Farmers

Farmers

Share

19/04/2025

👩‍🌾 ထရမ့်ဆိုသည်မှာလည်း သမ္မတ နှစ်ကြိမ် ဖြစ်ရာမှာ နှစ်ကြိမ်စလုံး အရေးတကြီးစလုပ်တာက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်က နှုတ်ထွက်တဲ့ အလုပ်ပဲ မဟုတ်လား။

===============

၂၀၂၅ ကုန်သွယ်ရေးစစ်ပွဲဟာ အမြင့်ဆုံးကို ရောက်ပြီး အရှိန်တော့ ကုန်တော့မလားလို့ တွေးနေမိပါတယ်။ အမေရိကန်က တရုတ်ထုတ်ကုန်တွေအပေါ် အခွန် ၁၄၅% ကောက်ပြီး တရုတ်က အမေရိကန် ထုတ်ကုန်တွေအပေါ် အခွန် ၁၂၅% ကောက်ပြီး စစ်ပွဲ အရှိန်အမြင့်ဆုံး ရောက်ပြီးနောက် ဧပြီ ၁၂ ရက်မှာတော့ အမေရိကန်ဘက်က စမတ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ အီလက်ထရောနစ်ပစ္စည်းတွေအပေါ် ၁၀% ပဲ ကောက်တော့မယ်လို့ တစ်ထစ်ပြန်လျော့သွားလို့ပါ။

ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်ဖက်က နိုင်ဖဲတွေ ကိုင်ထားပြီး အဲဒီထဲမှာ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တွေကလည်း အဓိကကျတဲ့ နိုင်ဖဲတစ်ချပ် ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ စိုက်ပျိုးရေး အားကောင်းသလို စိုက်ပျိုးရေးထွက်ကုန်တွေ ပြည်ပတင်ပို့ခြင်းဟာလည်း အဓိကကျတဲ့ စီးပွားရေး တစ်ရပ် ဖြစ်နေဆဲပါ။

၂၀၂၃ ခုနှစ် စာရင်းတွေအရ စိုက်ပျိုးမွေးမြူရေး၊ အစားအသောက်ထုတ်လုပ်ရေးနဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ ဝင်ငွေဟာ ဒေါ်လာ ၁.၅၃၇ ထရီလီယံ ရှိပြီး အမေရိကန် ဂျီဒီပီ ရဲ့ ၅.၅% ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေရဲ့ တန်ဖိုးဟာ ၂၂၂.၃ ဘီလီယံ ရှိပြီး ဂျီဒီပီ ရဲ့ ၀.၈% ရှိခဲ့ပါတယ်။ ၂၂၂.၃ ဘီလီယံဆိုတော့ မြန်မာနိုင်ငံရဲ့ ကဏ္ဍစုံ စုစု‌ပေါင်း ဂျီဒီပီ ရဲ့ လေးဆ နီးပါး ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ နှစ် အစိတ်လောက်အတွင်းမှာ အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေး ပို့ကုန်ပမာဏကလည်း တောက်လျှောက်မြင့်တက်နေခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပို့ကုန်ပမာဏ ၅၇.၃ ဘီလီယံ ပဲ ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ ၁၇၄ ဘီလီယံ ဖိုးအထိ မြင့်မားလာတာမို့ ၃ ဆ နီးပါးလို့ ဆိုရမှာပါ။

*စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

👩‍🌾 ၂၀၂၂ စာရင်းအရဆိုရင် ပြည်ပကို ၁ ဘီလီယံဖိုး တင်ပို့တိုင်း ပြည်တွင်းမှာ အလုပ်အကိုင် ၆၃၃၈ ခု ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်မှာ စိုက်ပျိုးမွေးမြူရေး ပို့ကုန်တင်ပို့မှုကြောင့် အမေရိကန်ပြည်သူ ၁.၂၅ သန်းအတွက် အချိန်ပြည့်အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲက လုပ်သား ၇၇၃,၉၀၀ ဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွင် မဟုတ်တဲ့ ဆက်စပ်လုပ်ငန်းတွေ (ဥပမာ သယ်ယူပို့ဆောင်ရေး) မှာ အလုပ်ရကြတာပါ။

၂၀၂၃ ခုနှစ်မှာ အမေရိကန်က စိုက်ပျိုးမွေးမြူရေးထွက်ကုန် ၁၇၄ ဘီလီယံဖိုး တင်ပို့ခဲ့တဲ့အနက် ၃၃.၇၅ ဘီလီယံ ဖိုးကို တရုတ်က ဝယ်ယူခဲ့တာပါ။ ပို့ကုန်တန်ဖိုးအားလုံးရဲ့ ၂၀% ဖြစ်ပါတယ်။ (မြန်မာ့ဂျီဒီပီ ရဲ့ ထက်ဝက်ခန့် ဖြစ်ပါတယ်။)

ဒါကြောင့် အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ တရုတ်ဈေးကွက်ကို လက်လွှတ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်‌ရေးစစ်ပွဲမှာ တရုတ်ဟာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အမေရိကန်ရဲ့ အားနည်းချက်အဖြစ် ကိုင်ပြီးကစားမှာ အသေအချာပါပဲ။

ဒါထက် အရေးကြီးတာ ရှိပါသေးတယ်။ အမေရိကန် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေဟာ ထရမ့်ကို ကိုင်မယ့် အညှာလည်း ဖြစ်နေပါတယ်။ ကုန်သွယ်ရေးစစ်ပွဲမှာ စိုက်ပျိုးမွေးမြူရေးထာတ်ကုန်တွေ ဈေးကွက်ပျောက်တာနဲ့အမျှ ထရမ့်ကို ထောက်ခံတဲ့ လယ်သမားတွေလည်း ဒုက္ခရောက်မှာပါ။ ဒါဆိုရင် ထရမ့် လူကြိုက်နည်းလာပြီး သမ္မတထိုင်ခုံလှုပ်လာနိုင်ပါတယ်။ ပြုတ်ကျတာမျိုး ဖြစ်ဖို့ ခက်ပေမယ့် အခက်အခဲတော့ ဖြစ်လာမှာပါပဲ။

ဒီနေရာမှာ သိပ်စိတ်ဝင်စားစရာကောင်းတာ တစ်ခု ပေါ်လာပါတယ်။

ဒေါ်နယ်လ်ထရမ့်ဟာ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲဖို့ ဝါသနာထုံသလောက် သူရွေးကောက်ခံရရင် ကုန်သွယ်စစ်ဆင်နွှဲမယ်ဆိုတာလည်း ပြောထားပြီးသားပါ။ ကုန်သွယ်ရေး စစ်ပွဲဖြစ်ရင် လယ်သမားတွေ ဒုက္ခရောက်မှာလည်း အားလုံးအသိပဲ။ အမေရိကန် လယ်သမားတွေလည်း မသိဘဲ မနေလောက်ပါဘူး။ ဒါနဲ့များတောင် အမေရိကန်လယ်သမား အများစုက ထရမ့်ကို ထောက်ခံမဲပေးပြီး ရွေးကောက်ခဲ့ကြတာပါ။

*စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

👩‍🌾 အမေရိကန်မှာ ပြည်နယ် ၅၀ ရှိပြီး၊ ပြည်နယ်တွေကို ကောင်တီ (counties) တွေအဖြစ် ပြန်လည် ခွဲခြမ်းစိတ်ဖြာထားပါတယ်။ အဲဒီကောင်တီတွေအနက် တချို့က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို မှီခိုတဲ့ကောင်တီ (Farming-dependent counties) တွေပါ။

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ နှစ်စဉ်ပျမ်းမျှဝင်‌ငွေရဲ့ ၂၅% နဲ့အထက် ကို စိုက်ပျိုးမွေးမြူရေး က ရတဲ့ ကောင်တီ၊ ဒါမှမဟုတ်ရင်လည်း အလုပ်အကိုင်စုစုပေါင်းရဲ့ ၁၆% နဲ့အထက်ဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ဖြစ်နေတဲ့ ကောင်တီ တွေကို Farming-dependent counties လို့ သတ်မှတ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ကောင်တီပေါင်း ၃၁၄၄ ခု ရှိတဲ့အနက် ၄၄၄ ခုဟာ Farming-dependent counties တွေ ဖြစ်ပါတယ်။ အများစုက နိုင်ငံအလယ်ပိုင်းမှာပါ။ ၂၀၂၄ ရွေးကောက်ပွဲမှာ Farming-dependent counties ၄၄၄ ခုအနက် ၁၁ ခုကလွဲလို့ ၄၃၃ ခုမှာ ထရမ့် အနိုင်ရခဲ့ပါတယ်။ အံ့ဩစရာပါပဲ။

ဘာကြောင့်များ ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ဒုက္ခရောက်မှာ သိလျက်နဲ့ ထရမ့်ကို မဲပေးခဲ့ကြပါလိမ့်။ အကြောင်းက ဒီလိုပါ။

ထရမ့်ရဲ့ ပြိုင်ဘက် ဒီမိုကရက်ပါတီကြောင့် လယ်သမားတွေ အဓိကရင်ဆိုင်ခဲ့ရတဲ့ ရေနဲ့ စက်ယန္တရား အခက်အခဲကို ထရမ့်က ကူညီဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြလို့ပါ။

ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက် အစိုးရလက်ထက်မှာ ရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို အာရုံစိုက်ပါတယ်။ ကာဗွန်လျှော့ချတာအပြင် ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေမယ့် ဥပဒေ စည်းမျဉ်းတွေ ထုတ်ပါတယ်။ ဒါက လယ်သမားတွေရဲ့ လက်ငင်းလိုအပ်ချက်နဲ့ အဟ ကွာလွန်းတဲ့အခါ လယ်သမားတွေအတွက်လဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဘိုင်ဒန်အစိုးရအတွက် ရေရှည်တည်တံ့ရေး အစီအမံ ဆိုပေမယ့် လယ်သမားတွေ အမြင်မှာတော့ ကြိုးနီစနစ် ဖြစ်လို့နေတာပါ။

👩‍🌾 ဥပမာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Tulare ကောင်တီမှာ လယ်သမားတွေအတွက် ရေအခက်အခဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒီမိုကရက်အစိုးရအဆက်ဆက်က အဲဒီဒေသမှာ သဘာဝရေရယူသုံးစွဲမှုကို စည်းကမ်းတင်းကြပ်ပြီး ထိန်းချုပ်ခဲ့ပါတယ်။ ဒီတော့ လယ်သမားတွေက မကျေနပ်ပါဘူး။ ပထမအကြိမ် ထရမ့် သမ္မတဖြစ်လာတော့ အဲဒီ စည်းမျဉ်းတွေကို ဖြေလျှော့ဖို့ လုပ်ခဲ့ပါတယ်။ လယ်သမားတွေ အကြိုက်တွေ့ခဲကြတာပေါ့။ ဒါပေမယ့် စည်းမျဉ်းတွေပြင်ဖို့ လုပ်နေရင်းတန်းလန်း ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာလို့ မအောင်မြင်လိုက်ပါဘူး။ ဒါကြောင့် ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့်ပြန်နိုင်ရအောင် လယ်သမားတွေ ပုံအောပြီး မဲပေးကြပါတယ်။

*စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းမှာ မေးပါ။

👩‍🌾 နောက်ဥပမာ တစ်ခုအနေနဲ့ကတော့ လယ်ယာသုံးစက်ယန္တရားတွေကို ဒီဇယ်အင်ဂျင်အစား လျှပ်စစ်သုံးစက်တွေ ပြောင်းဖို့ ဘိုင်ဒန်အစိုးရက တွန်းအားပေးခဲ့တာပါ။ လျှပ်စစ်သုံးစက်တွေက ဒီဇယ်စက်တွေထက် ဈေးကြီးပြီး ကုန်ကျစရိတ်လည်း ပိုတယ်လို့ ဆိုပါတယ်။ တချို့ပြည်နယ်တွေမှာ ၂၀၃၆ အရောက်မှာ ဒီဇယ်သုံး ကုန်တင်ကားတွေ ပိတ်ပင်ရေး ဒီမိုကရက်တွေ ဦးဆောင်ပြီး ဥပဒေပြုတာတွေလည်း ရှိနေပါတယ်။ ဒါက လယ်သမားတွေ အကြိုက် ဘယ်ဟုတ်ပါ့မလဲ။

ထရမ့်ကတော့ ရာသီဥတုပြောင်းလဲမှုတို့၊ သဘာဝပတ်ဝန်းကျင်တို့ သိပ်စဉ်းစားတဲ့သူ မဟုတ်ပါဘူး။ ဒီတော့ အဲဒီကိစ္စတွေကြောင့် အလုပ်လုပ်ရခက်နေတဲ့ လယ်သမားတွေက ရေတိုအကျိုးအတွက် ထရမ့်ကို ပုံအောပြီး မဲထည့်ခဲ့ကြတာပါ။ ထရမ့်ဆိုသည်မှာလည်း သမ္မတ နှစ်ကြိမ် ဖြစ်ရာမှာ နှစ်ကြိမ်စလုံး အရေးတကြီးစလုပ်တာက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်က နှုတ်ထွက်တဲ့ အလုပ်ပဲ မဟုတ်လား။

အခုတော့ အမေရိကန်လယ်သမားတွေ စိတ်ညစ်နေကြရပြီ ထင်ပါရဲ့။

ဒါကတော့ ထရမ့်ရယ်၊ ကုန်သွယ်ရေးစစ်ပွဲရယ်၊ လယ်သမားတွေရယ် အဆက်အစပ်ကို အကျဉ်းချုံး တင်ပြတာပါ။ တွေးဆပြီး သင်ခန်းစာယူစရာတွေ အများကြီး ရမယ် ထင်ပါတယ်။


ဘိုင်ဒန်အစိုးရနဲ့ ဒီမိုကရက်တွေဟာ ရေရှည်တည်တံ့မှု (sustainability) ကို ဦးတည်ပြီး မူဝါဒ ချမှတ်ခဲ့ပေမယ့် ရေရှည်တည်တံ့မှုရဲ့ မဏ္ဍိုင် ၃ ခုထဲက သဘာဝဝန်းကျင် ကိုပဲ ဇောင်းပေးလွန်းပြီး လယ်သမားတွေရဲ့ ဝင်ငွေ နဲ့ လူမှုဘဝ ဆိုတဲ့ မဏ္ဍိုင်နှစ်ရပ်ကို ပြန်ကြည့်တာ အားနည်းခဲ့တာကြောင့် သူတို့ရဲ့ အစီအမံတွေ ရေရှည် မတည်တံ့ပဲ ထရမ့်လက်ထဲမှာ ပျက်စီးရပါတယ်။

လယ်သမားတွေအနေနဲ့လည်း ရေရှည်အကျိုးဖြစ်တဲ့ sustainability ထက် ရေတို စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကို ဗဟိုပြုစဉ်းစားပြီး ထရမ့်ကို မဲထည့်ခဲ့တာကြောင့် ကုန်သွယ်စစ်ပွဲရဲ့ တရားခံစာရင်းမှာ အမှုတွဲခံရသလို ရေရှည်အကျိုးသာမက ရေတိုအကျိုးပါ ဆုံးရှုံးရတော့မှာပါ။

စာဖတ်သူရော ဘယ်လို မြင်မိပါသလဲ ခင်ဗျာ....?။

ရေးသားသူ - Khaing Kyi Thit

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ကုန်သွယ်စစ်
#အမေရိကန်
#တရုတ်
#အစိမ်းရောင်လမ်း

Photos from Farmers's post 10/01/2025

Farmers လုပ်ငန်းလုပ်ခဲ့တဲ့ ကာလတလျှောက်လုံး ဝယ်ယူသူတွေဆီကနေ အမှတ်ပြည့်အမြဲရခဲ့တဲ့ ထုတ်ပိုးမှု နဲ့ ဝန်ဆောင်မှု။

အသီးအနှံအရည်အသွေးကတော့ အမှတ် ၇၀ နဲ့ ၉၅ ကြားလောက်ပဲရပါတယ်။ စိုက်ပျိုးသီးနှံဖြစ်တဲ့အလျောက် ရာသီဥတုကိုမှီရတာကြောင့်ရယ်၊ တောင်သူဦးကြီးများရဲ့ အသိပညာ အားနည်းတာကြောင့်ရယ်၊ နည်းပညာပံ့ပိုးလက်တွဲခေါ်ပေးနိုင်တဲ့ ရပ်ဝန်း ခိုင်မာမှုမရှိတာကြောင့်ရယ် နဲ့ တခြားပြောလို့သိပ်အဆင်မပြေတဲ့ အားနည်းချက်ပေါင်း မြောက်များစွာထဲကမှ ဒီလောက်အရည်အသွေး ထုတ်ပိုးပေးနိုင်တာနဲ့တင် ကျွန်မတော့ တောင်သူကြီးများကို ကျေးဇူးတင်မဆုံးပါရှင်။

ကျွန်မ မဖြေရှင်းလိုက်နိုင်တဲ့ ကိစ္စလေးတစ်ခုတော့ရှိခဲ့တယ်။
Chat Box အထိလာပြီး *စျေးဒီလောက်ကြီးတာ မတော်လောဘသမားပဲ* လို့ လာဆဲသူ ၂ ဦးတိတိရှိပါတယ်။ တခါမှလဲ မဝယ်ဖူးပဲ၊ သေချာလည်းမလေ့လာပဲ လာစွပ်စွဲကြတာပါ။ ဘာမှမတုံ့ပြန်ဖြစ်လိုက်ဘူး။ တန်ဖိုးရှိတဲ့အချိန်တွေ သူတို့အတွက်ပေးလိုက်ရမှာ နှမြောလွန်းလို့ ။

တကယ်တမ်းတော့ ကျွန်မမှားသွားတယ်။
သူတို့ ၂ ယောက်လုံးကို မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဘာကြောင့် စျေးကြီးတယ်လို့ထင်ကြောင်း သူတို့အမြင်လေးတွေကို အရင်နားထောင်ခဲ့ရမှာ။

အားမနာတမ်း သူတို့ထင်တာတွေ ပြောကြလိမ့်မယ်... သူတို့ပြောတာ နားထောင်ပြီးမှ
ဒို့နိုင်ငံလို အစစအရာရာ...... ....... လို့ အစချီပြီး နေဝင်မိုးချုပ်အထိ ထိုင်ရှင်းပြခဲ့ရမှာ(တကယ်တမ်း က ကျမ်းတစ်စောင်စာလောက် ရှင်းပြမှလုံလောက်မှာပါ) ။ အနည်းဆုံးတော့ မျက်ရည် ဘူးသီးလုံးလောက်မကျတောင်

မိရိုးဖလာစိုက်ပျိုးရေးကိုမှ အသိညာဏ် အားနည်း ၊ ပညာပေးအားနည်း၊ ပံ့ပိုးမှုအားနည်း၊ နည်းပညာ သုည ၊ သွင်းအားစုအဆမတန်စျေးကြီး၊ ရာသီဥတု ကြမ်းတမ်း.... ဒီလို အခက်အခဲပေါင်း သိန်းသန်းချီ ကြားထဲက ဒီလောက်အရည်သွေး၊ ဒီစျေးလေး နဲ့ ဒီလို ထုပ်ပိုး ဝန်ဆောင်မှု နဲ့ ရပ်တည်နေတာ ရူးသွပ်နေကြသူတွေပါလားလို့တော့ သိသွားတာပေါ့။

ဟုတ်ပါတယ် စိုက်ပျိုးရေးဆိုတာ မရူးသွပ်ရင်လုပ်လို့မရနိုင်ပါ။
လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ ရှင်သန်ရေး၊ ကျန်းမာရေးအတွက် အရေးအကြီးဆုံး ၊အခြေခံအကျဆုံး ဖြစ်တဲ့ အစာအာဟာရ ကွင်းဆက်ဆိုတာ အင်မတန် နက်ရှိုင်းသိမ်မွေ့သလောက် နားလည်ဖို့မလွယ်ကူပါ။ (အိမ်နောက်ဖေး သီးပင်စားပင် လေး ငါး ဆယ်ပင်လောက် စိုက်ပျိုးဖူး အောင်မြင်ဖူးတာနဲ့ ဘာဆိုဘာမှမဆိုင်ပါဘူးနော်)

ဒါကြောင့် ဂါးဖီးလ် က ပြောခဲ့တာပေါ့
"အလုံးစုံသော သိပ္ပံပညာ ၊ ဝိဇ္ဇာပညာတို့ ဦးခိုက်ရာသည် အတ္တ ပရ နှစ်ဖျာသောအကျိုးကို ဆောင်သည့် စိုက်ပျိုးရေပညာ ဖြစ်လတ္တံ့" တဲ့

Positive Vibe များတဲ့ပတ်ဝန်းကျင်ဖြစ်အောင်လည်း အများကြီး ကြိုးစားကြရဦးမယ်မို့လားရှင်။

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 8 (Ground Floor) , Pon Nya Wa Hta Na Street, Tamwe (Between Ar Thaw Ka St And Dahmma Darna St)
Yangon
11211