဖြေဆိုကြသည်ကို တွေ့ရသည်။) ယခုလို အဆုံးသတ်စကား ပြောဆိုနိုင်လျင် သင့်၏ ဖြေဆိုမှု့များကို ပို၍ အထောက်အပံ့ဖြစ်လိမ့်မည် ဖြစ်သည်။

တချို့ ကုမ္မဏီများသည် လုပ်ငန်း၌ အသုံးပြုသော ကိရိယာများယူလာကာ လက်တွေ့လုပ်ခိုင်းတတ်သည်။ ထိုသို့ လုပ်ပြရရာတွင် လုပ်ပုံလုပ်နည်းကို အရင်ရှင်းပြလိမ့်မည်။ ထိုသို့ လုပ်ပြရာတွင် သတိထားရမည့် အချက်မှာ မြန်ဖို့ထက် ရှင်းပြသည့်အတိုင်း စနစ်တကျ လုပ်ပြတတ်ဖို့ အရေးကြီးသည်။ ဥပမာ အားဖြင့် မူလီနတ်ခေါင်း ရစ်ခိုင်းရာ၌ စက်ကို အသုံးပြုပြီး လုပ်ခိုင်းပါက မူလီနတ်ခေါင်းကိုင်ပုံ၊ စက်ကို ကိုင်ပုံ အယူအဆများကို ရှင်းပြထားသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ရှင်းပြထားသည့်အတိုင်း မလုပ်ဘဲ မြန်လျင်ပြီးရောဟူသော စိတ်ဖြင့် မိမိအယူအဆအတိုင်း လုပ်ဆောင်ပါက ပူပေါင်းဆောင်ရွက်မှု့၊ အစီအစဉ်တကျ စနစ်တကျ လုပ်ကိုင်မှု့များအတိုင်း ဆောင်ရွက်လေ့ရှိသော ဂျပန်တို့သည် သင့်အား ရွေးချယ်လိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် စာလည်းအလွန်ရှည်နေပြီ ဖြစ်၍ အင်တာဗျူးဖြေဆိုရာတွင် အထောက်အကူပြုစေရန် #ဂျပန်အင်တာဗျူးအကြောင်း အပိုင်း - ၁ နှင့် ယခု အပိုင်း -၂ ကို သေသေချာချာ ဖတ်ကာ ကျွန်တော် ရေးသားပြသော အကြောင်းအရာများကို စာဖတ်သူတို့၏ ကိုယ်ပိုင် အယူအဆနှင့်ချိန်ထိုးကာ ကြိုတင်ပြင်ဆင်ထားကြပါဟု တိုက်တွန်းရင်း နိဂုံးချုပ် အဆုံးသတ်လိုက်ပါသည်။

"ရေဆာလျင် ကိုယ်တိုင် ထသောက်မှ အရသာရှိသလို အောင်မြင်မှု့သည်လည်း ကိုယ်တိုင်လုပ်ယူမှ ပြီးပြည့်စုံလိမ့်မည်။"

လေးစားလျက်...
ရဲလွင်မိုး

Credit...

Want your business to be the top-listed Recruitment Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon