The History Of Myanmar Library
02/09/2025
၁၉၀၅ ခုနှစ်တွင် မြန်မာပြည်သို့ပထမဆုံး
ရောက်ရှိလာသော Sweet ride ကား။
ကားဝယ်စီးခဲ့သူ၂ဦး
ကိုဧမောင် ရန်ကုန် နှင့် ကိုမောင်စံ မန်းန္တလေး။
08/08/2025
■ ကဘော်ချိုင့်ဝှမ်း၏ ခမ်းပတ်
သမိုင်းကြောင်း အားဖြင့် ကလေး-ကဘော် ဒေသကို မြောက်ပိုင်းတွင် သောင်သွပ်ပြည် ၊ တောင်ပိုင်းတွင် ကလေးပြည် တို့က ထိန်းချုပ်ထားပြီး အလယ်တွင် ခမ်းပတ် တည်ရှိပါတယ် ။ ကဘော်ချိုင့်ဝှမ်း သီးခြားဆိုလျှင်တော့ ခမ်းပတ် ၏ အထက်ပိုင်း လက်ရှိ တမူးမြို့နယ် နယ်နမိတ်ပင် ဖြစ်ပြီး ရှေးပဝေသဏီကမူ မောရိယတိုင်းဟု ခေါ်ဆိုပါတယ် ။
▪︎ ခမ်းပတ်တွင် မြို့ဟောင်းရာ ရှိသော်လည်း မည်မျှ ရှေးကျကြောင်း မသိရသေးပါ ။ မြန်မာခုနှစ် ၁၁၂၆ ခမ်းပတ်မြို့ စစ်တမ်းအရမူ သာသနာတော်နှစ် ၉၂ ခုနှစ်တွင် ပန်ယုပန်ယမြို့ တည်သည် ။ အသောကမင်းလက်ထက် ပန်ယုပန်စံဟု သမုတ် သည် ဟုဆိုသည် ။ ပုဂံ သေလည်ကြောင်မင်းလက်ထက်တွင် လည်း စော်ဘွားအောင်ဟွန်မှ ဆင်ပေါက်တစီး ၊ ဖယောင်း အချိန်တစ်ထောင် ဆက်သသဖြင့် ရှေးထုံးစံ အတိုင်း အဆောင်အယောင်များနှင့် အုပ်ချုပ်စေခဲ့သည် ဟု ဆိုပြန်သည် ။
သို့သော် ပုဂံမင်းတို့၏ ပိုင်နက် နယ်ခြား မှာ အထွတ်အထိပ်ကာလတွင်ပင် အနောက်ဘက်တွင် ပဋိက္ခရား ၊ အနောက်မြောက်တွက် ကတူးနဂါးကြီးရေပေါ်မီး ( ကတူးနယ် ) ဖြစ်ရာ ကဘော်ချိုင့်ဝှမ်းဒေသ ကို မည်မျှ အတိုင်းအတာဖြင့် သြဇာလွှမ်းမိုးမှု ရှိမရှိ သေချာစေ့ငုစွာ မဖော်ပြထားပါ ။ ထိုကြောင့် ပုဂံနှင့် ခေတ်ပြိုင် ရှေးကျသည့် မြို့ပြနိုင်ငံ တခုဖြစ်နိုင်သည် ဟုသာ အကြမ်းဖြင်း မှတ်ယူထားနိုင်ပါတယ် ။
▪︎ ခရစ် ၁၃ - ၁၄ ရာစု ဝန်းကျင်တွင် ရှမ်း " Tai " လူမျိုးများသည် မြန်မာနိုင်ငံမြောက်ပိုင်း ၊ အနောက်မြောက်ပိုင်းသာမက အာသံနယ်ထဲထိ တိုင် ပျံ့နှံ့လာကြပြီးလျှင် ပြည်ရွာများ တည်ထောင်လာကြ၏ ။ ပဒေသရာဇ် ရှမ်းပြည်တို့၏ " Moeng " နိုင်ငံရေးစနစ် အရ ပြည်ထောင်ငယ်များ စင်ပြိုင်တည်ရှိကြရာ ခမ်းပတ် သည်လည်း ချင်းတွင်း မြစ်ဝှမ်း နှင့် ကလေး-ကဘော် ဒေသရှိ ရှမ်းပြည်ငယ် " Shan Principality " တခု ဖြစ်လာပါတယ် ။
အင်းဝခေတ် မင်းကြီး စွာစော်ကဲ လက်ထက်တွင် ကလေး နှင့် မိုးညှင်း တို့ စစ်ဖြစ်ရာမှ ကလေး သည် အင်းဝ လက်အောက်ရောက်လာ သောကြောင့် အင်းဝမင်း အာဏာစက်သည် ကလေး-ကဘော် ဒေသသို့ စတင် ခြေဆန့်လာခဲ့ပါတယ် ။ မင်းကြီးစွာစော်ကဲ သားတော် ပထမမင်းခေါင်ကြီး လက်ထက်တွင်မူ ခမ်းပတ်စော်ဘွားထံမှ တနှစ်လျှင် မြင်းတစီး ၊ ရွှေပုတီးတကုံး ရသည်ဟု ဆိုသောကြောင့် ပဏ္ဍာဆက် ပြည် အဖြစ် ဆက်ဆံသည်ဟု ဆိုနိုင်ပါတယ် ။
▪︎ ကဘော်ချိုင့်ဝှမ်း အနောက်အရပ်ရှိ မျဥ်းတဲ ခေါ် ကသည်း လူမျိုးတို့သည် ၁၅ ရာစုတွင် ဒေသတွင်း လူမျိုးစုပြည်ငယ်လေးများကို စုစည်းပြီးလျှင် အင်အားအတန်အသင့်ရှိသည့် " Kangleipak Kingdom " ဘုရင့်နိုင်ငံတော် ဖြစ်လာခဲ့ပါတယ် ။ အဦးဆုံး အနေဖြင့် ၁၄၄၃ တွင် ရှမ်းနယ်ဖြစ်သည့် Akla ( တမူး ဝန်းကျင် ) ကို ကသည်းတို့ စတင် စီးနင်း ပါတယ် ။
၁၄၆၇-၁၄၇၀ ခုနှစ်များတွင် မဏိပူရ / Kangleipak ဘုရင် Senbi Kiyamba သည် မိုးကောင်းစော်ဘွား နှင့် ပူးပေါင်းပြီး ချင်းတွင်းမြစ်ဝှမ်း က ပြည်ငယ်များကို စစ်ဆင် သိမ်းပိုက်ပါတယ် ။ ထို့နောက် မဏိပူရဘုရင် နှင့် Pong ဘုရင် ( မိုးကောင်းစော်ဘွား ) တို့ မင်းနှစ်ပါး တွေ့ဆုံပြီးနောက် ခမ်းပတ် ပြည် အပါအဝင် ကဘော်ချိုင့်ဝှမ်း နှင့် သောင်သွပ်ပြည် အနောက်ခြမ်းကို မဏိပူရ က လည်းကောင်း ၊ သောင်သွပ်ပြည် အရှေ့ခြမ်းမှ စ၍ မိုးကောင်း ကလည်းကောင်း ခွဲဝေယူပြီးလျှင် နယ်နိမိတ်ကို သဘောတူ ကြပါတယ် ။ မဏိပူရ ကသည်းတို့ ယနေ့တိုင် ကဘော်ချိုင်ဝှမ်းကို ပြန်လည် ရယူလိုသည့် " Claim " ၏ အစပင် ဖြစ်သည် ။
▪︎ ဘုရင့်နောင် လက်ထက် ၁၅၅၉ ခုနှစ်တွင် ကသည်းပြည် သို့ ချီရာ ဟံသာဝတီချီတပ် နှင့် ကလေးစော်ဘွား တို့က ကလေးကြောင်း ၊ သြော်စားက ရုဝ ကြောင်း ၊ မြောက်ပိုင်း ရှမ်းစော်ဘွားတို့က စန္ဒားကြောင်း မှသည် သောင်သွပ်သို့ ဝင်သည် ဆိုရာ ကဘော်ချိုင့်ဝှမ်း ကို တောင်ဘက် နှင့် အရှေ့ဘက် ညှပ်၍ ထိုးဖောက် ဝင်ရောက်သည့် သဘော ဖြစ်ပါတယ် ။ ခမ်းပတ်မြို့ အကြောင်းကိုမူ သီးခြားမဖော်ပြထားပါ ။
ညောင်ရမ်းခေတ်လယ်ထိတိုင် သောင်သွပ်သည် နယ်ခြားမြို့ဖြစ်ပြီး မဏိပူရကသည်းတို့သည် ကဘော်ချိုင့်ဝှမ်း ကို လွှမ်းမိုးထားပါတယ် ။ သို့သော် မဏိပူရ ရာဇဝင်အရ ထို ကာလအတွင်း ခမ်းပတ် အပါအဝင် ကဘော်ချိုင့်ဝှမ်းရှိ မြို့ရွာများကို စီးနင်း သည့် ခုနှစ်များကို ဖောဖောသီသီ မှတ်သားထားရာ အပြီးတိုင် သိမ်းပိုက်ပြီး အုပ်ချုပ်ရေး ထူထောင်ထားနိုင်သည် ဟု မဆိုနိုင်ပါ ။ မဏိပူရမင်းတို့ အထွတ်အထိပ်ရောက်သည့် Gharib Niwaz လက်ထက်ရောက်မှသာ ချင်းတွင်းမြစ် သည် အင်းဝ-မဏိပူရ နယ်နမိတ်မျဥ်း ဖြစ်လာသောကြောင့် ကဘော်ချိုင့်ဝှမ်း တခုလုံးကို ထိန်းချုပ်ထားပြီး ဖြစ်လာပါတယ် ။ ကလေးမြို့ ကိုမူ ညောင်ရမ်းဆက် မင်းသားတပါးဖြစ်သူ မင်းရဲကျော်စွာ က ဆက်လက်ထိန်းချုပ်ထားသည်မှာ အလောင်းဘုရား လက်အောက်ထံ ဝင်ရောက်သည် အထိ ဖြစ်ပါတယ် ။ အလောင်းမင်းတရား မဏိပူရသို့ ချီတက်သည့်အခါ ကဘော်ချိုင့်ဝှမ်း အနောက်ဘက် ဝင်ပေါက်တွင် ကင်းစခန်း တခု တည်ခဲ့ပြီး အဆိုပါ ကင်းတပ်ချရာ တပ်မှူးမြို့သည် ယခု တမူးမြို့ ဖြစ်လာပါတယ် ။
▪︎ ကွန်းတောင်းသူကြီးဟောင်း ပုရပိုက်လာ စစ်တမ်းအရ အလောင်းဘုရားလက်ထက်မှသည် ဆင်ဖြူရှင်မင်းတိုင် ခမ်းပတ် မြို့စား စော်ဘွားမှာ စောခန်း ဖြစ်ပါတယ် ။ သို့သော် ထိုစဥ်က ချင်းလူမျိုးများ ခမ်းပတ်ကို တိုက်ခိုက်သဖြင့် စော်ဘွား စောခန်း ကိုယ်တိုင် ချင်းတွင်းမြစ်ကမ်း ပေါ်ရှိ ပန်းယူရွာသို့ တိမ်းရှောင်နေရပါတယ် ။
စစ်တမ်းပါ ခမ်းပတ် နယ်နမိတ်မှာ
" အရှေ့ကို ခရီးတစ်သောင်းကျော်ကွာ သလ္လာဝတီမြစ် အထိ ၊
အရှေ့တောင်ကို ကျွန်းပင်ရပ်လျှို ပလူစဝ ကူးတို့ဆိပ် ၊
တောင်ကို ပင်လုအင်ကြီးကုန်း ကုခွဲကုဝေထိ ၊ အနောက်တောင်ကို သရဘီချင်း ရိုးမတောင်ဆီ ၊
အနောက်ကို တာ၂ထောင်ကွာ ရိုးမတောင်တန်း စကီချင်းတောင် ၊
အနောက်မြောက်ကို ရိုးမတောင် ကောက်ကောက်စင်းစင်းကို လျှောက်၍ နန်းတီးချောင်းဟု ခေါ်သည့် ချောင်းမကြီးတစ်ဖက် ကော့ပလင်ချင်းတောင်ထိ ၊ မဏိပူရ နယ်မြေနှင့် အစပ် ၊
မြောက်ကိုကျွန်းပင်လေးပင် ၊
အရှေ့မြောက်ကို အလျဥ်းကျော်မော် ဥပုသ် တောင်သလ္လာဝတီမြစ်ထိ " ဖြစ်သည် ။
အဆိုပါ ခမ်းပတ်မြို့စီရင်စု အတွင်း ရွာပေါင်း ၃၇ ရွာ ရှိပါတယ် ။
ဤသည်မှာ မြန်မာ သက္ကရာဇ် ၁၂၂၆ ( ခရစ် ၁၇၆၄ ) ကာလ ခမ်းပတ် နယ်နမိတ်ဖြစ်ပြီး ခေတ်ကာလ ကို လိုက်ကာ အပြောင်းအလဲ ရှိမည် ဖြစ်ပါတယ် ။ ကလေးမြို့သမိုင်းအရမူ ခမ်းပတ်ကို ကလေး ( သို့ ) ကာလေး၏ ရံမြို့ အဖြစ်လည်း အချို့သော မူများ၌ တွေ့ရပါတယ် ။
▪︎ ပထမ အင်္ဂလိပ်မြန်မာစစ် အပြီး ရန္တပိုစာချုပ်အရ မဏိပူရသည် အင်္ဂလိပ်မင်း သြဇာခံ ဖြစ်လာပါတယ် ။ စစ်အတွင်း မဏိပူရမင်းသား တပါးဖြစ်သူ Gambhir Singhb သည် မဏိပူရလီဗီးတပ်များ ဖွဲ့စည်းကာ အင်္ဂလိပ်ဘက်မှ စစ်ကူပါတယ် ။ စစ်ပြေငြိမ်းရန် လပိုင်းအလိုတွင် အဆိုပါ တပ်များသည် ကဘော်ချိုင့်ဝှမ်းကို ဝင်ရောက်လာပါတယ် ။
ရန္တပိုစာချုပ် ကို ညှိနှိုင်းကြရာ၌ မြန်မာဘက်က မဏိပူရကို လက်လွှတ်ခံမည် ဖြစ်သော်လည်း ကဘော်ချိုင့်ဝှမ်းကို လုံးဝ လက်မလွှတ်နိုင်ဟု တောင်းဆိုပါတယ် ။ အင်္ဂလိပ်မင်း ကိုယ်စားလှယ် ဘာနေး မှ သမိုင်းမှတ်တမ်းများကို အပြန်ပြန် စိစစ်ပြီးနောက် ကဘော်ချိုင့်ဝှမ်းကို ခရစ်နှစ် ၁၃၇၀ မှ စတင်ပြီး ဗမာမင်းတို့ သြဇာခံ ဖြစ်သည်ဟု လက်ခံလိုက်သောကြောင့် ၁၈၃၄ ခုနှစ်တွင် ကဘော်ချိုင့်ဝှမ်းသည် ကုန်းဘောင်ပြည် အစိတ်အပိုင်း ပြန်ဖြစ်လာပါတယ် ။ မင်းကြီးစွာစော်ကဲ လက်ထက် ကလေး ပြည်ကို ရရှိစဥ်ကပင် ကလေး-ကဘော် ဒေသကို ဗမာမင်းတို့၏ မဏ္ဍလ အဖြစ် အသိအမှတ်ပြုလိုက်သည့် သဘောပါ ။
▪︎ ကုန်းဘောင်ခေတ်နှောင်းတွင်မူ ခမ်းပတ်ကို ကုန်းဘောင် မြို့ဝန် က အုပ်ချုပ်ပြီးလျှင် ခမ်းပတ်မြို့ဝန်သည် အနောက်မြောက်ဒေသ၏ ကင်းတပ်မှူးလည်း ဖြစ်၏ ။ သီပေါမင်း လက်ထက် နိုင်ငံတော်ကို အုပ်ချုပ်ရေး ခရိုင်များအဖြစ် ဖွဲ့စည်းသောအခါ သတ္တမ ချင်းတွင်းကြောင်းခရိုင် ကို ခမ်းပတ်မြို့ဝန်က စီမံရပါတယ် ။ ထင်ရှားသည့် ခမ်းပတ်မြို့စားဝန်ကြီးမှာ ဒိုင်းခင်ခင် ၏ အဘိုး ဖြစ်ပါတယ် ။
ကုန်းဘောင်ခေတ်လွန် ဗြိတိသျှဘားမား ဖြစ်လာသည့် အခါတွင် ကဘော်ချိုင့်ဝှမ်းသည် အထက်ချင်းတွင်းခရိုင်၏ အစိတ်အပိုင်း ကဘော်မြို့နယ်ဖြစ်လာသည် ။ ဒေသတွင်း စော်ဘွားနယ်များဖြစ်သည့် ကလေး မှာ ၁၈၉၂ တွင် ဖျက်သိမ်းခံလိုက်ရသော်လည်း သောင်သွပ်စော်ဘွားနယ် မှာမူ ဗြိတိသျှ အင်ပါယာ လက်အောက်ခံ ပဒေသရာဇ်ပြည် " Princely State " အဖြစ် ဆက်လက် တည်ရှိသွားပါတယ် ။
သမိုင်းတလျှောက် ခမ်းပတ် သည် စော်ဘွားပြည် ဖြစ်ခဲ့ဖူးသော်လည်း ဗမာမင်း ၊ မဏိပူရမင်း ၊ ကလေးစော်ဘွား နှင့် ချင်းလူမျိုး တို့၏ အဘက်ဘက်မှ သြဇာလွှမ်းမိုးခြင်း ၊ စီးနင်းတိုကိခိုက်ခြင်းတို့ကို အမြဲလိုလို ကြုံတွေ့ ခဲ့ရပါတယ် ။
▪︎ ပဒေသရာဇ် ပြည်ထောင်များ ကွယ်ပျောက်သွားပြီး အိန္ဒိယ နှင့် မြန်မာ ဟူ၍ ဖြစ်လာသည့် ၂ နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းသည် ကဘော်ချိုင့်ဝှမ်းကို ဖြတ်သန်း သွားရပါတယ် ။ တမူး-ကလေး အာရှအဝေးပြေး လမ်းပေါ်တွင် ငုတ်တုတ် ထိုင်ထားသည့် ခမ်းပတ်မြို့သည် အချက်အခြာကျသည့် ပွိုင့်နေရာ ဖြစ်ပါတယ် ။ အဆိုပါ လမ်းကြောင်းသည်ပင် ဒုတိယ ကမ္ဘာစစ် အတွင်းက အင်္ဂလိပ်တို့ ဆုတ်ခွာရာလမ်း ဖြစ်ပါတယ် ။
✍️ Augustus Linn
Click here to claim your Sponsored Listing.
Category
Website
Address
Sule
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |