Arch-Novation Design Group

Arch-Novation Design Group

Share

08/04/2025

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အင်အားကြီး စစ်ကိုင်းငလျင်ပြီးတဲ့‌ေနာက်မှာ ကျမတို့ ဗိသုကာသူငယ်ချင်းတွေက
ဘယ်လိုမျိုး ကူညီပေးနိုင်မလဲစဉ်းစားရင်းနဲ့
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားရတဲ့
ဒေသတွေကို ပြန်လည်တည်ဆောက်ရာမှာ ဗိသုကာ (architects) နဲ့ မြို့ပြစီမံကိန်းပညာရှင်များ (urban planners and designers) တွေ ဘယ်လိုကူနိုင်မလဲ ဆိုတဲ့ မေးခွန်းပေါ်လာတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ကျမတို့ page မှာ Humanitarian Architecture အကြောင်းကိုလည်းဝေမျှပေးခဲ့ဖူးပါတယ်။ အခုငလျင်လို ထိခိုက်ပျက်ဆီးဆုံးရှုံးမှုများတဲ့ ဘေးတွေအတွက် အိမ်တွေကူဆောက်ပေးလိုက်ရုံ၊ ဒီဇိုင်းလှူဒါန်းပေးလိုက်တာမျိုးက တကယ်တော့ ရေရှည်အတွက် ထိရောက်တဲ့ ကူညီပေးမှုတွေမဟုတ်တာကို
ကျမတို့ ပိုသ‌ဘောပေါက်နားလည်လာပါတယ်။

🏘️ဗိသုကာတွေဟာ အရေးပေါ်လိုအပ်တဲ့နေရာတွေအတွက် ယာယီနေထိုင်ဖို့လိုအပ်တဲ့ refugee camp၊ temporary shelters စတာတွေကို လွယ်လွယ်ကူကူနဲ့ ကုန်ကျစားရိတ်သက်သာတဲ့ ဒီဇိုင်းတွေပြုလုပ်ပေးနိုင်သလို

📌 သဘာဝဘေးအန္တရာယ်ဖြစ်ပြီးပြီးချင်း
ပျက်ဆီးသွားတဲ့ နေအိမ်အဆောက်အဦးများကို တည်ဆောက်‌ေရးဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာများနှင့် အတူတကွ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး၊ ထိခိုက်သွားသော အိမ်ခြေအရေအတွက်၊ နေစရာလိုအပ်နေသော လူဦးရေအချိုးအစားများ၊ ပျက်ဆီးသွားသော အမွေအနှစ်လက်ရာများ သို့မဟုတ် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ သို့မဟုတ် အခြေခံအဆောက်အဦးများ သို့မဟုတ် အန္တရာယ်ရှိ‌နေသေးသော အများပိုင်နေရာများ စသည်ဖြင့် မှတ်တမ်းများ ကောက်ယူရာမှာ မြေပုံရေးဆွဲပေးနိုင်တဲ့သူတွေနဲ့အတူတကွ ဦးဆောင်ပါဝင်နိုင်ကြပါတယ်။

🏙️ဒါ့အပြင်မြို့ပြစီမံကိန်းပညာရှင်တွေနဲ့ ဗိသုကာပညာရှင်တွေ အတူတကွပူးပေါင်းပြီး ဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ဒေသတွေမှာ ဘယ်ဟာကို ဦးစားပေးပြီး ပြန်လည်ဖွံ့ဖြိုးရေးလုပ်ဖို့လိုမလည်းဆိုတာတွေကို ကူညီစဉ်းစား‌ပေးပြီး ထိရောက်တဲ့ စီမံကိန်းတွေဖြစ်ဖို့ရာ အကူညီပေးနိုင်ကြပါ‌ေသးတယ်။
လူပေါင်းများစွာရဲ့ အသက် အိုးအိမ် လူမှုစီးပွားဘဝတွေပါ ထိခိုက်ရတဲ့ သဘာဝဘေးအန္တရာယ်‌ေကြာင့်ပျက်ဆီး ဆုံးရှုံးတာ‌ေတွကို ပြန်လည်တည်‌ေဆာက်တဲ့အခါ နိုင်ငံတော်အဆင့် စီမံကိန်းတွေလိုအပ်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် ရန်ပုံငွေ အလေအလွင့်ဖြစ်တာအပြင် အကျိုးဆက်အနေနဲ့က စီးပွားရေးနာလန်ပြန်ထူဖို့ရာမှာပါ ခက်ခဲနိုင်လို့ပါ။

🎗️ငလျင်ဒဏ်ခံအဆောက်အဦးတစ်ခု၊မုန်တိုင်းဒဏ်ခံအိမ်တစ်လုံးဆိုပြီး ပြန်တည်ဆောက်လိုက်ရုံနဲ့ မပြီးပါဘူး။ဒါပေမဲ့ မြန်မာနိုင်ငံအနေအထားနဲ့မှာ ရပ်ရွာက ကိုယ်ထူကိုယ်ထ ပြန်လည်ရုန်းထရတဲ့အခါ ဗိသုကာနဲ့ မြို့ပြပညာရှင်တွေက ဝင်ရောက်ကူညီပေးနိုင်ပါတယ်။

ဥပမာ အလှူရှင်က ငလျင်ဒဏ်ခံလိုက်ရလို့ ပျက်ဆီးသွားတဲ့ ရပ်ကွက်၊ ကျေးရွာတစ်ခုမှာ တည်ဆောက်ရေး ရန်ပုံငွေပေးချင်တယ်ဆိုရင် ရပ်ရွာလူထုအတွက် လတ်တလောလိုအပ်ချက်ဖြစ်တဲ့ နေထိုင်စရာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ‌မိလ္လာနှင့် အမှိုက်ပစ်ရန်‌ေနရာသတ်မှတ်ခြင်း၊ ရေတွင်းပြန်တူးခြင်းတွေအပြင်၊ ရေရှည်အတွက်လိုအပ်မယ့် ပျက်ဆီးသွားတဲ့ ‌ကျောင်း၊ ဆေးရုံကဲ့သို့ အခြေခံအဆောက်အဦးလိုအပ်ချက်တွေအတွက် ရပ်ရွာလူထုရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဒီဇိုင်းပြုလုပ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်းစတာတွေမှာလည်းအလှူရှင်ရဲ့ရန်ပုံငွေတွေ ထိရောက်ဖို့အတွက် ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ ဘာသာရေးအရပြောမယ်ဆို အလှူပြီးမြောက်၊ ထိရောက်အောင် ကူညီပေးတဲ့အတွက် ကိုယ်လည်းထပ်တူ ကုသိုလ်ရဝာာမျိုးပေါ့။

👥🫂 ဗိသုကာတွေအနေနဲ့ ထိခိုက်ဆုံးရှုံးထားတဲ့
ရပ်ရွာလူထုနဲ့ပူးပေါင်းပြီး ပြန်လည်တည်ဆောက်ကြရာမှာ ရပ်ရွာနဲ့ ကိုက်ညီတဲ့ လူမှုရေး အလေ့အကျင့်တွေကိုထည့်သွင်းစဉ်းစားထားတဲ့ လူနေထိုင်မှုပုံစံရရှိအောင် အဆောက်အအုံနဲ့ public spaces တွေကို ဖန်တီးပေးဖို့လည်းလိုအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်တွေအတွက်လည်း ပြန်လည်ထူထောင်ရေးလုပ်စဉ်မှာ တတ်သိပညာရှင်များ လိုအပ်လျှင်အင်ဂျင်နီယာများနှင့်ပါတိုင်ပင်ကာ ကြိုတင်ထည့်စဉ်းစားထားဖို့လိုအပ်ပါတယ်။

ဒါ့အပြင် လူမှုရေးအရထိခိုက်မှုများ နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ဗိသုကာတွေနဲ့ အနုပညာရှင် (‌‌art therapist) များ၊ Psychiatristများ ပူးပေါင်းပြီး ပြန်လည်တည်ဆောက်ရေးလုပ်နေစဉ်မှာ trauma healing ကိုပါလက်တွဲလုပ်ဆောင်ကြရတာရှိပါတယ်။ ဒီအကြောင်းကို လေ့လာချင်ရင် ကျမတို့ page မှာ Healing Through Architecture ဆိုပြီး sharing လုပ်ဖူးတာကို ပြန်ရှာဖတ်လို့ရပါတယ်။

❓ ဗိသုကာတွေအနေနဲ့က အခြားနိုင်ငံ‌ေတွမှာ လုပ်ထားတဲ့ ဒီဇိုင်း‌ေတွကို လေ့လာပြီး ပြန်လည်တည်ဆောက်တာမျိုးထပ် လူထုအခြေပြု ဒီဇိုင်း (Participatory Design) အလေ့အကျင့်ကို အသုံးချသင့်ပါတယ်။ လူထုအခြေပြု ဒီဇိုင်းဆိုတာ မတူကွဲပြားတဲ့ ဒေသခံလူတိုင်း ဘာသာရေး၊ ကျား၊မ အသက်အရွယ်အမျိုးမျိုးစတဲ့ လူထုအဖွဲ့အစည်းတွေကိုပါ ဒီဇိုင်းစဉ်းစားတဲ့နေရာမှာ လက်တွဲပါဝင်စေတာဖြစ်ပါတယ်။

အပေါ်မှာပြောထားတာတွေအပြင် အဆောက်အဦးခိုင်ခံဖို့နဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ရာသီဥတုဆိုင်ရာတွေ၊ ယဉ်ကျေးမှုနဲ့ဗိသုကာဆိုင်ရာတန်ဖိုးတွေ၊ စီးပွားရေးဆိုင်ရာပြန်လည်နလန်ထူရေးတွေကိုလည်း ပြန်လည်ထူထောင်တည်ဆောက်ရင်း သက်ဆိုင်ရာ ပညာရှင်တွေနဲ့ပါ အတူတကွစဉ်းစားလုပ်ဆောင်ရတာ ဖြစ်လို့ ဗိသုကာတွေ အနေနဲ့ ဒေသအလိုက် လိုအပ်တဲ့အချက်အလက်ပေါ်မူတည်ပြီး အခြားပညာရှင်များနှင့်ပါ အတူတကွလက်တွဲလုပ်ဆောင်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။

📝 လတ်တလောမှာ ကျမနဲ့ ဗိသုကာသူငယ်ချင်းများမှ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ ဗိသုကာပညာရှင်များထံမှ အကြံဉာဏ်တောင်းခံပြီး လိုအပ်တဲ့အချက်အလက်တွေကိုစုဆောင်းလျှက်ရှိပါတယ်။ အချက်အလက်တွေစုဆောင်းပြီးရင်တော့ ဒီဇိုင်းလှူဒါန်းလိုတဲ့ ဗိသုကာတွေ၊ ပြန်လည်တည်ဆောက်ရေးမှာထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေပေးချင်တဲ့ အလှူရှင်တွေ၊ ပရိဟိတအဖွဲ့တွေနဲ့ NGO, CSO များ၊ ရပ်ရွာလူထုအ‌ေခြပြုအဖွဲ့များကိုပြန်လည်ဝေမျှပေးနိုင်ဖို့ရည်ရွယ်ထားပါတယ်။

# တကယ်လို့ ရပ်ရွာလူထုက ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ရေးလုပ်ဆောင်ဖို့ရာ
အပေါ်ကပြောပြခဲ့သလို အကြံဉာဏ်များလိုအပ်ရင်လည်း ကျမတို့ကို ဆက်သွယ်ပြီး အခမဲ့အကြံတောင်းခံနိုင်ပါတယ်။

# အချက်အလက်များစုဆောင်းရာမှာ ပါဝင်ကူညီလိုသူတွေကိုလည်း ကျမတို့ဖိတ်ခေါ်လိုပါတယ်။ ဒါမှမဟုတ် ကျမတို့ဆီ ပေးပို့လိုတဲ့ သတင်းအချက်အလက်တွေရှိရင်လည်း page messenger ကနေတဆင့် လာရောက်ပေးပို့ထားနိုင်ပါတယ်။

# ပရဟိတအဖွဲ့အစည်းတေ‌ွ၊ ကျောင်းဒကာ၊အိမ်ဒကာဖြစ်လိုတဲ့ အလှူရှင်တွေအနေနဲ့လည်း ဒီဇိုင်းဆွေးနွေးဖို့အပြင် ရပ်ရွာလူထုအမှန်တကယ်လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးအတွက် တည်ဆောက်ရေးဆိုင်ရာအကြံဉာဏ်များ၊ အသုံးဝင်ပြီး ထိရောက်သော ဗိသုကာဒီဇိုင်းများ လိုအပ်ပါက အချိန်မရွေးကျမတို့ထံ အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်။

# ပြည်တွင်း ပြည်ပက ဗိသုကာတွေအနေနဲ့လည်း ငလျင်ဒဏ်ခံ ပြည်သူ‌တွေအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူ‌ေထာင်‌ေရးနဲ့ ပတ်သက်ပြီး မိမိတို့အတွေ့အကြုံတွေကို ကျမတို့ဆီမှတဆင့်မဟုတ်ပဲ မိမိတို့ ရပ်ရွာအသိုင်းအဝန်းထဲမှာလည်း ကူညီဝေမျှပေးကြဖို့တိုက်တွန်းလိုပါတယ်။

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 6, Parami Road , Ward/16, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00