EKA

EKA

Share

17/04/2026

၁၃၈၇-၈၈ ခုနှစ် နှစ်သစ် အခါသမယမှာ လူအများ စိတ်အေးချမ်းသာမှု ရရှိနိုင်ကြပါစေ။

01/01/2026

နှစ်သစ်မှာ အားလုံး မင်္ဂလာရှိသော စိတ်ချမ်းသာ ပျော်ရွှင်ဖွယ်ရာများနဲ့ ကြုံတွေ့ကြပါစေကြောင်း

24/12/2025

It was just an accident

ဆိုတဲ့ ဇာတ်ကားကို မနေ့ညက ကြည့်ဖြစ်တယ်။
ကြည့်နေရင်း သတိထားမိတာက ကျနော်ဟာ ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေတာ မဟုတ်တော့ဘဲ ကိုယ့်ရှေ့မှာ ပြဿနာတစ်ခု ကြုံတွေ့နေကြတဲ့ လူတစ်စုကို ကြည့်နေတာလို့ မြင်ယောင်လာတယ်။ တချို့ဇာတ်ကားတွေလို မင်းသား မင်းသမီးတွေ လှလှပပ ဝတ်စားထားတာမျိုး၊ လှပတဲ့ ရှုခင်းရိုက်ချက်မျိုး စသဖြင့် တစ်ခုမှ မပါဘူး။ နောက်ခံဂီတလည်း သတိထားမိသ‌လောက် ထူးထွေ မပါဘူး။ ဒါ့ကြောင့် ဇာတ်ကားကြည့်နေရတာနဲ့ မတူဘူးလို့ ထင်မိတာ။
ဒီဇာတ်ကားအတွက် ရီဗျူးတွေကို ရှာဖတ်ကြည့်လို့ ရပါတယ်။ ကျနော်‌ သူတို့လောက် ကောင်းအောင် မရေးတတ်ပါဘူး။ ဒီဇာတ်ကားကို အချိန်ပေးပြီး ကြည့်ကြည့်လိုက်ပါ။ အချိန်ကုန်ရကျိုး နပ်ပါလိမ့်မယ်။ ဒါပေမဲ့ ကလေးတွေ၊ ပေါကားကြိုက်သူတွေနဲ့တော့ တွဲမကြည့်ဖို့ ကြိုပြောထားချင်ပါတယ်။ နင့်ကားကလည်း ပျင်းစရာကြီး ဆိုပြီး ထသွားကြပါလိမ့်မယ်။ မြန်မာစာတန်း မထိုးလို့ သူတို့စကား နားမလည်ရင်လည်း တကယ်ပဲ ပျင်းစရာကြီး ဖြစ်နေပါလိမ့်မယ်။
ဒီဇာတ်ကား ကြည့်ပြီးတော့ မရိုးနိုင်တဲ့ လောကဓမ္မတာတချို့ကို ကျနော် ထပ်ပြီး သိလိုက်ရတယ်။ တွေးရင်တွေးသလောက် လေးနက်မှု ရှိစေမယ့် အရာတွေ အများကြီး ရနိုင်ပါလိမ့်မယ်။

- လူတချို့ဟာ 'တူ' ဖြစ်တုန်းတော့ 'နှံ' တတ်ကြပြီး 'ပေ' ဖြစ်လာရင်တော့ 'ခံ' ရမှာ ကြောက်ကြတယ်
- ကိုယ် ယုတ်မာတုန်းကတော့ ပြုံး ကြပြီး ကိုယ့်ကို ပြန် ယုတ်မာကြရင်တော့ မုန်း တတ်ကြတယ်
- လူယုတ်မာဟာ လူယုတ်မာစိတ်ပဲ ရှိတယ်၊ လူကောင်းဟာ လူကောင်းစိတ်ပဲ ရှိတယ်၊ အတင်းလုပ်ယူလို့ မလွယ်ဘူး
- မတော်တဆဆိုတာ မရှိဘူး
- နာကျည်းမှုဟာ သေရာပါတယ်

(ဒီလိုမျိုး နာကျည်းမှုကို ဆမ္မားဆက်မွန်ရဲ့ 'အနိုင်မခံ' ဝတ္ထုတိုမှာ တွေ့ဖူးတယ်၊ ဝတ္ထုထဲက အမျိုးသမီး ဇာတ်ကောင်ကတော့ ဒီဇာတ်ကားထဲက သူတွေထက် ပို နာကျည်းတဲ့သူ ဖြစ်ကြောင်းကို သူ့ရင်သွေး သူသတ်ပြီး ပြသွားခဲ့တယ်)

17/09/2025

စိတ်အမာရွတ်

ဒီမယ်ဗျ။ ခင်ဗျားတို့ ပြောနေကြတဲ့ ဂါရဝေါစ နိဝါ‌တောစ ဆိုတာကို ကျုပ် မသိဘဲ နေမလားဗျာ။ သိတာပေါ့။ ရတနာသုံးပါးတွေ အနန္တော အနန္တ ငါးပါးတွေရဲ့ ယေဘုယျ အဓိပ္ပာယ်ကို ကျုပ်သိပါတယ်။ အာစရိယဂုဏော အနန္တောကိုလည်း သိတယ်။ သိတာမှ တချို့တွေလို ကြီးမှ သိလာတာ မဟုတ်ဘူး။ လူမှန်းသိတတ်စ အရွယ်ကတည်းက သိလာခဲ့တာ။ ဘဝမှာ ဘယ်သူ့ကိုမှ တတ်နိုင်သလောက် ရိုင်းရိုင်းစိုင်းစိုင်း မပြောခဲ့ဖူးဘူး။ မတရားလည်း မလုပ်ခဲ့ဖူးဘူး။ အနိုင်ကျင့်ဖို့ဆိုတာ ဝေလာဝေး။ ကျုပ်ကလေ တော်ရုံ အမှတ်‌သည်းခြေလည်း ရှိတာမဟုတ်ဘူး။ ခွင့်လွှတ်တန်တာ ခွင့်လွှတ်တယ်။ တစ်ခါတလေ အပြစ်ယူမိရင်တောင် ကိုယ့်ကိုယ်ကိုယ် ငါ သေးသိမ်နေသလားလို့ တွေးတတ်တဲ့ကောင်။ မုန့်လေးများ လက်ထဲရှိလို့ အပေါင်းအသင်းတွေ ခွဲကျွေးတဲ့အခါ ကိုယ့်အတွက် မကျန်တော့တဲ့ အဖြစ်မျိုး ကြုံခဲ့တာ ခဏခဏပဲ။

နေဦး။ ကျုပ် အခု ပြောချင်နေတာ ကျုပ် အကြောင်းမဟုတ်ဘူး။ ကျုပ်နဲ့ ကျုပ် ဆရာမ အကြားက အဖြစ်အပျက် တစ်ခုကို ပြောပြချင်တာ။ ဒီလိုဗျာ။ ကျုပ်တို့ ငယ်ငယ်တုန်းကဆို ဆရာမက စာတစ်ပုဒ် ကျက်ခိုင်းလိုက်ရင် နောက်နေ့မှာ ပြန်ဆိုပြရတယ်။ ဆရာမကိုယ်တိုင် မေးတဲ့အခါ ရှိသလို သူတို့ သဘောကျတဲ့ စာတော်တဲ့ သူတချို့ဆီ ဆိုပြခိုင်းတာလည်း ရှိရဲ့။ ဒီလိုနဲ့ တစ်ရက်မှာ ဆရာမက စာတစ်ပုဒ် ကျက်ခိုင်းလိုက်တယ်။ နောက်နေ့ အဲဒီ ဆရာမ အချိန်ပါတယ်။ မေးမှာလည်း သေချာတယ်။ ဒါနဲ့ ကျုပ်လည်း မေးလိုက်ရင် ရနေအောင် အဲဒီညမှာ သေချာ ကျက်မှတ်ရတယ်။ ကျုပ် အဲဒီစာကို အလွတ်ရတယ်ပေါ့ဗျာ။ နောက်နေ့ အဲဒီဆရာမ အချိန်ကျတော့ စာမေးဖို့လုပ်တယ်။ အတန်းထဲမှာ ကျုပ်တို့ ကျောင်းသူ ကျောင်းသားတွေ အားလုံးပေါင်း အယောက် ၄၀ ကျော်လောက် ရှိမယ်။ တကယ်‌တော့ ဆရာမ တစ်ယောက်ရဲ့ စာသင်ချိန်က တစ်နာရီလောက်ပဲ ရှိတယ်။ ဒီအချိန်လေးနဲ့ ဘယ်လိုလုပ်ပြီး လူစေ့ မေးနေနိုင်မှာလဲ။ ဒါကြောင့် ကျပန်းပဲ မေးလေ့ရှိတယ်။ မေးလိုက်လို့ မရရင်တော့ ဆော်ပလော် တီးတယ်။ အပြစ်ပေးတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ ဘာကြောင့်ရယ် မဆိုနိုင်ဘူး။ ဆရာမက ကျပန်း မမေးဘဲနဲ့ ထူးဆန်းတဲ့ စကားတစ်ခွန်းကို ပြောတယ်။ နင်တို့အားလုံး ကျက်ခိုင်းလိုက်တဲ့ စာကို ဆိုကြစမ်း။ ငါ နင်တို့ ပါးစပ်တွေ အကုန်လုံးကို ကြည့်နေမယ်။ ဝါးချတဲ့သူကို ငါ သိတယ်။ ရအောင်ဖမ်းမယ်တဲ့။ အဲဒါကြီးက အဓိပ္ပာယ် မရှိမှန်း ကလေးအရွယ် ကျုပ် တောင် သိတယ်။ ဒါပေမဲ့ ဘာပြောလို့ ရမှာလဲ။ ဆရာမဆိုတာ အနန္တဂိုဏ်းဝင်လေ။ ကျုပ်တို့ကို စာဆိုခိုင်းပြီးတော့ ဆရာမက အတန်းရှေ့ကနေ အားလုံးကို စူးစိုက်ပြီး ကြည့်နေတယ်။ ကျုပ်က ဒုတိယတန်းမှာထိုင်တာ။ တကယ်ဆို ရှေ့ဆုံးကနေ ကြည့်လိုက်ရင် နောက်ကလူတွေရဲ့ ပါးစပ်ကို သေချာမြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူနဲ့ အနီးကပ်ဆုံး ထိုင်နေတဲ့ သူတွေကိုလည်း ငုံ့ကြည့်မှာ မဟုတ်ဘူး။ အဖြစ်နိုင်ဆုံးက လက်တစ်ကမ်းမှာ ထိုင်နေကြတဲ့ သူတွေကိုပဲ အဓိကထားပြီး ကြည့်မယ်လို့ ယူဆရတယ်။ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း။

ကြားဖြတ် ‌‌ပြောရဦးမယ်။ ကျုပ်က ငယ်ငယ်တုန်းက စကားပြောရင် မြန်တယ်။ တစ်ခါတစ်ရံ အမြန်လွန်ပြီး ထစ်တတ်တယ်။ သူများတွေ စာဆိုသလို မဆိုတတ်ဘူး။ မြန်မာပြည်မှာ စာကျက် စာအံနည်းက တစ်လုံးချင်းကို ဆွဲငင်ပြီး ကျက်လေ့ အံလေ့ ရှိတယ်။ ဘုန်းတော်ကြီး ပညာသင် စနစ်ကနေ ဆင်းသက်လာတာကြောင့်လေလား မဆိုနိုင်ဘူး။ စာတစ်ပိုဒ်ကို တော်တော်နဲ့ မပြီးနိုင်ဘူး။ ဥပမာ ‘ကျနော်တို့ရွာမှာ ညောင်ပင်သာရွာ ဖြစ်ပါသည်’ ဆိုတာကို ‘ကျနော်...တို့ ရွာ..မှာ ညောင်ပင်သာရွာ...ဖြစ်..ပါ..သည်’။ ဘုရားစာကိုလည်း အလားတူပဲ ဆွဲငင်ပြီး ဆိုတတ်တယ်။ စာနဲ့ ရေးပြရတာ ခက်တယ်ဗျာ။ ကျုပ် ဆိုလိုတာကို သဘောပေါက်မှာပါ။ ကျုပ်က အဲသလို ဆွဲဆွဲငင်ငင် မဆိုတတ်ဘူး။ စိတ်မရှည်တာပါတယ်။ အဲဒီတော့ စာကို ရွတ်တဲ့အချိန်မှာ ကျုပ်ပါးစပ်က သူများတွေနဲ့ လွဲနေတတ်တယ်။ ဒါက ကျုပ်အထင်ပေါ့လေ။

ဆရာမကတော့ ဘယ်လိုမှန်းဆလဲ မပြောတတ်ဘူး။ ပထမဆုံး သူက ကျုပ်ကို ‘နင်ထွက်’ လို့ ပြောတယ်။ ပြီးတော့ အားလုံးကို ဆက်ဆိုခိုင်းပြီး ‘ဟိုတစ်ယောက် ထွက်’ လို့ လုပ်ပြန်တယ်။ ပြီးတော့ ဆက်ဆိုခိုင်းတယ်။ ဒီလိုနဲ့ သူ ဖမ်းလိုက်တာ လေး ငါး ယောက်‌လောက် ရှိမလား မပြောတတ်ဘူး။ အတန်းရှေ့ကို တစ်ယောက်ချင်းစီ ခေါ်ထုတ်လိုက်တယ်။ ကျုပ်ကို ‌အရှေ့ထွက်လို့ ခေါ်တုန်းက ကျုပ်က ဆရာမကို ‘ဆရာမ ကျနော် စာရတယ်’ လို့ စောဒက တက်တယ်။ ဆရာမက ‘မညာနဲ့ ငါသိတယ်’ လို့ ပြန်ပြောတယ်။ အာစရိယဂုဏော အနန္တော။ ကျုပ် နှစ်ခါ ပြန် မပြောရဲခဲ့ဘူး။ ဒါနဲ့ စာမရဘူး ဝါးချတယ်လို့ ဆရာမ သတ်မှတ်လိုက်တဲ့ ကျုပ် အပါအဝင် ကျောင်းသူ ကျောင်းသား လေး ငါး ယောက် အရိုက်ခံခဲ့ရတယ်။ ကျုပ် အတော်လေး ရှက်မိသလို ခံလည်း ခံပြင်းမိတယ်။ တကယ်ဆို ကျုပ် စာရတယ်ဗျ။ ဆရာမက သူ့စိတ်နဲ့ သူ့ဘာသာ ဆုံးဖြတ်ပြီး အပြစ်ပေးခဲ့တာ။ အရိုက်ခံရတဲ့ နာကျင်မှုကို ကျုပ် လုံးလုံး မမှတ်မိပါဘူး။ စပ်သွားတဲ့ ဒဏ်ရာက နေ့မကူးဘဲ ပျောက်သွားခဲ့တယ် ထင်ပါရဲ့။ ဒါပေမဲ့ အဲဒီနေ့ကိုတော့ အံ့ဩ ဝမ်းနည်းမှုတွေနဲ့ အမြဲတမ်း သတိရ နေခဲ့တယ်။

အဲဒီ အဖြစ်အပျက် ပြီးသွားလို့ နောင်နှစ်ပေါင်း သုံးဆယ်အကြာမှာ...

ဆက်ပါဦးမယ်

စေတနာဖြင့်
ဧက

05/09/2025

ဒီ အမြင်လေးကို ဘာသာပြန်သူ တစ်ယောက်အနေနဲ့ နှစ်သက်မိတယ်။ မူရင်း စာရေးသူရဲ့ သီတာ ဇာတ်ကောင်ကို ဘာသာပြန်နေရင်းနဲ့ ခံစားနားလည်နိုင်အောင် ကျနော်ကြိုးစားခဲ့ရပါတယ်။
ပြောပြရရင် ရှည်သွားမှာမို့က တစ်ကြောင်း၊ မဖတ်ရသေးသူတွေအတွက် မပြောချင်တာက တစ်ကြောင်းမို့ မဖတ်ရသေးသူများ ဒီအညွှန်း‌လေးကိုပဲ အရင်ဖတ်ကြည့်ကြပါ ဆိုတဲ့စိတ်နဲ့ မျှဝေလိုက်ပါတယ်။

စေတနာဖြင့်
ဧက

လွမ်းဖွယ့်မြိုင်လယ်က သီတာ
ဘာသာပြန် - ဧက
မူရင်းရေးသူ - Chitra Banerjee Divakaruni
၂၀၂၅

စာအုပ်အသစ် မဖတ်ဖြစ်၊ မဖတ်ဖြစ်နဲ့ နေလာရာက ဖတ်ပြီးသွားတဲ့ တစ်အုပ်ကျပြန်တော့လည်း စာမျက်နှာ ၅၆၀ ကျော်တဲ့။ သီတာ စာအုပ်ကို အစပိုင်းတွေအချိန်နည်းနည်းယူခဲ့ပြီး အပိုင်း ၁၄ လောက်ကစလို့ ၁ ရက်တည်းအပြီးဖတ်ဖြစ်ခဲ့တယ်။ အဲဒါကလည်း လက်ကမချချင်လောက် အောင်ကို ဇာတ်လမ်းကဆွဲဆောင်ထားလို့ဖြစ်မယ်။

သီတာ စာအုပ်ရဲ့ဇာတ်လမ်းက ကျွန်မတို့ရင်းနှီးပြီးသား ရာမာယဏ ပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် ခေတ်အဆက်ဆက် ကျွန်မတို့
သိလာတဲ့ ရာမဇာတ်မှာ သီတာရဲ့အခန်းကဏ္ဍ၊ မိန်းမသားတွေရဲ့ အခန်းကဏ္ဍ နည်းပါးလွန်းခဲ့တယ်။ ဇာတ်လိုက်ဖြစ်သူ ရာမ ရဲ့ မြင့်မြတ်မှု၊
ဇာတ်ကိုကြွစေတဲ့ ရာဝဏ (ဒဿဂီရိ) ရဲ့အမှောင်ထု၊ ဒါမှမဟုတ်လည်း သစ္စာရှိနောက်လိုက်
ကောင်းဖြစ်တဲ့ လက္ခဏနဲ့ ဟာနုမာန်။ အဲဒါတွေ အားလုံးကြားထဲမှာ သီတာဒေဝီ ရဲ့ အသံက ပျောက်နေခဲ့တယ်။ မချစ်မနှစ်သက်သူရဲ့အဓမ္မ
ခေါ်ဆောင်သွားခံရတဲ့ သီတာ မှာရော ပြောစရာ တွေရှိမနေလောက်ဘူးလား။ အများစုသိထားကြတဲ့ ဇာတ်သိမ်းမှာ ရာမ မင်း က ရာဝဏကို အနိုင်ယူ၊ သီတာဒေဝီကိုပြန်လည်ခေါ်ဆောင်ပြီး
တိုင်းပြည်မင်းပြုအုပ်ချုပ်သွားသတည်းပေါ့။ ဒါပေမဲ့ အိန္ဒိယ မူရင်းဇာတ်တော်မှာ အဲဒါရဲ့
နောက်ဆက်တွဲ ဇာတ်လမ်းကျန်နေပါသေးတယ်။ အချိန်ကြာမြင့်စွာ ရာဝဏရဲ့ ချုပ်
နှောင်ခြင်းခံရတဲ့ သီတာဒေဝီရဲ့ဖြူစင်မှုအကြောင်း သက်သေပြရတာတွေရှိလာခဲ့တယ်။
အဲဒီလိုဇာတ်လမ်းပြောရာမှာတောင် သီတာရဲ့ ဖြူစင်မှုကိုပဲ ချီးမွမ်းဂုဏ်ပြုကြပြီး သီတာ ဘယ်လိုခံစားရလိမ့်မလဲလို့ တွေးတောပေးကြ
တာ ရှားပါတယ်။

အခု စာအုပ်ကတော့ ရာမာယဏ ဇာတ်တော်ထဲက အမျိုးသမီးတွေရဲ့အသံတွေကို မိန်းမသားရှုထောင့်ကနေ အတတ်နိုင်ဆုံး ဖော်ပြထားတဲ့ စာအုပ်လို့ဆိုရမယ်။ Feminist အမြင်အတွေးအခေါ်တွေ၊ ဖောက်ထွက်တဲ့အတွေးတွေ
ပါပါတယ်။ ဒါပေမဲ့ ရာမာယဏကိုပြန်ရေးတာကြောင့် မူရင်းဇာတ်ကြောင်းကို လုံးဝကြီးသွေဖီ
လို့မရတဲ့အတွက် တချို့နေရာတွေမှာတော့ အား
မလိုအားမရဖြစ်ရပြန်တာပါပဲ။ ဒါကိုကပဲ ရသစာပေရဲ့အနှစ်သာရဖြစ်လာတယ်ထင်ပါတယ်။

စကားစပ်လို့ပြောရရင် ကျွန်မ တက္ကသိုလ်မှာ Supervisor က အိန္ဒိယစာပေယဉ်ကျေးမှုကို အထူးပြုလေ့လာသူမို့ သူ့ရဲ့ယဉ်ကျေးမှုအတန်း
မှာ ရာမာယဏ အကြောင်း ဆွေးနွေးခဲ့ဖူးပါတယ်။ Feminism အကြောင်းရောပေါ့။ အဲဒါကြောင့်ပဲ ဒီစာအုပ်ကို ဖတ်ရတော့မယ့်အချိန်မှာ
ကျွန်မ ရင်ခုန်ခဲ့ပါတယ်။

ဒီစာအုပ်မှာ သီတာက ပြောပြတဲ့ပုံနဲ့ သူ့ရဲ့ ဘဝ ဇာတ်ကြောင်း အစအဆုံးကို ရေးပြသွားပါတယ်။ ရာမကိုတော့ ဇာတ်လမ်းတစ်လျှောက်
ရာမ်း လို့ သုံးသွားပါတယ်။ ပြီးတော့ ထူးခြားတဲ့
ဇာတ်ကောင်တွေအနေနဲ့ လက္ခဏရဲ့ ကြင်ရာတော် ဥရ်မိလာ၊ ရာဝဏရဲ့ကြင်ရာတော် မန္ဓောဒရီ၊ ရာမရဲ့မိထွေးတော် မိဖုရား ကေကေယီ၊ သီတာရဲ့မွေးစားမယ်တော် မိဖုရား သုနိုင်နာ၊ ရာဝဏရဲ့ ညီမတော် သုပနာခါ၊ ဘိဘိသန ရဲ့ ကြင်ရာတော် ဆာရာမာ စတဲ့ အမျိုးသမီးတွေပါဝင်လာတယ်။ အဲဒီအမျိုးသမီးတွေမှာလည်း
ပြောပြစရာ ပုံပြင်တွေရှိကြတာချည်းပဲ။ ကြီးမြတ်ပါတယ် ဆိုတဲ့ ဘုရင်မင်းယောက်ျားတွေရဲ့
နံဘေးက အမေ့လျော့ခံ မိန်းမသားတွေမှာလည်း
ခံစားချက်ရှိတယ်၊ ပေးဆပ်မှုရှိတယ်၊ စွန့်လွှတ်မှုရှိတယ်၊ ပြီးတော့ အပြောင်းအလဲတွေကို
ဖန်တီးနိုင်စွမ်းရှိတယ် ဆိုတာကို စာရေးဆရာမ
က သူ့ကလောင်စွမ်းနဲ့ ထင်ထင်ရှားရှားပြသွား
တယ်။

အဲဒါကို မြန်မာ ဘာသာပြန်ပေးတဲ့ လက်ရာက လည်း ကျေနပ်အားရစရာ ကောင်းပါတယ်။ ကျွန်မ မူရင်းဝတ္ထုကိုမဖတ်ဖူးပေမဲ့ ဒီစာအုပ်ထဲက သီတာရဲ့ခံစားချက်ကို အမိအရ ဆုပ်ကိုင်မိပါတယ်။ မယ်တော်တစ်ပါးရဲ့လူဝင်စားမို့ စွမ်းအားတွေရှိပေမဲ့ဒီထဲက သီတာဟာ လူသားဆန်လွန်းခဲ့ပါတယ်။ နူးညံ့ညင်သာလွန်းစွာ ချစ်မြတ်နိုးတတ်ပြီး တခါတလေကျ ခေါင်းမာလွန်းတဲ့ ၊ မာနကြီးတဲ့၊ မဟုတ်မခံတဲ့အပြင် မိန်းမသားတွေရဲ့ မျိုသိပ်ရမှုတွေအကြောင်းကို မေးခွန်းထုတ်တတ်တဲ့ မင်းသမီး၊ မိဖုရား ဖြစ်လာခဲ့ပါတယ်။ အဲဒီလို နူးညံ့ညင်သာတဲ့ ဘက်ခြမ်းရော၊ မာကျောထက်မြက်တဲ့ ဘက်ခြမ်းကိုပါ ဘာသာပြန်တဲ့ ဆရာက လှလှပပ ပြန်ဆိုနိုင်ခဲ့တယ်လို့ထင်ပါတယ်။
(မူရင်းစာသားတွေကလည်း လှပမှာ သေချာပါတယ်)

သီတာရဲ့ရာမ်းအပေါ်ထားတဲ့ ချစ်ခြင်းတွေဟာ
အစကနေအဆုံးထိ တသမတ်တည်းပါပဲ။ မြင်နေကျနဲ့ မတူညီတဲ့ သီတာဒေဝီကို မြင်တွေ့ခွင့်ရခဲ့လို့ ဒီစာအုပ်ကို တော်တော်လေးသဘောကျမိပါတယ်။ အိန္ဒိယဂန္တဝင် ဇာတ်လမ်း
ရှည်ကြီးကို မြိုင်မြိုင်ဆိုင်ဆိုင်ဖတ်ရမှာ သဘောကျရင် ဒီစာအုပ်က ဖတ်သင့်ပါတယ်။

မူရင်း စာရေးဆရာမရဲ့အမှာစာမှာ ပြောထားတာ
လေးလည်း သဘောကျလို့ ပြန်ဖော်ပြပါရစေ။
အိန္ဒိယမှာ လူကြီးသူမတွေက မိန်းကလေးတွေကို ဆုတောင်းပေးရင် “သီတာလိုဖြစ်ပါစေ” လို့
ပြောလေ့ရှိတယ်တဲ့။ ဒီစာအုပ်ဖတ်ပြီးရင်တော့
သီတာလိုဖြစ်ပါစေ ဆိုတဲ့ဆုတောင်းစကားက အဓိပ္ပာယ်သစ်တွေဆောင်ကြဉ်းပေးမယ် ထင်ပါတယ်တဲ့။

အားလုံးပဲ ကြည်သာအေးမြပါစေ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon