Nebula Letter
28/12/2024
Waiting On Rue Cler
သူမကပြောတယ်
အီဖယ်နဲ့ မနီးမဝေး၊ လု့ဗ်နဲ့ မနီးမဝေး
ပါခီမြို့ထဲမှာ အခြေချမယ်တဲ့။
မွောန်ထော်ဂါရီလမ်းပေါ်က ကဖေးတစ်ခုမှာ ပြင်သစ်က ခွါဆွန်းမုန့်တွေကို ဘယ်လောက်မုန်းတဲ့အကြောင်း အတင်းပြောသေးရဲ့။
ကျူးလစ်တွေကို အိပ်ဆောင်ဓားလို အိပ်ယာဘေးမှာ ထားအိပ်မယ့် ညတွေရယ်။ ဝင်သက်၊ ထွက်သက်တွေ မြန်ပြီး ကြာရှည်လွန်းမယ့် ညတွေရယ်။ ငါမရောက်သေးတဲ့ အနာဂတ်လှလှရယ်။
ပန်းပေါင်းစုံခတဲ့ ပိုးထည်တစ်စလို အိစက်နေတဲ့ ရင်သားတစ်စုံနဲ့ ရင်ခုန်သံကို ပေါက်ထွက်မတတ်ကြားနေရတဲ့ အနောက်အရပ်က ထွက်တဲ့လတွေက ရသေ့စိတ်ဖြေဖွယ်။
ဘယ်တော့မှ ပြန်မလာတော့မယ့် သူရယ်
ခလဲလမ်းမှာ စောင့်နေတဲ့ ကျွန်တော်ရယ်
ရူခလဲက လှောင်ပြုံးနေကြတဲ့ ပန်းပွင့်တွေရယ်
အို… စောင့်ခဲ့တယ်
#သန်းတင့်စံ
05/10/2024
“အထီးကျန်ခြင်းနဲ့ တူတူအထီးကျန်ခဲ့ရတဲ့ စနေနေ့များ”
Cosmo ပန်းတွေထဲ ဝတ်ရည်စုပ်ပေးမယ့် ပျားတွေ ဒီနေ့နားတယ်။ ပန်းတွေလည်း မကသလို တေးသီချင်းတွေလည်း အားလပ်ရက်ယူသွားတယ်။ ဘာလဲ… ငါတစ်ယောက်တည်းလား။
ချစ်ခြင်းတရားဟာ ရင်ဘတ်ထဲကနေ ဘက်ဂီယာထိုးပြီး နောက်ပြန်ဆုတ်ခွါသွားတဲ့ ရထားတစ်ဆင်းလိုပဲ ငါ့ကို တာ့တာပြနေတယ်။ ဟော ဒီမှာကြည့်လိုက်… ငါသွားတော့မယ်တဲ့။
နေ့ရက်တွေ… အဲ့ဒီနေ့ရက်တွေမှာ ငါမရောက်သေးတဲ့ အနာဂါတ်က ငါကြုံတွေ့လာရမယ့် မင်းမရှိတော့တဲ့ ငါ့ပတ်ဝန်းကျင်ကို ငါကြိုတွေးရင်း ငါအထီးကျန်နေခဲ့ရတယ်။
ငါ့ဘီးတွေဟာ သိပ်လေးလံနေတယ်။ Carrier မပါပေမယ့် စက်ဘီးပေါ်မှာ ငါ့အထီးကျန်ခြင်းတွေဟာ ကုပ်ဖတ်ပြီးလိုက်လာကြတယ်။ ငါ့အနာဂတ်လမ်းကြောင်းမှာ ငါမခေါ်ချင်တဲ့ စိတ်ဒဏ်ရာတွေနဲ့အထီးကျန်ဆန်မှုတွေက ငါ့ကိုအဖော်ပြုမလို့တဲ့။ ဪ… မလိုက်ခဲ့နဲ့လေ။ ငါလွတ်လပ်ပါရစေ။
ဒီစိတ်ကြီးနဲ့ ငါဘယ်လို ဆက်နင်းရမလဲ။
ဘယ်တော့မှ မင်းနဲ့တူတူမရောက်ဘူးတဲ့ နေရာတွေကို ငါရောက်တော့ ငါသိခဲ့ရတဲ့ The old you က တည်တည်ကြည်ကြည်နဲ့ ကြည့်နေတယ်။ အချစ်ကလေးရေ ဘာလို့ ကံကြမ္မာက တို့ကို ဆုံတွေ့ပေးခဲ့ရတာလဲ။
လောကကြီးကို အရောင်တွေနဲ့ စကားပြောခဲ့တဲ့ Van Gogh လိုပဲ ငါဟာ တိတ်ဆိတ်မှုတွေနဲ့ ငါ့ခံစားချက်တွေကို ထုတ်ပြခဲ့။ ဒါပေမယ့် ဝိရောဓိတွေဟာ မဖတ်ဖြစ်တော့မယ့် ကဗျာစာအုပ်အဟောင်းတစ်အုပ်လိုပဲ ချောင်ထဲရောက်သွားတယ်။
အရာရာပျက်စီးဆုံးရှုံးသွားရင်တောင် မင်းနဲ့အတူ နေဝင်ချိန်တွေမှာ အတူတူရှိချင်ခဲ့တဲ့စိတ်ဟာ ငါ့အတွက် သိပ်မှားခဲ့တယ်။
#သန်းတင့်စံ
03/09/2024
နောက်ပိုင်း ကဗျာကို လက်နဲ့ချရေးရတာလေး ကြိုက်လာလို့ပါဗျ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon