STEP Computer Training Center

STEP Computer Training Center

Share

16/01/2020

ရသေ့နှင့် အဘွားအို
+++++++++++
ရသေ့တစ်ပါးသည် မြစ်ကမ်းပါး၌ ကျောင်းသင်္ခမ်း ဆောက်လုပ်၍ နေထိုင်လေသည်။ တောအုပ်အနီး မြစ်ကမ်းပါးနေရာဖြစ်၍ အလွန်တရာ လှပသာယာသည်။ ရသေ့သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိနေသည်။ သို့သော်လည်း ရသေ့အတွက် အနှောင့်အယှက်တစ်ခု ရှိနေသည်။
တောအုပ်အတွင်းမှ ကျေးငှက်တိရစ္ဆာန်များသည် ရသေ့၏ ကျောင်းသင်္ခမ်းသို့ လာရောက်ပြီး အနှောင့်အယှက် ပေးကြလေသည်။ ရသေ့ကြီး လစ်သည်နှင့် တစ်ပြိုင်နက် ရသေ့ကြီး စိုက်ပျိုးထားသည့် သစ်ပင်ပန်းပင်များကို ဖျက်ဆီးပစ်ကြလေသည်။ ထို့ကြောင့် ရသေ့သည် စိတ်ချ လက်ချ နေရသည် မရှိပေ။
တစ်နေ့သ၌ ရသေ့သည် တိုင်းပြည်အတွင်းရှိ ဘုရားဌာနများသို့ ဘုရားဖူးထွက်သွားလေသည်။ ဘုရားဖူး သွားရင်းနှင့် ရသေ့သည် အခြားသူတော်မြတ်များနှင့်လည်း ဆုံရကြုံရလေသည်။ ဘုရားဖူးခရီးသွားရင်းနှင့် တစ်နေ့တွင် ရသေ့သည် ရွာတစ်ရွာ အနီးသို့ ရောက်သွားလေသည်။ ထိုရွာအနီး၌ လယ်တောယာတောများ ပျံ့ပျူးတည်ရှိ နေပေသည်။ လယ်တောယာတောများတွင် ကောက်ပဲ သီးနှံများ ဖြစ်ထွန်းနေသည်ကိုလည်း တွေ့ရလေသည်။
လယ်တောတစ်ခုတွင် အဘွားအိုတစ်ယောက် စပါးခင်းစောင့်နေသည်ကို ရသေ့ တွေ့မြင်ရလေသည်။ စပါးခင်းကို အဘွားအို စောင့်နေသော်လည်း စပါးနှံများကို ငှက်တစ်အုပ် စားနေကြသည်။
စပါးနှံများကို ငှက်တွေစားနေသော်လည်း မတုန် မလှုပ်နေသည့် အဘွားအိုကို မြင်ရသောအခါ ရသေ့သည် ကြည့်မနေနိုင်တော့ပေ။ အဘွားအိုအနီး ကပ်သွားပြီး…
“အဘွားကြီး ဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ။ အဘွားကြီး လယ်ထဲက စပါးနှံတွေ ငှက်စားလို့ ကုန်တော့မယ်။ မမြင်ဘူးလား”
ဟု မေးလိုက်သည်။
အဘွားအိုသည် ရသေ့အား တအံ့တသြနှင့် ကြည့်ပြီး ချိုသာစွာပင် ပြန်ပြောလေသည်။
“ငှက်တွေလည်း လူတွေလိုပဲ အစာ စားချင်ကြမှာပေါ့။ သနားစရာ သူ့ခမျာတွေ ဘယ်အရပ်က ရောက်လာကြတယ် မသိဘူး။ သူတို့စားလို့ ဘယ်လောက် ကုန်သွားမှာလဲ သူတို့ဝမ်းဗိုက်ကို ကြည့်ပါဦး။ ဘယ်လောက် ကြီးလို့လဲ…”
အဘွားအို ပြောသောစကားကို ကြားရသောအခါ ရသေ့သည် အဘွားအိုကို တအံ့တသြ ကြည့်နေလေသည်။ ထိုခဏ၌ ရသေ့သည် သူ့ကျောင်းသင်္ခမ်းကို သတိ ရလာလေသည်။ သူ့ကျောင်းသင်္ခမ်းသို့ လာကြသော ကျေးငှက်တိရစ္ဆာန်များကိုလည်း သတိရလာလေသည်။ သို့သော်လည်း ထိုကျေးငှက် တိရစ္ဆာန်များအပေါ် ထားသည့် သူ၏ စိတ်သဘောထားသည် ပြောင်းလဲသွားလေသည်။ ကျေးငှက် တိရစ္ဆာန်များအပေါ်တွင် ဒေါသအစား မေတ္တာ စိတ်၊ ကရုဏာစိတ် ပေါ်လာလေသည်။
အဘွားအိုသည် ရသေ့ကို မျက်စိဖွင့်ပေး လိုက်လေသည်။
(ပါရၚဂူ)

16/01/2020

လက်ဖြူနှင့် လက်မည်း
+++++++++++++++
ရှေးရှေးတုန်းက ဓာရာတိုင်းပြည်တွင် ဘုရင်တစ်ပါး ရှိသည်။ ဘုရင်၏ အမည်မှာ ဘောဇဟု ခေါ်သည်။ ကဗျာဆရာများထဲတွင် လည်းကောင်း၊ တရားရှင်မျာထဲတွင် လည်းကောင်း၊ ဒါနရှင်ထဲတွင် လည်းကောင်း၊ ဓနရှင်များထဲတွင် လည်းကောင်း၊ လေးသည်တော်များ ထဲတွင် လည်းကောင်း သူနှင့်တူသူ အခြားဘုရင်မရှိဟု ပြောဆိုကြသည်။
ဘောဇဘုရင်၏ ရက်ရောမှု၊ ပြည်သူပြည်သားများ အပေါ်တွင် ထောက်ထားညှာတာမှုများနှင့် ပတ်သတ်၍ ဇာတ်လမ်းအတ္ထုပတ္တိများစွာ ရှိလေသည်။ ဘောဇဘုရင်သည် ကံတော်ကုန်ခါနီး၌ သူ၏ အမတ်ကြီးကို အပါးသို့ ခေါ်၍…
“အမတ်ကြီး၊ ကျုပ်ကွယ်လွန်သွားတဲ့ အခါမှာ တစ်ခုခု လုပ်ရလိမ့်မယ်”
ဟု ပြောလေသည်။
“ဘာလုပ်ရမလဲ အရှင်မင်းကြီး၊ အမိန့်တော် ချမှတ်ပါ”
အမတ်ကြီးက အားတက်သရော ပြန်လျှောက်ထား လေသည်။
“ကျုပ် ရုပ်ကလာပ်ကို သုသာန်သင်္ချိုင်းသို့ ဖုတ်ကြည်း မီးသင်္ဂြိုဟ်ရန် ဆောင်ကြဉ်းသွားတဲ့အခါမှာ ကျုပ်လက်တစ်ဖက်ကို အဖြူရောင် ဆိုးထားပြီး ကျန်တဲ့ လက်တစ်ဖက်ကို အနက်ရောင် ဆိုးထားရမယ်။ ပြီးတော့ လက်နှစ်ဖက်ကို အပြင်ဘက်မှာ ထုတ်ပြပြီး ရုပ်ကလာပ်ကို သယ်ဆောင်သွားရမယ်”
ဘုရင်ကြီး၏ ထူးထူးဆန်းဆန်း အမိန့်ကို ကြားရသောအခါ အမတ်ကြီးသည် ဘုရင်မင်းကြီး စိတ်မှ မှန်ရဲ့လားဟူ၍ စဉ်းစားမိလေသည်။ ဘုရင်မင်းကြီး ဘာကြောင့် ထိုကဲ့သို့သော ထူးထူးဆန်းဆန်း အမိန့်မျိုးကို မိန့်မှာရသနည်းဟု မတွေးတတ်အောင် ဖြစ်နေလေသည်။
ထို့ကြောင့် အမတ်ကြီးက…
“အရှင်မင်းကြီး၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ဤကဲ့သို့ မိန့်ပါသနည်း”
ဟူ၍ ဘုရင်မင်းကြီးအား ပြန်လည်လျှောက်ထားလိုက်သည်။
ထိုအခါ ဘောဇဘုရင်က ဤသို့ ပြန်လည်မိန့်ကြား လေသည်။
“အပြင်ထုတ်ပြထားတဲ့ လက်ချည်းတွေ့ရတဲ့အခါ ဘုရင်ဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ယောကျာ်းဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် ဘယ်သူမဆို ကွယ်လွန်တဲ့ အခါမှာ ဤလူ့ဘဝ လူ့လောကက ဘာပစ္စည်းမှ သယ်ဆောင်သွားလို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်ကို ပြည်သူပြည်သား လူအများ သိစေလိုတဲ့အတွက် လက်ကို အပြင်ထုတ်ပြခိုင်းရတာဖြစ်တယ်။ လာတဲ့အခါမှာလည်း လက်ချည်းပဲ လာကြရတယ်။ ပြန်သွားတဲ့အခါ ကျတော့လည်း လက်ချည်းပဲ ပြန်သွားကြရတယ်။ လက်တစ်ဖက်ကို အဖြူရောင်ဆိုးထားပြီး ကျန်လက် တစ်ဖက်ကို အနက်ရောင်ဆိုးခိုင်းတာကတော့ လူတွေဟာ ကွယ်လွန်သွားတဲ့အခါမှာ ကိုယ်နှင့် တစ်ပါတည်း ပါသွားတဲ့အရာဟာ လူ့ဘဝမှာ ပြုလုပ်ခဲ့ကြတဲ့ ကောင်းမှု (အဖြူရောင်)နဲ့ မကောင်းမှု (အနက်ရောင်)သာ ဖြစ်တယ်ဆိုတာကို သိစေလိုတဲ့အတွက် ဖြစ်တယ်”
ဘောဇဘုရင် ကံကုန်သွားသောအခါ၌ ဘုရင့် အမတ်ကြီးသည် ဘုရင်မင်းကြီး မိန့်မှာထားသည့်အတိုင်း ပြုလုပ်ဆောင်ရွက်လေသည်။
(ပါရဂူ)

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11231

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00