MILI Radio

MILI Radio

Share

15/01/2021

မီလီရေဒီယိုရဲ့ ပရိသတ်များအတွက် နားမထောင်လိုက်ရတဲ့ အစီအစဉ်များ မကြည့်လိုက်ရတဲ့ ဗီဒီယိုများကို အလွယ်တကူ ပြန်လည် ကြည့်ရှု့နားဆင်နိုင်ဖို့ အတွက် playlist တွေ series တွေ နဲ့တစ်စုတစ်စည်းထဲ လင့်ခ်တွေလုပ်ပေး ထားပါတယ်ခင်ဗျ အောက် လင့်ခ်မှာ နားထောင်ချင်တဲ့ အစီအစဉ်တွေကို ဝင်ရောက်နားဆင်နိုင်ပါပြီခင်ဗျာ ....

https://www.facebook.com/miliradio2013/videos

01/12/2020

(၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြို
ဂုဏ်ပြုဆောင်းပါး)

"ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာ တည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့ "

ကြည်ထွန်း(လူမှု)

မျက်မှောက်ခေတ်တွင် စီးပွားရေးအားပြိုင်မှုများ၊ တဟုန်ထိုး တိုးတက်ပြောင်းလဲလာသည့် နည်းပညာများ၊ ရာသီဉတု ဖောက်ပြန်ပြောင်းလဲမှုများ၊ မသေချာမရေရာမှုများ၊ သဘာဝဘေးအန္တရာယ်များ စသည့် စိန်ခေါ်မှုများစွာကို ကမ္ဘာ့နိုင်ငံအသီးသီး၌ ရင်ဆိုင်ကြုံတွေ့နေရပေသည်။ ပို၍ဆိုးရွားသော စိန်‌ခေါ်မှုမှာ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမားသော ဖိစီးမှုများ ကျရောက်စေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေး အကျပ်အတည်းကြီးပင် ဖြစ်သည်။ ၂၀၁၉ ခုနှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ဤကပ်‌ရောဂါဆိုးကြီးသည် ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးတွင် အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆုံးရှုံးမှုများ၊ ဆင်းရဲနွမ်းပါးမှုများကို ဆိုးရွားစွာ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ထိခိုက်လွယ်၍ အင်အားနည်းသော မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာသော အဟန့်အတား ဖြစ်စေခဲ့သည်။
သို့ဖြစ်၍ ကုလသမဂ္ဂအဖွဲ့ကြီးက မသန်စွမ်းသူများ၏ စိတ်ဓာတ်ခွန်အားကို မြင့်မားစေရန်အလို့ငှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်‌နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဦးတည်ချက်ဆောင်ပုဒ်ကို “ပိုမိုကောင်းမွန်သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာကို တည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့ရန် ကြိုးစားစို့” (Building Back Better : toward a disability inclusive accessible and sustainable post COVID-19 World”) ဟု သတ်မှတ် နှိုးဆော်လိုက်ခြင်းပင် ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး၏ လူဦးရေ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်ကြသည်။ မသန်စွမ်းသူ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။ အရှေတောင်အာရှ အာဆီယံဒေသတွင်း နိုင်ငံများတွင် မသန်စွမ်းသူဦးရေ သန်းပေါင်း ၉၀ ခန့်ရှိသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၆ သန်းခန့် (ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်။ မသန်စွမ်းသူများ၏ ဘဝတွင် ခံစားတွေ့ကြုံနေရသည့် အခက်အခဲအတားအဆီးများသည် ၎င်းတို့၏ “ချွတ်ယွင်းအားနည်းမှု” ကြောင့်မဟုတ်ဘဲ ၎င်းတို့ ပတ်ဝန်းကျင်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အတားအဆီးများကြောင့် ဖြစ်သည်။
မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ နေထိုင်နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခြေခံအဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများစွာ ရှိပါသည်။ အဆိုပါ အတားအဆီးများ ကို အနှစ်ချုပ်ကြည့်လျှင် (၁) ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အတားအဆီး (Physical Barriers) (၂) မသန်စွမ်း ဖြစ်မှုအပေါ် သဘောထားခံယူချက်ပိုင်းဆိုင်ရာ အတားအဆီးများ (Attitudinal Barriers) (၃) ဉပဒေနှင့် မူဝါဒပိုင်း ဆိုင်ရာ အတားအဆီးများ (Policies Barriers) (၄) ဆက်သွယ်မှုပိုင်းဆိုင်ရာ အတားအဆီးများ (Communication Barriers) ဟူ၍ အတားအဆီး လေးမျိုးကို တွေ့မြင်ရသည်။
စင်စစ် “မသန်စွမ်းမှု” ဆိုသည်မှာ ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်လှုပ်ရှားနိုင်မှု မရှိခြင်းကို ဆိုလိုသည် ဖြစ်ရာ အထက်ဖော်ပြပါ အတားအဆီးအဟန့်အတားများ လျော့ပါး ပပျောက်သွားအောင် မလုပ်နိင်သ၍ ကာလပတ်လုံး လူ့အခွင့်အရေးဆုံးရှုံးကာ ဆင်းရဲခြင်းတည်းဟူသော နွံအတွင်းမှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။
မသန်စွမ်းသူများအတွက် “လက်လှမ်းမီ ရယူသုံးစွဲခြင်းနှင့် အတားအဆီးကင်းသည့် ပတ်ဝန်းကျင်” ဖန်တီး ပေးဖို့ လိုပြီ။ ထိုသို့ ဖန်တီးရာ၌ ကမ္ဘာသုံးပုံစံ (အများသုံးပုံစံ)ဖြစ်သော Universal Design ကို အသုံးပြုရပါမည်။ Universal Design ဆိုသည်မှာ - (၁) လူတိုင်းလက်လှမ်းမီရယူအသုံးပြုနိုင်သော အရာများကို ဖန်တီး‌ဖော်ဆောင် ခြင်း၊ (၂) လူတိုင်းပါဝင်လှုပ်ရှားသွားလာအသုံးပြုနိုင်သော ပတ်ဝန်းကျင်ကို ဖော်ဆောင်ခြင်း၊ (၃) လူတိုင်း လက်လှမ်းမီ ရယူအသုံးပြုနိုင်သော ဝန်ဆောင်မှုများကို ပြင်ဆင်ထားခြင်း၊ (၄) လူတိုင်းကို တန်းတူ အကျိုးပြု ပြီး ခွဲခြားမှုမရှိသော မူဝါဒများကို ပြဌာန်းကျင့်သုံးခြင်း၊ တနည်းအားဖြင့် မသန်စွမ်းသူများ၊ စွမ်းဆောင်ရည် မတူကွဲပြားသူများ၊ သွင်ပြင်လက္ခဏာ အမျိုးမျိုးရှိသူများ လက်လှမ်းမီရယူအသုံးပြုနိုင်သောပတ်ဝန်းကျင်၊ ဆက်သွယ်ရေး နည်းပညာများနှင့် ထုတ်ကုန်ပစ္စည်းများကို ဖန်တီးပြုလုပ်ခြင်း ဖြစ်သည်။ အချုပ်အားဖြင့် ထုတ်ကုန် ပစ္စည်းများ၊ ဆက်သွယ်ရေးနည်းလမ်းများ၊ ဝန်‌ဆောင်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကို သက်ကြီးရွယ်အို၊ သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ နဂိုမူလ လျာထား ကုန်ကျစရိတ်ထက်မပိုဘဲ လူတိုင်းအသုံးပြု နိုင်ရန် ဆောင်ရွက်ထားမှုများ အားလုံးသည် အတားအဆီးကင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းပင် ဖြစ်ပါသည်။ သာဓကအားဖြင့် နေပြည်တော် မြို့မဈေးနှင့် ရေပန်းဉယျာဉ်တို့၌ မသန်စွမ်းသူများ လက်လှမ်းမီ ရယူ သုံးစွဲနိုင်ရေးနှင့် အတားအဆီးကင်းသော ဝန်းကျင်ဖြစ်အောင် ဖန်တီးထားသည်ကို ကြည်နူးဖွယ်ရာ တွေ့မြင် နိုင်ပါသည်။
(၆၁) ကြိမ်မြောက် ကုလမဂ္ဂအထွေထွေညီလာခံကြီးက မသန်စွမ်းသူတိုင်း လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များ ညီမျှစွာ အပြည့်အဝ ရရှိရေးကို ကာကွယ်‌ဆောင်ရွက်ရန်၊ တိုးမြှင့်လုပ်ဆောင်ရန်၊ သေချာစေရန်နှင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာကို ပိုမိုလေးစားမှု ရှိစေရန် ရည်ရွယ်လျက် “ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း” United Nations Convention on the Rights of Persons with Disabilities – UNCRPD) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် အတည်ပြုချမှတ်ခဲ့သည်။ မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အဆိုပါ ကွန်ဗင်းရှင်းတွင် ပါဝင်အတည်ပြု လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာသည်။
UNCRPD ပါ ပြဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အ‌ရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အဝ ရရှိ စေရန်၊ နိုင်ငံရေး၊ လူမှုရေး, ပညာရေး၊ ကျန်းမာရေး၊ စီးပွား‌ရေး၊ ယဉ်ကျေးမှုနှင့် ပြည့်သူ့‌ရေးရာနယ်ပယ်အသိးသီး တွင် အခြားသူများနှင့်တန်းတူ လူမှုအဖွဲ့အစည်းတွင် ပေါင်းစည်းပါဝင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က “မသန်စွမ်းသူများ အခွင့်အရေးဉပဒေ”(၂၀၁၅ ခုနှစ်) ကို ပြဌာန်းခဲ့သည်။
နိုင်ငံတော်အစိုးရက မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းရေး၊ မသန်စွမ်းသူများ၏ ပညာရေးအဆင့်အတန်း မြင့်မားရေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်‌ပေးရေး၊ ပတ်ဝန်းကျင်အသိုက် အဝန်းအတွင်း ဝင်ဆံ့မှု မြှင့်တင်ရေး၊ စွမ်းဆောင်နိုင်ရည်နှင့် စိတ်ဓာတ်ခွန်အား မြင့်မားရေး စသည်တို့အတွက် “မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
မသန်စွမ်းသူများ၏အခွင့်အရေးများဉပဒေပါ ပြဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် ဒုတိယသမ္မတ (၂) ဦး‌ဆောင်‌သော “မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ အမျိုးသားကော်မတီ” ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက် တွင် ဖွဲ့စည်းဆောင်ရွက်သည်။ အဆိုပါ ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အထောက်အကူဖြစ်စေရန် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရေးရာ၊ သုတေသန၊ စောင့်ကြည့်အကဲဖြတ်၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ အလွယ်တကူသွားလာနိုင်ရေး၊ သဘာဝဘေးနှင့် အ‌‌ရေးပေါ်အခြေအနေဆိုင်ရာ၊ တရားမျှတမှု ရရှိပိုင်ခွင့် ဆိုင်ရာ ဟူသည့် အထောက်အကူပြု ဆပ်ကော်မတီ (၉) ခုကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်ကို တွေ့ရသည်။
ဉပဒေပါ ပြဌာန်းချက်များကို ရှင်းလင်းလွယ်ကူစွာ လက်တွေ့ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက “မသန်စွမ်းသူများ၏အခွင့်အရေးနည်းဉပဒေများ” ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ၇က်တွင် ထုတ်ပြန်ခဲ့သည်။ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုး‌ရေး အခြေအနေတိုင်းတာ စစ်ဆေးမှုများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ် (Early Childhood Intervention – ECI) (၂၀၁၇ – ၂၀၂၁) ကို ၂၀၁၇ ဧပြီလ ၇ ရက်တွင် ချမှတ်ခဲ့ပြီး ကနဦးစီမံကိန်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ရှစ်မြို့နယ်ရှိ ကျေးလက်၊ မြို့ပြ နေရာ ကိုးခုတို့တွင် စတင်‌ဆောင်ရွက် ခဲ့သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အပြင် အာရှပစိဖိတ်ဒေသနှင့် အာဆီယံဒေသတို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ အာရှပစ္စိဖိတ်ဒေသဆိုင်ရာ မသန်စွမ်းသူများ ဆယ်စုနှစ် ဖြစ်သည့် အင်ချွန်းမဟာဗျူဟာနှင့် အာဆီယံအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ ပါဝင်မှုနှင့် မသန်စွမ်းသူများ၏ အခန်းကဏ္ဍမြင့်မားရေးဆိုင်ရာ ဘာလီကြေညာချက်၊ အာဆီယံမသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ် လုပ်ငန်းစဉ် (၂၀၁၁ - ၂၀၂၀) တို့ကိုလည်း ဒေသတွင်းနိုင်ငံများနှင့်အတူ လက်တွဲပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း စနစ်တစ်ရပ်ကို ဖော်ဆောင်လျက် ရှိသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်၍ ကနဦးစီမံကိန်းကာလ ရှစ်လ သတ်မှတ်ပြီး မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်း ပထမအဆင့်နှင့် ပတ်သက်သည့် ပုံစံများ၊ လုပ်ငန်းစဉ်များ၊ အသိပညာပေး သင်တန်းများ၊ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း စသည်များကို စီမံကိန်းနယ်ပယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ကရင်ပြည်နယ် ဘားအံ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ဤသို့ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ကဏ္ဍပေါင်းစုံမှ ပါဝင်ပတ်သက်သူ များ၏ ကူညီပံ့ပိုးမှုဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန် ရနေဆဲတွင် ကိုဗစ်ရောဂါ ကြမ္မဆိုးကြီးက ဝင်ရောက်လာသည်။ မသန်စွမ်းသူများသည် အခြားသူများနှင့် နှိုင်းယှဉ် ပါက လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေအနေတို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ရင်ဆိုင်ကြုံတွေ့နေရသူများ ဖြစ်သည်။ သို့ဖြစ်၍ လူမှုဝန်းထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်း သူများ၏အခွင့်အရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန် Video Conferencing စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရသည်။
ယခုကြုံတွေ့နေရသော ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်နှင့် ပူးပေါင်း၍ မသန်စွမ်းမှုအလိုက် အသိပညာပေးအစီအစဉ်များ ပြုလုပ်ခြင်း၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ညှိနှိုင်း၍ မသန်စွမ်းသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် မသန်စွမ်းသူများကို ငွေကြေးထောက်ပံ့ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မသန်စွမ်းသူများ ချန်ရစ်ခဲ့ခြင်း မရှိစေရန် စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် မေလ ၃ ရက်နေ့က ကျင်းပပြုလုပ်သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးက ကိုဗစ်-၁၉ လွန်ကာလတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပေါင်းစပ်ဆောင်ရွက်သော အမျိုးသားအဆင့် မဟာဗျူဟာငါးနှစ် စီမံကိန်း (National Strategic Plan in Mainstreaming the Rights of Persons with Disabilities) ကို အမြန်ဆုံး ရေးဆွဲချမှတ် ဆောင်ရွက်မည်ဟု သိရ၍ အားတက်ကြည်နူးမိပါသည်။
ကမ္ဘာပေါ်တွင် ကပ်ရောဂါများသည် အခါအားလျော်စွာ ပေါ်ပေါက်လာစမြဲဖြစ်ပါသည်။ ကျောက်ရောဂါ၊ ဝက်သက်ရောဂါ၊ ကာလဝမ်းရောဂါ၊ အီဘိုလာရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ၊ အနာကြီးရောဂါ စသဖြင့် ကပ်ရောဂါ များ ဖြစ်ပွားခဲ့သော်လည်း ကာကွယ်ဆေး၊ ကုသဆေးများဖြင့် နှိမ်နင်းအောင်မြင်ခဲ့သည်သာ ဖြစ်ပါသည်။ ယခု ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါအတွက်လည်း ကာကွယ်ကုသဆေးများ ပေါ်ပေါက်လာ တော့မည်ဖြစ်ရာ များမကြာမီတွင် ပိုနေမြဲ ကျားနေမြဲ ဖြစ်လာမည်မှာ မလွဲပေ။ သို့ဖြစ်ရာ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသည့်အတိုင်း မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့သော အစီအမ့များကို ကြိုတင် ချမှတ် ဆောင်ရွက်ကြခြင်းဖြင့် ပိုမိုကောင်းမွန်သော ကိုဗစ်-၁၉ လွန် ကမ္ဘာဆီသို့ ရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကြည်ထွန်း (လူမှု)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 17/19, Thar Yar Aye Street, Ward 3, Mayangone Township
Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00