The Lantern House

The Lantern House

Share

09/07/2026

"ရသမီးအိမ် စာပေဆု"
ပထမဆုရှင်ရဲ့ ရင်တွင်းစကား 💛❤

08/07/2026

ရသစာပေ ကလောင်သစ် ထွန်းကားရေးအတွက်
ရည်ရွယ်ကျင်းပခဲ့သော " ရသမီးအိမ် စာပေဆု "
ရသ၀တ္ထုတိုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို
(၅.၇.၂၀၂၆) ရက်နေ့ က The Lantern House
မှာ ကျင်းပခဲ့ပါတယ်💛
ဆန်ခါတင်ဆုရှင် ၁၅ ဦးထဲမှ ပထမ၊ ဒုတိယ၊
တတိယဆုရှင်များနှင့်အတူ နှစ်သိမ့်ဆု ၁၂ ဆု
ကိုလည်း ချီးမြှင့် ပေးခဲ့ပါတယ်💛
အခုလို ရသမီးအိမ်လေး ထွန်းလင်းလာအောင်
အဘက်ဘက်က ကူညီပံ့ပိုးပေးကြသူများနဲ့ ပြိုင်
ပွဲ၀င် ရသစာမူရှင်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်🙏

ရသမီးအိမ်စာပေဆုရဲ့ ပဒုတ ဆုရှင်များကတော့ . .
ပထမဆု 🏆
ဆရာ မွန်းဆွန်းနေ " လက်ဆောင်မွန်"

ဒုတိယဆု
ဆရာမ အင်မလီယာယိင်း " ပဲ့တင်သံမဲ့မြို့ "

တတိယဆု
ဆရာ JMTN "ဒင်နာပါတီ"

07/07/2026

မြင်အပ်၊ မမြင်အပ် (အပိုင်း-၉)
++++++++++++++++++++
ဝန်ကြီးများရုံးဟောင်းအား ပြန်လည်ပြုပြင်စဉ်ကာလက အဆောက်အအုံ၏ လက်ရှိကြံ့ခိုင်မှု အခြေအနေအား စမ်းသပ်စစ်ဆေးရန် ပြည်ပကျွမ်းကျင် ပညာရှင်များလည်း ငှားရမ်းဆောင်ရွက်ခဲ့ရကြောင်း လေ့လာသိရှိရသည်။

ရှေးဟောင်းအဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စမ်းသပ်စစ်ဆေးသည့်လုပ်ငန်းအား အတွေ့အကြုံ ရှိသည့် အီတလီနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုကို ချိတ်ဆက်မိသည်။ ယင်းကုမ္ပဏီ၏ စင်္ကာပူ ရုံးခွဲမှ ကျွမ်းကျင် ပညာရှင်များ၊ အလုပ်သမားများ ရောက်လာကြသည်။

အဆောက်အအုံ တစ်ခုလုံးအား Theodolite ဖြင့် နေရာအနှံ တိုင်းတာခြင်းမှ စတင်​ဆောင်ရွက်ကြပြီး၊ ကြမ်းခင်းများ၏ ခံနိုင်ဝန် (Load Test) စမ်းသပ်ရန် အဆင့်သို့ရောက်လာသည်။ ​မြေညီထပ်မှာ အုတ်ရိုးလိုင်းကြီးများဖြင့် ထမ်းထား၍ ပြသနာ မရှိ​သော်လည်း ပထမထပ်၊ ဒုတိယထပ် များအား ထမ်းထားရသည့် I-Beam ကြီးများ၏ လက်ရှိခံနိုင်ဝန်အား စမ်းသပ်ဖို့ လိုလာ၍ ဖြစ်သည်။

I-Beam တစ်ချောင်းအား စံထားပြီး ပထမထပ်ကြမ်း ခင်း​ပေါ်မှ ​ရေတိုင်ကီကြီးများတန်းစီချ၊ ​ရေဖြည့်ပြီး ​ယင်းအောက် ​မြေညီထပ်မှ ထမ်းထား​သော I-Beam တွင် ကရိယာများချိတ်ဆွဲ၍ ​စောင့်ကြည့် တိုင်းတာရန် စီစဥ်သည်။ ​နေရာမှာ တာဝါ-၄ နှင့် ၅ ကြား ဖြစ်သည်။

သို့​သော် အ​ဆောက်အဦး လှုပ်ရှားမှု အနည်းဆုံးအချိန်ဖြစ်သည့် ညဖက်မှ တိုင်းတာရန် ဆုံးဖြတ်ကြပြီး ည​နေပိုင်းတွင် ၅ ဦးပါ​သော တိုင်းတာ​ရေးအဖွဲ့ ​ရောက်လာကြသည်။ ​နောင်မှ သိရသည်မှာ ဗီယက်နန် နိုင်ငံသားများဖြစ်​ကြောင်းကို လုပ်ငန်း ခွင််တွင် အတူပါဝင်ဖူးသူ မိမိဝန်ထမ်းမှ ​ပြောပြသည်။

ည ၁၁ နာရီခန့်တွင် အလုပ် လုပ်​နေ​သော အဆိုပါ ဗီယက်နန် တစ်ဖွဲ့လုံး ဗိုလ်​အောင်​ကျော်လမ်းဖက်ရှိ လုံခြုံ​ရေးဂိတ်သို့ ​ပြေးလာကြသည်။ ပထမ ​မေး၍မရ၊ 'ငါတို့ ဒီမှာပဲ အိပ်မည်' ဟု လက်ဟန်​ခြေဟန်ဖြင့်​ပြောသည်။ သို့​သော် တုန်ယင်၍ မူပျက် ​နေ​ကြ​ကြောင်း လုံခြုံ​ရေးအဖွဲ့မှ ရိပ်မိသည်။ ​

နောက်တစ်​နေ့နံနက် တာဝန်ခံများ​ရောက်လာ၍ ​သေချာ​မေးကြည့်​တော့မှ ၎င်းတို့အား မမြင်ရ​သောအရာမှ ရေဖြင့်လာပက်၍ ​နောင်ဘယ်​တော့မှ ညဖက်အလုပ်လုပ်​တော့မည် မဟုတ်ကြောင်း၊ ​ပြောပြ​လေသည်။ ​ရေပက်ခံရသည့် ၂ ခု​မြောက် ဖြစ်စဥ်လည်း ဖြစ်​ပေသည်။

​နောက်ဖြစ်စဥ်တခုမှာ ပြုပြင်မွမ်းမံမှုများပြီးဆုံး၍ လုံခြုံ​ရေးကင်မရာ(CCTV)များ တပ်ဆင်နေသည့် အချိန်ဖြစ်သည်။ ရတနာပုံတယ်လီပို့အဖွဲ့မှ တာဝန်ယူ​ဆောင်ရွက်​ပြီး၊ တာဝါ-၃ ပထမထပ်တွင် Network ကြိုးများ ဆွဲ​နေသည်။

ဝန်ထမ်း တစ်ဦးမှ Network ကြိုး Trunking line များဆင်ရန် ငြမ်းစင်မှ တဆင့် မျက်နှာကျက်​ပေါ်သို့ Manhole ​ပေါက်ဖွင့်၍ ဝင်သည်။ ဝင်ဝင်ပြီးချင်း ပြုတ်မကျရုံတမယ် ဒ​ရော​သောပါး ငြမ်း​ပေါ်မှ ဆင်း​ပြေးလာသည်။ ​​အောက်မှ ကျန်သူများက ​မေးသည်။ ချွေးပျံတုန်ရီနေ​သော ဝန်ထမ်းမှ မျက်နှာကျက်​​ပေါ် လက်ညိုးထိုးပြပြီး... "လူ" ... "လူ" .. ဟုသာ​ပြောနိုင်သည်။

ကျန်သူများက အား​ကောင်း​သော ဓါတ်မီးများနှင့် တက်ရှာကြသည်။ မည်သူမျှ မ​တွေ့ ​၊ သေချာပြန်​မေးသည်။ "လူမှ လူအစစ်၊ ​ခေါင်မိုးက ဒိုင်းတန်းကို တွဲ​လောင်း​တောင် ခိုပြ​ နေ​သေးတယ်" ဟူ၏။

ပ​ရောဂျက်ပြီးသည်အထိ အခြားအလုပ်​နေရာများသို့သာ ထိုဝန်ထမ်းအား​ခေါ်၍ ရသည်။ ဝန်ကြီးများရုံးသို့ ဘယ်​​သောအခါမှ ​ခေါ်မရဟု ကျန်ဝန်ထမ်းမျာက ​ပြောပြဖူးသည်။
(ဆက်ပါဦးမည်။)
မှတ်ချက်- ပုံမှာ သရဲမဟုတ်ပါ။ မျက်နှာကျက်အတွင်းသို့
ဝင်ကြည့်စဥ် အမှတ်တရ ရိုက်ထားခြင်း ဖြစ်၏။

ခင်မောင်သိန်း

Photos from The Lantern House's post 04/07/2026

မနက်ဖြန်နော်
နေ့လယ် ၁၂ နာရီမှ ၂ နာရီ
ဆရာမောင်စိန်၀င်း(ပုတီးကုန်း)
သမုဒယတွယ်သမို့နွယ်လို့ခေါ်မည်

နေ့လယ် ၁နာရီမှ ညနေ ၄ နာရီ
ရသမီးအိမ် ၀တ္ထုတိုပြိုင်ပွဲ စာပေဆုပေးပွဲ

လာခဲ့ကြပါနော်
စာပေမိသားစုတွေ စုံစုံလင်လင် ဆုံကြမှာ
မလို့ တွေ့ကြရအောင်ပါရှင် 🥰

03/07/2026

မတူပေမဲ့လဲ တူပါတယ် 😍

အချိန်မတူကြောင်း
မိမိပရိတ်သတ်ကိုအသိပေးခြင်းပါ...........

5/7/26 TLH မှာ မိမိ၏
သမုဒယတွယ်သမို့...ဝတ္ထု
စာအုပ်လက်မှတ်ထိုးပွဲက
နေ့လယ် 12 မှ 2 နာရီအထိပါ..

ရသမီးအိမ်ဝတ္ထုတိုဆုပေးပွဲက
နေ့လယ် 1 မှ 4 နာရီအထိပါ...တဲ့

(TLH တာဝန်ရှိသူများ၏စီစဉ်ပေးမှုပါ)

03/07/2026

ပြောစရာတွေ မကုန်လို့ ဆက်ရေးဖို့တိုက်တွန်းပြီးနောက်🫡
မြင်အပ်၊ မမြင်အပ် (အပိုင်း-၈)
++++++++++++++++++++
၂၀၁၆ ခုနှစ်တွင် ဝန်ကြီးများရုံးဟောင်း အဆောက်အအုံအား သက်ဆိုင်ရာက ချမှတ်ပေးထားသော Conservation Management Plan (CMP) နှင့်အညီ ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းများ စတင် ဆောင်ရွက် ကြသည်။ ထို့အပြင် ဆောင်ရွက်လိုသော ကဏ္ဍတစ်ခုချင်း အလိုက်အားလည်း တတ်သိပညာရှင်များဖြင့် ဖွဲ့စည်း ပေးထားသော (Yangon Heritage Committee အပါအဝင်) ဝန်ကြီးများရုံး ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီသို့ တင်ပြ ခွင့်ပြုချက်ရယူ ဆောင်ရွက် ကြရကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် ဝန်းအတွင်း Underground Cable များ Water supply pipe များ၊ ရေစီးရေလာ မြောင်းများအတွက် မြေများတူးကြသည်။ ထွက်ရှိလာသော မြေစာများအား ဘတ်ဟိုးများဖြင့် စုပုံထားပြီး ညအချိန်မှ မြေသယ်ယာဉ်များပေါ်သို့ ထပ်မံတင်ပြီး သတ်မှတ်နေရာသို့ သယ်ထုတ်ကြသည်။ နေ့အချိန် အခြားယာဉ်များ အနှောက်အယှက် ဖြစ်မည်စိုး၍ ဖြစ်သည်။

ထိုလုပ်ငန်းဆောင်ရွက်နေစဉ် တစ်ရက် ညဉ့်နက်သွားသဖြင့် Project Engineer နှင့် ရေသန့် ကျွမ်းကျင်ဝန်ထမ်း တစ်ဉီးတို့ ရုံးတွင်ပင် ညအိပ်ရန် ဆုံးဖြတ် လိုက်ကြသည်။ ညအိပ်ရန် ရွေးချယ်ခဲ့သည့်အခန်းမှာ ပါလီမန် အဆောက်အအုံ၏ ယာဖက် အဆောင်အတွင်းရှိ အခန်းတစ်ခန်းတွင်ဖြစ်သည်။ အခန်းဖွဲ့စည်းပုံမှ အခန်းကျယ်အား ဘုရားခန်းပြုလုပ်ထားသည်။ တွဲလျက် အခန်းငယ် ၂ ခုတွင် စီမံကိန်းတာဝန်ခံနှင့် Chief Accountant ရုံးခန်းများ ရှိသည်။ အခြားနံရံဖက်တွင် သန့်စင်ခန်း ဖွဲ့ထားသည်။

ညအိပ်ရန် ဆုံးဖြတ်ကြသူ ၂ ဉီးမှာ ဘုရားစင် ဝဲယာတွင် အိပ်ယာခင်းပြီး အိပ်ရန်ပြင်ကြသည်။ အိပ်မပျော်ခင် စကားပြောနေစဉ် အခန်းကပ်လျက် အိမ်သာအတွင်းမှ ရေဖွင့်သံများ၊ ရေဆွဲချသံကြား၍ တစ်ဉီးနှင့် တစ်ဉီး မျက်လုံးအပြူးသား လှည့်ကြည့်ကြသည်။ ထို့နောက်အိမ်သာတံခါးကို ဆွဲဖွင့်ကြည့်ရာ မည်သူမှ မတွေ့ ကမုတ်ထဲမှ ရေသည်လည်း လှုပ်ရှားမှုမတွေ့၊ သို့သော်မတုန်လှုပ်သေးဘဲ ၂ ဉီးသား အိပ်ပျော်ရန် ကြိုးစားကြသည်။

အိပ်မပျော်ကြသေးခင်တွင်ပင် အဆိုပါအိမ်သာအတွင်းမှ ခလေးငယ်တစ်ဉီး အသံနှင့် ခလေးငယ်အား ရေဆော့ရ မည်လားဟု သူ့မိခင်က ဆူနေသောအသံများ ပြတ်ပြတ်သားသား ကြားကြရပြန်သည်။ လုံးဝ ဖြစ်နိုင်ခြင်းမရှိသော အခြေအနေကြောင့် နှစ်ဉီးသား နောက်တစ်ကြိမ် အိမ်သာတံခါးအား ဆွဲဖွင့်ကြည့်ကြပြန်သည်။ ထိုတစ်ကြိမ်လည်း အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်လျက်ပင်။ သေချာသွားပြီဖြစ်၍ ၂ ဉီးသား အိပ်ယာများသိမ်းကာ ရုံးခန်းအပြင်ဖက်တွင်သာ ခုံတစ်လုံးစီပေါ်၌ ငုတ်တုတ်မိုးလင်းခဲ့သည့် ဖြစ်စဉ်မှာ ပြောလို့မဆုံးအောင်ပင်ဖြစ်ခဲ့သည်။

အထက်ပါဖြစ်စဉ်အပေါ် အတည်ပြုပေးသည့် နောက်ထပ်ဖြစ်စဉ် ၂ ခု ဆက်တိုက်ဖြစ်ပွားခဲ့သည်။ တစ်ခုမှာ အဆိုပါရုံးခန်း အပြင်ဖက်ရှိ ဟောခန်းထိပ်တွင် မှန်များဖြင့် ကာထားပြီး၊ မှန်တံခါး သော့ခတ်ထားသည့် Chief Auditor အခန်းတွင် ဖြစ်သည်။ မနက်ပိုင်း ၎င်း၏ ရုံးခန်းတံခါးအား သော့ဖွင့်၍ ဝင်လာသော Chief Auditor မှ “ဒါက ဘယ်လိုဖြစ်တာလဲ” ဟုဆိုကာ ကြမ်းပြင်ကို ငုံကြည့်နေပြီး၊ အခန်းအပြင်မှ ဝန်ထမ်းများအား ခေါ်ပြသဖြင့် ဝန်ထမ်း အချို့ သွားရောက်ကြည့်ရှုရာ ရေစိုနေသော ခလေးခြေရာများအား ထင်ထင်ရှားရှား တွေ့ကြရသဖြင့် အဖြေရှာမရ ဖြစ်သွားကြသည်။

နောက်ဖြစ်စဉ် တစ်ခုမှာလည်း အဆိုပါအဆောင်တွင်ပင် ဖြစ်သည်။ အဆောင်၏ မြောက်ဖက်အခြမ်း၌လည်း ရုံးခန်းများနှင့် (၈)ခန်းတွဲ အများသုံးသန့်စင်ခန်းတို့ရှိသည်။ တစ်ရက် ဖြစ်စဉ်ပါ ရုံးတွင် ညအိပ်ဖူး၍ ခြောက်လှန့် ခံဖူးသည့် ရေသန့်ကျွမ်းကျင်ဝန်ထမ်း၏ ဇနီး (ရုံးအကူဝန်ထမ်း)အား မကျွတ်မလွတ်သေးသူ အမျိုးသမီးတစ်ဉီးမှ အိပ်မက် လာပေးကြောင်း၊ ထိုအိပ်မက်ထဲတွင် ရုံးခန်းအတွင်းရှိ (၈)ခန်းတွဲအိမ်သာခန်း၌ ၎င်းနေထိုင်နေသည်မှာ ကာလကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဘုန်းကြီဆွမ်းကပ် အမျှအတန်း ပေးဝေပေးစေလိုကြောင်း အိပ်မက် ပေးခဲ့သည်။

အိပ်မက်မက်သူ ဝန်ထမ်းအမျိုးသမီးမှ အိပ်မက်အကြောင်း မန်းနေးဂျင်း ဒါရိုက်တာအား ပြန်လည် ပြောပြသည်။ ထိုအချိန်သည် မန်းနေးဂျင်း ဒါရိုက်တာမှလည်း ယခင်ဖြစ်စဉ်များအရ ဘုန်းကြီးပင့် အမျှအတန်းပေးဝေရန် ဒါရိုက်တာအချို့နှင့် တိုင်ပင်နေသည့် အချိန်နှင့် ကွက်တိဖြစ်နေသည်။ ထို့နောက် ပါလီမန် ရှေ့ကွက်လပ်တွင်ပင် ဘုန်းကြီးငါးပါးပင့်ဖိတ်ကာ အလှူအတန်းပြုလုပ်၊ ရေစက်ချ အမျှဝေပြီး နောက်ပိုင်း အိပ်မက်ပေးသည့် အမျိုးသမီးသည် လည်းကောင်း၊ ၎င်း၏ ခလေးငယ်သည် လည်းကောင်း ကျွတ်လွတ်သွားပြီဟု ယုံကြည်မိပါသည်။ ရုံးခန်းအတွင်းမှလည်း မည်သည့် တစုံတရာမှ မကြားမိတော့ပါ။ (ဆက်ပါဉီးမည်။)
#ခင်မောင်သိန်း

02/07/2026

🏆 ဆုပေးပွဲဖိတ်ကြားလွှာ 🏆
🖊 ရသစာပေ ကလောင်သစ်များ ထွန်းကားရေးအတွက် ရည်ရွယ် ကျင်းပခဲ့သော "ရသမီးအိမ်" စာပေဆုပြိုင်ပွဲ၏ ဆုပေးပွဲကို ကျင်းပမယ့်အချိန်
ရောက်လာခဲ့ပါပြီရှင်
🖊ဆရာ ဆရာမများရဲ့ အကဲဖြတ်မှု အဆင့်ဆင့်
နဲ့ ဆန်ခါတင် ၁၅ ဦးကိုလည်း ကြေညာပြီး ဖြစ်ပါ
တယ် ပထမ၊ ဒုတိယ၊ တတိယ ဆုရှင်တွေကို ဆု
ပေးပွဲနေ့မှာမှ ကြေညာမှာဖြစ်လို့ ဆန်ခါတင်ဆုရှင်အားလုံးလည်း ရင်ခုန်နေကြမယ် ထင်ပါတယ်နော်
🖊လာမယ့် တနင်္ဂနွေနေ့ နေ့လယ်ခင်း အချိန်မှာ
ကျင်းပမယ့် ရသမီးအိမ်ဆုပေးပွဲ အခမ်းအနားကို
ချစ်သူများ၊ စာဖတ်ပရိသတ်များ၊ စာပေလောက
သားများ၊ TLH ချစ်သူများနဲ့ အထူးသဖြင့် ပြိုင်ပွဲ
၀င်များ အားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ရှင်

နေ့ရက် ။ ၅.၇.၂၀၂၆ ( တနင်္ဂနွေနေ့)
အချိန် ။ နေ့လယ် ၁ နာရီမှ ၄ နာရီ
နေရာ ။ The Lantern House@classic art area
W-1, The Secretariat YGN.
Bo Aung Kyaw Rd. Gate 6.

Location map ကို first comment တွင် ကြည့်
နိုင်ပါသည်။

02/07/2026

မြင်အပ်၊ မမြင်အပ် (အပိုင်း - ၇)
++++++++++++++++
ပါလီမန်အဆောက်အအုံ၏ အခြားထူးခြားသည့် အချက်တစ်ခုမှာ အဆောက်အအုံရှေ့တွင် လက်ရှိအချိန်အထိ မူရင်းအတိုင်းရှိသည့် အလံတိုင်ပင်ဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၀၄၂၀ အချိန်၊ ယူနီယံဂျက် အလံကိုချပြီး၊ မြန်မာနိုင်ငံအလံတော်ကို ပထမဆုံးလွှင့်ထူခဲ့သည့် အလံတိုင်လည်းဖြစ်သည်။ ဒုတိယအနေဖြင့်မှ ပါလီမန်မှ တစ်ဆင့် အလုံလမ်းရှိ Governor House တွင် စာရွက်စာတမ်း လွှဲပြောင်းပေးအပ်ပြီး၊ ထိုအဆောက်အအုံရှေ့ အလံတိုင် ၂ တိုင်တွင်လည်း ထပ်မံ အလံအတင်၊ အချပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လေ့လာ သိရှိရပါသည်။

ဝန်ကြီးများရုံးနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများမှာ စာအုပ်၊ စာပေ အများအပြားရေးသားထားသဖြင့် ကျွန်တော် တင်ပြလိုသည့် ခေါင်းစဉ်အတိုင်းသာ ရေးသားပါမည်။ လွန်ခဲ့သော ၆ နစ်ကျော်ခန့်က သမိုင်းကြောင်းရှင်းပြ သည့် ဌာနမှ၊ ဝန်ထမ်းအသစ်များအား ညနေပိုင်း ဧည့်သည် မဝင်တော့သည့်အချိန် သင်တန်းပေးနေခြင်းဖြစ်သည်။ နေရာက ပါလီမန် ကျင်းပပြုလုပ်ရာ ပင်မဆောင်နှင့် ကပ်လျက်အခန်းငယ်တွင်ဖြစ်သည်။ Senior Tour guide မှ လူသစ်များအား သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ၊ ဖွဲ့စည်းအုပ်ချုပ်ပုံဇယားများအား ရှင်းပြနေသည်။

ထိုသို့ရှင်းပြနေစဉ် ပင်မ အစည်းအဝေးဆောင်ဖက်မှ မီးမဖွင့်ထားသော်လည်း ခြေသံများ၊ လုံချည်ခတ်သံများ ကြား၍ သင်တန်းသူအချို့ တံခါးပေါက်မှတဆင့် သွားကြည့်ကြကြောင်း၊ ထို့နောက် အလန့်တကြား ထွက်ပြေးကြကြောင်း၊ ကျန်သူများက မေးမြန်းကြည့်ရာ ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုးနှင့် လူများကို မြင်ရ၍ ဖြစ်ကြောင်း ပြောဆိုသဖြင့် ထိုနေ့ သင်တန်းအား ရပ်နားခဲ့ရကြောင်း Tour Director မှ ပြန်ပြောပြ၍ သိရှိခဲ့ပါသည်။

ပါလီမန်အတွင်း ဖြစ်စဉ်နောက်တစ်ခုမှာ ပါလီမန်အဆောက်အအုံ ဝဲ၊ ယာတွင် ရှိသည့် အဆောင်(၂)ခုအနက် တစ်ခုတွင် ဖြစ်သည်။ ရုံးပိတ်ရက်ဖြစ်သော်လည်း Tour Director အမျိုးသမီးမှ ရုံးပိတ်ရက်တွင်ပါ အလုပ်ဆင်း ရ၍ လည်းကောင်း၊ ငွေစာရင်းဌာနမှ အမျိုးသမီးတစ်ဉီးကလည်း စာရင်းဇယားများ ပြုလုပ်ရန် ရှိ၍ လည်းကောင်း၊ ရုံးခန်းထဲတွင် ဟိုဖက်ထိပ်၊ ဒီဖက်ထိပ် (၂)ဉီးသား ရှိနေကြသည်။

ခဏအကြာ ရုံးခန်းအနောက်ဖက်အခြမ်း ထွက်ပေါက်တံခါးဂျက်အား ‘ဂျောက်’ကနဲ ဖွင့်၍ အမျိုးသမီးတစ်ဉီး ထွက်သွားသည်။ သို့သော် အထက်မှ တင်ပြခဲ့သည့် ရုံးခန်းအတွင်း အလုပ်လုပ်နေသော အမျိုးသမီး(၂)ဉီးအနက် တစ်ဉီးမှ မဟုတ်ချေ။ သူတို့အလုပ်ကို သူတို့အာရုံစိုက်လုပ်နေ၍ သူကလည်း ကိုယ်ထွက်သွားသည်အထင်၊ ကိုယ်ကလည်း သူထွက်သွားသည် အထင်ဖြင့် ဖြစ်သည်။ ခဏအကြာ နှစ်ဉီးစလုံးမှ သူတစ်ဉီးတည်း ကျန်ခဲ့သည် အထင်ဖြင့် အားငယ်လာပြီး ခေါင်းထောင် ကြည်ကြတော့မှ ‘ဟာ’ ‘ဟင်’ ဖြစ်ကုန်သည်။

“စောစောက ညဉ်းထွက်သွားတာ မဟုတ်ဖူးလား?”၊ “မဟုတ်ပါဘူး၊ ကျွန်မက အစ်မထွက်သွားတယ်ထင်လို့၊ အစ်မလိုပဲ ရင်ဖုံးအင်္ကျီနဲ့ တွေ့လိုက်တာ”၊ လို့ပြန်ပြောသည်။ ထို့နောက် (၂)ဉီးစလုံး ရုံးခန်းအတွင်းမှ အမြန် ထွက်သွားကြ ကုန်တော့သတည်း... ဆိုသော ဖြစ်စဉ်ကိုလည်း သူတို့က ပြန်ပြောပြကြသည်။

နောက်ဖြစ်စဉ် တစ်ခုမှာ ဧည့်လမ်းညွှန်အဖွဲ့မှ ပါလီမန်အတွင်း ကျောင်းသားလေးများအား ရှင်းပြပြီး ပြန် အထွက် တံခါးပေါက်ဝတွင် ဝင်လာမည့် ဆဲဆဲ အရပ်မြင့်မြင့်လူတစ်ဉီးအား တွေ့ရကြောင်း၊ ထိုသူမှ မိမိတို့ကို တွေ့၍ မှန်တံခါးအပြင်ဖက်မှ ကိုယ်ကိုကျုံပြီး လမ်းဖယ်ပေးထားသည်ကို Tour guide မှ မြင်မိကြောင်း၊ တံခါးပေါက်အပြင် ရောက်သော် မည်သူလည်းဟု လှည့်ကြည့်ရာ မည်သူမျှ မတွေ့တော့ကြောင်း ပြောပြသိရှိရပါသေးသည်။

အထက်တွင် ရေးသားခဲ့သော ဖြစ်စဉ်များမှာ လွန်ခဲ့သော ၆ နှစ်ကျော် မှ ၁၀ နှစ်အတွင်းများသာ ဖြစ်ပြီး၊ နောက်ပိုင်းတွင် ထိုကဲ့သို့ဖြစ်စဉ်များ မရှိသလောက်ဖြစ်သည်။ မရှိရသည့် အကြောင်းလည်း ရှိပြန်သည်။ ဝန်ကြီးများရုံး ပြုပြင်ထိန်းသိမ်းရေးကို တာဝန်ယူဆောင်ရွက်သည့် အကြီးအကဲမှ နှစ်စဉ် ဘုန်းကြီးပင့်၍ မကျွတ်မလွတ်သူများအား ရည်စူး၊ အလှူအတန်းပေး၊ ကုသိုလ်ကောင်းမှုလုပ်အမျှဝေခြင်း၊ နားလည်တတ်ကျွမ်းသူများ အကူအညီဖြင့် ဗိုလ်တထောင် ဘိုးဘိုးကြီးထံ ပွဲပေး၍ မကျွတ်မလွတ်သူများအတွက် သင့်လျော်မည့်နေရာတောင်းခံခြင်း တို့ပြုလုပ်ခဲ့သည်။

ထို့အပြင် အနောက်ဖက်ခြမ်း၊ တာဝါ-၆ အထွက်ရှိ ညောင်ပင်မှ ယိုယွင်းနေသည့် ရုက္ခစိုး နတ်စင်အား အရှေ့ဖက်အခြမ်း ကားပါကင်အနီးရှိ ညောင်ပင်သို့ နတ်ကွန်းစနစ်တကျဆောက်လုပ် လှူဒါန်း နေရာပေးခြင်းတို့ ကြောင့်လည်း ဖြစ်မည်ထင်သည်။ (နတ်ကွန်း စတင်ဖြစ်လာရခြင်းမှာလည်း တည်ဆောက်ရေးကာလ က အလုပ်သမားတစ်ဉီး ထမင်းစားနားချိန် ခေတ္တအိပ်ပျော်စဉ် မမြင်ရသည့်အရာမှ ၎င်း၏ လည်ပင်းအား ညှစ်ထားသဖြင့် ရုန်းကန်နေကြောင်း၊ နားလည်တတ်ကျွမ်းသူများမှ တောင်းပန်၍ မေးမြန်းရာ ညောင်ပင်အောက်တွင် အသားဟင်းများဖြင့် ထမင်းစားပြီး၊ ကျင်ငယ်ပါစွန့်ခဲ့ကြောင်း၊ ဝင်ပူးပြီးပြောဆိုရာ ပွဲပေးတောင်းပန်မှ ပြန်ကောင်း သွားပြီး ညောင်ပင်တွင်လည်း ရုက္ခစိုးနတ်စင်ဖြစ်လာရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။)

အထက်ပါအတိုင်း မိမိကိုယ်တိုင်နှင့် အခြားသူမှ မြင်၊ တွေ့၊ ကြား၊ သိမှုများအား သုတ၊ ရသ ခံစားလို၍ ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ အမှားပါသော် နားလည်ခွင့်လွှတ်ပေးကြပါရန်လည်း တောင်းပန်အပ်ပါသည်။
မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဉပဒ်ရန်ဘေး ကင်းစင်ဝေးငြိမ်းအေး ကြပါစေ....

ခင်မောင်သိန်း

01/07/2026

မြင်အပ်၊ မမြင်အပ်(အပိုင်း-၆)
++++++++++++++++++++
ဝန်ကြီးများရုံးအ​ဆောက်အအုံသည် ကိုလိုနီလက်ထက်ကတည်းက နှစ်များစွာ အသုံးပြုခဲ့​သော အ​ဆောက်အအုံဖြစ်သဖြင့် မကျွတ်မလွတ်သူများထဲတွင် လူမျိုးခြားများလည်း ရှိနိုင်ပါသည်။

အဘယ့်​​ကြောင့် ဤသို့ထင်မြင်ရသနည်းဆိုသော် ဘုံဖြစ်စဥ်များရှိခဲ့ဖူးသည်။ ဤ ဘုံဖြစ်စဥ်များအနက် တူညီ​သော အချက်မှာ 'ဂါဝန်ဖြူ ဗိုလ်မ​လေး' အ​​ကြောင်းပင်ဖြစ်သည်။

ဖြစ်စဥ်တစ်ခု၏ တည်​နေရာမှာ တာဝါ-၇ ​မြေညီထပ်ရှိ နဂါး​ဆောင်အနီးတွင် ဖြစ်သည်။ အဝင်အထွက် အ​ပေါက် ၂ ခုတွင် ပဥ္စရူပရုပ် ၂ ရုပ်စီချိတ်ဆွဲထားသည်။ အ​ဝေးမှကြည့်လျှင် နဂါးများနှင့်တူ၍ အလွယ်တကူ​ နဂါး​ဆောင်ဟု ခေါ်​ဝေါ်ကြပုံရသည်။

အဆိုပါ နဂါး​ဆောင်နှင့် ပါလီမန် အ​ဆောက်အအုံကြားတွင် လမ်းကြားတစ်ခုရှိသည်။ အဆိုပါလမ်းကြားကို အသုံးမပြု​​စေဘဲ အတားအဆီးလုပ်ထားသည်။ ​သမိုင်းလေ့လာလိုသူများရှိက ပင်မလမ်း​ကြောင်းမှသာ ဧည့်လမ်းညွှန်ဖြင့် သွားရခြင်းကြောင့် မသက်ဆိုင်သူများမဝင်​စေ​ရေး​ ဖြစ်သည်။

တစ်ရက် ညဆိုင်းတာဝန်ကျ လုံခြုံ​ရေးအဖွဲ့များ ပထထပ် ​ကော်ရစ်ဒါ တ​လျှောက်ကင်းလှည့်စဥ် အမျိုးသမီး တစ်ဦး ပါလီမန်ဖက်မှ နဂါး​ဆောင်ဖက်သို့ ဖြတ်​လျှောက်သွားသည်ကို လှမ်းမြင်လိုက်၍ အနီးစပ်ဆုံးလုံခြုံ​ရေးအား သွား​ရောက် တားမြစ်ရန် စက်ဖြင့် လှမ်း​ပြောသည်။ သွား​ရောက်ရှာ​ဖွေကြရာ မည်သူ့ကိုမျှ မ​တွေ့ကြ။

​ အခြားရက်များတွင်လည်း အလားတူ ဖြတ်​လျှောက်သည်ကို ​တွေ့လိုက်ရသည့် အခြားလုံခြုံ​ရေးအဖွဲ့မှ ဝတ်ဆင်ပုံနှင့် သွင်ပြင်ကို ​သေချာစွာ​တွေ့လိုက်ရ၍ မကျွတ်မလွတ် နိုင်ငံခြားသူ တစ်ဦးဖြစ်​ကြောင်း သိကြရသည်။

အဆိုပါ ဂါဝန်ဖြူ ဗိုလ်မ ရှိသည်ကို ထပ်မံအတည်​ပြုပေးသူမှာ Site engineer တစ်ဦးဖြစ်သည်။ ည​နေ​စောင်း site သိမ်းချိန် တစ်ဦးတည်း လုပ်ငန်းခွင်သို့ လိုက်စစ် ​ဆေးစဥ် ​ပထမထပ် အ​ရောက် ​အ​နောက်မှခြေသံကြား၍ လှည့်ကြည့်ရာ မည်သည့်အမျိုးသမီးမျှ မရှိ​နိုင်သော​နေရာတွင်ဂါဝန်ဖြူဗိုလ်မ အား​တွေ့လိုက်ရသဖြင့် သ​ဘော​ပေါက်ပြီး ​ပြေးခဲ့ဖူးသည်ကို စီမံကိန်း တာဝန်ခံမှ ပြန်​ပြောပြဖူးသည်။

ဆက်လက်​ဖော်ပြလိုသည်မှာ ပါလီမန် အ​ဆောက်အအုံ အ​ကြောင်းဖြစ်သည်။ အ​င်္ဂလန်ရှိ ပါလီမန်အ​ဆောက်အအုံနှင် ပုံစံတူဖြစ်သည်ဟုသိရသည်။ တစ်ထပ်ဖြစ်ပြီး ကြမ်းပြင်မှ မျက်နှာကျက် slab မိုးအထိ ၂၅ ​ပေခန့်မြင့်သည်။ မျက်နှာကျက်ရှိ လိုင်းများ၏ ဆုံရပ် ၂ ခုအား ထပ်လိုက်လျှင် ယူနီယံဂျက်အလံပုံဖြစ်သည်။

အလင်း​ရောင် နှင့် ​လေဝင်​လေထွက် အတွက် မျက်နှာကျက်အနီးတွင် ကဲလား ပြူတင်း​ပေါင်များစွာထားရှိ၍ ​အောက်မှ အလွယ်တကူ ကြိုးဆွဲ ဖွင့်ပိတ်နိုင်သည်။ ထို့အပြင် ကြမ်းခင်းကို အနည်းငယ်မြှင့်ထားပြီး ကြမ်း​အောက် အပြင် ပတ်လည်မှ ဝင်လာ​သော ​လေများ ပါလီမန် အတွင်းခန်းသို့ ဝင်​စေရန် သံဇကာရှိ​သော ကြမ်း​ပေါက် များစွာ ထည့်သွင်းထား​ကြောင်း ထူးခြားစွာ​တွေ့ရသည်။

ပါလီမန်အတွင်း ဖွဲ့စည်းပုံမှာ တဖက်မှ အာဏာရပါတီ ထိုင်ခုံများ၊ တစ်ဖက်မှ အတိုက်အခံပါတီ တို့အပြင် ဆန်၊ ဆီ၊ သစ်၊ ​ရေနံ စသည့် ကုန်သည်ကြီးများလည်း တက်​ရောက် ​ကြောင်း၊ အ​ပေါ် ထပ်ခိုး ဝဲယာတွင် သတင်းသမားများ အတွက် ​နေရာထားရှိ​ကြောင်း ​လေ့လာသိရှိရသည်။
(ပါလီမန်အ​ဆောက်အအုံမှ ကြားသိရသည့် အ​​ကြောင်း အရာများ ဆက်ပါဦးမည်။)

ခင်မောင်သိန်း

30/06/2026

ဖြတ်မရတဲ့နွယ်၊ သတ်မရတဲ့နွယ်
ဖယ်မဖြစ်တဲ့အရိပ်၊တွယ်ရစ်တဲ့အရိပ်
တကယ်ချစ်တဲ့စိတ်ကြောင့်လား
နှလုံးသားမှာအနာတရနဲ့
ထာဝရရောက် ရောက်လာတာ
(ဪ)
ကာလဘယ်လောက်ကြာကြာ...

မောင်စိန်၀င်း (ပုတီးကုန်း)
သမုဒယတွယ်သမို့နွယ်လို့ခေါ်မည်
(ပဉ္စမအကြိမ်)
စာအုပ်သစ် ထွက်ရှိခြင်းနှင့် အမှတ်တရ
လက်မှတ်ရေးထိုးခြင်း အစီအစဉ် ပြုလုပ်
မည် ဖြစ်ပါသဖြင့် ဆရာ့ကို ချစ်ကြခင်ကြ
သူများနှင့်တကွ ဆရာ့ပရိသတ်များအားလုံး
ကို ဖိတ်ကြားအပ်ပါတယ်ရှင် 💛

The Lantern House ရဲ့ ရသမီးအိမ်စာပေ
ဆု အခမ်းအနားကိုလည်း ကျင်းပမှာဖြစ်လို့
စာပေချစ်သူများ၊ စာပေလောကသားများကို
လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ရှင်

5.7.2026 Sunday
12:pm to 2:00 pm
The Lantern House@classic art area
W1, The Secretariat YGN.
Gate 6 . Bo Aung Kyaw Rd.

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Classic Art Area @N1 North Wing, The Secretariat Yangon
Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00