Logistics & SCM Magazine
◼️ တောထဲ တောင်ထဲက ကားအာမခံ
____________ ထွန်းနိုင်(Master of Insurance) ____________
ဒီတစ်ခါမှာဗီဒီယိုတစ်ပုဒ်ပြပြီး အာမခံကုမ္ပဏီက ဒီအတိုင်ဆိုလျော်၊ မလျော် case study အနေနဲ့မေး လာပါတယ်။ အာမခံလျော်ကြေးတစ်ခုကို လျော်၊ မလျော်ဆုံးဖြတ် သုံးသပ်ဆွေးနွေးရာမှာ လူမှုကွန်ရက်မှာမြင်တွေ့ရများသော လုပ်ရပ်ဖြစ်တဲ့ဆုံးရှုံးမှုဖြစ်စဉ်ရဲ့ဓာတ်ပုံလေးတစ်ပုံ၊ ဗီဒီယိုလေး တစ်ပုဒ်၊ လျော်ကြေးတောင်းသူရဲ့စိတ်ခံစားချက် post တွေနဲ့မရနိုင်၊ မဖြစ်နိုင်ပါ။ ဆိုလိုတာက အာမခံထားတိုင်းဆုံးရှုံးမှုဖြစ်တိုင်း လျော်ကြေးမရနိုင်ပါ။ အာမခံပေါ်လစီနဲ့အညီသာ လျော်ကြေး ပေးသူလည်းလိုက်နာရမှာဖြစ်သလို တောင်းသူလည်း လိုက်နာရမှာပါ။
ဒီအနေအထားမှာ ဗီဒီယိုမှတ်တမ်းယူထားသူကို လေးစားပါတယ်။ အာမခံလျော်ကြေးတောင်းခံမှု အတွက် အလွန်အရေးကြီးသောအခြေခံလိုအပ်ချက်ပါ။ အာမခံထား၊ မထားလည်းမသိရ၊ အာမခံ policy လည်းမကြည့်ရတော့ မိတ်ဆွေများစိတ်ချမ်းသာအောင် အချက်သုံးချက်ထုတ်နုတ်ဆွေးနွေးပါမယ်။
၁ ။ အိမ်စီးကား အာမခံရှိ၊ လုပ်ငန်းသုံးယာဉ်မရှိ
၂ ။ လုပ်ငန်းသုံးယာဉ်အာမခံရှိ၊ အိမ်စီးကားမရှိ
၃ ။ ယာဉ်နှစ်စီးလုံး အာမခံရှိ
အထက်ပါသုံးချက်လုံးကို မဆွေးနွေးခင်မှာကျနော့်အနေနဲ့ ဆွေးနွေးရရင် မတော်တဆမှုဟာ နှစ်ကြိမ် ဖြစ်ပွားတာပါ။ ပထမအကြိမ်မှာဖြစ်ပွားတဲ့ မတော်တဆမှုကတော့ ဆွေးနွေးရန်မဖြစ်နိုင်ပါ။ ဆွေးနွေးရန် လုံလောက်သောအချက်အလက်မရှိပါ။
ဒုတိအကြိမ်ဖြစ်စဉ်မှာတော့ ဆွေးနွေးလို့ရပါပြီ။ ဗီဒီယိုအရဆို အိမ်စီးကားထဲတွင် ယာဉ်မောင်းရှိမနေ တော့ပါ။ လုပ်ငန်းသုံးယာဉ်ကသာ ၎င်းယာဉ်မောင်းက ယာဉ်ခွာခြင်းလုပ်ငန်းစဉ်ကို ကြိုးပမ်းအားထုတ် သွားခဲ့တာကို မြင်ရမှာပါ။ ဒီတော့လုပ်ငန်းသုံးယာဉ်မှာ အိမ်စီးကားရဲ့ချောက်ထဲကျရတဲ့ ဆုံးရှုံးမှုအပေါ် တာဝန်ရှိပါတယ်။ ယာဉ်နှစ်စီးမှာ တစ်စီးချင်းရဲ့ပျက်စီးဆုံးရှုံးမှုပမာဏကိုကြည့်ရင် လုပ်ငန်းသုံးယာဉ်က အနည်းငယ်သာထိခိုက်ပြီး အိမ်စီးကားကတော့ ပျက်စီးမှုပမာဏအတော်ကိုများပါလိမ့်မယ်။
ဆွေးနွေးချက် (၁) အရအိမ်စီးကားသည် အာမခံကုမ္ပဏီမှလျော်ကြေးကို အာမခံပေါ်လစီနှင့်အညီ အပြည့်အဝခံစားရပါမည်။ လုပ်ငန်းသုံးယာဉ်မှ ပြန်လည်ပေးလျော်ခြင်း၊ မလျော်ခြင်းကို အာမခံကုမ္ပဏီ က ဆက်ခံဆောင်ရွက်သွားရမှာပါ။ သို့သော် အာမခံထားသူကတော့ လိုအပ်သောလုပ်ငန်းစဉ်များကို အာမခံကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။
ဆွေးနွေးချက် (၂) အရ
အာမခံကုမ္ပဏီက အိမ်စီးကားရဲ့ဆုံးရှုံးမှုပမာဏရဲ့ သိန်း ၅၀၀ နဲ့ ၅၀၀ အောက်ပျက်စီးမှုကိုလျော်မှာပါ။ လုပ်ငန်းသုံးယာဉ်ကိုလည်း အာမခံပေါ်လစီနဲ့အညီ ဆုံးရှုံးမှုပမာဏကိုတွက်ချက်ပြီးလျော်ပါလိမ့်မယ်။ တောထဲတောင်ထဲလာပြီး ရဲမခေါ်လို့ကရိန်းမခေါ်လို့ လွန်စွာပေါ့လျော့ပါတယ် (Gross Negligence) လို့ဆိုပြီး လျော်ကြေးကိုငြင်းလို့မရပါ။
[ပေါ်လစီအသစ်မှာပါလာတဲ့ လွန်စွာပေါ့လျော့ခြင်း (Gross Negligence) အကြောင်းကိုတော့ နောက်မှ အကျယ်ချဲ့ရေးပါဦးမယ်]
ဆွေးနွေးချက် (၃) အရ
ကားနှစ်စီးလုံးအား သူတို့၏ဆုံးရှုံးမှုကို သူတို့ရဲ့သက်ဆိုင်ရာအာမခံကုမ္ပဏီများမှာ Knock for Knock Agreement အရ အာမခံပေါ်လစီနဲ့အညီလျော်ကြေးပေးကြမှာပါ။
Knock for Knock Agreement မှာလည်း လက်ရှိမော်တော်ကား အာမခံလျော်ကြေးလောကမှာတော့ အငြင်းပွားမှု ရှုပ်ထွေးမှုတွေလည်း ရှိနေပါတယ်။ ဥပမာ ဒီဗီဒီယိုထဲကလိုပေါ့။ တာဝန်ရှိမှု ဆုံရှုံးမှုပမာဏ အဆမတန်ကွာဟမှုတွေကြောင့် အငြင်းပွားမှုရှုပ်ထွေးမှုဖြစ်တတ်ပါတယ်။ အိမ်စီးကားအနေနဲ့ကတော့ မလျော်မှာမပူပါနဲ့ လျော်ကြေးရဖို့အချိန်ကြာမှာပဲပူပါ။ မော်တော်ကားအာမခံက ထားသူတန်ပါတယ်။ သို့သော် ကိုယ်နဲ့ကိုက်ညီးပြီး သဟဇာတတည့်သော အာမခံကုမ္ပဏီရွေးချယ်တတ်ဖို့လိုပါတယ်။
မိမိအတွက်ကိုက်ညီသော မော်တော်ကားအာမခံ ရွေးချယ်နည်းဆောင်းပါးကို ကျနော် SCM ရဲ့ အတွဲ(၂)၊ အမှတ်(၂) မှာရေးသားထားပါတယ်။
ထွန်းနိုင်(Master of Insurance)
04/05/2026
◾ ပြည်တွင်းအခြေခံ စားသောက်ကုန်ဈေးနှုန်း ထပ်မံမြင့်တက်
Logistics & SCM Magazine / မေ ၄ ရက်
အရှေ့အလယ်ပိုင်း ပဋိပက္ခကြာရှည်လာမှုနှင့်အတူ လောင်စာဆီဈေးမြင့်တက်ခြင်းကြောင့် သယ်ယူပို့ ဆောင်စရိတ်ကြီးမားပြီး ပြည်တွင်းအခြေခံစားသောက်ကုန်များ ဈေးနှုန်းထပ်မံမြင့်တက်လာသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးတိုးတက်ရေးဘဏ်(ADB)တို့မှ ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွ မှုကို ၁၉ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအကြားရှိနိုင်သည်ဟုခန့်မှန်းထားချိန် အရှေ့အလယ်ပိုင်းပြဿနာက ကုန်ဈေးနှုန်းဖောင်းပွမှုအတွက် ထပ်မံတွန်းအားတစ်ခုဖြစ်လာစေသည်။
စီးပွားလုပ်ငန်းရှင်တစ်ဦးက " လောင်စာဆီပြသနာဆက်ရှိနေရင် ကုန်ဈေးနှုန်းရော၊ လုပ်ရကိုင်ရတာရော ခက်နေမှာပဲ။ ဒီပြဿနာက ကိုယ့်တစ်နိုင်ငံတည်းမဟုတ်တော့ စောင့်ကြည့်ပြီး ထိန်းလုပ်မှရမယ့် သဘောပဲ" ဟု ပြောသည်။
ကမ္ဘာ့ရေနံဈေးမြင့်တက်ခြင်းနှင့်အတူ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်စရိတ်များတိုးမြင့်လာ ခြင်းကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများတွင် အပိုကုန်ကျမှုများတိုးလာကြောင်း၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ဖေဖေါ်ဝါရီလနောက်ပိုင်း အခြေခံစားသောက် ကုန်ဈေးနှုန်း ၁၉ ရာခိုင်နှုန်းမြင့်တက်ကြောင်း WFP (world food programme)၏ ဧပြီလ လယ်ပိုင်းက ထုတ်ပြန်သည့်စားသောက်ကုန်ဈေးနှုန်းသတိ ပေးချက်တွင်ဖော်ပြထားသည်။
WFP ၏သတိပေးချက်တွင် မြန်မာနိုင်ငံ၏ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီဈေးများက မြင့်တက်နေသည်ဟုဖော်ပြပါရှိသည်။
ယခုသင်္ကြန်အပြီး မေလဆန်းတွင် ပြည်တွင်းဈေးကွက်၌ ဆန်နှင့်ဆီဈေးနှုန်းများ ထပ်မံမြင့်တက် လာသည်။ ပြည်ပမှတင်သွင်းပြီး နိုင်ငံအတွင်း အခြေခံပြည်သူများ အဓိကစားသုံးသည့် စားအုန်းဆီက အခြေခံလက္ကားရည်ညွှန်းဈေးတစ်ပိဿာ ကျပ် ၇,၃၈၀ (ရန်ကုန်အထိုင်ဈေး) ဟုထုတ်ပြန်ထားသည်။
ဧပြီလဆန်းတွင် တစ်ပိဿာ ကျပ် ၆,၆၈၀ သာသတ်မှတ်ခဲ့ခြင်းကြောင့် တစ်လအတွင်းစားအုန်း ဆီ တစ်ပိဿာ ကျပ် ၇၀၀ ဈေးတက်လာခြင်းဖြစ်သည်။
ထိုအတူ နိုင်ငံသားများ၏အဓိစားနပ်ရိက္ခာဖြစ်သော ဆန်ကလည်း ယခုမေလတွင် အနည်းဆုံး ငါးရာခိုင်နှုန်းထပ်မံမြင့်တက်လာသည်။
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှသတ် မှတ်သည့် ရွှေဘိုပေါ်ဆန်းသည် ဧပြီလကုန်ပိုင်းတွင် ရန်ကုန်လက္ကားဈေးနှုန်း တစ်အိတ် ကျပ်၂၀၀,၀၀၀ ဖြစ်သော်လည်း ယမန်နေ့မေလ ၄ ရက်တွင် ၂၁၀,၀၀၀ ကျပ် သို့ပြောင်းသွားသည်။ ထို့ပြင် ခွံနီ အမျိုးအစားဆန်တစ်အိတ်လျှင် ၁၁၀,၀၀၀ မှ ကျပ် ၁၂၅,၀၀၀၊ ရက်(၉၀)ကတစ်အိတ်လျှင်ကျပ် ၉၀,၀၀၀ မှ ၁၁၀,၀၀၀ သို့ဈေးပြောင်းသွားသည်။
ရန်ကုန်ဆန်ကုန်စည်ဒိုင် လက္ကားဈေးကွက် ဆန်ဈေးမြင့်တက်ခြင်းက လက်လီဈေးကွက်တွင် ကြီးမား သည့်သက်ရောက်မှုများရှိနေပြီး ဈေးနှုန်းအပြောင်းအလဲမတည်ငြိမ်မှုများရှိနေသည်။
ဓာတ်ပုံ - PT
#ကုန်ဈေးနှုန်း #ဆန်ဈေး #ဆီဈေး #စက်သုံးဆီ #လက်ဖက်ရည်တစ်ခွက်
22/04/2026
◾️ အိန္ဒိယက မတ်ပဲ၊ ပဲစင်းငုံ၀ယ်ရန် MoU ငါးနှစ်သက်တမ်းတိုး
Logistics &SCM Magazine / ဧပြီ ၂၂
အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲနှင့်ပဲစင်းငုံကို တန်ချိန်သတ်မှတ်၀ယ်ယူမည့် ကုန်သွယ်မှု ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(MoU)ကိုနောက် ထပ်သက်တမ်းငါးနှစ်ထပ်မံတိုးမြှင့်လိုက်သည်။
တစ်နှစ်လျှင် မတ်တန်ချိန် ၂ ဒသမ ၅သိန်းနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းနှစ်စဉ်၀ယ်ယူမည့်အစီစဉ်ကို ယခုဘဏ္ဍာနှစ် ၂၀၂၆ -၂၇ မှလာမည့် ၂၀၃၀-၃၁ ဘဏ္ဍာနှစ်အထိသတ်မှတ်ခြင်းဖြစ်သည်။
ထိုကဲ့သို့ သက်တမ်းတိုးခြင်း မြန်မာ့တောင်သူလယ်သမားများအတွက် မျှော်လင့်ချက်ကောင်းတစ်ခု ဖြစ်သော်လည်း ဈေးကွက်ခိုင်မာဖို့အတွက်လိုအပ်ချက်များ လည်းရှိနေသေးကြောင်း ဧရာ၀တီတိုင်းမှ ပဲကုန်သည်တစ်ဦးကပြောသည်။
"သတ်မှတ်ပမာဏကပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်တဲ့ပမာဏရဲ့ လေးပုံတစ်ပုံတောင်မရှိဘူး" ဟု ၎င်းကပြော သည်။
မြန်မာနိုင်ငံသည် နှစ်စဉ်ပျှဉ်းမျှမတ်ပဲတန်ချိန် ၁ ဒသမ ၃ သန်း၀န်း ကျင်စိုက်ပျိုးထုတ်လုပ်ပြီး၊ ပဲစင်းငုံ တန်ချိန်လေးသိန်းကျော်မှ ငါးသိန်းအကြားစိုက်ပျိုးထုတ်လုပ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းကအချက်အလက်များထုတ်ပြန်ထားသည်။ စိုက်ပျိုးထွက်ရှိလာသည့် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယဈေး ကွက်သို့အဓိကထားတင်ပို့သည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားသုံးရန်အတွက် မတ်ပဲကို မြန်မာနိုင်ငံမှ အဓိက၀ယ်ယူနေသည့်အပြင် ဘရာဇီးနိုင်ငံမှလည်း ၀ယ်ယူတင်သွင်းသည်။ ပဲစင်းငုံကို အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ် နိုင်ငံမှ အများဆုံး၀ယ်ယူသကဲ့သို့ မြန်မာနိုင်ငံမှလည်း တင်သွင်းလျက်ရှိသည်။
အိန္ဒိယကနိုင်ငံကလည်း ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပမှမတ်ပဲ တန်ချိန်ကိုးသိန်းကျော် တင်သွင်းရာတွင် မြန်မာမတ်ပဲတန်ချိန် ၆ ဒသမ ၆ သိန်းကျော်၊ ဘရာဇီးမတ်ပဲတန်ချိန် ၂ ဒသမ ၂ သိန်း ကျော်ပါ၀င်နေသည်။
ထို့ပြင် ပဲစင်းငုံကိုလည်း ပြည်ပမှတန်ချိန် ၁၃ ဒသမ ၅ သိန်းကျော်တင်သွင်းပြီး မိုဇမ်ဘစ်ပဲစင်းငုံတန်ချိန် ၅ ဒသမ ၅ သိန်းကျော် ၊ မြန်မာပဲစင်းငုံ ၃ ဒသမ ၂ သိန်းကျော်၊ တန်ဇီးနီးယားပဲစင်းငုံသုံးသိန်းကျော်နှင့် အခြားနိုင်ငံများမှလည်း တင်သွင်းမှုများရှိနေကြောင်း IPGA(India Pulses and Grains Association) က အချက်အလက်များထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံ၀ယ်ယူမှုကို ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှစတင်ပြီး ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(MoU) ငါးနှစ်သက်တမ်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
#မတ်ပဲ #ပဲ
06/04/2026
◾ ပြည်ပသို့ရော်ဘာကုန်ကြမ်း တန်လေးသိန်းတင်ပို့ရန်လျာထား
Logistics & SCM Magazine/ ဧပြီ- ၆
ကမ္ဘာ့ရေနံဈေးမြင့်တက်ပြီး ရော်ဘာကုန်ကြမ်းလိုအပ်ချက်များလာသည့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ရော်ဘာကုန်ကြမ်းတန်ချိန် လေးသိန်းအထိတိုးမြှင့်တင်ပို့ရန် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကလျာထားသည်။
လက်ရှိ စက်မှုနိုင်ငံကြီးများဖြစ်သော တရုတ် ၊ ဂျပန်နိုင်ငံတို့တွင် သဘာ၀ရော်ဘာကုန်ကြမ်းလိုအပ်ချက် မြင့်တက်နေပြီး ဈေးနှုန်းမျှော်လင့်ချက်အလားအလာကောင်းနေသည်။ ထို့ပြင် လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် ရေနံမှထုတ်လုပ်သည့် synthetic ရော်ဘာဈေးများမြင့်တက်မှုကလည်း သဘာ၀ရော် ဘာကုန်ကြမ်းဈေးနှုန်းမြင့်တက်ရေးကို တွန်းအားဖြစ်စေသည်။
ထို့ကြောင့်ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ရော်ဘာကုန်ကြမ်း တန်ချိန် သံဒးသိန်းကျော်သာ တင်ပို့နိုင်သော်လည်း ယခုဘဏ္ဍာနှစ်တွင် ပြည်ပတင်ပို့မှုတိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။
"နိုင်ငံတကာဈေးကွက်မှာ( demand)လိုအပ်ချက်ကများတော့ ဈေးကအတက်ဘက်မှာပဲရှိနေတယ်။ ကျွန်တော်တို့အနေနဲ့လည်းပိုပြီးပို့နိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာ၀န်ရှိသူတစ်ဦးကဆိုသည်။
လက်ရှိနိုင်ငံတကာဈေးကွက်တွင် သဘာ၀ရော်ဘာကုန်ကြမ်းဈေးနှုန်းက တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂,၄၀၀ ၀န်းကျင်ဈေးဖွင့်သည်။ ယခုနှစ်စပိုင်းရော်ဘာကုန်ကြမ်း တစ်တန်ဒေါ်လာ ၂,၂၀၀ သာဈေးရှိခဲ့သဖြင့် တစ်တန်လျှင် ဒေါ်လာ ၂၀ဝ ဈေးမြင့်တက်သည်။
နိုင်ငံတကာ ရော်ဘာကုန်ကြမ်းဈေးမြင့်တက်မှုက ပြည်တွင်းရော်ဘာကုန်ကြမ်းဈေးကိုလည်း လိုက်ပါပြောင်းလဲစေသည်။ အရည်အသွေးပိုင်းလိုအပ်ချက်ကြောင့် နိုင်ငံတကာပေါက်ဈေးရရှိရန် မလွယ်ကူသော်လည်း ပြည်တွင်းရော်ဘာကုန်ကြမ်း RSS-3တစ်ပေါင်လျှင် ကျပ် ၃,၀၀၀ ၀န်းကျင်မှ ၃,၃၀၀ ၀န်းကျင်သို့ဈေးပြောင်းသွားသည်။
မြန်မာနိုင်ငံမှထုတ်လုပ်သည့် ရော်ဘာကုန်ကြမ်းကို တရုတ်နိုင်ငံသို့အဓိကထားတင်ပို့နေသည်။ ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံရေကြီးမှုအပါအ၀င် ဘဘာ၀ဘေးအန္တရယ်များကြောင့် ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှုအားနည်းနိုင်သည်ဟု ခန့်မှန်းချက်လည်းရှိခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍ၏ ၀ယ်လိုအားမျှော်လင့်ချက်က လက်ရှိအချိန် ထိ အလားအလာကောင်းများမြင်နေရသည်ဆိုသည့်သတင်းအချို့ကလည်း ရော်ဘာကုန်ကြမ်း ထုတ်လုပ်ရေးလုပ်ငန်းများအတွက် မျှော်လင့်ချက်တစ်ခုဖြစ်နေသည်။
#ရော်ဘာ #ရော်ဘာစိုက်ပျိုး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11031