Eunoia
Civil disobedience (သို့) အမိန့်တွေကို သေစေခြင်း
အာဏာသိမ်းအစိုးရကို တုံ့ပြန်တဲ့နေရာမှာ တုံ့ပြန်နည်းမြောက်မြားစွာရှိပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ action (ပြုလုပ်ခြင်း) နဲ့ inaction ( မပြုလုပ်ခြင်း) ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ Inaction (မပြုလုပ်ခြင်း) ဆိုတာ ဒီလိုအာဏာသိမ်းတာကို ဘာမှဆန့်ကျင်ခြင်းမရှိဘဲ ပုံမှန်လိုဘဲလက်ခံလိုက်ခြင်းမျိုးပါ။ Action (ပြုလုပ်ခြင်း) ဆိုတဲ့ အာဏာရှင်ကို ဆန့်ကျင်ခြင်း မှာတော့ အမျိူးအစားတွေ ထပ်ကွဲသွားပါတယ်။ Action (ပြုလုပ်ခြင်း)ထဲမှာ လူပုဂ္ဂိုလ်တွေကို အင်အားသုံးပြီးတိုက်ခိုက်တာ၊ ပစ္စည်းတွေ၊ အဆောက်အဦးတွေကို တိုက်ခိုက်ဖျက်ဆီးတာတို့လို အကြမ်းဖက်တဲ့ဆန့်ကျင်မှုတွေလည်းပါသလို ဆွေးနွေးညှိနှိုင်းခြင်း၊ စည်းရုံးခြင်း၊ အစိုးရနဲ့မပူးပေါင်းခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း စတဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တာတွေလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ဘာမှမလုပ်ဘဲ အာဏာသိမ်းတာကို ငြိမ်ခံနေတဲ့ inaction နဲ့ အကြမ်းမဖက်သောနည်းနဲ့ အာဏာရှင်ကိုဆန့်ကျင်တဲ့နည်း non violent action ဟာ ကွာခြားကြောင်း သတိပြုဖို့လိုပါတယ်။ ဒီလို အကြမ်းမဖက်ဆန့်ကျင်ခြင်းတွေထဲကမှ civil disobedience ဆိုတာကတော့ အာဏာသိမ်းပြီးတက်လာတဲ့အစိုးရရဲ့ အမိန့်မှန်သမျှကို မနာခံဘဲ ဆန့်ကျင်တာပါ။ "မတရားတဲ့ အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုတဲ့ဆောင်ပုဒ်လိုပါပဲ။ အာဏာသိမ်းအစိုးရဆီကထွက်လာတဲ့ အမိန့်ဟူသမျှဟာ မတရားတာပဲဖြစ်ပါတယ်။ အဲတာကြောင့် သူ့အမိန့်မှန်သမျှကို ဆန့်ကျင်ခြင်းပဲဖြစ်ပါတယ်။ အမိန့်တွေဟာ လိုက်နာမယ့်သူ၊ လိုက်လုပ်မယ့်သူမရှိရင် စကားသက်သက်ပဲဖြစ်သွားပါလိမ့်မယ်။ Civil disobedience ဆိုတာက မတရားတဲ့ အမိန့်တွေကို သေစေတာပါပဲ။
Civil disobedience ဟာ အစိုးရရဲ့အမိန့်တွေကို အသက်မဝင်စေဖို့ နဲ့ အစိုးရရဲ့ ယန္တရားတွေရပ်သွားစေဖို့ရည်ရွယ်ပါတယ်။ အစိုးရဆိုပြီး တည်ရှိနေနိုင်တာဟာ သူပြောတာတွေကို နာခံလိုက်နာနေတဲ့ ပြည်သူတွေရှိနေလို့ပါ။ တကယ်လို့သာ သူ့ပြောတာတွေကို လိုက်အကောင်အထည်ဖော်ပေးမယ့် အစိုးရယန္တရားလည်းမရှိဘူး၊ သူပေးတဲ့အမိန့်တွေကိုနာခံမယ့်ပြည်သူလည်းမရှိဘူးဆိုရင် အဲအစိုးရဟာ နာမည်အရသာအစိုးရဖြစ်ပါတော့တယ်။ လက်တွေ့အားဖြင့် ဘာအာဏာမှမရှိတော့ပါဘူး။ ဒီလိုမျိုးနဲ့ အာဏာရှင်ကို ချည့်နဲ့သေဆုံးစေတာပါ။
တစ်ခုသတိထားရမှာက Civil disobedience နည်းလမ်းအပါအဝင်ဖြစ်တဲ့ အကြမ်းမဖက်ဆန့်ကျင်ခြင်းဆိုတာဟာ ကိုယ့်ဘက်က အကြမ်းမဖက်တာကိုပဲဆိုလိုတယ်ဆိုတာကိုပါပဲ။ ကိုယ့်အနေနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်နေပေမယ့် အာဏာရှင်တွေဘက်က အကြမ်းဖက်တဲ့နည်းနဲ့လည်း တုံ့ပြန်လာနိုင်ပါတယ်။ အဲတာကြောင့် အကြမ်းမဖက်တဲ့နည်းကိုသုံးလို့ အကြမ်းဖက်ခံရတာတွေလျော့နည်းသွားမယ်လို့တော့ မတွေးစေချင်ပါဘူး။ ကြိုတင်မှန်ဆထားပြီး ပြင်ဆင်ထားဖို့လိုပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြရင်လည်း သေနတ်နဲ့အပစ်ခံရနိုင်သလို အမိန့်တွေကိုဆန့်ကျင်ပြီး အစိုးရနဲ့မပူးပေါင်းရင်လည်း မပူးပေါင်းတဲ့ဝန်ထမ်းတွေက ဘဝပျက်နိုင်ပါတယ်။ အငြိုးထားပြီး ဖမ်းဆီးနှိပ်စက်ခံရနိုင်ပါတယ်။ ဒါတွေကြောင့် အားလျော့သွားဖို့ဆိုလိုတာမဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ဖြစ်ပါတယ်။ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုကတည်းက ဘယ်လိုပဲဆန့်ကျင်ပါစေ အာဏာရှင်တွေကတော့ အကြမ်းဖက်တဲ့နည်းနဲ့ တုံ့ပြန်လာနိုင်တယ်ဆိုတာကို သတိထားဖို့ပါပဲ။ ဆန့်ကျင်တဲ့လူများလေ၊ တစ်ယောက်ချင်းအနေနဲ့ အကြမ်းဖက်နှိပ်စက်ခံရဖို့ နည်းလေပါပဲ။ လူတွေအကုန်သာ အာဏာရှင်ကိုဆန့်ကျင်မယ်၊ ဝန်ထမ်းအကုန်သာ အစိုးရယန္တရားကနေ ထွက်လာမယ်ဆိုရင် အာဏာရှင်တွေလည်း ဘယ်လိုမှ အကုန်လုံးကိုလိုက်ဖမ်းနိုင်မှမဟုတ်ပါဘူး။ အဓိကက ဆန့်ကျင်တဲ့ အင်အားများဖို့ပါပဲ။ ငါတစ်ယောက်နဲ့ ဘာမှမဖြစ်ပါဘူးလို့မတွေးကြဘဲ ဝန်ထမ်းတိုင်းက အစိုးရယန္တရားကနေ ထွက်လာကြဖို့လိုပါတယ်။ ဒီလိုသာ အင်အားများများနဲ့ ဆန့်ကျင်ပြီး အမိန့်မနာခံကြရင် အစိုးရယန္တရားကိုပျက်စေနိုင်ပြီး အာဏာရှင်လည်းနိဂုံးချုပ်နိုင်ပါတယ်။
နိုင်ငံတကာမှာလည်း အာဏာသိမ်းသူတွေကျရှုံးသွားတဲ့ သာဓကများစွာရှိခဲ့ပါတယ်။ဒီလိုကျရှုံးရတဲ့အကြောင်းရင်းက အစိုးရရဲ့ လုပ်ဆောင်ချက်များနဲ့ အမိန့်များကို ပြည်သူတွေက ပူးဆောင်ရွက်မှုမရှိခြင်းနဲ့ အာဏာဖီဆန်ခြင်း(အမိန့်မနာခံခြင်း) တို့ကြောင့် ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူလူထု အလုပ်သမား ဌာနဆိုင်ရာဝန်ထမ်း လူမှု စီးပွားအဖွဲ့အစည်းများ ရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါဘဲ အစိုးရယန္တရားတွေ မလည်ပတ်နိုင်သလို သူတို့ရဲ့ အာဏာသိမ်းမှုကလည်း ကြာရှည် မရပ်တည်နိုင်ပါဘူး။
ဒါကြောင့် အာဏာရှင်ကို ကျရှုံးစေမယ့် လူထုရဲ့ ခုခံမှု နည်းလမ်း၂ချက်ကို တင်ပြချင်ပါတယ်။ ပထမအချက်ကတော့ စစ်တပ်ရဲ့အာဏာရယူမှုကို အသိအမှတ်မပြုခြင်းဖြစ်ပါတယ်။ ပြည်သူတွေမဲပေးရွေးချယ်ထားတဲ့ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး သိမ်းပိုက်ရယူလိုက်တဲ့ အာဏာနဲ့ ပြည်သူလူထုကိုအုပ်ချုပ်ခွင့်မရှိပါဘူး။ဒါပေမဲ့ အာဏာသိမ်းတဲ့သူတွေကတော့ နည်းအမျိုးမျိုးနဲ့ legitamacy (တရားဝင်မှု) ကို ရှာကြပါတယ်။ ဥပမာအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို အနုနည်းဖြင့်ချဉ်းကပ်ခြင်းဖြစ်စေ အကြမ်းနည်းနဲ့ ခြမ်းခြောက်ခြင်းဖြင့်ဖြစ်စေ လူထုအပေါ်လွှမ်းမိုးလာအောင် လုပ်နိုင်ပါတယ်။ အာဏာသိမ်းမှုကိုထောက်ခံတဲ့ နိုင်ငံရေးသမားများရဲ့အကူအညီတွေရယူပြီး နိုင်ငံယန္တရားကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါကြောင့် သူတို့အာဏာရဲ့ တရားဝင်ဖြစ်မှုကို ပြသဖို့ကြိုးစားတဲ့လုပ်ရပ်တိုင်း အဆိုပြုချက်တိုင်းကို ဆန့်ကျင်ပြီး သူတို့ရဲ့အာဏာအခြေခိုင်လာစေမယ့်လုပ်ရပ်တိုင်းကို တားဆီးရပါမယ်။
ဒုတိယအချက်အနေနဲ့နောက်ဆက်တွဲ လုပ်ရမှာကတော့ လူ့အဖွဲ့အစည်းရဲ့ တိုက်ရိုက်ခုခံမှုအနေနဲ့ စစ်တပ်က အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရရဲ့အမိန့် ဆောင်ရွက်မှုတိုင်းကို လိုက်နာမှု ပူးပေါင်းဆောင်ရွက်မှု မပြုခြင်းဖြစ်ပါတယ်။အာဏာသိမ်းလိုက်တဲ့အခါ စစ်တပ်အနေနဲ့ အစိုးရအဆောက်အအုံတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆက်သွယ်ရေးစင်တာတွေနဲ့ နိုင်ငံရဲ့အချက်အချာနေရာတွေကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ သူတို့ရဲ့ နေရာယူမှုဖြန့်ကျက်လာနိုင်တာနဲ့အမျှ သူတို့ရဲ့အာဏာသိမ်းမှုအောင်မြင်တယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ ဒါဟာ အုပ်ချုပ်မှုအာဏာနဲ့ လူထုအပေါ် ထိန်းချုပ်လာနိုင်တာ မဟုတ်သေးပါဘူး။ သူတို့အနေနဲ့ အချိန်တိုအတွင်းမှာ လူထု လူမှုစီးပွားအဖွဲ့အစည်းတွေနဲ့ အစိုးရလုပ်ငန်းတွေကို တပြိုင်နက်ထိန်းချုပ်မှုတွေလုပ်ဆောင်ဖို့ခက်ခဲပါတယ်။ ဥပမာ အစိုးရရုံးရဲ့ စည်းမျဉ်းစည်းကမ်းမူဝါဒတွေကို ဘယ်သူမှ မလိုက်နာကြတဲ့အခါ အုပ်ချုပ်မှု ယန္တရားက ရပ်တန့်သွားမှာပါ။ ဒါကြောင့် လူ့အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တိုင်းကို ကန့်ကွက်ဆန့်ကျင်ပြီး သူတို့ခေါင်းဆောင်မှုတွေကို လိုက်နာမှုမရှိတဲ့အခါ သူတို့ရဲ့ အာဏာတည်ဆောက်မှုနဲ့ အခြေခိုင်လာအောင်ကြိုးပမ်းမှုတွေကမအောင်မြင်ဘဲ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာမှာပါ။
ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ Civil Disobedience Movements များစွာဖြစ်ပွားခဲ့ပါတယ်။ ဥပမာ သာဓကယူစရာအချက်များလည်းပါဝင်ပါတယ်။ အဆိုပါ Movements များစွာအနက်က ဒီနေရာမှာ Civil Disobedience Movement အနေနဲ့ လူသိများတဲ့ American Civil Rights Movement of the 1950s and 1960s၊ မဟတ္တမဂန္ဒီပါဝင်တဲ့ Nationalist Movement of India နဲ့ တောင်ကိုးရီးယားနိုင်ငံမှာ ၁၉၈၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ June Democratic Struggle တို့ကို ဖော်ပြပေးသွားပါမယ်။
American Civil Rights Movement of the 1950s and 1960s
အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်ဟာ အမေရိကန်ပြည်တွင်းစစ်အပြီးကတည်းက ပပျောက်ခဲ့တယ်ဆိုပေမယ့် လူဖြူလူမဲခွဲခြားမှုများကတော့ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ American Civil Rights Movement ဟာ လူမဲများလည်း တန်းတူအခွင့်အရေးရဖို့ ကြိုးပမ်းခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး Martin Luther King Jr.၊ James Bevel၊ Rosa Parks စသူတို့ဟာ အဆိုပါလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့ သူများအဖြစ် ထင်ရှားပါတယ်။ အဆိုပါလှုပ်ရှားမှုမှာ Civil disobedience movements များ ပုံစံ နှစ်မျိုးနဲ့ ဖြစ်ပွားခဲ့ပါတယ်။
ပထမတစ်မျိုးမှာ အကြမ်းမဖက်သော Sit-in movement ဖြစ်ပါတယ်။ အဆိုပါလှုပ်ရှားမှုကို မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှစတင်ခဲ့ပါတယ်။ တက္ကသိုလ်ကန်တင်းများမှာ လူဖြူများသာ ထိုင်ရန်ကန့်သတ် ထားသောနေရာများမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်မရွေးအတူထိုင်ခဲ့ကြတာပါ။ မူလက အဆိုပါ လှုပ်ရှားမှုကို အာဖရိကန်−အမေရိကန်ကျောင်းသား လေးယောက်က စတင်ခဲ့ပေမယ့် ၁၉၆၀ နဲ့ ၁၉၆၁ ခုနှစ်များမှာ လူဖြူများအပါအဝင် ကျောင်းသား ၇သောင်းခန့်ပါဝင်ခဲ့ကြပြီး ပြည်နယ် ၂၀ ခန့်ကို ပျံ့နှံ့သွားခဲ့ပါတယ်။
ဒုတိယအနေဖြင့် အကြမ်းမဖက်သော လူထုဆန္ဒပြမှုများပြုလုပ်ခဲ့ကြပါတယ်။ Montgomery Bus Boycott ကဲ့သို့သော လှုပ်ရှားမှုများလည်းပါဝင်ပါတယ်။ ထိုစဉ်အခါက ဘတ်စ်ကားများမှာ အာဖရိကန်−အမေရိကန်များအား ဘတ်စ်ကားမောင်းသူအဖြစ်မခန့်ခြင်း၊ အာဖရိကန်−အမေရိကန်များက လူဖြူများအတွက်ခုံနေရာဖယ်ပေးရခြင်းစတဲ့ ဓလေ့များလည်းရှိနေသေးတာကြောင့် အဆိုပါဓလေ့များကို တော်လှန်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ Civil disobedience Movement in American Civil Rights ဟာ နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
Nationalist Movement of India
နောက်ထပ် Civil disobedience လှုပ်ရှားမှုတစ်ခုကတော့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလများမှာ ဖြစ်ပွားခဲ့တဲ့ မဟတ္တမဂန္ဒီဦးဆောင်တဲ့ အဟိံသလမ်းစဉ်နဲ့ အကြမ်းမဖက်တော်လှန်ရေးပဲဖြစ်ပါတယ်။ ထိုစဉ်က အိန္ဒိယနိုင်ငံမှာ Britain’s Salt Acts အရ အိန္ဒိယလူမျိုးတွေကို ဆားချက်ခြင်း၊ ရောင်းဝယ်ခြင်း တို့ကို တားမြစ်ထားခဲ့ပါတယ်။ ဆားခွန်မှာလည်း များပြားခဲ့ပါတယ်။ ဂန္ဒီက ဗြိတိသျှအစိုးရရဲ့ ဆားအက်ဥပဒေကို ၁၉၃၀ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ နောက်လိုက် ၇၈ ယောက်နဲ့ ၂၄၁ မိုင်ရှည်လျားတဲ့ ချီတက်မှုကို ပြုလုပ်ခဲ့ပြီး ဒန္တီကမ်းခြေမှာ ပင်လယ်ရေမှ ဆားချက်ကာ အကြမ်းမဖက်ဘဲတော်လှန်ခဲ့ပါတယ်။ ဒန္တီကို ဧပြီလ ၅ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး အဲအချိန်မှာ ပူးပေါင်းပါဝင်သူ သောင်းနှင့်ချီ ရှိနေပြီဖြစ်ပါတယ်။ ဂန္ဒီရဲ့ အကြမ်းမဖက်လှုပ်ရှားမှုဟာ အလုံးစုံ အောင်မြင်ခဲ့တယ်လို့ မယူဆနိုင်ပေမယ့် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့တာတော့ ငြင်းမရပါဘူး။
June Democratic Struggle
၁၉၇၂ ခုနှစ်မှာ Park Chung-hee မှ Yushin ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုခဲ့ပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတများကို Electoral College မှတစ်ဆင့် ရွေးကောက်တင်မြောက်ခဲ့ ကြပါတယ်။ ၁၉၇၉ ခုနှစ် ဒီဇင်ဘာမှာ တောင်ကိုရီးယားနိုင်ငံ၌ Chun Doo-hwan ခေါင်းဆောင်တဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီ စံချိန်စံနှုန်းများ ပျောက်ဆုံးခဲ့ရပါတယ်။ နိုင်ငံတွင်းနဲ့ ပြည်ပမှ ထောက်ခံမှုများပိုမိုရရှိဖို့အတွက် ၁၉၈၅ ခုနှစ်မှာ Chun Doo-hwan က ရွေးကောက်ပွဲကျင်းပခဲ့ပေမယ့် အဆိုပါရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း Chun ဟာ ရွေးကောက်ပွဲရလဒ်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခဲ့ပြီး သူနဲ့ အလိုတူအလိုပါ ဗိုလ်ချုပ် Roh Tae-woo ကို ဆက်ခံသူ သမ္မတအဖြစ်ခန့်ထားခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၂၉ ရက်အတွင်း ၎င်းတို့ကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ တောင်ကိုးရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ လူပေါင်း ၁.၅ သန်းက မြို့ ၁၆ မြို့မှာ ဆန္ဒပြမှုများပြုလုပ်ခဲ့ရာ white collar workers (အစိုးရယန္တရားရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ အလုပ်သမား) များ လည်း Civil Disobedience ပြုလုပ်ကာပါဝင်ခဲ့ကြပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ စစ်အစိုးရဘက်မှ ဖမ်းဆီး ထိန်းသိမ်းမှုများရှိခဲ့ပေမယ့် လှုပ်ရှားမှုအောင်မြင်ခဲ့ပြီးတော့ တောင်ကိုရီးယားမှာ ပထမဦးဆုံးသော ဒီမိုကရေစီရွေးကောက်ပွဲပေါ်ပေါက်လာခဲ့ပါတယ်။
ဒီ Civil Disobedience သာဓကများကို ကြည့်ရင် လှုပ်ရှားမှုပြလုပ်တဲ့ အချိန်ကာလများမှာ အခြေအနေပေါ်လိုက်ပြီး ကွာခြားကြတာတွေ့ရပါတယ်။ လှုပ်ရှားမှုအောင်မြင်ဖို့ အဓိကလိုအပ်တာက အစိုးရယန္တရားမှာ ပါဝင်လုပ်ဆောင်နေသူများအပါအဝင် ပြည်သူတစ်ရပ်လုံးက တူညီတဲ့ပန်းတိုင်ကို အတူတကွလှမ်းလျှောက်ကြဖို့ပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာပြည်ကို စစ်တပ်ကအာဏာသိမ်းပြီး စစ်အာဏာရှင်တွေက အုပ်ချုပ်နေပါတယ်။ ဒါကို အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်ကြဖို့လိုပါတယ်။ အစိုးရဝန်ထမ်းများနဲ့ ပြည်သူတစ်ရပ်လုံးက အာဏာသိမ်းအစိုးရနဲ့ မပူးပေါင်းကြပါနဲ့။ သူတို့ရဲ့ ယန္တရားကိုလည်ပတ်ပေးနေရတဲ့ အစိုးရရုံးတွေကို အလုပ်သွားမဆင်းကြပါနဲ့။ သူတို့ရဲ့အမိန့်တွေကို မလိုက်နာကြပါနဲ့။ ဒီလိုနည်းနဲ့ အကြမ်းမဖက်ဘဲ အာဏာရှင်ကိုဆန့်ကျင်ဖို့လိုပါတယ်။ သူတို့ရဲ့အမိန့်တွေသေသွားတဲ့အခါ၊ သူတို့ယန္တရားကြီးပျက်သွားတဲ့အခါ အာဏာရှင်တွေလည်း ကျရှုံးသွားပါလိမ့်မယ်။ အာဏာရှင်တွေ ကျရှုံးသွားရပါမယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon