o.four

o.four

Share

20/01/2026

“Step One"

နောက်ဆုံးတော့ studio ကို ဒိုးနိုင်ခဲ့ပြီလေ! ကိုယ့်ဖက်က တစ်လစ်တန်းလန်းဖြစ်နေနိုင်လွန်းလို့ကို ကြာခဲ့ရတဲ့ကိစ္စတွေပါ! ရှင်သန်ဖြတ်သန်းနေရတဲ့ နေ့ရက်တိုင်းက တနေ့တမျိုး မရိုးခဲ့ရဘူး(ကိုယ့်ထက် အခြေအနေဆိုးနေတဲ့သူတွေကိုတော့ အားနာမိပါတယ်)! ကိုယ်ဘာလုပ်ချင်နေလဲ ကိုယ့်ဘာသာကို သိပြီး မလုပ်ဖြစ်နိုင်ခဲ့တာတွေအတွက်လည်း စိတ်ထဲမှာ ဘဝင်မကျဖြစ်နေရတုန်းပါပဲ! Anyway..“လမ်းပေါ်ကလူ” album ထဲမှာပါမယ့် သီချင်းတစ်ပုဒ်ကိုတော့ recording session ဝင်နိုင်ခဲ့ပါပီ! အမှတ်တရအနေနဲ့ မျှဝေမိပါတယ်! 🙏❤️✌️

31/10/2024

“Knowledge လေးဝေမျှပေးပါလား”

ဒီစာတပုဒ်ဟာ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဂီတခရီးလမ်းပေါ်က အတွေ့အကြုံနဲ့အသိအမြင်ကို ကျွန်တော်ငယ်ငယ်ကလိုပဲ ဂီတကို ဖန်တီးချင်စိတ်ရှိတဲ့ အခုမှစလုပ်မယ့်လူငယ်တွေ (Rap Artist ဖြစ်လာမယ့်သူတွေ)အတွက်သာ ရည်ရွယ်ပါတယ်။

Beginning

ကျွန်တော် 2010/2011 ပညာသင်နှစ်မှာ ၁၀တန်းအောင်ခဲ့ပါတယ်။ ပြီးတော့ တက္ကသိုလ်ရောက်ပါတယ်.. တက္ကသိုလ်ဆိုလို့ အနုပညာတက္ကသိုလ်လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ နဂိုအခံဗီဇကိုက ဂီတနဲ့ပတ်သက်ချင်မိတဲ့ အရိပ်အယောင်ရှိနှင့်နေပြီးသား သူတစ်ယောက်ပါ။ ဖြစ်ချင်တော့ ဂီတမျိုးရိုးလည်းမရှိ ဂီတသီအိုရီဆိုတာလည်း မသိသေးသူဆိုတော့ အစမှာ ခက်ခဲခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် music လုပ်ချင်တဲ့စိတ်တခုတည်းနဲ့ စလုပ်ပါတယ်။ ဂစ်တာမတီးတတ်သေးခဲ့တဲ့အချိန်မှာ pop..rock လို ဂီတအမျိုးအစားတွေကို ဖန်တီးဖို့ လက်ရှောင်ခဲ့ပါတယ်။ ဂစ်တာမတီးတတ်သေးလည်း ငါဘာလုပ်လို့ရမလဲ ရှာဖွေမိပါတယ်။ Rap ဆိုတဲ့အရာကို တွေ့ရှိခဲ့ပါတယ်။ Hip Hop ဆိုတာကို အဲ့ဒီအရွယ်က အနည်းငယ်ပဲ သိပါတယ်။ အခုလည်း သိသင့်သလောက်ပဲ သိပါတယ်။

Writing Session

Rap စရေးပါတယ်..ပထစဆုံးစရေးတဲ့ Rap က A4 ၄မျက်နှာလောက်ထွက်ခဲ့တာကိုလည်း မှတ်မိပါတယ်။ ကိုယ်ဆိုနိုင်ဖို့အတွက် အသက်ရှူစရာနေရာချန်ထားဖို့ မသိခဲ့ပါဘူး။ Arrangement ကတော့ နားထောင်ဖူးပြီးသားသီချင်းတွေကို အကိုးအကားယူခဲ့ပါတယ်.. Instrumental နဲ့လည်း ရေး/ဆိုပါတယ်။ ကျွန်တော့်သူငယ်ချင်း Grap5 က FL Studio စတီးတော့ သူတီးတဲ့ Beat တွေနဲ့လည်း ရေး/ဆိုပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ဂီတနာမည်ကိုလည်း အမျိုးမျိုးလျှောက်ပေးခဲ့ပါတယ်..နောက်ဆုံးမှ o.four ဆိုတာဖြစ်လာပါတယ်။

Recording Session

Studio မှာ Recording စဝင်ဖို့ သွားရပါတယ်..ကိုယ့်အသံကိုယ် condenser microphone နဲ့စဆိုဖူးချိန် monitor speakers ကထွက်လာတဲ့အသံဟာ ကျွန်တော်သဘောကျလောက်တဲ့အနေအထား ဖြစ်မနေခဲ့ပါဘူး။ စလုပ်တာနဲ့ အရမ်းကောင်းနေရအောင် ကိုယ်က superman လည်း ဟုတ်မနေဖူးလေနော်..အဲ့လောက်တော့ရှိမှာပေါ့လေ။ ဒါပေမဲ့ စိတ်မပျက် လက်မလျှော့ပါဘူး.. ဆက်လုပ်ပါတယ်..ဆက်ရေးပါတယ်..ဆက်ဆိုခဲ့ပါတယ်..ဂီတကို တစိုက်မတ်မတ်လုပ်ဖို့မဖြစ်နိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်..လမ်းတွေချော် လမ်းတွေလွဲ မျောခဲ့တယ်ဆိုရပါမယ်..

Fl Studio

ဂီတနဲ့ပတ်သက်လို့ ပညာသင်ယူဖို့ ကျွန်တော်ပိုက်ဆံသိပ်မကုန်ခဲ့ပါဘူး..ကံကောင်းတယ်ဆိုနိုင်ပါတယ်..ကျွန်တော် FL studio တီးတတ်ဖို့ သူငယ်ချင်း Grap5 ကပဲ သင်ပေးပါတယ်..အဲ့ဒီအချိန်က Grap5 ကတော့ FL Studio ကို မြန်မာလိုထုတ်ထားတဲ့ စာအုပ်ဝယ်ပြီး သူ့ဘာသာ လေ့လာတတ်မြောက်ပါတယ်။ အခုခေတ်ကတော့ YouTube ရှိတယ်လေနော်။ သင်တန်းတွေလည်း ရှိနေပါပြီ။

Mixing Session

ရေးတာ ဆိုတာနဲ့တင် မပြီးပါဘူး.. ကိုယ်ဆိုထားတာတွေကို Mixing ဆိုတာလည်း လုပ်ဖို့လိုလာပြန်ပါတယ်.. Grap5 က ရှေ့ကို အမြဲဆက်လေ့လာနေပြီး ကျွန်တော်သူ့နောက်က မှီအောင်အမြဲလိုက်ရပါတယ်။ ကျွန်တော်တို့အခြေအနေက ကိုယ်လုပ်ချင်တဲ့ဂီတနဲ့ပတ်သက်လို့ ငွေကြေးသုံးစွဲနိုင်လောက်အောင် မတတ်နိုင်ခဲ့တော့ လိုအပ်တာတွေကို မိမိဘာသာလိုက်လေ့လာရပါတယ်..ဒါပေမဲ့ Grap5 ကတော့ Music industry က Rapper တွေဆီမှာ FL Studio စနစ်တကျတီးတတ်ဖို့နဲ့ Mixing ပညာကို လေ့လာနိုင်ဖို့ ငွေသုံးပြီး စတင်ရင်းနှီးမြုပ်နှံပါတယ်..သူနဲ့ကျွန်တော် လမ်းကြောင်းကွဲနေချိန်မှာ Grap5 အဲ့လိုလေ့လာပါတယ်..

Intervals

လမ်းကြောင်းကွဲရခြင်းအကြောင်းက ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် တက္ကသိုလ်ပထမနှစ်မှာထဲက စာမေးပွဲကျလို့ အပြီးနားရပါတယ်..အဆက်အသွယ်တော့ မပြတ်ခဲ့ပါဘူး..ကျွန်တော် ဂီတနဲ့မသက်ဆိုင်တဲ့ နယ်ပယ်တွေလည်း ရောက်ခဲ့ပါတယ်..အချိန်တခုလောက်ကြာ​ပြီးနောက်မှာတော့ သူငယ်ချင်းက Aes Myanmar မှာ သူအလုပ်လုပ်နေချိန် ကျွန်တော့်ကိုလည်း လုပ်ငန်းခွင်ထဲရောက်အောင် ပြန်ဆွဲခေါ်နိုင်ခဲ့ပါတယ်..

Audio Engineering

ကျွန်တော် သီချင်းဖန်တီးချင်တဲ့အတွက် Aes Myanmar မှာ အလုပ်လုပ်ရင်း ဂီတနဲ့ပတ်သက်တဲ့ဝမ်းစာရိက္ခာတွေဖြည့်ရင်းဖြတ်သန်းပါတယ်..Audio engineering ပညာကို ဂီတဖန်တီးသူဟာ အကုန်မဟုတ်ရင်တောင် အခြေခံသဘောတရားတွေ နားလည်သိရှိထားဖို့ လိုပါတယ်..နောက်ပြီးတော့ ဂီတဖန်တီးချင်ရင် တတ်နိုင်သမျှ ဂီတနဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ ကိုယ်ရှိနိုင်ရင် အကောင်းဆုံးပါ .. Music industry ကသူတွေနဲ့ ထိတွေ့နိုင်အောင်လည်း ကြိုးစားပါ

Release Session

သီချင်းတွေ ဖန်တီးထုတ်လုပ်ချင်တဲ့စိတ်အားထက်သန်မှုက ကျွန်တော့်မှာ အပြည့်ရှိခဲ့ပါတယ်..အလုပ်တဖက်နဲ့ ကိုယ်ဆိုဖို့အတွက် ကိုယ်တိုင်ပဲ တီးပါတယ်..မှန်တာ မှားတာ နောက်ခဏထားပါလေ..အလုပ်ခဏပါးတာနဲ့ recording လုပ်နိုင်အောင် ကြိုးစားပါတယ်..အသံဖမ်းပေးတာကစလို့ mixing stage အထိ အခကြေးငွေ မယူပဲ စေတနာနဲ့ကူညီပေးခဲ့တဲ့သူတွေလည်း အများကြီးပါပဲ..Recording Studio ကို လုပ်ငန်းခွင်ထဲမှာလည်း လိုအပ်ရင် လိုအပ်သလို ကုန်းဆင်းခဲ့ရပါတယ်.. ကျွန်တော် ထပ်ကံကောင်းတယ်ပေါ့ဗျာ..နောက်ဆုံးရလာတဲ့ final mixing နဲ့ပဲ ကျွန်တော့်သီချင်းတွေကို release လုပ်ပါတယ်..

Music vs Income

အဲ့လိုတွေ လုပ်နေတဲ့အချိန်အထိ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်သာ ရှိခဲ့ပါသေးတယ်..အခုလည်း ဝါသနာရှင်လို့ပဲ ဆိုရပါမယ်..ကျွန်တော်ဖန်တီးလိုက်တဲ့ဂီတကနေ ငွေကြေးမရရှိသေးပါဘူး..တနေ့မှာ ရလာလိမ့်မယ့်လို့ ယုံကြည်မှု ကျွန်တော့်မှာရှိပါတယ်.. ရနိုင်မယ့်လမ်းကြောင်းတွေကိုလည်း ရှာဖွေနေပါတယ်..

Reflection

ကိုယ့်ရဲ့ဖန်တီးမှုတွေအတွက် ဝေဖန်မှုကို လက်ခံပါတယ်..ကိုယ့်ကိုကိုယ်လည်း အမြဲတမ်းပြန်လည်သုံးသပ်ပါတယ်..ပြန်လည်ပြုပြင်ပါတယ်..နောက်ပြီးတော့
ကျွန်တော်ငယ်ငယ်ကရော အခုချိန်ထိရော ကိုယ့်ထက်ပိုသိပြီး ဂီတလောကထဲမှာ ထဲထဲဝင်ဝင်လုပ်နေတဲ့သူတွေကို “အကိုရေ အကိုနဲ့ music အတူတူလုပ်ချင်တယ်ဗျာ”ဆိုပြီး request မလုပ်ခဲ့ဖူးပါဘူး..ဘာဖြစ်လို့လဲဆိုတော့ သူတို့အနုပညာအတွက် ငွေကြေးမတတ်နိုင်တာအတွက်ရော သူတို့ကိုလေးစားမှုရှိတာအတွက်ရောကြောင့်လို့ ဆိုနိုင်ပါတယ်။ တပည့်ကောင်းရင် ဆရာအာပတ်လွတ်တာမို့ အဲ့လိုအပြုအမူမျိုး ကျွန်တော်ရှောင်ခဲ့ပါတယ်.. စီနီယာတွေနဲ့ အချိန်တခုအထိရင်းနှီးမှု ရယူပြီးမှ သူတို့ဆီက အလိုလိုဖိတ်လျှံလာတဲ့စေတနာတွေကိုသာ ကျွန်တော်ခံယူစားသုံးခဲ့ပါတယ်..

အခုလောလောဆယ် ဖြစ်နေတဲ့ခံစားချက်ဆိုရင် နာမည်အထိုက်အလျောက်ရှိပြီးသား music producer အကိုတစ်ယောက်က သူ့ beat တွေ ကျွန်တော်ဆိုဖို့အတွက် ပေးထားပါတယ်.. သူ့ music အပေါ်မှာ ကျွန်တော် rap တွေ ပုတ်နေလို့မဖြစ်ဘူးဆိုတဲ့ pressure ကျွန်တော့်မှာရှိပါတယ်..

နောက်ပြီးတော့ ကျွန်တော့်သီချင်းတွေအတွက် music တီးခတ်ပေးဖို့ ဈေးမေးထားပြီး နေလှန်းထားသလို ဖြစ်ခဲ့မိတဲ့အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်..တနေ့တော့ အဲ့ဒီ music producer တွေနဲ့ ကျွန်တော်အလုပ်လုပ်မှာပါ..သူတို့အတွက် အဲ့ဒီသီချင်းတွေ သက်သက်ဖယ်ထားပါတယ်

Suggestions

ဂီတကိုပဲ ခြေစုံပစ် လုပ်ကိုင်ဖို့ အားမပေးကြောင်းကို Lil Z video တခုမှာပြောထားဖူးပါတယ်..ကျွန်တော်လည်း အဲ့လိုပဲပြန်ပြောရမယ်ထင်ပါတယ်.. တခြားအသက်မွေးဝမ်းကြောင်းပညာတခုခု လေ့လာသင်ယူပါ .. Rap Artist က Hip Hop Elements တွေနဲ့ ဆက်နွယ်ပြီး ရပ်တည်ရှင်သန်နိုင်ရင်လည်း ကောင်းပါတယ်..တခြား Rap Artist တွေရော ဘယ်လိုရှင်သန်ရပ်တည်နေကြလည်းဆိုတာ ကိုယ်ကိုယ်တိုင်လည်း လိုက်လေ့လာစေချင်ပါတယ်..ကျွန်တော်ကတော့ Audio engineer နောက်ပြီးတော့ blah blah blah တွေအဖြစ်နဲ့ အသက်မွေးခဲ့ပါတယ်..

သေချာတာကတော့ ကျွန်တော်တစ်ယောက်ထဲသာဆို ဒီနေရာထိရောက်လာဖို့ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ကိုယ်နဲ့အသိအမြင်ရေချိန် level မတိမ်းမယိမ်းရှိတဲ့သူ သို့မဟုတ် ကိုယ့်ထက်ပိုသိ ပိုတတ်နေတဲ့သူတစ်ယောက်ကတော့ လိုပါတယ်။ အဲ့လိုလူမျိုးနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ဂီတလမ်းကြောင်းပေါ်မှာ သွားရင်းလာရင်းနဲ့ရှာဖွေပါ။ ကိုယ်ရှာဖွေမိတဲ့သူက ကိုယ့်လည်းပင်းကို ကြိုးကွင်းစွပ်မယ့်သူလား ဆိုတာလည်း သတိထားအကဲခတ်ပါ..

Conclusion

ဒီစာကို ရေးဖြစ်ရတဲ့အကြောင်းအရင်းကလည်း YouTube က ကျွန်တော့်သီချင်းတပုဒ်မှာ ကျွန်တော်နဲ့သီချင်းအတူဖန်တီးချင်တဲ့အကြောင်း ညီငယ်တစ်ယောက်က မန့်ခဲ့ပါတယ်.. သူနဲ့ page chat box မှာ စကားပြောမိရင်းကမှ သူက ကိုယ့်ထက်ငယ်မှန်း သိရပါတယ်..အလိုက်မသိတတ်သူတစ်ယောက်တော့ မဟုတ်ပါဘူး.. Music အတူဖန်တီးခွင့်မရသေးရင်တောင် knowledge မျှဝေပေးပါလို့ တောင်းဆိုလာပါတယ်..သူကြည့်သင့်တဲ့ video တွေ လိုင်းပေါ်မှာ ရှိနှင့်နေပြီးသားဖြစ်နေတာက သူရော ကျွန်တော်ရော နှစ်ယောက်စလုံး ကံကောင်းတယ်ပဲဆိုရပါမယ်..သူကြည့်သင့် လေ့လာသင့်တဲ့ video တွေ ကျွန်တော် share ပေးခဲ့ပါတယ်..

တကယ်တော့ ၁၀နှစ်စာ အတွေ့အကြုံကို စာတပုဒ်တည်းနဲ့ လုံလောက်အောင် မျှဝေဖို့ မဖြစ်နိုင်သလို..တနေ့တည်းနဲ့ ပြောပြရရင်လည်း မပြီးနိုင်ပါဘူး.. နောက်ဆုံးမှာချင်တာကတော့ လေ့လာမှုကို မရပ်တန့်လိုက်ပါနဲ့.. ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေရဆဲသူတစ်ယောက်ပါ.. အနုပညာကောင်းတွေ ဖန်တီးနိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်.. ဒီစာကိုဖတ်တဲ့အခါ အဆင်မပြေတာရှိခဲ့ရင်လည်း သဘောထားကြီးစွာနဲ့ နားလည်ပေးပါလို့ မေတ္တာရပ်ခံရင်းနဲ့.. Peace ✌️

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


South-Oakkalarpa
Yangon
+959261396