Better Home - MM
10/01/2023
နေ့စဉ်ချက်ပြုတ်နေတဲ့နည်းလမ်းတွေက သန့်ရှင်းကျန်းမာပါရဲ့လား?
နည်းလမ်းအမှားတွေကို အမှန်ထင်ပြီး လိုက်နာနေမိရင် ရေရှည်မှာ ဆိုးကျိုးတွေဖြစ်လာပါလိမ့်မယ်
ဒါကြောင့် မိသားစုအတွက် သန့်ရှင်းကျန်းမာတဲ့ဟင်းလျာတွေ ဖန်တီးနိုင်ဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပြီး လိုက်နာပေးပါနော်
◼ သားစိမ်းငါးစိမ်းတွေကို ရေသိပ်မဆေးပါနဲ့
အမဲသား၊ ကြက်သား၊ ဝက်သား စတဲ့သားစိမ်းငါးစိမ်းတွေကို ရေနိုင်နိုင်ဆေးလိုက်ရင် ဘက်တီးရီးယားပိုးမွှားတွေ သန့်ရှင်းသွားလိမ့်မယ်လို့ အထင်မှားတတ်ကြပါတယ်။ အမှန်တော့ သားစိမ်းငါးစိမ်းပေါ်က ဘက်တီးရီးယားပိုးတွေက ရေဆေးရုံနဲ့ပြောင်မသွားပါဘူးနော်။ ရေဆေးလိုက်ရင် ဘက်တီးရီးယားတွေက ဘေစင်၊ ပန်းကန်ခွက်ယောက်တွေပေါ်အထိ ပြန့်ကျဲသွားပြီး မီးဖိုခန်လေးညစ်ပတ်သွားမှာပါ။ အပူနိုင်နိုင်ပေးပြီး ချက်ပြုတ်လိုက်ရင် ဘက်တီးရီးယားပိုးတွေ သူ့အလိုလိုပျောက်ကွယ်သွားပါလိမ့်မယ်။
◼ စဉ်းနှီတုံးကို တစ်ခုထဲရောမသုံးပါနဲ့
အသားငါးခုတ်ထစ်ဖို့နဲ့ ဟင်းသီးဟင်းရွက်လှီးဖြတ်ဖို့ စဉ်းနှီတုံးတစ်ခုထဲရောသုံးနေတယ်ဆိုရင် ဒီနေ့ကစပြီး ရပ်တန့်ဖို့လိုအပ်ပါတယ်။ အသားငါးမှာပါတဲ့ ဘက်တီးရီးယားတွေ ဟင်းသီးဟင်းရွက်တွေပေါ်မှာ ကပ်ညိသွားရင် အစားအသောက်တွေ သန့်ရှင်းမှာမဟုတ်တော့ပါဘူး။ ဟင်းသီးဟင်းရွက်ကျက်တဲ့အပူချိန်က ဘက်တီးရီးယားပိုးတွေကိုမသေစေနိုင်ပါဘူး။ ဒါကြောင့် မီးဖိုခန်းတစ်ခုမှာ အနည်းဆုံးစဉ်းနှီတုံးနှစ်ခု ရှိထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ဒီနေ့ခေတ်ပလတ်စတစ်ဘုတ်ပြားတွေထက် သစ်သားစဉ်းနှီတုံးတွေကို ဦးစားပေးပြီး အသုံးပြုစေချင်ပါတယ်။
◼ ထမင်းကျန်ဟင်းကျန်တွေကို နေ့မကူးပါစေနဲ့
မနက်ခင်းကချက်တဲ့ ထမင်းဟင်းတွေကို ညနေဘက်မှာစားသုံးတာက သိပ်ပြဿနာမရှိပေမယ့်လည်း ညဘက်မှာချက်ထားတာတွေကို နောက်နေ့မနက်မှာ မစားသုံးသင့်တော့ပါဘူး။ နေ့ကူးသွားတဲ့ ထမင်းကျန်ဟင်းကျန်တွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ မှို၊ ဘက်တီးရီးယားတွေ ပေါက်ဖွားနေပါပြီ။ ပြီးတော့ ထမင်းဟင်းတွေကို ရေခဲသေတ္တာထဲထားရုံနဲ့ မှို၊ ဘက်တီးရီးယားတွေကို မတားဆီးနိုင်ပါဘူးနော်။ ဒါကြောင့်ထမင်းကျန်ဟင်းကျန်တွေကို နေ့မကူးအောင် ဂရုစိုက်သင့်ပါတယ်။
◼ လက်ဆေးဖို့မမေ့ပါနဲ့
အိမ်ရှင်မတော်တော်များများက ချက်ပြုတ်ပြီးမှ လက်ဆေးကြတာများပါတယ်။ ကိုယ့်ရဲ့လက်မှာလည်း မမြင်ရတဲ့ဘက်တီးရီးယားတွေ ကပ်ညိနေနိုင်တာကြောင့် ချက်ပြုတ်မယ့်ဟင်းလျာတွေကို မကိုင်တွယ်ခင်မှာလည်း လက်ဆေးပေးဖို့ လိုပါတယ်။ ဒါကြောင့် မီးဖိုခန်းထဲရောက်ရောက်ချင်း အရင်ဆုံး လက်ဆေးဖို့မမေ့ပါနဲ့။ လက်ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ ပြောင်စင်အောင်ဆေးကျောပေးသင့်ပါတယ်။
◼ ဟင်းချက်နည်းစာအုပ်တွေကို မျက်စိမှတ်မယုံပါနဲ့
ဟင်းချက်နည်းစာအုပ်တွေ၊ TV မှာလာတဲ့ ဟင်းချက်နည်းအစီအစဉ်တိုင်းကို မျက်စိမှိတ်ပြီးမယုံသင့်ပါဘူး။ တချို့နာမည်ကြီးစားဖိုမှုးတွေက ဆန်းဆန်းပြားပြားဟင်းလျာတွေ ချက်ပြတတ်ပါတယ်။ ဒီလိုဟင်းလျာတော်တော်များများက သတ်မှတ်အာဟာရစံချိန်စံညွှန်းနဲ့ မကိုက်ညီပါဘူး။ အသီးအနှံ/ အသားငါးတွေရဲ့ အာဟာရဓာတ်၊ ကယ်လိုရီတွေကို ကိုယ်တိုင်တွက်ချက်ပြီး ပုံမှန်နည်းလမ်းလေးအတိုင်း ချက်ပြုတ်တာက အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲနော်။
◼ ကြက်ဥတွေကို ရေခဲသေတ္တာတံခါးမှာ မထားပါနဲ့
အိမ်တော်တော်များများကို ကြည့်လိုက်ရင် ကြက်ဥတွေကို ရေခဲသေတ္တာတံခါးမှာ ထားတာကိုတွေ့ရမှာပါ။ အမှန်တော့ ရေခဲသေတ္တာတံခါးမှာ ကြက်ဥတွေမထားသင့်ပါဘူး။ FDA က ထုတ်ပြန်တဲ့ စံချိန်စံညွှန်းတွေအရ ရေခဲသေတ္တာတံခါးရဲ့အပူချိန်က ကြက်ဥတွေအတွက်လုံးဝမသင့်တော်ပါဘူး။ အသားငါးနဲ့ အသီးအရွက်တွေလိုမျိုးပဲ ကြက်ဥတွေကိုလည်း တာရှည်ခံအောင် ရေခဲသေတ္တာအတွင်းခန်းထဲမှာပဲ သိမ်းဆည်းပေးရပါမယ်။
ဒီအချက်တွေကို နေ့စဉ်ပြုလုပ်မိနေရင် ကိုယ့်အတွက်ရော မိသားစုအတွက်ပါ ဆိုးကျိုးတွေရှိလာနိုင်တာမို့ ဒီနေ့ကစပြီး ရှောင်ကျဉ်လိုက်တော့နော်
အမှားကိုပြင်ပြီး နည်းလမ်းအမှန်အတိုင်းလိုက်နာတာက နောက်ကျတယ်လို့မရှိပါဘူး
🥰 နောက်လည်း အိမ်ရှင်မတိုင်းအတွက် ဒီလိုဗဟုသုတရစရာအချက်လေးတွေ တင်ဆက်ပေးသွားမှာမို့ Better Home MM ကို Like & Follow လုပ်ထားလိုက်တော့နော်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon