Marxist Study Desk
14/08/2023
An Introduction to Dialectical Materialism _ Part II
အနုပဋိလောမနဲ့ တက္ကဗေဒ (ဒိုင်ယာလက်တစ်နဲ့ မက်တာဖစ်ဇစ်)
ဂရိတွေးခေါ်ရှင်ကြီးတွေဟာ အမျှော်အမြင်ကြီးကြီးနဲ့ပဲ တခြားသိပ္ပံပညာရပ်တွေ နည်းတူ အနုပဋိလောမ(ဒိုင်ယာလက်တစ်)ကို နောက်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်မှန်းခဲ့ကြတယ်။ ဒါပေမဲ့ ဒီမျှော်လင့်ချက်ကို ယုတ္တိတန်တဲ့ နိဂုံးချုပ်ချက်တခုဆီ ရောက်တဲ့အထိတော့ သူတို့ကိုယ်တိုင် သယ်ဆောင်နိုင်ခဲ့ခြင်း မရှိဘူး။ ဒီလိုဖြစ်ရတာက အဲဒီကာလမှာ ကုန်လုပ်စွမ်းအားစုတွေ ဖြစ်ပေါ်တိုးပွားမှု နိမ့်ကျနေသေးတာရယ်၊ စကြဝဠာလောကဓါတ်ကြီး ဘယ်လို လည်ပတ်အလုပ်လုပ်နေသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကျကျ ပြည့်ပြည့်စုံစုံ မသိသေးတာရယ်ကြောင့်ပဲ။ သူတို့ရဲ့ အတွေးအမြင်က အနည်းနဲ့အများ မှန်သင့်သလောက် မှန်တဲ့ ယေဘုယျကျကျ ရုပ်ပုံလွှာကိုတော့ ထုတ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ သိပ္ပံနည်းကျ ဖော်ထုတ်ထားတဲ့ သဘောတရားတွေထက် စိတ်ကူးကွန့်မြူးထားတဲ့ ခန့်မှန်းချက် သဘောမှာ ပိုရှိခဲ့တယ်။ လူသားတွေးခေါ်မှုကို ရှေ့တန်းပိုရောက်စေဖို့အတွက် စကြဝဠာလောကဓါတ်ကို ခြုံငုံနားလည်ဖို့ကြိုးစားတဲ့ နည်းလမ်းဟောင်းတွေကို စွန့်ပစ်ဖို့ လိုအပ်ခဲ့တယ်။ အပြုံလိုက်ကြီး ဖြစ်နေတဲ့ အချက်အလက်တခုချင်းဆီကို စုဆောင်းခြင်း၊ မျိုးတူစုခြင်းနဲ့ ဆိုင်ရာအညွှန်းတပ်ခြင်းခြင်း၊ နောက် သီးခြားသီအိုရီတခုချင်းဆီကို လက်တွေ့စမ်းသပ်ချက်နဲ့ ဆန်းစစ်ခြင်း၊ အဲဒီကနေမှ အဓိပ္ပါယ်ဖွင့်ဆိုခြင်း စသည်ဖြင့် အဲဒီလို ပိုသေးငယ်ပြီး သာမန်ဆန်တဲ့ အလုပ်တွေမှာ အာရုံစူးစိုက်ထားဖို့ လိုအပ်ခဲ့တယ်။
ဒီလို လက်တွေ့ဆန်တဲ့၊ experimental ဖြစ်တဲ့၊ အချက်အလက်အခြေပြုတဲ့ ချဉ်းကပ်နည်းက လူသားရဲ့ တွေးခေါ်မှုနဲ့ သိပ္ပံပညာကို တဟုန်ထိုး တိုးတက်စေခဲ့တယ်။ သဘာဝတရားရဲ့ အလုပ်လုပ်ပုံကို စူးစမ်းတဲ့အခါမှာ ပြဿနာတရပ်ချင်းဆီကို ခွဲခြမ်းစိတ်ဖြာ၊ ကောက်ချက်တခုချင်းကို ပြန်ဆန်းစစ်တဲ့နည်းတွေနဲ့ သိပ္ပံနည်းကျ စူးစမ်းလေ့လာလို့ ရသွားပြီ။ ဒါပေမဲ့ ဒီလိုစူးစမ်းလေ့လာတဲ့ ဖြစ်စဉ်အတွင်းမှာ အရင်က နည်းဟောင်းဖြစ်တဲ့ အရာဝတ္ထုတွေကို သီးခြားဆီမဟုတ်ဘဲ ဆက်နွှယ်မှုအဖြစ် ရှုမြင်နိုင်စွမ်း၊ ငြိမ်သက်နေတဲ့ပုံစံမဟုတ်ဘဲ လှုပ်ရှားရွေ့လျားနေမှုအဖြစ် ရှုမြင်နိုင်စွမ်း၊ အသက်မဲ့နေတဲ့ပုံစံမှာ မဟုတ်ဘဲ သက်ဝင်လှုပ်ရှားနေမှုအဖြစ် ရှုမြင်နိုင်စွမ်းတွေကို ဆုံးရှုံးဘိုက်ရတယ်။ အဲဒီကနေ နောက်ဆက်တွဲအဖြစ် ကပ်ပါလာတဲ့ ကျဉ်းမြောင်းသော လက်တွေ့အသားပေး တွေးခေါ်မှုပုံစံကို မက်တာဖစ်ဇစ် ချဉ်းကပ်နည်းလို့ ခေါ်တယ်။ ဒီချဉ်းကပ်နည်းက ခေတ်သစ် အရင်းရှင်အဘိဓမ္မာနဲ့ သိပ္ပံပညာကို အခုထိ ဩဇာညောင်း လွှမ်းမိုးမှု ရှိနေတုန်းပဲ။ ဟာရိုးလ်ဒ်ဝီလ်ဆင်ရဲ့ နာမည်ကျော် (အလုပ်ဖြစ်တယ်ဆိုရင် အဲဒီဟာက မှန်တယ်ဆိုတဲ့) လက်တွေ့သက်သက်ဝါဒ Pragmatism နဲ့ “အချက်အလက်တွေ”ကို တသမတ်တည်း အသားပေးမှုဟာ နိုင်ငံရေးကဏ္ဍမှာ မက်တာဖစ်ဇစ်ရဲ့ အရိပ်လာထင်မှု ဖြစ်တယ်။
ဒါပေမဲ့ အချက်အလက် (fact)တွေဟာ သူတို့ဟာသူတို့ ရွေးချယ်တာ မဟုတ်ဘူး။ လူတဦးချင်းဆီက ရွေးချယ်တာ ဖြစ်တယ်။ သူတို့ကို စီစဉ်ထားတဲ့ ဖွဲ့စည်းမှုနဲ့ အစီအစဉ်တွေ၊ ဒီပေါ်ကနေ ပြန်ဆွဲထုတ်တဲ့ ကောက်ချက်တွေဟာ လူတဦးချင်းဆီ တင်ကူးကြံဆထားတဲ့ အယူအဆ သဘောထားတွေအပေါ် လုံးဝမှီခိုနေတယ်။ ဒါကြောင့် ဒီလို “အချက်အလက်တွေကို” ဇန်းတင်မှုမျိုးဟာ (ဖြစ်ရမှာကတော့ သိပ္ပံနည်းကျ ဘက်မလိုက်တဲ့ ယူဆချက်တွေကို သယ်ဆောင်ရမှာ ဖြစ်တယ်ဆိုပေမဲ့လည်း) ဒီအချက်အလက်တွေကို ပြန်ပြောသူရဲ့ ကနဦး တင်ကူးကြံဆချက် ဥပါဒါန်တွေကို ဖုံးကွယ်ပေးထားတဲ့ မျက်နှာဖုံးသက်သက် ဖြစ်နေလေ့ရှိတတ်တယ်။
ဒိုင်ယာလက်တစ်ကကျတော့ Fact တွေချည်း သီးသန့်သွားတာမျိုးမဟုတ်ဘဲ၊ အချက်အလက်တွေကို ချိတ်ဆက် ဆက်နွှယ်မှုပုံစံအတွင်း၊ ဆိုလိုတာက ဖြစ်စဉ်တွေအတွင်းကနေ ချဉ်းကပ်တယ်။ သီခြားရှုမြင်ချက်တွေတင်မကဘဲ နိယာမတရားတွေနဲ့ပါ ရှုမြင်တယ်။ အစိတ်အပိုင်းတခုချင်းတင် မကဘဲ၊ ယေဘုယျသဘောပါ ခြုံငုံပြီး ရှုမြင်တယ်။
ဒိုင်ယာလက်တစ်တွေးနည်းနဲ့ မက်တာဖစ်ဇစ် တွေးနည်းကြားက ဆက်နွှယ်ချက်ဟာ ရုပ်ရှင်တကားနဲ့ ရုပ်သေဓါတ်ပုံတချပ်ကြားက ဆက်နွှယ်ချက်လိုပဲ။ တခုနဲ့တခု ခြားနား ဆန့်ကျင်နေတာမျိုးမဟုတ်ဘဲ ပိုပြည့်စုံစေတာ ဖြစ်တယ်။ ဒါပေမဲ့ ပိုမှန်ကန်ပြီး၊ အရှိတရားကို ပိုပြီး ပြည့်ပြည့်စုံစုံ အနီးစပ်ဆုံး နားလည်စေတာကတော့ ရုပ်ရှင်လှုပ်ရှားမှုပဲ။
နေ့စဉ်ဘဝ ရည်မှန်းချက်နဲ့ ရိုးရှင်းတဲ့ တွက်ချက်မှုတွေအတွက်တော့ မက်တာဇစ်ဇစ် တွေးနည်း ဒါမှမဟုတ် “common sense” နဲ့တင် လုံလောက်တယ်။ ဒါပေမဲ့ မက်တာဇစ်ဇစ်မှာ အကန့်အသတ်တွေ ရှိတယ်။ ဒီအကန့်အသတ်တွေ ကျော်သွားရင် Common sense ကို အသုံးချတာက အမှန်တရားကို သူနဲ့ ဇောက်ထိုးမိုးမျှော် ပြောင်းလဲပစ်နိုင်တယ်။ ဒီတွေးနည်းရဲ့ အခြေခံအကျဆုံး ချို့ယွင်းချက်က လှုပ်ရှားမှုနဲ့ တိုးတက်မှုကို ချဉ်းကပ်ပြီး မတွေးနိုင်တာ၊ နောက် ပဋိပက္ခဖြစ်မှု (contradiction) အားလုံးကို ငြင်းပယ်တာပဲ။ ရွေ့လျားမှုနဲ့ ပြောင်းလဲမှုကိုယ်တိုင်က ပဋိပက္ခဖြစ်မှုကို ညွှန်ပြနေတယ်။
“မက်တာဖစ်ဇစ်သမားအဖို့ အရာဝတ္ထုတွေနဲ့ ၎င်းတို့ရဲ့ စိတ်ပိုင်း တုန့်ပြန်ချက်တွေ၊ အတွေးအမြင်တွေဟာ သီးခြားဆီဖြစ်နေတယ်၊ တခုပြီးမှ နောက်တခုကို စဉ်းစားတယ်၊ တခုနဲ့တခု သီးခြားဆီ ခွဲထုတ်ပြီး စဉ်းစားတယ်၊ ပုံသေတသမတ်တည်းထားပြီး သုတေသနပြု လေ့လာတယ်၊ အမြဲတမ်း ဒီပုံစံတိုင်းပဲ ဖြစ်နေမယ့် အရာတွေအဖြစ် ရှုမြင်တယ်။ အကြွင်းမဲ့သဘော စေ့စပ်မရနိုင်သော ပဋိပက္ခတွေအဖြစ် ရှုမြင်တွေးခေါ်တယ်။ သူ့အတွက် တစုံတခုဟာ ရှိနေတယ်၊ ဒါမှမဟုတ်ရင် ရှိမနေဘူး။ တချိန်တည်းမှာ အရာဝတ္ထုတခုဟာ သူကိုယ်တိုင်ကလွဲပြီး တခြားဟာ ဖြစ်မနေနိုင်ဘူးလို့* တွေးတယ်။ မက်တာဖစ်ဇစ်သမားအတွက် အဖိုသဘောနဲ့ အမသဘောဟာ တခုကိုတခု အကြွင်းမဲ့ ဆန့်ကျင်ငြင်းပယ်နေတယ်။ အကြောင်းတရားနဲ့ အကျိုးတရားက တခုနဲ့တခု တရားသေသဘော ပဋိပက္ခထဲမှာပဲ ရှိနေတယ်လို့ ယူဆတယ်” (Anti-Dühring page.34)
(* ဥပမာ ပြောရရင် မက်တာဇစ်ဇစ်သမားအတွက် အဖြူက အဖြူပဲ ဖြစ်တယ်၊ တချိန်တည်းမှာ အဖြူက အမည်းဖြစ်မနေနိုင်ဘူး။ ထားပါတော့၊ လမ်းမပေါ်ကနေ သိုးအုပ်ကြီး တွေ့လိုက်တယ်ဆိုရင် မက်တာဇစ်ဇစ်သမားက ဒီသိုးတွေ အကုန် ဆွတ်ဆွတ်ဖြူနေတဲ့ အဖြူရောင်သိုးအုပ်ကြီးလို့ပဲ မှတ်ယူလိုက်တယ်၊ ဒါပေမဲ့ တခြမ်းပဲ ဖြူနေတာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ စဉ်းစားချက်ကို ထည့်မစဉ်းစားတော့ဘူး။ ဒါမှမဟုတ် အမွေးတွေ ညစ်စွန်းသွားနိုင်တာ၊ မြူတေးရှင်းသဘောနဲ့ အမည်းကွက် တချို့တလေ ရှိနိုင်တာတွေကို ထည့်သွင်းမစဉ်းစားတော့ဘူး။ မက်တာဖစ်ဇစ်ကယ်လ် လော့ဂျစ်ရဲ့ အကန့်အသတ်ဆိုတာ အဲဒါပဲ။ ဒါပေမဲ့ ဒီဥပမာကလည်း နည်းနည်းတော့ empirical materialism သဘော ဆန်ကောင်းဆန်နေနိုင်ပါတယ်။ ကျနော့် သိုးအုပ်ဥပမာက ပြည့်စုံမှု မရှိဘူးလို့ ယူဆရင် လိုနေရင် ထောက်ပြပေးပါ-ဘာသာပြန်သူ)
ဥပမာပြောရရင် နေ့စဉ်ဘဝကိစ္စတွေမှာတော့ လူတယောက်၊ သစ်ပင် တပင်၊ တိရစ္ဆာန်တကောင် သေနေသလား၊ ရှင်နေသလားကို သေချာမှု အတိုင်းအတာ တခုအထိတော့ ပြောလို့ရတယ်။ ဒါပေမဲ့ တကယ့်အရှိတရားမှာကျတော့ ပြဿနာက ဒီလောက် မရိုးရှင်းတော့ဘူး။ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ “သန္ဓေသားအခွင့်အရေး”လို ဥပဒေကိစ္စတွေမှာပဲ ကြည့်ရင် သိသာတယ်။ လူတယောက်ရဲ့ အသက်တာက ဘာ်အချိန်မှာ အတိအကျ စတင်တာလဲ။ ဘယ်အချိန်မှာ အဆုံးသတ်ပြီလို့ အတိအကျပြောလို့ရတာလဲ။ သေဆုံးခြင်းဆိုတာ ရိုးရှင်းတဲ့ ဖြစ်ရပ်တခု မဟုတ်ဘူး။ ရှည်ကြာတဲ့ ဖြစ်စဉ်တခုပဲ။ ဟိရာ့ကလစ်တပ်စ် နားလည်ခဲ့သလိုပဲ၊ “ငါတို့ ခန္ဓာကိုယ်ထဲမှာပဲ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း၊ နိုးထခြင်းနဲ့ အိပ်စက်နေခြင်း၊ နုပျိုခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်နေတာနဲ့ အလားသဏ္ဌာန်တူတယ်။ တခုချင်းဆီတိုင်းက ပြောင်းလဲနေပြီး တခြားအရာတွေ ဖြစ်လာတယ်။ စမ်းချောင်းတခုတည်းကိုပဲ ငါတို့ ဆင်းလိုက်ပေမဲ့ တချိန်တည်းမှာပဲ ဒီတူညီတဲ့ စမ်းချောင်းကို ဆင်းနေတာမျိုးလည်း မဟုတ်နေဘူး။ ငါတို့ဟာ ငါတို့ ဖြစ်နေသလို၊ တချိန်တည်းမှာပဲ ငါတို့ဟာ ငါတို့ မဟုတ်နေဘူး”
ထရော့စကီးက “ဒိုင်ယာလက်တစ်ရုပ်ဝါဒ ကကြီး ခခွေး”ဆိုတဲ့ ရေးသားချက်ထဲမှာ ဒိုင်ယာလက်တစ်ကို အခုလို သရုပ်ခွဲပြခဲ့တယ်။ “ဒိုင်ယာလက်တစ်ဟာ နေ့စဉ်ဘဝ ပြဿနာတွေမှာတင် ကန့်သန်ထားတာမျိုး မဟုတ်ဘဲ ပိုရှုပ်ထွေး ရှည်လျားတဲ့ ဖြစ်စဉ်တွေကို နားလည်မှု သဘောပေါက်လာအောင် ကြိုးစားတဲ့ သိပ္ပံနည်းကျ တွေးခေါ်မှုပုံစံတခုပဲ” တဲ့။
ထရော့စကီးက ဒိုင်ယာလက်တစ်နဲ့ ဖော်မယ်လော့ဂျစ် (မက်တာဖစ်ဇစ်)ကို အဆင့်မြင့် သင်္ချာနဲ့ အဆင့်နိမ့် သင်္ချာလိုပဲလို့ နှိုင်းယှဉ်ပြခဲ့တယ်။ ဖော်မယ်လော့ဂျစ်ရဲ့ နိယာမတရားတွေကို ပထမဆုံး ဖော်ထုတ်ခဲ့တာက အရစ္စတတယ်လ်ပဲ။ သူ့ရဲ့ လော့ဂျစ်စနစ်ကို မက်တာဖစ်ဇစ်သမားတွေက သိပ္ပံနည်းကျတွေးခေါ်နည်းရဲ့ တခုတည်းသော ဖြစ်နိုင်တဲ့ နည်းနာအဖြစ် တလျှောက်လုံး လက်ခံခဲ့ကြတာဖြစ်တယ်။
“အရစ္စတတယ်လ်ရဲ့ သာမန် တြိယုတ္တိဆင်ခြင်နည်းပုံစံ လော့ဂျစ်ကို လူသားတွေရဲ့ လက်တွေ့လုပ်ငန်းဆောင်တာတွေနဲ့ အခြေခံယေဘုယျသဘော ကောက်ချက်ဆွဲတဲ့ နေရာတွေမှာ တသမတည်းမှန်ကန်တဲ့ စဉ်းစားမှုပုံစံအဖြစ် လက်ခံခဲ့ကြတယ်။ ဒီတွေးနည်းက A ဟာ A နဲ့ ညီမျှတယ် ဆိုတဲ့ အဆိုပြုချက်ကနေ စတင်တယ်။ ဒါပေမဲ့ တကယ်တမ်းမှာ A ဟာ Aနဲ့ မညီမျှပါဘူး။ ဒီအက္ခရာ နှစ်လုံးကို မှန်ဘီလူးအောက် ခားပီုး ကြည့်လိုက်ရုံနဲ့ ဒီအချက်ကို အလွယ်တကူ သက်သေပြလို့ရတယ်။ အက္ခရာနှစ်ခုက တခုနဲ့ တခု တူမှ တူမနေတာ။ ဒါပေမဲ့ တကယ့်ပြဿနာက အက္ခရာတွေရဲ့ အရွယ်နဲ့ ပုံသဏ္ဌာန်တွေနဲ့ ပတ်သက်တဲ့ ပြဿနာမှ မဟုတ်တာပဲ၊ ဒီအက္ခရာတွေက တူညီတဲ့ ပမာဏတွေ (ဥပမာ - သကြားတပေါင်) အတွက် သင်္ကေတပြုထားချက် သက်သက်ပဲလေလို့ လာငြင်းကောင်း ငြင်းနိုင်တယ်။ ဒီငြင်းချက်ကလည်း အဓိက ဆိုလိုရင်းနဲ့ သွေဖီနေသေးတယ်။ တကယ်တမ်းမှာ သကြား တပေါင်က၊ နောက်သကြား တပေါင်နဲ့ ဘယ်တော့မှ ချွတ်စွပ်မညီမျှနိုင်ဘူး။ ပိုပြီး အနုစိတ် တိုင်းလေ ကွာခြားချက်တွေကို တွေ့လာရလေ ဖြစ်နေမှာပဲ။ ဒီမှာ နောက်ထပ် ငြင်းချက်တခု ရှိလာနိုင်သေးတယ်။ သကြားတပေါင်က သူ့ကိုယ်နှိုက်မှာတော့ သကြားတပေါင်နဲ့ ညီမျှတယ်လေ ဆိုပြီးတော့ပေါ့။ ဒီငြင်းချက်ကလည်း မှန်မနေဘူး၊ အရာဝတ္ထုတိုင်းက အရွယ်အစား၊ အလေးချိန်၊ အရောင် စသည်ဖြင့် တရံမလပ် ပြောင်းလဲနေတာ။ သူတို့ကိုယ်နှိုက်မှာတော့ တူညီပါတယ်ဆိုတာမျိုးကလည်း ဘယ်သောအခါမှ မရှိဘူး။ ဆိုဖစ်(sophist) တွေကတော့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် သကြားတပေါင်ဟာ သကြားတပေါင်ကိုယ်နှိုက်မှာတော့ ညီမျှပါတယ်လို့ ပြောလာနိုင်တယ်။ ဒီအဆိုရဲ့ လက်တွေ့အသုံးချမှုစံနှုန်းက အတော်လေး ပြင်းပြင်းထန်ထန် ဝိဝါဒကွဲစရာ ဖြစ်နေတဲ့အပြင် သဘောတရားအရလည်း အဝေဖန်ခံနိုင်လောက်အောင် ခိုင်မာနေတာမျိုး မဟုတ်ဘူး။
‘အချိန်ကာလ’ ဆိုတဲ့ စကားလုံးကို ကျနော်တို့ ဘယ်လို နားလည်သင့်သလဲ။ ဒီ‘အချိန်ကာလ’ဆိုတာက အဆုံးအစမရှိ အချိန်ကာလကြီးရဲ့ အပိုင်းအခြားလေး တခုပဲလို့ ဆိုလိုရင်၊ သကြားတပေါင်ကလည်း အဒီ ‘ကာလအပိုင်းအခြားလေး’အတွင်းမှာပဲ မလွဲမသွေ ပြောင်းလဲနေရမှာပဲ။ ဒါမှမဟုတ်ရင် ‘အချိန်ကာလ’ ဆိုတာက သင်္ချာသဘော သက်သက်၊ ဆိုလိုတာက အချိန်ရဲ့ စမှတ်တခုပဲလား။ ဒါပေမဲ့ အရာအားလုံးဟာ အချိန်အတွင်းမှာသာ ဖြစ်တည် တည်ရှိနေတာ ဖြစ်တယ်။ ဖြစ်တည်မှုဆိုတာကြီး ကိုယ်နှိုက်က တရံမလပ်ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကြီး ဖြစ်တယ်။ ဒါကြောင့် အချိန်ဆိုတာကလည်း ဖြစ်တည်မှုရဲ့ အခြေခံ အကြောင်းအချက် တခုပဲ။ ဆိုတော့ Aဟာ A နဲ့ ညီမျှတယ်ဆိုတဲ့ အဆိုပြုချက်ဟာ အရာဝတ္ထုတခုဟာ ပြောင်းလဲမနေဘူး၊ ဆိုလိုတာက လုံးဝတည်ရှိမနေဘူးဆိုမှသာ သူ့ကိုယ်နှိုက်ကတော့ ညီမျှပါတယ်လို့ ဆိုလိုရာရောက်တယ်*။
ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒီလို အနုစိတ်လိုက်ကြည့်နေတာက အသုံးမဝင်ဘူးလို့ ထင်ရတယ်။ တကယ်တမ်းကျတော့ အဆုံးအဖြတ်ပြုနိုင်တဲ့ အရေးပါမှုမျိုး (decisive significance) ရှိတယ်။ Aဟာ A နဲ့ ညီမျှတယ်ဆိုတဲ့ အဆိုဟာ တဖက်မှာ အသိပညာအားလုံးရဲ့ စမှတ်ဖြစ်နေသလို တခြားတဖက်မှာလည်း ကျနော်တို့ သိထားသမျှ အသိပညာတွေရဲ့ မှားယွင်းမှုတွေ အစပျိုးတာလည်း ဖြစ်နေတယ်။ A ဟာ A နဲ့ ညီမျှတယ်ဆိုတဲ့ အဆိုပြုချက်ကို လက်တွေ့မှာ ဝိနည်းလွတ်အောင် သုံးဖို့ဆိုရင် တိကျတဲ့ အကန့်အသတ်တွေကြားမှာပဲ အလုပ်ဖြစ်နိုင်တာ။ ကျနော်တို့ လုပ်နေတဲ့ ကိစ္စအတွက် A ရဲ့ အတွင်းပိုင်းမှာ အရေအတွက်သဘော ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို လျစ်လျူရှုထားလို့ရတဲ့ အချိန်မှာတော့ Aဟာ A နဲ့ ညီမျှတယ်လို့ ပြောနိုင်တယ်။ ဥပမာပြောရရင် ရောင်းသူနဲ့ ဝယ်သူနှစ်ယောက် သကြားတပေါင်အပေါ်မှာ ရှုမြင်ကြသလို ပုံစံမျိုးပေါ့။ နေရဲ့ အပူချိန်ကိုလည်း ဒီပုံစံအတိုင်းပဲ ကျနော်တို့ လက်ခံထားကြတယ်။ မကြာသေးခင်ကအထိလည်း ဒေါ်လာရဲ့ ဝယ်ယူနိုင်စွမ်းကို ကျနော်တို့ ဒီပုံစံအတိုင်းပဲ လက်ခံထားခဲ့ကြတာပဲလေ။ ဒါပေမဲ့ အရေအတွက်ပြောင်းလဲမှုတွေက တိကျတဲ့ အကန့်အသတ်တွေကို ကျော်လွန်သွားရင် အရည်အချင်းသဘော ပြောင်းလဲသွားတယ်။ ရေနဲ့ပဲဖြစ်ဖြစ်၊ ရေနံဆီနဲ့ပဲဖြစ်ဖြစ် ထိတွေ့သက်ရောက်ခံသွားရတဲ့ သကြားတပေါင်ဟာ မူလသကြားတပေါင် ဆက်ဖြစ် မနေနိုင်တော့ဘူး။ သမ္မတလက်ထဲက တဒေါ်လာဟာ တဒေါ်လာအတိုင်း ဆက်ဖြစ်မနေတော့ဘူး။ အရေအတွက်ပြောင်းလဲမှုကနေ အရည်အချင်းသဘော ပြောင်းလဲမှု ဘယ်အချိန်၊ ဘယ်အမှတ်မှာ ဖြစ်သလဲဆိုတာကို မှန်မှန်ကန်ကန် ဆုံးဖြတ်ရတာဟာ လူမှုဗေဒအပါအဝင် အသိပညာရပ်ဝန်းအားလုံးရဲ့ အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံး အလုပ်တွေထဲက တခုပဲ” (ထရော့စကီး - ဒိုင်ယာလက်တစ်ရုပ်ဝါဒ ကကြီး၊ ခခွေး)
*ဒီနေရာမှာ ထရော့စကီး ဆိုလိုချင်တာက အချိန်ကာလအတွင်းမှာ တကယ်ရှိနေတဲ့ သကြားတပေါင်ဆိုပါတော့၊ တကယ်ရှိနေတဲ့ သကြားတပေါင်ဟာ နေကြောင့်၊ လေကြောင့်၊ ရေငွေ့ကြောင့် တရံမလပ် ပြောင်းလဲနေနိုင်တယ်၊ တကယ်တမ်းသာ သကြားတပေါင်က သကြားတပေါင်နဲ့ တကယ်ညီမျှတယ်ဆိုရင် အဲဒီသကြားတပေါင်ဟာ reality က တကယ့်သကြားတပေါင်မဟုတ်ဘဲ စိတ်ကူးထဲက သကြားတပေါင်ဘဲ ဖြစ်နေလိမ့်မယ်၊ မပြောင်းလဲဘဲ မူလအတိုင်း တသဝေမတိမ်းရှိနေမယ့် သကြားတပေါင်ဆိုတာက reality တကယ့်အရှိတရားမှာတော့ ရှိမနေနိုင်ဘူးလို့ ဆိုလိုချင်တာပါ။
◾ လီယွန်ထရော့စကီရဲ့ ABC of Materialist Dialectic ကောက်နုတ်ချက် ဘာသာပြန်တွေကို ကိုဉာဏ်အောင် ကွန်မြူနစ်စာစောင်မှာ ဘာသာပြန်ထားတဲ့ “ဒိုင်ယာလက်တစ်ရုပ်ဝါဒအခြေခံ” ဘာသာပြန်မူနဲ့ တိုက်ဆိုင် ပြန်ဆိုပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |