ATL Water solutions
20/07/2025
"အကောင်းတရားတွေဟာ ချမ်းသာသုခ မဟုတ်ဘူး၊ လောကဓံပဲ"
🔳 ဒီအယူအဆကို ကျွန်တော် မကြာခဏ ရေးဖြစ်တယ်။ ကိုယ်ပိုင်အတွေးအခေါ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ဗုဒ္ဓဘာသာမှာလည်း ပြောတယ်။ တခြားတွေးခေါ်ပညာရှင်တွေလည်း ပြောကြတာရှိတယ်။
အသက်အရွယ် ရလာတာနဲ့အမျှ ဒါကို ပိုပြီး လက်ခံနိုင်လာတယ်။
🔳 မှန်တယ်။ ချမ်းသာခြင်း၊ အခြွေအရံပေါခြင်း၊ လာဘ်လာဘရွှင်ခြင်း၊ ချီးကျူးခံရခြင်း၊ ဒါတွေဟာ ချမ်းသာသုခ မဟုတ်ဘူး။ လောကဓံပဲ။
ဘာလို့ဆိုတော့ တည်မြဲနေမှာ မဟုတ်လို့။ အကောင်းအဆိုး လောကဓံဟာ တလှည့်စီ လည်ပတ်နေမှာမို့လို့။ မြဲနေအောင်လည်း ကိုယ်ထိန်းချုပ်ထားလို့ မရလို့။
🔳 ငယ်ငယ်က အဖေဆုံးမဖူးတဲ့ စကားတစ်ခွန်းရှိတယ်။
ဘာလဲဆိုတော့ “ချမ်းသာရင်လည်း တစ်သက်လုံး ချမ်းသာလိုက်၊ ဆင်းရဲရင်လည်း ဆင်းရဲနေလိုက်၊ ချမ်းသာပြီးမှတော့ ပြန်မဆင်းရဲစေနဲ့” တဲ့။
(စကားကပ်ပြောကြမှာစိုးလို့ ရှင်းပြရရင် ဆင်းရဲတာ မကောင်းမှန်း သိပါတယ်။ အမြင့်ရောက်ပြီးမှ ပြန်ကျတာ ပိုဆိုးတယ်လို့ ဆိုလိုတာပါ)
အဲဒါကို အမြဲမှတ်ထားတယ်။ ကျွန်တော့်ဘဝမှာ ကြိုးစားပြီး အလုပ်လုပ်တာ၊ ငွေကြေးရှာဖွေစုဆောင်းတာ၊ လောင်းကစား မလုပ်တာ၊ အဲဒါတွေ အကုန်လုံးက အဖေ့စကားကနေ လာတာပဲ။ မိဘလက်ထက်တုန်းကထက် မသာတောင် မနိမ့်ချင်လို့။ မဆင်းရဲချင်လို့။
🔳 ပြောချင်တာက ငွေကြေးစီမံခန့်ခွဲမှုအကြောင်း မဟုတ်ဘူး။ လူဟာ တက်ပြီးမှ ပြန်ကျရင် ခံနိုင်လေ့ သိပ်မရှိဘူး ဆိုတာပဲ။
တစ်သက်လုံး ဆင်းရဲနေတာထက် ၇ ရက်လောက် ချမ်းသာသုခကို ခံစားဖူးရရင် မကောင်းဘူးလား။ အေးလေ၊ အဲဒီ ၇ ရက်တော့ ကောင်းတာပေါ့။ ပြီးကျ သူဆင်းရဲဘ၀ ပြန်ရောက်တဲ့အခါ အဲဒီလူ မနေတတ်တော့ဘူး။ မနေနိုင်တော့ဘူး။ ခံနိုင်ရည် မရှိတော့ဘူး။
🔳 လောကဓံ ၄ ပါးနဲ့ ဥပမာပေးကြည့်မယ်။
မြို့ကြီးပြကြီးကို ရောက်သွားတယ်။ နိုင်ငံရပ်ခြား ရောက်တယ်။ ကောင်းမွန်တဲ့ စနစ်တွေ၊ ဇိမ်ခံပစ္စည်းတွေ၊ လုံခြုံမှုတွေ၊ သက်သောင့်သက်သာရှိမှုတွေနဲ့ အသားကျသွားတဲ့အခါ မွေးရပ်မြေကို မပြန်ချင်တော့ဘူး။ ပြန်လည်း အလည်လောက်ပဲ။ ကြာကြာမနေနိုင်ဘူး။
🔳 အထည်ကြီးပျက်ဘဝနဲ့ နေဖူးရင်၊ အထည်ကြီးပျက်တွေ မြင်ဖူးရင် ချမ်းသာပြီးမှ ဆင်းရဲရတဲ့ဒုက္ခ ဘယ်လောက်ကြီးတယ် သိလိမ့်မယ်။ (မန်ယူဖန်တွေလို) အတိတ်က ရွှေထီးဆောင်းခဲ့တာတွေ ပြန်သတိရနေတာနဲ့တင် Move on မလုပ်နိုင်ဘူး။ ဒေါင်ကျကျ ပြားကျကျ ဘဝကို မရှင်သန်နိုင်ဘူး။
🔳 ကျွန်တော်တို့ လူသိများတယ်ဆိုတာ တကယ်က ဘာမှမဟုတ်ဘူး။ အပြင်မှာ တွေ့ရင် ဆရာဖြိုးလား ဆိုပြီး နှုတ်ဆက်ခံရရုံလောက်ပဲ။ မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေကျ ဒီလိုမဟုတ်ဘူး။ အောင်မြင်မှုက ကြောက်စရာကောင်းတယ်။ အားလုံးရဲ့ အရူးအမူးအားပေးခြင်းကို ခံရတာ။ ရုတ်တရက်ဆို ပျော်စရာကြီး။ လူတိုင်းလိုချင်တဲ့ ဘဝမျိုး။
ဒါပေမဲ့ နာမည်ပြန်ကျလာပြီ ဆိုတဲ့အခါ မနေတတ်တော့ဘူး။ တချို့တွေ နာမည်မကျကျအောင် လိုက်လုပ်ရတယ်။ မလှလှအောင် လိုက်ပြင်ရတယ်။ စိတ်ကျရောဂါတွေ ရတယ်။ မူးယစ်ဆေးတွေ သုံးတယ်။ အဲဒီလိုနဲ့ ကြွေလွင့်သွားရသူတွေ အများကြီး။
🔳 တစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေတာအကောင်း။ တစ်ယောက်ယောက် ဝင်လာတယ်။ ပျော်ရတယ်။ ဘာကြောင့် ရှင်သန်နေရတယ် ဆိုတဲ့အဓိပ္ပါယ်ကို ရှာတွေ့လာတယ်။ ပြီးကျ ပြန်ထွက်သွားတယ်။ အစကလည်း တစ်ယောက်တည်း၊ အခုလည်း တစ်ယောက်တည်း ဆိုပေမဲ့ မတူတော့ဘူး။
ဦးနှောက်ထဲက Memory ဆိုတာ ဖုန်းထဲက ဓါတ်ပုံတွေလို လွယ်လွယ်ဖျက်ပစ်လိုက်လို့ ရတာမှ မဟုတ်ပဲ။ ဒါကြောင့်လည်း “အားလုံးမေ့လို့ရရင် ကမ္ဘာမှာ ပျော်စရာချည်းပဲ” လို့ ဒိုးလုံးက ဆိုခဲ့တာပေါ့။
🔳 ဒီတော့ ဘယ်လိုနေထိုင်ရမှာလဲ။ အကောင်းတရားတွေကို မလိုချင်ရတော့ဘူးလား။ မခံစားရတော့ဘူးလား။ အပျက်ဘက်ကိုပဲ တွေးပြီး တချိန်လုံး စိတ်ဆင်းရဲနေရမှာလား။
အဲဒီလိုတော့ မဟုတ်ဘူး။
အဓိကက “ဒါတွေသည်လည်း လောကဓံပဲ၊ ဟိုနေ့က ရေးတဲ့ ဆောင်းပါးထဲကလို They come and go ပဲ” ဆိုတာကို နှလုံးသွင်းထားဖို့ပါပဲ။
“အကျမနာခြင်း အနုပညာ” လို့ ဆိုချင်ဆိုပေါ့။
ဒါဆို ကိုယ့်ဆီ အမြဲရှိနေမှာ မဟုတ်တဲ့အရာအတွက် မာန်တက်တာလည်း နည်းသွားမယ်။
🔳 တဆက်တည်းမှာ ပစ္စုပ္ပန်တည့်တည့်ကိုလည်း ပိုအာရုံစိုက်၊ ပိုရှင်သန်ဖြစ်သွားလိမ့်မယ်။
ချမ်းသာနေတုန်း အဲဒီချမ်းသာသုခကို မျှဝေ။
ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို အများအတွက် သုံးစွဲ။
နာမည်ကျော်နေတုန်း အဲဒီနာမည်ကျော်ကြားမှုကို လူအများကောင်းကျိုးအတွက် အသုံးချ။
အတူရှိနေတုန်း ဂရုစိုက်။ တန်ဖိုးထား။
ဒါဆို နောင်တလည်း နည်းမယ်။ ဒဏ်ရာလည်း နည်းမယ်။ ပြည့်ပြည့်၀၀လည်း ရှင်သန်နိုင်လိမ့်မယ်။
🔳 နံရံမှာကပ်တဲ့ ကော်လိုပဲ။ များများကပ်ထားရင် ပြန်ခွာရတဲ့အခါ ဆေးသားများများ ပိုပွန်းမယ်။ နည်းနည်းပဲ ကပ်ထားရင် ပြန်ခွာတဲ့အခါ အနာတရ နည်းမယ်။
ချမ်းသာသုခနဲ့ပဲ ကပ်ကပ်၊ စီးပွားဥစ္စာတွေနဲ့ပဲ ကပ်ကပ်၊ နာမည်ကျော်ကြားမှုနဲ့ပဲ ကပ်ကပ်၊ ချစ်သူခင်သူတွေနဲ့ပဲ ကပ်ကပ်၊ ဒီသဘောတရားသည် အတူတူပဲ။
🔳 ငယ်ငယ်ကတော့ ဒီအရာတွေကို လိုချင်တယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ထိုက်သင့်သလောက်လည်း ရခဲ့တယ်။
ဒီဘက်နောက်ပိုင်း ပိုသဘောပေါက်လာတာကတော့ “အဲဒီအရာတွေမှာ ပျော်ရွှင်ခြင်း အစစ်အမှန်က ရှိနေတာ မဟုတ်ဘူး” ဆိုတာပဲ။ ဒါတွေရှိမှ ပျော်နိုင်မယ် ဆိုတဲ့သူဟာလည်း ဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ဘူး။
🔳 ဒါကြောင့်လည်း စစ်မှန်တဲ့ ငြိမ်းချမ်းမှုဟာ ကိုယ်တွင်းမှာသာ ရှိတယ်လို့ ပြောကြတာ နေပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၇.၂၀၂၅
Zar Ni Kyaw
Zar Ni Kyaw - Leadership & People Skills Coach
Helping professionals build strong leadership, people skills and high performance
Click here to claim your Sponsored Listing.
Category
Website
Address
Yangon