MYAT Electronic &Store
06/02/2024
“သူတပါးကို ဒုက္ခပေးပြီး ကိုယ်ချမ်းသာဖို့
လုပ်တဲ့သူဟာ ဘယ်တော့မှ မချမ်းသာဘူး၊”
“သူတပါးကို ဒုက္ခမပေးတဲ့သူသာ
ကိုယ့်ရဲ့ချမ်းသာသုခဆိုတာ ရနိင်တယ်၊”
(ပါမောက္ခချုပ်ဆရာတော်ကြီး)
နိုင်ငံခြားသွားသူ ငါ့သူငယ်ချင်းအကြောင်း
----------------------------------------
( ၁ )
ဆန်တန်းစီ
ဆီတန်းစီ
ဓါတ်ဆီတန်းစီတဲ့ ဘဝကရုန်းထွက်ဖို့
Passport ရုံးမှာ တန်းစီတဲ့ ငါ့သူငယ်ချင်း
လက်ဖဝါးအရွယ် စာအုပ်အနီလေးမှာ
လယ်ယာ၊ ကျွဲနွား၊ အိမ်ဝိုင်းစာချုပ် ထည့်ထားတယ်
နေ့ပြန်တိုး၊ လပြန်တိုး၊
နှစ်ပြန်တိုး၊ စစ်ပြန်တိုးတွေ ထည့်ထားတယ်
လက်ဖဝါးအရွယ် စာအုပ်အနီလေးမှာ
အဖေ့ မျှော်လင့်ချက် ရှိတယ်
အမေ့ မျက်ရည် ရှိတယ်
နောက်ပြီး....
အချစ်လက်ဖဝါးလေး လွှတ်ခဲ့ရတာရှိမယ်
PV နဲ့သွားသွား
PT နဲ့သွားသွား
ရောက်ဖို့က အရေးကြီးတယ်။
PS နဲ့သွားသွား
PE နဲ့သွားသွား
ဒီနိုင်ငံနဲ့ ဝေးဖို့ အရေးကြီးတယ်။
သွား...ငါ့ကောင်
နောက်ပြန်မကြည့်စတမ်း
ခပ်ပြတ်ပြတ် လှမ်း ငါ့ကောင် ။
( ၂ )
ငါ့သူငယ်ချင်း နိုင်ငံခြားသွားမယ့်နေ့က
သူ့အမေဟာ
အိမ်အောက်က မြေကြီးခဲလေး နှုတ်
ထမီအထက်ဆင်နဲ့ ထုပ်လို့
ဘယ်ဒေသရောက်ရောက်
ကိုယ့်မြေမှာနေသလို သဘောထား...တဲ့
မင်းအမေရဲ့ ဇာတိမာန်ကို နားလည်ပါရဲ့
သို့ပေမယ့်
ဒီမြေမှာ တမ်းတစရာ ဘာများရှိလို့လဲ
ဘုရင် ဖြစ်ချင်သူတွေ အပေါဆုံးက ဒီနိုင်ငံ
မင်းမဲ့စရိုက် အများဆုံးလည်း ဒီနိုင်ငံ
ဓါတ်ကြိုးတွေ အရှုပ်ဆုံးက ဒီနိုင်ငံ
မီးမလင်းဆုံးလည်း ဒီနိုင်ငံ
ညောင်စေ့လောက် လျှပ်စစ်မီးရပြီး
ညောင်ပင်လောက် မီတာခဆောင်ရတဲ့နိုင်ငံ
ဝင်ငွေက ဆောင်းညအင်္ဂါလို
ကုန်ဈေးနှုန်းကျ ဘဝသံသရာလို
ဒီနိုင်ငံဟာ
ဘုရားမမြင်အောင်
မာရ်နတ် ဖွက်ထားတဲ့ အရပ်ပါကွာ ။
( ၃ )
ပြန်မလာနဲ့ ငါ့ကောင်
ဖုန်းတစ်လုံးအတွက် လူသတ်ရဲတဲ့နိုင်ငံ
ဆိုင်ကယ်တစ်စီးအတွက် လူသတ်ရက်တဲ့နိုင်ငံ
မူးယစ်ဆေးကို
ခေါင်းကိုက်ပျောက်ဆေးလို လွယ်တဲ့နိုင်ငံ
ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းကြသလို
Night out ထွက်ရင်လည်း ဦးထုပ်မဆောင်းတဲ့နိုင်ငံ
ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်ရင်း
ငါ...အသေချာမှာလိုက်မယ်
ပြန်မလာနဲ့ ငါ့ကောင်ရေ ။
( ၄ )
တခါတလေ
ရွှေတိဂုံ၊ ပုဂံ၊ အင်းလေး၊ မုံရွာ
ထိုးမုန့်နဲ့ ဟာလဝါကို လွမ်းချင်လွမ်းပေါ့
ပြန်တော့မလာနဲ့ ငါ့ကောင်
ပိုင်ရှင်မဲ့ အလောင်းတွေ
မိဘမဲ့ ကလေးတွေ
လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတွေ
နတ်နဂါးပူးကပ်သူနဲ့ မီးပွိုင့်မှာတောင်းစားသူတွေ
အလွန်ပေါတဲ့နိုင်ငံ
ဒီအရပ်ဟာ
လောလောဆယ် ပန်းတွေမပွင့်နိုင်တဲ့ ဖုန်းဆိုးမြေ ။
( ၅ )
ဓါတ်ငွေ့နဲ့လျှပ်စစ်ကို
တရုတ်ပြည်ရောင်းပြီး
တရုတ်ထုတ် ဘထ္ထရီနဲ့အင်ဗာတာ ပြန်ဝယ်ရတဲ့နိုင်ငံမှာ
နောက်ဆို
ထိုင်းသနပ်ခါးကို ငါတို့ဝယ်ရတော့မယ်
ထိုင်းသင်္ကြန်ဟာ အမွေနှစ်စာရင်းဝင်သွားပြီ
ဖြစ်နိုင်ရင်
သံလွင်မြစ်နဲ့ ဧရာဝတီကိုတောင်
နောက်ပြန်စီးခိုင်းချင်တဲ့ အိမ်နီးချင်းတွေကြား
ငါတို့ဟာ တူနာငါးလို တစ်လွှာခြင်းဖဲ့စားခံနေရ ။
( ၆ )
ပြန်မလာနဲ့ ငါ့ကောင်
ဒုက္ခတွင်းထဲ ပြန်လာမယ့်အစား
ပြည်ပမှာ ပျားလိုရှာ၊ ခြလိုစုပြီး
မိသားစုကို ထောက်ပံ့
မိသားစုနဲ့ ဝေးနေတဲ့ကောင်တွေကို ထောက်ပံ့
အိမ်ကို ထောက်ပံ့
အိမ်မရှိတော့တဲ့ လူတွေကို ထောက်ပံ့
ပြန်မလာနဲ့ ငါ့ကောင်
ဒီဖုန်းဆိုးမြေဟာ
ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်
ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ်
" ဒီနိုင်ငံဟာ
ဘုရားမမြင်အောင်
မာရ်နတ် ဖွက်ထားတဲ့ အရပ်ပါကွာ ”
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon