APT-Menopause

APT-Menopause

Share

17/04/2026

🎉မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့လေးမှာ ကောင်းမှုအဖြာဖြာနဲ့ပြည့်စုံပြီး ကြည်ရွှင်ကြပါစေကြောင်း APT- Menopause မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏🏻💜

မင်္ဂလာနှစ်သစ်မှ စတင်ကာ စီးပွားလာဘ်လာဘများလည်း ဆထက်တန်ပိုး တိုးပွားအောင်မြင်ပြီး ကိုယ်စိတ်ချမ်းသာကျန်းမာကြပါစေရှင်🙏🏻🙏🏻

28/03/2026

ပါးလျလျဆံသားအတွက် ဒါလေးတွေစားပါ✅

💁🏻‍♀️မီးယပ်သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင် (Estrogen) ဟော်မုန်းလျော့နည်းသွားတာကြောင့် ဆံသားပါးလျခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို အမျိုးသမီးတော်တော်များများ ခံစားရလေ့ရှိပါတယ်။ ဒီအပြောင်းအလဲကို ထိန်းညှိပေးနိုင်ပြီး ဆံကေသာပြန်လည်သန်စွမ်းစေမယ့် စားသုံးရမယ့် အာဟာရဓာတ်တွေကို အောက်ပါအတိုင်း အကြံပြုဖော်ပြပေးလိုက်ပါတယ်ရှင်...

✅ဟော်မုန်းမျှတစေတဲ့ ဖိုက်တိုအီစထရိုဂျင် (Phytoestrogens)ဟာ
ခန္ဓာကိုယ်ထဲက လျော့နည်းသွားတဲ့ အီစထရိုဂျင်ကို သဘာဝအတိုင်း အစားထိုးပေးနိုင်တဲ့ အပင်ထွက်ဓာတ်များဖြစ်လို့ ပဲနို့၊ တို့ဖူး၊ ပဲပိစပ်၊ နှမ်းကြတ်စေ့ နဲ့ နှမ်းစေ့ စတာတွေကို စားသုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးရုံသာမက သွေးဆုံးကိုင်ဝေဒနာတွေကိုပါ သက်သာစေပါတယ်။

✅အသက်အရွယ်အရ ကော်လာဂျင်ထုတ်လုပ်မှု လျော့နည်းလာတာကြောင့် ဆံသားက ပိုပြီးကျိုးပဲ့လွယ်လာတာမလို့ ကြက်စွပ်ပြုတ် (သို့) အရိုးပြုတ်ရည်၊ ငါးအရေခွံ၊ ကြက်ဥအကာစတာတွေကိုလည်း အဓိက စားသုံးပေးပါ။ ပရိုတင်းနဲ့ ကော်လဂျင်ဓာတ်ပြည့်ဝမှသာ ဆံသားခိုင်မာပြီး ဆံပင်အသစ်မြန်မြန်ပေါက်နိုင်မှာမို့ပဲဖြစ်ပါတယ်။

✅သွေးဆုံးပြီးချိန်မှာ ဗီတာမင်ဒီ ချို့တဲ့ရင် ဆံပင်ပါးတာ ပိုသိသာတတ်ပါတယ်။ Vitamin D ဟာ ဆံပင်အိတ် (Hair Follicles) အသစ်လေးတွေ ဖြစ်ပေါ်ဖို့ ကူညီပေးပါတယ်။ ငါးကြီးဆီ၊ အဆီများတဲ့ငါး (ဥပမာ: ငါးသလောက်၊ ဆယ်လ်မွန်ငါး)၊ မှိုအမျိုးမျိုးနဲ့ နံနက်ခင်း နေရောင်ခြည်ခံယူခြင်း စတာတွေကို စားသုံးလုပ်ဆောင်ပေးသင့်ပါတယ်

✅Zincဓာတ်ဟာလည်း ဆံပင်ဆဲလ်တွေ အသစ်ဖြစ်ပေါ်ဖို့နဲ့ ဆံပင်မှာရှိတဲ့ အဆီဂလင်းလေးတွေ ပုံမှန်အလုပ်လုပ်ဖို့ ကူညီပေးတဲ့အတွက် Zinc ဓာတ်ပါဝင်တဲ့ ကမာ၊ ခရု၊ အမဲသား၊ ဂျုံကြမ်းနှင့် ဒိန်ချဉ်စသည်တို့ကိုလည်း စားပေးဖို့လိုအပ်ပါတယ်။

✅သွေးဆုံးချိန်မှာ ဦးရေပြား ခြောက်သွေ့တာနဲ့ ဆံသားကြမ်းတာတွေကို ကာကွယ်ပေးတဲ့Omega 3 နဲ့ ကျန်းမာ‌စေတဲ့အဆီများဖြစ်တဲ့ သစ်ကြားသီး၊ ထောပတ်သီး၊ သံလွင်ဆီစသည်တို့ကလည်း ဆံသားကို သဘာဝအတိုင်း စိုပြေတောက်ပစေပါတယ်။

✅Biotin ဟာ ဆံပင်သန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး ဆံသား ကျိုးပဲ့လွယ်ခြင်းမှ ကာကွယ်ပေးတာဖြစ်လို့ အစေ့အဆံများဖြစ်တဲ့ (နေကြာစေ့၊ ဖရုံစေ့)၊ ဗာဒံစေ့ (Almond) နှင့် ကန်စွန်းဥစတာတွေကို စားသုံးပေးဖို့လိုပါတယ်။

✅အိုမင်းရင့်ရော်မှုဖြစ်စေတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးပြီး ဆံ‌ကေသာကျန်းမာရေးကို ကာကွယ်ပေးတဲ့ Antioxidantsကြွယ်ဝတဲ့အသီးအနှံများဖြစ်တဲ့ ဘယ်ရီသီးများ (Blueberries, Strawberries)၊ ဟင်းနုနွယ်၊ ကိုက်လန်နှင့် ဗီတာမင်စီ ကြွယ်ဝပြီး အချဉ်ဓာတ်ရှိတဲ့ အသီးအနှံများကိုစားသုံးပေးပါ။

✅သွေးဆုံးပြီးချိန်မှာတောင် ခန္ဓာကိုယ်ထဲ သံဓာတ် (Iron) လုံလောက်ဖို့ လိုအပ်တာမို့ ပဲနီလေးနဲ့ နီရဲတဲ့အသားတွေကိုလည်း သင့်တင့်ရုံ စားပေးဖို့ လိုပါတယ်။

❣️သွေးဆုံးချိန် စိတ်ဖိစီးမှုကလည်း Cortisol ဟော်မုန်းကို မြင့်တက်စေပြီး ဆံပင်ကို ပိုကျွတ်စေလို့ ယောဂကျင့်ခြင်း ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းက ကူညီပေးနိုင်ပါတယ်။

သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးကာလများမှာဖြစ်တတ်တဲ့ ဆံပင်ပါးလျခြင်းကို အထက်ကအကြံပြုဖော်ပြထားတဲ့ အာဟာရဓာတ်တွေကို ပိုမို အလေးထားစားသုံးပြီး စား‌သောက်နေထိုင်မှုပုံစံလေးကို အနည်းငယ်လေး ပြောင်းလဲလိုက်ရုံနဲ့ အကောင်းဆုံး ကာကွယ်ကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်ရှင် 🥰💜

01/03/2026

ပူပြင်းတဲ့ရာသီမှာ Menopause ဝေဒနာသက်သာစေနည်းများ 💡

နွေရာသီရဲ့အပူရှိန်နဲ့ သွေးဆုံးကိုင်ဝေဒနာ (Menopause Symptoms) တို့ ပေါင်းစပ်လိုက်တဲ့အခါ အမျိုးသမီးများအတွက် ခံစားရခက်ပြီးနေမထိထိုင်မသာ ဖြစ်စေနိုင်သလို အထူးသဖြင့် ရုတ်တရက် အပူဟပ်ခြင်း (Hot Flashes) နဲ့ ညဘက် ချွေးထွက်ခြင်း (Night Sweats)တွေက ပိုဆိုးလာတတ်ပါတယ်။
ဒီဝေဒနာတွေကို သက်သာစေဖို့ အောက်ပါနည်းလမ်းကောင်းလေးတွေကို ကျင့်သုံးလုပ်‌ဆောင်ကြည့်ပါနော် 💜

✅အစားအသောက်နဲ့ ရေဓာတ်ပြည့်ဝ‌ဖို့ကို ဂရုစိုက်ပါ - ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့ ရေအေးအေး (သို့) အခန်းအပူချိန်ရှိတဲ့ ရေကို တစ်နေလုံး ပုံမှန်သောက်ပေးပါ။
- ကဖင်းဓာတ်ပါဝင်တဲ့ကော်ဖီ၊ လက်ဖက်ရည်၊ အရက်သေစာနဲ့ စပ်လွန်းတဲ့ အစားအစာတွေက Hot Flashes ကို ပိုဆိုးစေလို့ နွေရာသီမှာ လျှော့စားသင့်ပါတယ်။
-ပဲနို့၊ တို့ဟူး စတဲ့ ပဲအမျိုးမျိုးကို ရွေးချယ်စားသုံးခြင်းကတော့ ဟော်မုန်းဓာတ်ကို အနည်းငယ်မျှတစေပြီး အပူဟပ်ခြင်းကို သက်သာစေပါတယ်။

✅ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်မှုပုံစံတို့ကို အပြောင်းအလဲလုပ်ပေးပါ။ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်ယူမှုအားကောင်းတဲ့ ချည်သားအဝတ်အစားပွပွလေးတွေကို ဦးစားပေးဝတ်ဆင်ပါ။
-အပြင်သွားတဲ့အခါ အင်္ကျီပါးပါးလေးတွေကို ထပ်ဝတ်သွားရင် အပူဟပ်လာတဲ့အခါ အလွယ်တကူ ချွတ်ထားနိုင်မှာ ဖြစ်ပါတယ်။
- ရုတ်တရက် အပူချိန်တက်လာတဲ့အခါ ချက်ချင်း အအေးခံနိုင်ဖို့ လိုတာကြောင့် ယပ်တောင် (သို့) လက်ကိုင်ပန်ကာလေးကို ဆောင်ထားပါ💡

✅Night Sweats မဖြစ်ဘဲကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ပိုးသား (သို့) ချည်သား အိပ်ရာခင်းတွေကို အသုံးပြုပေးပြီး အိပ်ခန်းကို တတ်နိုင်သမျှ လေဝင်လေထွက်ကောင်းအောင် ထားပါ။

✅Hot Flashes ဖြစ်လာပြီ၊ အပူဟပ်လာပြီလို့ ခံစားရတာနဲ့ အသက်ကို ခပ်မှန်မှန်နဲ့ ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပေးခြင်းကလည်း အာရုံကြောကို ငြိမ်သက်စေပြီး အပူရှိန်ကို လျော့ကျစေပါတယ်။

✅ယောဂကျင့်ခြင်းလိုမျိုး နူးညံ့တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကလည်း ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ စိတ်တိုတာ၊ စိုးရိမ်ပူပန်တာတွေကို သက်သာစေပါတယ်။

👩🏻အမျိုးသမီးတိုင်း ပူပြင်းတဲ့နွေရာသီမှာ ‌မီးယပ်သွေးဆုံးကိုင် လက္ခဏာတွေကင်းဝေးသက်သာပြီး ပျော်ရွှင်လှပတဲ့ နွေရာသီကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🙏🏻🥰

22/02/2026

ရာသီဆည်းဆာ အဆစ်အမြစ်ကိုက်ခဲနာ‼️

အသက် ၄၀ကျော်မီးယပ်‌သွေးဆုံးချိန်ကစလို့ အမျိုးသမီးတို့မှာခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာတတ်တဲ့ လက္ခဏာ‌တွေထဲမှာ အဆစ်အမြစ် ကိုက်ခဲခြင်း (Joint Pain) ကတော့ အဖြစ်အများဆုံးနဲ့
ခံစားရခက်တဲ့ လက္ခဏာတစ်ရပ်ပါပဲ...

အဆစ်အမြစ်ကိုက်ခဲတာဖြစ်ရခြင်းက ခန္ဓာကိုယ်ထဲမှာ အရိုးအဆစ်တွေကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ Estrogen (အီစထရိုဂျင်) ဟော်မုန်းပမာဏက သွေးဆုံးချိန်ကစပြီး လျော့နည်းသွားလို့ ဖြစ်ပါတယ်။

အဆစ်အမြစ်ကိုက်ခဲမှုဝေဒနာကို လုံးဝပျောက်ကင်းအောင် လုပ်ဖို့ခက်ပေမယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့ သိသိသာသာ သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။ အဆစ်အမြစ် ကိုက်ခဲမှုကို လျော့ပါးသက်သာစေမယ့် နည်းလမ်းတွေကတော့

✅အာဟာရပြည့်ဝစွာ စားသုံးပါ -
အရိုးအဆစ်သန်မာဖို့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကယ်လ်ဆီယမ် (Calcium) ဓာတ်လုံလောက်စွာရရှိဖို့အတွက် နွားနို့၊ ဒိန်ချဉ်၊ ပဲပြား၊ ငါးသေးသေးလေးများနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။
ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်ဖို့ Vitamin Dကိုလည်း လိုအပ်တာမလို့ မနက်ခင်း နေပူစာလှုံတာ ဒါမှမဟုတ် ဖြည့်စွက်စာ သောက်သုံးတာမျိုး လုပ်သင့်ပြီး
Omega-3 ငါးကြီးဆီဟာလည်း အရိုးအဆစ် ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်...

✅ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ- အဆစ်တွေကို ဒဏ်မဖြစ်စေတဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂ (Yoga) ကျင့်ခြင်းတွေက အဆစ်အမြစ် တောင့်တင်းမှုကို ပြေလျော့စေသလို ကိုယ်အလေးချိန် ထိန်းညှိခြင်းကလည်း ဒူးဆစ်နဲ့ ခါးအဆစ်တွေပေါ် သက်ရောက်တဲ့ ဖိအားကို လျော့ကျစေပါတယ်။

✅ရေဓာတ် လုံလောက်စွာ ဖြည့်တင်းပါ-
ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ရင် အဆစ်တွေကြားက Lubricant တွေ လျော့နည်းလာပြီး ပိုမိုကိုက်ခဲတတ်ပါတယ်။ ဒါ့ကြောင့်💧တစ်နေ့ကို ရေ (၂) လီတာခန့် သောက်ပေးပါ။

✅အဆစ်တွေ ကိုက်ခဲတောင့်တင်းနေရင် ရေနွေးအိတ် ကပ်ပေးလို့ရသလို ရောင်ရမ်းပြီး ပူနေရင်တော့ ရေခဲ‌လေးကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေပါတယ်။

✅စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်က Cortisol ဟော်မုန်း ထွက်လာပြီး ရောင်ရမ်းမှုကို ပိုဆိုးစေလို့ တရားထိုင်တာ ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။

‼️ကိုက်ခဲတာက ရေရှည်ကြာနေရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆွေးနွေးမှုခံယူကုသသင့်ပါတယ်ရှင်

ဒီအချက်‌လေးတွေကို ဖြည်းဖြည်းချင်း ကျင့်သုံးလုပ်ဆောင်ကြည့်ပြီး အမျိုးသမီးများအားလုံး အဆစ်အမြစ်ကိုက်ခဲနာတွေကနေ ကင်းဝေးကာ ရာသီဆည်းဆာအချိန်ကို အလှပဆုံးနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင် 🥰💜

08/02/2026

မိမိကိုယ်ကို ပိုချစ်ရမယ့် ရာသီဆည်းဆာဒီချိန်ခါ 💜

"ဆည်းဆာချိန်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ မီးယပ်သွေးဆုံးချိန်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အဆုံးသတ်တစ်ခုမဟုတ်ဘဲ "မိမိကိုယ်ကို ပိုဂရုစိုက်ပြီး အသစ်ကပြန်စရမယ့် အခန်းကဏ္ဍသစ်တစ်ခု" သာ ဖြစ်ပါတယ်ရှင် 🥰

မီးယပ်သွေးဆုံးတာဟာ အိုမင်းခြင်းရဲ့ လက္ခဏာမဟုတ်ဘဲ ခန္ဓာကိုယ်က "အနားယူဖို့နဲ့ မိမိကိုယ်ကို ပြန်ချစ်ပေးဖို့" သတိပေးလိုက်တဲ့ နူးညံ့တဲ့ ဖိတ်ခေါ်သံလေးဖြစ်လို့

🌷ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တိုတာ၊ အိပ်မပျော်တာ၊ ပူကနဲအေးကနဲ ဖြစ်တာတွေဟာ မိမိအပြစ်မဟုတ်ဘဲ သဘာဝဖြစ်စဥ်သာဖြစ်တာကို လက်ခံပြီး ဒီပြောင်းလဲမှုတွေကို စိတ်ရှည်ရှည်နဲ့ နားလည်လက်ခံပေးတာဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းရဲ့ ပထမဆုံးခြေလှမ်းပါပဲ.

🌷ကိုယ်တိုင်ကျန်းမာမှ ချစ်ရတဲ့သူတွေကို ဆက်လက် စောင့်ရှောက်နိုင်မှာမလို့ ဒီအချိန်မှာ အရိုးအဆစ်နဲ့ နှလုံးကျန်းမာရေးက အရေးကြီးဆုံးဖြစ်လို့ အာဟာရပြည့်ဝတာလေးတွေ ရွေးချယ်စားပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ဆောင်ပေးပါ..

🌷 တစ်သက်လုံး မိသားစုနဲ့ ပတ်ဝန်းကျင်အတွက် ပေးဆပ်ခဲ့ပြီးအခုအချိန်ဟာ ကိုယ်ဝါသနာပါတာလေးတွေ ပြန်လုပ်ဖို့၊ ကိုယ်ပျော်တဲ့အရာလေးတွေကို ရွေးချယ်ဖို့ အကောင်းဆုံးအချိန်ဖြစ်လို့ မိမိစိတ်ချမ်းသာမှုကို ရှေ့တန်းတင်ပေးပါ။

💡လက်တွေ့လုပ်ဆောင်နိုင်မယ့် အချက်လေးတွေကတော့
💁🏻‍♀️Hot flashes ဖြစ်ခြင်းကို သက်သာစေဖို့ ရေများများသောက်ပေးပြီး အေးမြတဲ့ ဝတ်စုံတွေကို ရွေးချယ်ပါ။
💁🏻‍♀️စိတ်ဖိစီးမှုကို လျှော့ချပေးဖို့တရားမှတ်ပါ သို့မဟုတ် ဝါသနာပါရာ စာဖတ်ပါ။
💁🏻‍♀️တစ်ဦးတည်း အထီးကျန်တယ်လို့ မခံစားရ‌အောင် အားလပ်ချိန်မှာအပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ စကားပြောပြီး အချိန်ကုန်ဆုံးပါ။

နေဝင်ချိန်ဟာ လှပသလို၊ သွေးဆုံးချိန်ဆိုတဲ့ ဆည်းဆာကာလဟာလည်း ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတွေနဲ့ ပြည့်နှက်နေတာမလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိတဲ့ ဒီခရီးစဉ်မှာ မိမိကိုယ်ကို ဂရုစိုက်ပြီး ပိုချစ်ပေးတာကလည်း အရေးပါလို့ အမျိုးသမီးတိုင်း ကျန်းမာလှပစိတ်ချမ်းသာစေမှာအမှန်ပါပဲရှင် 🥰💜

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 32, Manawhari Road, Dagon Township
Yangon
11191