Mind Diary

Mind Diary

Share

11/10/2025

Counselor တွေ counseling ယူတာ ထူးဆန်းသလား 🤔

💬Counselor တွေ သူတို့ကိုယ်တိုင် ကောင်ဆယ်လင်းယူနေတယ် ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကုထုံး (Therapy) ခံယူနေတယ်လို့ ကြားရရင် လူအများစုက နည်းနည်းတော့ အံ့ဩသွားတတ်ကြပါတယ်။ "သူများတွေကို ကူညီပေးနေတဲ့သူတွေမှာ ကိုယ်တိုင် ဘာပြဿနာမှ မရှိသင့်ဘူး မဟုတ်လား" လို့ တွေးမိတာမျိုးလည်းရှိနိုင်ပါတယ်။
💁🏻‍♀️ရိုးရိုးပဲ သတိချပ်စဥ်းစားကြည့်ရင် ကုထုံးပညာရှင်တွေဟာလည်း စိတ်ဖိစီးမှုနဲ့ ခက်ခဲတဲ့ စိတ်ခံစားမှုတွေကို ကြုံတွေ့ခံစားရတဲ့ လူသားတွေပါပဲ။ ကုထုံးခံယူတာဟာ အားနည်းချက် မဟုတ်ဘဲ ခွန်အား၊ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်မှုနဲ့ ပရော်ဖက်ရှင်နယ်ပီသမှုရဲ့ လက္ခဏာ ဖြစ်ပါတယ်။
ဆရာဝန်တွေ medical check-ups လုပ်သလိုပါပဲ၊ ကုထုံးပညာရှင်တွေလည်း သူတို့ရဲ့ အတွင်းစိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ လုံခြုံတဲ့ နေရာတစ်ခု လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ ကုထုံးပညာရှင် အများစုက ကိုယ်ပိုင်ကုထုံးကို ရွေးချယ်ကြတဲ့ အကြောင်းရင်းတွေကတော့
● ကိုယ့်ကိုယ်ကိုယ် ပိုသိဖို့ (Self-Awareness): ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ မသိစိတ်က ဘက်လိုက်မှုတွေကို ပြန်ကြည့်ပြီး client နဲ့တွေ့ဆုံချိန်မှာ မလိုအပ်တဲ့ ကိုယ်ပိုင်ကိစ္စတွေ လွှမ်းမိုးမသွားအောင် ကာကွယ်ဖို့။
● ပိုကောင်းအောင် သင်ယူဖို့ (Skill Improvement): ကိုယ်တိုင် ကုထုံးခံယူရတဲ့ အတွေ့အကြုံကြောင့် client တွေ ဘယ်လို ခံစားရတယ်ဆိုတာကို ပိုနက်နက်ရှိုင်းရှိုင်း နားလည်နိုင်ပြီး ကုသမှု ပိုမိုကောင်းမွန်လာစေဖို့။
● ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ဖို့ (Burnout Prevention): စာနာစိတ်လျော့ပါးလာတာ၊ ခြေကုန်လက်ပမ်းကျတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

သုတေသနတွေအရ ကိုယ်ပိုင်ကုထုံးယူတဲ့ ကုထုံးပညာရှင်တွေဟာ စာနာနားလည်မှု ပိုမိုမြင့်မားပြီး အလုပ်နဲ့ပတ်သက်တဲ့ ဖိစီးမှုတွေ နည်းပါးကြောင်း တွေ့ရှိရပါတယ်။

ဒါပေမဲ့ ကုထုံးပညာရှင်တစ်ဦးဟာ ရှင်းရှင်းလင်းလင်း မတွေးခေါ်နိုင်တော့တဲ့အထိ ဒါမှမဟုတ် ဘေးကင်းတဲ့ စောင့်ရှောက်မှု မပေးနိုင်တော့တဲ့အထိ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရပြီဆိုရင်တော့ အလုပ်ကနေ ခေတ္တအနားယူပြီး ကုသမှုကို ပထမဦးဆုံး အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ကျင့်ဝတ်နဲ့ညီတဲ့ လုပ်ရပ်ဖြစ်ပြီး client နဲ့ ကိုယ့်ကိုယ်ကိုယ်ပါ ကာကွယ်စောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။

ချုပ်ပြောရရင် ကုထုံးပညာရှင်တွေ ကိုယ်တိုင် ကုထုံးခံယူတာဟာ ထူးဆန်းတာမဟုတ်သလို အားနည်းချက် လည်း မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် တာဝန်ယူမှုတစ်ခုပါပဲ။ counselor/therapist တွေအနေနဲ့လည်း "စိတ်ပိုင်းဆိုင်ရာအကူအညီယူခြင်းက အားနည်းတာ၊ ပျော့ညံ့တာမဟုတ်ဘူး” လို့ အသိပညာပေးနေပါသော်ငြား ကိုယ်တိုင်လိုအပ်လာတဲ့အခါ တွေဝေနေတာ၊ ရှောင်ရှားနေတာမျိုးဖြစ်နေတယ်ဆိုရင် self-stigma နဲ့ငြိနေနိုင်တာမို့ reflect လုပ်ကြည့်တာက အထောက်အကူဖြစ်နိုင်ပါတယ်။ Counselor တွေအနေနဲ့ သူတို့ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်မှသာ တခြားသူတွေကို ဘေးကင်းစွာနဲ့ စာနာစိတ်အပြည့်နဲ့ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

17/09/2025

💭လုပ်ငန်းခွင်မှာ ကိုယ့်ကိုပိုစိတ်ဖိစီးမှုမြင့်စေတတ်တဲ့ ကိုယ့်အတွက်အထောက်အကူမဖြစ်တဲ့ အတွေးတွေ

💼လုပ်ငန်းခွင်ဆိုတဲ့သဘောသဘာဝကိုက ပြင်ပကလာတတ်တဲ့ စိတ်ဖိအားဖြစ်စေတဲ့အကြောင်းအရာတွေ၊ ကိုယ့်အဖွဲ့အစည်းအတွင်းမှာတင် ရှိနေတဲ့ စိတ်ဖိစီးစေတဲ့လူတွေ…အကြောင်းအရာတွေ ရှိနေတတ်ပြီးသားဖြစ်နေတတ်ပါတယ်။
💁🏻‍♀️ဒီလိုမျိုး အဖွဲ့အစည်းအတွင်း၊အပြင်မှာတင် ဖိစီးစရာအကြောင်းအရာတွေ ရှိနေရုံတင်မက တခါတလေမှာ ကိုယ့်စိတ်ကိုပိုစိတ်ဖိစီးစေတဲ့အရာက ကိုယ့်ရဲ့အတွင်းထဲကလာနေတဲ့စကားသံဖြစ်ပါတယ်။
🙋🏻‍♀️ကိုယ့်ရဲ့အတွင်းထဲကလာနေတဲ့စကားသံမှာမှ ကိုယ့်ကိုအထောက်အကူဖြစ်စေတာမဟုတ်ဘဲ ကိုယ့်ကိုပိုပြီး ဘေးကြပ်နံကြပ်ဖြစ်အောင် တွန်းပို့တတ်တဲ့အတွေးမျိုးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

🔺ပထမဦးဆုံးကတော့ “ခြောက်ပစ်ကင်းသဲလဲစင်နေရမယ်” ဆိုတဲ့ ကိုယ့်စိတ်ပါ။ ငါလုပ်လိုက်တဲ့ဟာက လုံးဝပြည့်စုံရမယ်၊ အကောင်းဆုံးဖြစ်နေရမယ်၊ ဘာပြစ်ချက်မှရှာမတွေ့စေရဘူးဆိုတဲ့အတွေးကိုပဲ အမြဲတစေဆုပ်ကိုင်ထားတာက လုပ်ငန်းခွင်မှာ ကိုယ့်ကိုပိုစိတ်ဖိစီးမှုမြင့်စေတတ်တဲ့အတွေးမျိုးဖြစ်ပါတယ်။ ဒီနေရာမှာမေးစရာရှိတာက “ခြောက်ပစ်ကင်းသဲလဲစင်နေရမယ်”ဆိုတာ အမြဲတမ်းဖြစ်နေနိုင်တဲ့အရာတစ်ခုလား …. ကိုယ့်မိသားစု၊ ကိုယ့်စိတ်ကျန်းမာရေး၊ ကိုယ့်အိပ်ချိန်၊ ကိုယ်ချစ်ရတဲ့သူတွေကို အမြဲနောက်ဆုတ်ထားပြီးတော့ကို ယူမှရမယ့်အရာလား၊ “Perfection ကို ရလိုက်တော့ရော ရလိုက်ပြီ ပြည့်ဝသွားပြီ” ဆိုတဲ့အကြိမ်ရော ကိုယ့်မှာ တကယ်ရှိရဲ့လား ?

🔺 ဒုတိယတစ်ခုကတော့ “ငါက အမြဲတမ်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ထားပြီး အမှီအခိုကင်းနေရမယ်” ဆိုတဲ့အတွေးပါ။ ဒီနေရာမှာ ခဏလေး ငြိမ်ငြိမ်လေးရပ်ပြီး စဉ်းစားကြည့်ပါ …. ကိုယ့်ဘဝမှာ သူများကို လုံးဝမှီခိုစရာမလိုဘူးဆိုတဲ့ကာလမျိုးရော တကယ်ရှိရဲ့လား …. လူတွေဆိုတာ အမြဲတမ်း တစ်နေရာမဟုတ် တစ်နေရာမှာ အခြားတစ်ယောက်ကို အမှီသဟဲပြုပြီး အကူအညီယူကြရတဲ့ သတ္တဝါအမျိုးအစားဖြစ်ပါတယ်။ “တစ်ယောက်ယောက်ကို မှီခိုလိုက်ရရင်”ဆိုတဲ့အကြောက်တရားက ကိုယ့်ကို လွှမ်းခြုံထားတာမို့ ခက်ခဲလွန်းတဲ့အချိန်တွေမှာတောင် ကြိတ်ခံနေပေမယ့် အဲ့လိုအချိန်မှာတောင် တစ်ယောက်ယောက်ကို မှီခိုရတာကနေ ကျွန်မတို့ မကင်းလွတ်နိုင်ပါဘူး …. စဉ်းစားစရာတစ်ခုက တစ်ယောက်ယောက်ကို မှီိခိုရတယ်ဆိုတဲ့ကိစ္စက ကိုယ်ထင်ထားသလောက် အဆိုးချည်းပဲရှိတဲ့ ကြောက်စရာကောင်းတဲ့ကိစ္စမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။

🔺 “လူတွေအမြင်မှာ ကိုယ်တော်နေ၊ ကောင်းနေတာကိုပဲမြင်စေချင်တဲ့အတွေး” ။
လူတွေက ကိုယ့်ကို သဘောကျကြတယ်…လူကောင်းတစ်ယောက်အနေနဲ့မြင်ကြတယ်ဆိုတာ ခံစားလို့ကောင်းတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် အဲ့ပုံရိပ်ကို အမြဲတမ်း ထိန်းထားချင်တာနဲ့ပဲ ဘယ်သူ့ကိုမှ “နိုး” မပြောဖြစ်၊ ကိုယ်အဆင်မပြေလည်း အားနာနာနဲ့ ကြိတ်သည်းခံ၊ လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်ဖို့ကို အမြဲဦးစားပေးရာက ကိုယ်ပင်ပန်းလာတာ ဘယ်လောက်ကြာပြီလဲ??? သူများက ကိုယ့်ကို မကောင်းမြင်မှာ၊​ ငြိုငြင်သွားမှာကို မလိုချင်တာနဲ့ပဲ​ ကိုယ်လုပ်စရာမလိုတဲ့အလုပ်တွေ လုပ်ပေးလိုက်တာ၊ ကိုယ့်စည်းဘောင်တွေ အကျော်ခံလိုက်ရတာ၊ ကိုယ်အဆင်မပြေတာကို မပြောလိုက်ရတာတွေက … နောက်ဆုံးမှာ တကယ်ပဲ တခြားသူက ကိုယ့်ကို လူကောင်းလို့ မြင်သွားစေတာရော ဟုတ်ရဲ့လား ?
အဲ့အတွက် ကိုယ်ပြန်ပေးလိုက်ရတာရော ဘာတွေလဲ?

🌿လုပ်ငန်းခွင်ဆိုတာ အစောကြီးကတည်းက ဖိစီးမှုတွေရှိနှင့်နေပြီးသားနေရာတစ်ခုပါ …. အဲ့ထဲကမှ ကိုယ့်ကို ပိုစိတ်ဖိစီးပင်ပန်းအောင်လုပ်နေမိတာက ကိုယ်ကိုယ်တိုင်ရဲ့အတွေးတွေရော ဖြစ်နေတာလားဆိုတာ ပြန်သုံးသပ်ကြည့်လို့ရပါတယ်။
💬တကယ်လို့ အဲ့လိုဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့အဲ့အတွေးတွေကို Countercheck ပြန်လုပ်ကြည့်ဖို့လည်း မမေ့နဲ့နော်။

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

24/08/2025

🌸 𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 𝐍𝐞𝐫𝐯𝐨𝐬𝐚 : စိတ်ရော ကိုယ်ပါ ထိခိုက်စေနိုင်တဲ့ ရောဂါ

𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 𝐍𝐞𝐫𝐯𝐨𝐬𝐚 က "သာမန် ဝိတ်ချတာ" ဒါမှမဟုတ် " အစာလျှော့စားတာ" မျိုးပဲမဟုတ်ပါဘူး။ တကယ်တော့ စိတ်နဲ့ ခန္ဓာကိုယ်နှစ်ခုလုံးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။

🤷🏻‍♀️ 𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 𝐍𝐞𝐫𝐯𝐨𝐬𝐚 ဆိုတာ ဘာလဲ💭
💁🏻‍♀️𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 𝐍𝐞𝐫𝐯𝐨𝐬𝐚 ဆိုတာကတော့ ကိုယ်အလေးချိန်တက်မှာကို အရမ်းကြောက်ပြီး အစားအသောက်တွေကို လိုတာထက်ပိုပြီး တင်းကျပ်စွာ ရှောင်ကြဉ်တဲ့ စိတ်ရောဂါတစ်မျိုးပါ။
တချို့လူတွေဆိုရင် အရမ်းပိန်ပြီး အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်နေရင်တောင်မှ စိတ်ထဲမှာတော့ "ငါမပိန်သေးဘူး" လို့ပဲ တွေးနေတတ်ကြတယ်။ ဒါက ဘာကိုပြလဲဆိုတော့ Anorexia ဟာ ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ဘဝပုံစံမဟုတ်ဘဲ အတွေးရော၊ အပြုအမူပါ ထိန်းချုပ်သွားနိုင်တဲ့ ရောဂါတစ်ခုဖြစ်တယ်ဆိုတာပါပဲ။

💁🏻‍♀️ 𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 ကိုအမျိုးအစားခွဲကြည့်မယ်ဆိုရင်
🔺အစားလျှော့စားတဲ့အမျိုးအစား (𝐑𝐞𝐬𝐭𝐫𝐢𝐜𝐭𝐢𝐧𝐠 𝐓𝐲𝐩𝐞)
▫️ဒီအမျိုးအစားက အစားအသောက်ကို အရမ်းနည်းနည်းလေးပဲ စားကြတယ်။
▫️ကယ်လိုရီတိုင်းကို လောင်ကျွမ်းပစ်ရမယ်ဆိုတဲ့အတွေးကြောင့် လေ့ကျင့်ခန်းကိုလည်း အလွန်အကျွံလုပ်လေ့ရှိကြပါတယ်။
▫️ဒီလိုလူတွေဟာ အစားအလွန်အကျွံစားပြီး ပြန်အန်ထုတ်တာမျိုးတော့ မလုပ်တတ်ကြပါဘူး။

🔺အလွန်အကျွံစားပြီး အမြန်ထုတ်ပစ်တဲ့အမျိုးအစား (𝐁𝐢𝐧𝐠𝐞-𝐄𝐚𝐭𝐢𝐧𝐠 / 𝐏𝐮𝐫𝐠𝐢𝐧𝐠 𝐓𝐲𝐩𝐞)
▫️သူတို့က အစားအသောက်ကို လျှော့စားတာအပြင် လျှို့ဝှက်စွာနဲ့ အစားအသောက်အများကြီးကို စားပစ်တာမျိုးလည်း လုပ်ကြတယ်။ ပြီးရင် အန်ထုတ်တာ၊ ဝမ်းနုတ်ဆေး၊ ဆီးဆေးတွေကို သုံးပြီး အစားအစာတွေ အမြန်ဆုံးထွက်အောင် လုပ်တတ်ကြပါတယ်။
▫️ဒီလိုလုပ်တာက ကိုယ်ခန္ဓာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။
ဒီအမျိုးအစားနှစ်ခုလုံးက ကျန်းမာရေးအတွက် အတူတူပဲ အန္တရာယ်ရှိပါတယ်။

🧠 𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 က စိတ်ကို ဘယ်လိုထိခိုက်စေလဲ?
𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 က ဦးနှောက်ရဲ့ လုပ်ဆောင်ပုံကို ပြောင်းလဲပစ်ပါတယ်။
🔺အစားအသောက်၊ ကယ်လိုရီနဲ့ ကိုယ်အလေးချိန်အကြောင်းကိုပဲ တွေးနေတတ်ပါတယ်။
🔺ကိုယ့်ခန္ဓာကိုယ်ကို အမြင်မှားနေတာမျိုး၊ ပိန်လွန်းလို့ အန္တရာယ်ရှိနေတာတောင် ကိုယ့်ကိုယ်ကိုယ် "အရမ်းဝနေသေးတယ်" လို့ မြင်နေတတ်ပါတယ်။
🔺စိတ်ခံစားမှုက ထုံထိုင်းသွားတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေ အရမ်းများလာတာမျိုး ဖြစ်နိုင်ပြီး လူမှုရေး၊ ပညာရေးနဲ့ အလုပ်အပေါ်မှာ အာရုံစိုက်ဖို့ ခက်ခဲလာပါတယ်။
🔺အစာရေစာငတ်မွတ်မှုကိုယ်တိုင်က စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျတာတွေကို ပိုဆိုးစေပြီး သံသရာလည်နေတတ်ပါတယ်။

🫀 ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်စေလဲ?
အစားအသောက်ကိုအလွန်အကျွံလျော့ချတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ထိခိုက်စေပါတယ်။
🔺နှလုံး: သွေးပေါင်ချိန်ကျပြီး နှလုံးခုန်နှုန်းနှေးလာတာမျိုး ဖြစ်နိုင်သလို ရုတ်တရက် နှလုံးရပ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။
🔺အရိုး: ကယ်လ်စီယမ်နဲ့ ဟော်မုန်းတွေဆုံးရှုံးတာကြောင့် အရိုးတွေအားနည်းပြီး ကျိုးလွယ်တဲ့ အရိုးပွရောဂါ ဖြစ်တတ်ပါတယ်။
🔺မျိုးပွားအင်္ဂါစနစ်: အမျိုးသမီးတွေမှာ ရာသီသွေးမမှန်တာ၊ မျိုးမအောင်တာမျိုး ဖြစ်နိုင်ပြီး အမျိုးသားတွေမှာတော့ Testosterone ဟော်မုန်း နည်းစေနိုင်ပါတယ်။
🔺အစာခြေစနစ်: ဗိုက်ပွတာ၊ ဝမ်းချုပ်တာ၊ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးတာမျိုး ဖြစ်နိုင်ပါတယ်။
🔺ဦးနှောက်: အာရုံစူးစိုက်မှုအားနည်းပြီး မှတ်ဉာဏ်ပြဿနာတွေ၊ စိတ်ခံစားမှု မတည်ငြိမ်တာမျိုး ဖြစ်နိုင်ပါတယ်။
🔺အရေပြားနဲ့ ဆံပင်: အရေပြားခြောက်သွေ့တာ၊ ဆံပင်ကျွတ်တာ၊ ကိုယ်ပေါ်မှာ အမွေးနုလေးတွေ ပေါက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါတွေက ကိုယ်အလေးချိန်တက်မှာကို ကြောက်တဲ့ ဦးနှောက်ရဲ့အတွေးက ခန္ဓာကိုယ်ကို တကယ်တမ်း ဘယ်လောက်အထိ ထိခိုက်အောင် လုပ်နိုင်တယ်ဆိုတာကို ပြနေပါတယ်။

𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 က မျိုးရိုးဗီဇ၊ ကိုယ်ရည်သွေး၊ စိတ်ဖိစီးမှုတွေနဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖိအားတွေ ပေါင်းစပ်ပြီး ဖြစ်လာတဲ့ ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်သလို မှန်ကန်တဲ့ကုသမှုနဲ့ ပံ့ပိုးမှုတွေရှိရင်တော့ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။

🌿ဘယ်လိုကုသလို့ရလဲ?
🌱ကုထုံးများ - ဆယ်ကျော်သက်တွေအတွက် မိသားစုအခြေခံကုထုံး (𝐅𝐚𝐦𝐢𝐥𝐲-𝐁𝐚𝐬𝐞𝐝 𝐓𝐡𝐞𝐫𝐚𝐩𝐲) နဲ့ စားသောက်မှုဆိုင်ရာရောဂါများအတွက် သိမြင်မှုဆိုင်ရာ အပြုအမူကုထုံး (𝐂𝐁𝐓-𝐄) လိုမျိုး ကုထုံးတွေက ထိရောက်မှုရှိပါတယ်။
🌱ဆေးဘက်ဆိုင်ရာ ကုသမှု - ကိုယ်အလေးချိန် ပြန်တက်လာဖို့နဲ့ နှလုံး၊ အရိုးနဲ့ အခြား ကျန်းမာရေးပြဿနာတွေကို စောင့်ကြည့်ဖို့က အရမ်းအရေးကြီးပါတယ်။
🌱ဆေးဝါးများ - စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျတာတွေသို့မဟုတ် အတွေးစွဲလမ်းတာတွေ လျော့ကျအောင် ဆေးဝါးတွေလည်း လိုအပ်ရင်သုံးရပါတယ်။ ဒါပေမဲ့ ကုထုံးကတော့ အဓိက အကျဆုံးပါပဲ။
🌱ချစ်ခင်ရသူများရဲ့ အားပေးမှု - ဝေဖန်တာမျိုးမဟုတ်ဘဲ နားလည်ပြီး သနားကြင်နာတဲ့ ချစ်ရသူတွေရဲ့ ပံ့ပိုးမှုက အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။

🌿𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 𝐍𝐞𝐫𝐯𝐨𝐬𝐚 ဟာ ပြင်းထန်တဲ့ စိတ်ရောဂါတွေထဲက တစ်ခုဖြစ်ပေမဲ့ ကုသလို့ရပါတယ်။ စောစီးစွာသိရှိပြီး ကုသမှုတွေအပြင် ကူညီပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်ရှိရင် လူအတော်များများဟာ ပျော်ရွှင်တဲ့ဘဝ၊ ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ်တွေ ပြန်လည်ရရှိလာနိုင်ပါတယ်။

🌱𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚🌱
𝑴𝒆𝒏𝒕𝒂𝒍 𝑯𝒆𝒂𝒍𝒕𝒉 𝑪𝒍𝒊𝒏𝒊𝒄
📌𝑯𝒂𝒗𝒆 𝒒𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 𝒂𝒃𝒐𝒖𝒕 𝑴𝒊𝒏𝒅 𝑫𝒊𝒂𝒓𝒚’𝒔 𝒔𝒆𝒓𝒗𝒊𝒄𝒆𝒔
☎️𝑫𝑴 𝒖𝒔 𝒇𝒐𝒓 𝒎𝒐𝒓𝒆 𝒊𝒏𝒇𝒐𝒓𝒎𝒂𝒕𝒊𝒐𝒏—𝒘𝒆’𝒓𝒆 𝒉𝒆𝒓𝒆 𝒕𝒐 𝒉𝒆𝒍𝒑🌱

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00