THURA THA WAH

THURA THA WAH

Share

Photos from THURA THA WAH's post 28/07/2025

𝐎𝐍 𝐓𝐇𝐈𝐒 𝐃𝐀𝐘: ဂျက်ကလင်း ကနေဒီရဲ့ ဘဝဇာတ်ကြောင်း

ဒီနေ့၊ ၁၉၂၉ ခုနှစ်၊ ဇူလိုင် ၂၈ ဟာ အမေရိကန်ပြည်ထောင်စုမှာ ထင်ရှားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာမယ့် ဂျက်ကလင်း လီ ဘူဗီယေ အိုနားစစ် (Jacqueline Lee Bouvier Onassis) ရဲ့ မွေးနေ့။ သူမကို နယူးယောက်ပြည်နယ်၊ ဆောက်သမ်တန်မှာ မွေးခဲ့တယ်။ ဂျက်ကလင်း ကနေဒီလို့ လူသိများတယ်။ ဂျက်ကလင်းက နောင်တချိန်မှာ သမ္မတ ဂျွန် အက်ဖ် ကနေဒီ (John F. Kennedy) ရဲ့ဇနီး၊ သမ္မတကတော် (First Lady) ဖြစ်လာခဲ့တယ်။

ဂျက်ကလင်းရဲ့အဖေ ဂျွန် ဗာနူး ဘူဗီယေ (John Vernou Bouvier III) က ချမ်းသာတဲ့ စတော့ဈေးကွက် ကုန်သည်တစ်ဦး။ ဂျက်ကလင်းအမေ ဂျဲနက် နော်တန် လီ (Janet Norton Lee) ကတော့ အိုင်ယာလန်-အမေရိကန် အထက်တန်းလွှာ မိသားစုက ဆင်းသက်လာတဲ့ မျိုးရိုးမြင့်သူ။ ဂျက်ကလင်းကို ငယ်နာမည် ဂျက်ကီ (Jackie) လို့ လူသိများတယ်။ ဂျက်ကီက စာပေ၊ အနုပညာနဲ့ မြင်းစီးတာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တယ်။

ဂျက်ကလင်းက ဗာဆာကောလိပ် (Vassar College)၊ ဂျနီဗာတက္ကသိုလ်နဲ့ ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်တွေမှာ ပြင်သစ်စာပေ၊ သမိုင်းနဲ့ အနုပညာ အထူးပြုသင်ယူခဲ့တယ်။ ၁၉၅၁ နှောင်းပိုင်း၊ ဂျော့ချ်တောင်းက ညစာစားပွဲတစ်ခုမှာ ငယ်ရွယ်ချောမောတဲ့ ဆီနိတ်တာ၊ နောင်မှာ အမေရိကန်သမ္မတ ဖြစ်လာမယ့် ဂျွန် အက်ဖ် ကနေဒီနဲ့ စပြီးဆုံစည်းခဲ့တယ်။

နောက်ထပ် ၂ နှစ်အကြာ၊ ၁၉၅၃ စက်တင်ဘာမှာ သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်း JFK က နိုင်ငံရေးလောကမှာ နာမည်ကြီးလာတယ်။။ ၁၉၅၃ ကနေ ၆၁ အထိ မက်ဆာချူးဆက်ရဲ့ ဆီနိတ်တာအနေနဲ့ တာဝန်ထမ်းဆောင်ပြီး ၁၉၆၁ မှာ JFK က အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။ ဂျက်ကလင်းနဲ့ JFK တို့ဟာ အိမ်ဖြူတော်သမိုင်းမှာ အသက်အငယ်ဆုံး နေထိုင်ခွင့်ရတဲ့ သမ္မတနဲ့ သမ္မတကတော် ဖြစ်လာခဲ့တယ်။

၁၉၆၃၊ နိုဝင်ဘာ ၂၂၊ JFK လုပ်ကြံခံရတဲ့ အဖြစ်အပျက်မှာ ဂျက်ကလင်းရဲ့ တုံ့ပြန်ပုံ၊ ရပ်တည်ချက်နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကိုတော့ တကမ္ဘာလုံးက မအံ့ဩဘဲမနေနိုင်အောင် ဖြစ်ခဲ့ရတယ်။ အဲဒီနေ့မှာ JFK က နောက်လာမယ့် သမ္မတသက်တမ်းအတွက် မဲဆွယ်တဲ့အနေနဲ့ တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်မှာ လူထုထောက်ခံပွဲကို ကားနဲ့လှည့်လည်ခဲ့တယ်။ အဲဒီကားပေါ်မှာ JFK နဲ့အတူ ဂျက်ကလင်းလည်းပါတယ်။ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန် ကော်နယ်လီ (John Connally) နဲ့ သူ့ရဲ့ဇနီး နယ်လီ ကော်နယ်လီ (Nellie Connally) တို့လည်း ပါလာခဲ့တယ်။

အဲဒီအချိန်မှာပဲ Texas School Book Depository အဆောက်အဦးရဲ့ ၆ လွှာကနေ သေနတ်သမားတစ်ယောက်က JFK တို့ရဲ့ကားကို သေနတ်နဲ့ သုံးချက်ပစ်ခဲ့တယ်။ ပထမတစ်ချက်က အုပ်ချုပ်ရေးမှူး ကော်နယ်လီကို ထိမှန်ခဲ့ပြီး ပြင်းထန်တဲ့ဒဏ်ရာ ရသွားခဲ့တယ်။ ကျန်တဲ့ ကျည်ဆံ နှစ်တောင့်ကတော့ JFK ရဲ့ လည်ပင်းနဲ့ ခေါင်းကိုထိပြီး ဦးခေါင်းနဲ့ ဦးနှောက် အစိတ်အပိုင်းတွေ ကားပေါ်မှာ ပျံ့ကျဲသွားခဲ့ပြီး ဂျက်ကလင်းရဲ့ ပန်းရောင်ဝတ်စုံပေါ်ကိုပါ စွန်းထင်းကုန်တယ်။

ဂျက်ကလင်းက JFK ကို ဒုတိယကျည်ဆန် ထိတဲ့အချိန်မှာ အလန့်တကြား ဖြစ်သွားပြီး နောက်ကျည်ဆန်တစ်တောင့် ထိတဲ့အချိန်မှာတော့ JFK ရဲ့ ဦးခေါင်းကိုကိုင်ပြီး အကူအညီရဖို့ ကြိုးစားခဲ့သလို ကားအနောက်ခန်းကို လွင့်စင်သွားတဲ့ JFK ရဲ့ ဦးခေါင်းအစိတ်အပိုင်းတစ်ခုကို ကောက်ယူဖို့ ကြိုးစားခဲ့တယ်။ လုံခြုံရေးအဖွဲ့ဝင် Clint Hill က သူမကို ကာကွယ်ထိန်းသိမ်းခဲ့ရတယ်။ JFK ကို ဆေးရုံပို့ဖို့ သွားတဲ့အချိန်မှာလည်း ဂျက်ကလင်းက ကားပေါ်မှာ JFK ရဲ့ခေါင်းကို ပွေ့ဖက်ပြီး လိုက်သွားခဲ့တယ်။

Parkland Memorial ဆေးရုံမှာ JFK ကို အရေးပေါ်ကုသမှု လုပ်ခဲ့ပေမယ့် သိပ်မကြာခင် မွန်းလွဲ ၁ နာရီမှာပဲ သေဆုံးကြောင်း ကြေညာခဲ့ရတယ်။ JFK သေဆုံးကြောင်း သိပြီးတဲ့အချိန်မှာ ဂျက်ကလင်းက သူ့ခင်ပွန်းရဲ့ ရုပ်အလောင်းနဲ့အတူရှိနေခဲ့တယ်။ နောက်ထပ် နာရီပိုင်းအတွင်းမှာပဲ JFK ရဲ့ ရုပ်အလောင်းကို ဝါရှင်တန်ဒီစီကို ပြန်သယ်လာတဲ့ Air Force One လေယာဉ်နဲ့အတူ ဂျက်ကလင်းလည်း အခင်းဖြစ်နေရာမှာ သွေးစွန်းခဲ့တဲ့ ပန်းရောင်ဝတ်စုံနဲ့ပဲ လိုက်လာခဲ့တယ်။ အဲဒီဝတ်စုံကို လဲလှယ်ဖို့ ငြင်းဆန်ပြီးတော့ “Let them see what they’ve done” လို့ပြောခဲ့တယ်။

“သူတို့ ဘာလုပ်ခဲ့မိပြီလဲဆိုတာ သူတို့မြင်ပါစေ” ဆိုတဲ့ အဲဒီစကားက အခုအချိန်ထိ ဂျက်ကလင်းနဲ့ အတူတွဲပြီး မှတ်မိနေကြတဲ့ စကားတစ်ခွန်းဖြစ်တယ်။ အဲဒီနောက်၊ နေ့လယ် ၂း၃၈ မှာ ဒုသမ္မတဖြစ်တဲ့ လင်ဒန် ဘီ ဂျွန်ဆင် (Lyndon B. Johnson) က အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုတယ်။ အဲဒီ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာလည်း ဂျက်ကလင်းက သွေးစွန်းနေတဲ့ ဝတ်စုံနဲ့ပဲ ဂျွန်ဆင်ရဲ့ ဘယ်ဖက်ဘေးမှာ ရပ်တည်ခဲ့တယ်။

တကိုယ်လုံး သွေးတွေစွန်းထင်းပြီး ဝမ်းနည်းနေတဲ့ မုဆိုးမတစ်ဦးနဲ့ သူမရဲ့ဘေးမှာတော့ နိုင်ငံရဲ့တာဝန်ကို အရေးပေါ်ထမ်းဆောင်ရတော့မယ့် သမ္မတအသစ်ရဲ့ပုံရိပ်ကို မြင်ရတဲ့ အခိုက်အတန့်က အမေရိကန်တို့ရဲ့ သမိုင်းမှာ အင်မတန် ဝမ်းနည်းစိတ်လှုပ်ရှားစရာကောင်းတဲ့အချိန် ဖြစ်ခဲ့တယ်။

နိုဝင်ဘာ ၂၅၊ ဝါရှင်တန်ဒီစီမှာ JFK အတွက် နိုင်ငံတော်အဆင့် ဈာပနအခမ်းအနား ကျင်းပတယ်။ အဲဒီအခမ်းအနားမှာ ဂျက်ကလင်းရဲ့ တောင်းဆိုချက်အရ သူတို့ရဲ့သားဖြစ်သူ JFK Junior. ရဲ့ ၃ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သင်္ဂြိုလ်တဲ့အချိန်မှာ “Eternal Flame” ကို ထည့်သွင်းခဲ့ပြီး အဲဒီမီးတောက်က အခုအချိန်အထိ တောက်လောင်နေဆဲပါပဲ။ နောက်ပိုင်းမှာ၊ ဂျက်ကလင်းက သူမရဲ့ သွေးစွန်းခဲ့တဲ့ ပန်းရောင်ဝတ်စုံကို အမျိုးသားသမိုင်းပြတိုက်ကို လှူခဲ့ပြီး အခုတော့ အဲဒီဝတ်စုံကို အများပြည်သူကို မပြသတော့ဘဲ သိမ်းဆည်းလိုက်ပါပြီ။

JKF လုပ်ကြံခံရတဲ့ အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲတွေလည်း ရှိခဲ့တယ်။ လုပ်ကြံပစ်ခတ်ခဲ့တဲ့ သေနတ်သမား လီ ဟာဗေး အော့စ်ဝေါလ်ဒ် (Lee Harvey Oswald) ကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့တယ်။ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ တစ်ယောက်တည်း လုပ်ကြံမှုဖြစ်ပြီး ပြည်တွင်းပြည်ပ ပူးပေါင်းလုပ်ကြံတာ မဟုတ်ဘူးလို့ ကောက်ချက်ချခဲ့ပေမယ့် လုပ်ကြံမှုအပြီး ၂ ရက်အကြာ နိုဝင်ဘာ ၂၄ မှာ တရားခံ လွှဲပြောင်းရေး လုပ်တဲ့အချိန်မှာပဲ အော့စ်ဝေါလ်ဒ်ကို ဂျက်ခ် ရူဘီ (Jack Ruby) ဆိုတဲ့ လူတစ်ယောက်က သေနတ်နဲ့ ပစ်သတ်ပြီး နှုတ်ပိတ်ခဲ့လို့ အမေရိကန်သမ္မတ JFK ကို လုပ်ကြံခဲ့တာက အော့စ်ဝေါလ်ဒ် တစ်ယောက်တည်း မဟုတ်ဘဲ ပူးပေါင်းကြံစည်မှုဖြစ်တယ်ဆိုတဲ့ သီအိုရီတွေ ထွက်ပေါ်လာခဲ့တယ်။

ဂျက်ကလင်းကတော့ မုဆိုးမအနေနဲ့ ကလေးနှစ်ယောက်ကို စောင့်ရှောက်ရင်း ရပ်တည်ခဲ့ပြီး ၁၉၆၈ ခုနှစ်မှာ ဂရိသူဌေး အရစ္စတိုတယ် အိုနာစစ် (Aristotle Onassis) နဲ့ လက်ထပ်ခဲ့တယ်။ သူဌေးကြီး အိုနာစစ် သေဆုံးပြီးတဲ့ နောက်မှာတော့ နယူးယောက်မှာ ပြန်နေခဲ့ပြီး စာပေအယ်ဒီတာ အလုပ်နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ခဲ့တယ်။ ၁၉၉၄၊ မေ ၁၉ မှာ ဂျက်ကလင်းဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ ဂျက်ကလင်းကို အာလင်တန် အမျိုးသားသုဿန် (Arlington National Cemetery) မှာ သူမရဲ့ ပထမခင်ပွန်းဖြစ်တဲ့ JFK ဘေးမှာပဲ မြှုပ်နှံခဲ့တယ်။

ဂျက်ကလင်းက အမေရိကန်တွေရဲ့ ယဉ်ကျေးမှု၊ ခန့်ညားမှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတို့ရဲ့ ကြီးမားတဲ့ ပုံရိပ်ဖြစ်ခဲ့ပြီး အားလုံး အတုယူလေးစားရတဲ့ First Lady တစ်ဦးအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

𝐒𝐨𝐮𝐫𝐜𝐞: 𝐇𝐢𝐬𝐭𝐨𝐫𝐲.𝐜𝐨𝐦

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon