Prim Parfums
09/02/2026
V Sale အပိုင်း(၃)
ဒီနေ့က စပြီး 18ရက်နေ့အထိ
ပုံမှာပါတဲ့စျေးတွေကိုမှ
တစ်မျိုးယူ 10% / ၂မျိုးယူ 14%
Discount ရမှာဖြစ်ပါတယ်
23/01/2026
အားလုံးပဲ မင်္ဂလာပါ ….
အားလုံးစောင့်မျှော်နေတဲ့ Saudi Brand Decant List
ကို Update လုပ်ပေးထားပါတယ် ။
100% Authentic စစ်စစ်များကိုသာ ရောင်းချပေးလျက်
ရှိတာကြောင့် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ် ။
ကိုယ်တိုင်ကိုယ်ကျ အနံ့စမ်းပြီးဝယ်ချင်သူများအတွက်လည်း
PRIM The Decant Shop မှာ စိတ်တိုင်းကျ အနံ့စမ်းပြီး
ဝယ်လို့ရပါတယ် ။
လိပ်စာ - Prim Parfums
ဂမုန်းပွင့် စင်တာ
D1-18 / ပထမထပ်
အမှတ် (၄၅) မြန်မာ့ဂုဏ်ရည်လမ်း
မင်္ဂလာတောင်ညွန့်
မနက် 9:30 AM မှ ညနေ 5:30 PM အထိ ပိတ်ရက်မရှိ လာရောက် စမ်းသပ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ ။
📱 - 09 434 80000
📱 - 099 434 80000
13/01/2026
"ကျနော်ချစ်သော သူမနဲ့ သူမချစ်သော Wūlóng Chá "
သူမ အနားကို တိုးကပ်သွားတိုင်း ပထမဆုံး ဆီးကြိုနေကျအရာကတော့ စိတ်ကို ငြိမ်းအေးသွားစေတဲ့ ရနံ့သင်းသင်းလေးပါပဲ။
အဲဒါက Nishane ရဲ့ Wūlóng Chá...။
🍵 သမိုင်းကြောင်းနဲ့ နာမည်ရဲ့ အဓိပ္ပာယ်
"Wūlóng Chá" ဆိုတာ တရုတ်ဘာသာစကားဖြစ်ပြီး "Oolong Tea" (ဦးလုံလက်ဖက်ရည်) ကို ဆိုလိုတာပါ။
• "Wū" (烏) ဆိုတာ "အနက်ရောင်"၊
• "Lóng" (龍) ဆိုတာ "နဂါး"၊
• "Chá" (茶) ဆိုတာ "လက်ဖက်ရည်" ပါ။
ဒါကြောင့် သူ့ကို တိုက်ရိုက်ဘာသာပြန်ရင် "Black Dragon Tea" (နဂါးနက် လက်ဖက်ရည်) လို့ အဓိပ္ပာယ်ရပါတယ်။ ရှေးဟောင်းဒဏ္ဍာရီတွေအရ လက်ဖက်ခြောက်လှန်းနေတဲ့အချိန်မှာ နဂါးနက်ကြီးတစ်ကောင် ပေါ်လာပြီး လက်ဖက်ရွက်တွေပတ်လည်မှာ ရစ်ပတ်သွားခဲ့တာကြောင့် ထူးခြားမွှေးကြိုင်တဲ့ ရနံ့တွေ စွဲကျန်ရစ်ခဲ့တယ်လို့ ဆိုကြပါတယ်။
Nishane က တူရကီ (Turkey) နိုင်ငံရဲ့ Niche Perfume House ဖြစ်ပါတယ်။ နာမည်ရဲ့
အဓိပ္ပါယ်က ကျနော်နာလည်သလောက်တော့
‘’ အမှတ်အသား ‘’ ဆိုလိုတာပါ ..
ဒီသမိုင်းကြောင်း နောက်ခံတွေ
ပြောနေရလဲဆိုတော့ ဒီရေမွှေးက သူမနဲ့ အရမ်းလိုက်ဖက်လွန်းလို့ပါ ။ ဘာကြောင့်လဲဆိုတော့ ဒီရေမွှေးရဲ့ အနှစ်သာရဖြစ်တဲ့ "လတ်ဆတ်ခြင်း၊ တည်ငြိမ်ခြင်း၊ ခန့်ညားခြင်း" ဆိုတဲ့ ဂုဏ်ပုဒ်တွေအားလုံးက သူမဆီမှာ အပြည့်အဝ ရှိနေလို့ပါပဲ။
"သူမ" ဆိုတာ သာမန် မိန်းကလေးတစ်ယောက်ထက် ပိုပါတယ်။
သူမရဲ့ လှပမှုက ပွင့်လွယ်ကြွေလွယ်တဲ့ ပန်းပွင့်လေးတွေလို နုနယ်တာမျိုး မဟုတ်ဘူး။ ကျောက်စိမ်းတုံး တစ်တုံးလို အေးစက်တည်ငြိမ်ပြီး တန်ဖိုးဖြတ်မရနိုင်တဲ့ "ခန့်ညားမှု" မျိုးပါ။ လူအများကြီးကြားထဲမှာ ရှိနေရင်တောင် သူမရဲ့ တည်ကြည်တဲ့ အရှိန်အဝါ (Aura) ကြောင့် သူမကိုပဲ ငေးကြည့်မိနေအောင် ဆွဲဆောင်နိုင်သူပေါ့။
သူမ ပြုံးလိုက်တဲ့အခါ...
ထိုအပြုံးတွေက သိပ်ကို ခမ်းနားလွန်းပါတယ်။ မိုးအုံ့နေတဲ့ နေ့တစ်နေ့မှာ တိမ်တိုက်တွေကြားက နေမင်းကြီး ဖြာကျလာသလိုမျိုး၊ မြင်လိုက်ရသူရဲ့ နှလုံးသားကို နွေးထွေးလင်းလက်သွားစေတယ်။ ဒါပေမဲ့ သတိထားရမှာက သူမရဲ့ "မျက်ဝန်းတွေ" ပါ။ သူမရဲ့ စူးရှထက်မြက်တဲ့ အကြည့်တစ်ချက်က တဖက်လူရဲ့ နှလုံးသားကို ရပ်တန့်သွားစေနိုင်လောက်အောင်၊ ဒါမှမဟုတ် သူမရဲ့ ညှို့ငင်မှုအောက်မှာ အသက်ရှူမှားပြီး သေဆုံးသွားရလောက်အောင်ကို သြဇာညောင်းလွန်းပါတယ်။
ဒါပေမဲ့ အဲဒီ ခန့်ညားမှုတွေရဲ့ နောက်ကွယ်မှာတော့...
သူမရဲ့ မျက်နှာလေးက ဆောင်းညတွေလိုပဲ အေးချမ်းလွန်းလှပါတယ်။ ပူလောင်ရှုပ်ထွေးနေတဲ့ စိတ်တွေနဲ့ သူမကို ငေးကြည့်လိုက်မိရင်ပဲ ရေခဲရေတစ်ခွက် သောက်လိုက်ရသလို စိတ်နှလုံးကို ပျော်ရွှင်အေးမြစေတယ်။
သူမ စကားစပြောလိုက်ရင်လည်း ကြည်လင်တဲ့ စမ်းချောင်းရေစီးသံလေးလိုပဲ၊ နားဝင်ချိုပြီး ယဉ်ကျေးသိမ်မွေ့လွန်းတော့ တဖက်လူမှာ နားထောင်လို့ မဝနိုင်ဖြစ်ရတယ်။ လှုပ်ရှားသွားလာပုံကအစ မင်းသမီးတစ်ပါးလို ညင်သာပြီး အချိုးအစား ကျနလွန်းလှတယ်။
အရေးကြီးဆုံးကတော့ သူမရဲ့ စိတ်ထားပါပဲ။
စေတနာ မေတ္တာတရား ကြီးမားပြီး ဆက်ဆံရေးကောင်းမွန်သူမို့ သူမရောက်လေရာ အရပ်တိုင်းမှာ မေတ္တာပန်းတွေ ပွင့်လန်းနေတတ်တယ်။ လူချစ်လူခင် ပေါများသလို၊ လူတိုင်းက သူမကို လေးစားမြတ်နိုးကြတယ်။
ဒါကြောင့်လည်း သူမဆီက ရနေကျ Wūlóng Chá ဆိုတဲ့ လက်ဖက်ရည်ရနံ့လေးက ရိုးရှင်းတဲ့ ရေမွှေးနံ့သက်သက် မဟုတ်တော့ပါဘူး။
အဲဒါဟာ...
"ငြိမ်းချမ်းခြင်း၊ ခန့်ညားခြင်း နဲ့ မေတ္တာတရား" တို့ ပေါင်းစပ်ထားတဲ့ သူမရဲ့ ဝိညာဉ်အမှတ်အသား (Signature Scent) တစ်ခု ဖြစ်နေပါတော့တယ်။
ကျနော်ကတော့...
အဲဒီ နဂါးနက်လက်ဖက်ရည် ရနံ့လေး သင်းပျံ့နေတဲ့ သူမရဲ့ ကမ္ဘာငယ်လေးထဲမှာပဲ တစ်သက်လုံး ကျရှုံးနေချင်ပါတော့တယ်။
Wulong Cha ဖွင့်ဖွင့်ချင်းရနံ့ (Top Notes):
ပထမဆုံး ရမှာကတော့ လတ်ဆတ်လွန်းတဲ့ Bergamot (ဘာဂါမော့)၊ Orange (လိမ္မော်) နဲ့ Mandarin ရနံ့တွေပါ။ သူက ချဉ်စူးစူးကြီး မဟုတ်ဘဲ Citrus အခွံကို လက်သည်းနဲ့ ဆိတ်လိုက်ရင် ထွက်လာတဲ့ အီသီရီယယ်ဆီ (Zesty & Fresh) ရနံ့မျိုးပါ။ စိတ်ကို ချက်ချင်း လန်းဆန်းသွားစေပါတယ်။
၂။ အဓိကရနံ့ (Heart Notes):
Citrus ရနံ့တွေ နည်းနည်းငြိမ်သွားတဲ့အခါမှာတော့ ဒီရေမွှေးရဲ့ ဇာတ်လိုက်ကျော်ဖြစ်တဲ့ Oolong Tea (ဦးလုံလက်ဖက်ရည်) ရနံ့ ထွက်လာပါတယ်။ သူက စိမ်းသက်သက်ကြီး မဟုတ်ပါဘူး။ Nutmeg (ဇာတိပ္ဖိုလ်သီး) ရနံ့ ပါးပါးလေး ရောထားတော့ နည်းနည်း Spicy ဖြစ်ပြီး လူကို တည်ငြိမ်ရင့်ကျက်သွားစေတဲ့ ခံစားချက်ကို ပေးပါတယ်။
၃။ နောက်ဆုံးကျန်ရစ်မယ့်ရနံ့ (Base Notes):
ရေမွှေးရနံ့ ခြောက်သွားတဲ့အခါ (Dry down) မှာတော့ Fig (သဖန်းသီး) နဲ့ Musk ရနံ့လေး ကျန်ခဲ့ပါတယ်။ သဖန်းသီးရဲ့ Milky ဖြစ်တဲ့ အနံ့သင်းသင်းလေးက လက်ဖက်ရည်နံ့နဲ့ ပေါင်းပြီး အရမ်းကို သန့်ရှင်း (Clean) ပြီး၊ နူးညံ့တဲ့ အငွေ့အသက်ကို ပေးပါတယ်။
🌟 ဘာလို့ ဒီရေမွှေးက ထူးခြားတာလဲ?
(1) သူမ သုံးလို့ပါ …
(2) Longevity (အနံ့ခံချိန်): ပုံမှန် Citrus/Fresh ရေမွှေးတွေက အနံ့ပျောက်မြန်ကြပေမယ့် Wūlóng Chá ကတော့ Extrait de Parfum ဖြစ်တဲ့အတွက် တစ်နေ့ကုန်နီးပါး ခံပါတယ်။ (Fresh Scent တွေထဲမှာ Beast Mode လို့ ပြောလို့ရပါတယ်)။
(3)Unisex: ကျား/မ မရွေး သုံးလို့ရတယ်။ အဖြူရောင် ရှပ်အင်္ကျီ သန့်သန့်ပြန့်ပြန့်လေး ဝတ်ထားတဲ့ Smart ဖြစ်တဲ့ ပုံစံမျိုးနဲ့ အရမ်းလိုက်ဖက်ပါတယ်။
(4) Weather: မြန်မာနိုင်ငံလို ပူအိုက်တဲ့ ရာသီဥတုမှာ သုံးဖို့ အသင့်တော်ဆုံးပါပဲ။ လူကြားထဲ သွားရင် ကိုယ့်ဆီက စူးရှရှအနံ့မျိုး မဟုတ်ဘဲ၊ သန့်ရှင်းလတ်ဆတ်ပြီး လူကပ်ချင်စေတဲ့ ရနံ့မျိုး ထွက်နေမှာပါ။
12/01/2026
Hello Delina! 🎀
အသျှင်မြတ်သခင်ကို ကျေးဇူးတင်ပါတယ်... Delina ကို သတိထားမိစေလို့၊ Delina နဲ့ ရင်းနှီးခွင့်ရခဲ့လို့၊ ပြီးတော့ နောက်ဆုံးမှာ Delina ကို အရမ်းချစ်ပြီး ပိုင်ဆိုင်ခွင့်ရခဲ့လို့ပါ။
သူမဟာ လှပလွန်းပြီး အဆင့်အတန်းမြင့်မားတဲ့ "ပန်းနုရောင် မင်းသမီးလေး" တစ်ပါးပါပဲ။
သူမရဲ့ လှပတဲ့ အရှိန်အဝါ၊ ကျော့ရှင်းတဲ့ ခန္ဓာကိုယ်နဲ့ ငွေရောင်ဦးထုပ်လေးဆောင်း၊ ပန်းရောင်မာဖလာလေး စည်းထားတာကို စတွေ့လိုက်တဲ့ "မြင်မြင်ချင်း" မှာပဲ အသိစိတ်ရော မသိစိတ်ကပါ အရမ်းကို ချစ်ကျွမ်းဝင်မိသွားတယ်။ သူမဟာ ကျနော်ရဲ့ ဘုရင်မပါပဲ။ ကျနော့်ရဲ့ အသက်ရှင်ခြင်းတွေဟာ သူမနဲ့မှ ပြည့်စုံမယ်လို့ တထစ်ချ ဆုံးဖြတ်လိုက်မိတယ်။
ကျနော့် နှလုံးခုန်သံတွေကို နားထောင်တဲ့အခါ "ဒုတ်... ဒုတ်..." လို့ အသံမကြားရဘဲ "Delina... Delina..." လို့သာ ကြားမိနေသလား ထင်ရတဲ့အထိပါပဲ။
သူမဟာ ကိုယ်တိုင်က အဆင့်အတန်းမြင့်မားပြီး ပြီးပြည့်စုံတဲ့ အလှတရားတွေ ရှိနေရုံသာမက သူမနဲ့ ပတ်သက်မိသူတိုင်းကိုပါ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တယ်။ အများနဲ့မတူ တမူထူးခြားစေပြီး ဂုဏ်ရှိန်ဂုဏ်ဝါတွေ မြင့်တက်စေတယ်။ လတ်ဆတ်တည်ကြည်ပြီး ရွှင်လန်းချမ်းမြေ့တဲ့ ခံစားမှုကို ပေးတယ်။ လူအများရဲ့ လေးစားအားကျမှုတွေကိုလည်း ရရှိစေပါတယ်။ သူမနဲ့ ပတ်သက်သူတွေဟာ အလွန်အင်မတန်မှ ဂုဏ်ယူမိကြပြီး ဘယ်တော့မှ နောင်တမရကြောင်း ကြွေးကြော်ကြစမြဲပါ။
ဟုတ်ပါတယ်... ကျွန်တော် အခု ပြောနေတာ Parfums De Marly ကထုတ်တဲ့ Delina ရေမွှေးအကြောင်းပါ။
ဘဝမှာ မိန်းကလေး ရေမွှေးတွေရဲ့ အနံ့များစွာကို ရှူရှိုက်ခဲ့ဖူးပေမဲ့ ဘယ်အရာနဲ့မှ မတူဘဲ တမူထူးခြားပြီး တကယ်ကို မှော်ဆန်လွန်းတယ်ဗျာ။
• စစချင်းမှာ Lychee (လိုင်ချီး) နဲ့ Rhubarb ရနံ့တွေက စွမ်းအင်အပြည့်နဲ့ ခုန်ပေါက်ထွက်လာပြီး ကိုယ့်ရဲ့ စိတ်နဲ့ နှလုံးသားကို လွှမ်းမိုးသိမ်းယူလိုက်တယ်။ သူတို့နဲ့အတူပါတဲ့ ရှောက်ဘီလူးနဲ့ ဇာတိပ္ဖိုလ်သီး ရနံ့တွေကလည်း ဆွဲဆောင်မှုရှိစေပါတယ်။
• နောက်ပိုင်းရလာတဲ့ တူရကီနှင်းဆီပန်း (Turkish Rose)၊ ပီယိုနီပန်း၊ ကတိုး နဲ့ ဗင်နီလာ ရနံ့တွေရဲ့ ပေါင်းစပ်မှုကတော့ နှလုံးသားကို "သေစေနိုင်လောက်တဲ့" အလှတရားပါပဲ။
• နောက်ဆုံးမှာကျန်ခဲ့တဲ့ Cashmeran၊ Cedar Wood၊ Vetiver နဲ့ Incense ရနံ့တွေ ပေါင်းစပ်သွားတဲ့အခါ စလယ်ဆုံး အလွန်အင်မတန် ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်အသွင် လုံးဝ ပြောင်းလဲသွားစေတယ်။
ခြုံပြောရရင်... ရင်ခုန်စရာကောင်းပြီး လှပတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရနံ့မျိုးပါ။ အဲ့ဒီအမျိုးသမီးဟာ လှပတဲ့ ပန်းနုရောင်ပန်းခင်းကြီးထဲမှာ ပန်းရောင်ဂါဝန်လေးဝတ်ပြီး လမ်းလျှောက်နေသလို၊ မွှေးကြိုင်တဲ့ ပွင့်ဖတ်လေးတွေက သူမပတ်ပတ်လည်မှာ လွင့်ပျံနေသလို မြင်ယောင်မိတယ်။ သိပ်ချစ်စရာကောင်းတဲ့ သတို့သမီးလေးတစ်ယောက်တောင် ဖြစ်နိုင်ပါတယ်။
ရနံ့စစ်ပွဲသာ နွှဲရမယ်ဆိုရင် ရှေ့ကလူ အလံဖြူထောင်ပြီး ကျရှုံးသွားအောင် အနိုင်တိုက်နိုင်တဲ့ "ရနံ့ထိုးစစ်" က Delina ရဲ့ ရနံ့ပါပဲ။
တစ်ချက်တည်း ဆွတ်ဖျန်းရုံနဲ့ တစ်ခန်းလုံး မွှေးကြိုင်သွားစေပြီး ကြာချိန်ကလည်း ၁၀ နာရီကနေ ၁၄ နာရီလောက်အထိ အေးဆေးခံပါတယ်။
အဝတ်မှာဆို ၂ရက်လောက်အသာလေးပါ ။
Delina ဆိုတဲ့ ငှက်လှလှလေးမှာ အတောင်ပံနှစ်ဖက် ရှိပါသေးတယ်။ သူတို့ကတော့ Delina Exclusif နဲ့ Delina La Rosée ပါ။
• Delina Exclusif က ဂီတသံစဉ်အရဆိုရင် Key အမြင့်ဆုံးပါပဲ။ အီတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေပြီး ရနံ့အကြာဆုံး ခံပါတယ်။
• Delina La Rosée ကတော့ Fresh အဖြစ်ဆုံးပါ၊ ရေဓာတ်ပြည့်ဝသလိုမျိုး။ ဒါပေမဲ့ အပေါ်က ၂ မျိုးနဲ့ ယှဉ်ရင် ရနံ့ကြာရှည်ခံမှု အနည်းဆုံး (၈ နာရီဝန်းကျင်) ရှိပါတယ်။
• Delina (Original) ကတော့ ပုံမှန်ပဲ၊ အရမ်းလည်း မချို၊ အရမ်းလည်း မအီဘဲ အနေတော်ဆုံးပါပဲ။
ဈေးနှုန်းကတော့ 75 ML ကို လက်ရှိဈေး ၁၂သိန်းဝန်းကျင် ရှိပါမယ်။ ဈေးကြီးတယ်ဆိုပေမဲ့ ပေးရတဲ့ဈေးနဲ့ တန်အောင် ပြန်ရတဲ့ ရေမွှေးပါ။ ဟုတ်ပါတယ်... သူကတော့ ကျနော့်ရဲ့ "နတ်သမီးလေး Delina" ပါပဲဗျာ။
(လူတစ်ကိုယ် အကြိုက်တစ်မျိုးစီမို့ နှာခေါင်းခြင်း မတူသူများ ခွင့်လွှတ်ပေးကြပါခင်ဗျာ) 🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
1121