Fate Book Publishing
07/04/2026
◼️ တယ်လီဖုန်း
တယ်လီဖုန်း မြည်လာတယ်။ စင်္ကြံလမ်းထဲမှာ။ အဲဒီမှာ မီးခိုးရောင် ခြေသုတ်ခုံ တစ်ချပ်လည်း ရှိတယ်။ တယ်လီဖုန်းက မြည်ပြီးရင်း မြည်နေတော့တယ်။ ဖုန်းသံက တိုက်ခန်းတစ်ခုလုံးထဲမှာ ပဲ့တင်ထပ်နေလို့။ တယ်လီဖုန်းက မြည်နေပေမဲ့ ကောင်ကလေးကတော့ ခြောက်နှစ်သား အရွယ်ပဲ ရှိသေးတယ်။ ဖုန်းမြည်နေတဲ့ အခိုက်အတန့်အတွင်းမှာ ကောင်ကလေးက ဘာကိုမှ သံသယ မဖြစ်မိပါဘူး။ သူက ဖုန်းအနားကို ချဉ်းကပ်သွားပြီး ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ်။ “ဟယ်လို” တိတ်ဆိတ်မှုက ဖုန်းခွက်ထဲမှာ တရှဲရှဲ မြည်နေတယ်။ သူက “ဟယ်လို” လို့ နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ်။ ဘယ်သူကမှ ကောင်ကလေးနဲ့ စကားမပြောလိုကြဘူးလေ။ သူက ဖုန်းခွက်ကို ပြန်ချလိုက်ပြီး သူ့အတွက် စောင့်ဆိုင်းနေတဲ့ ထိတ်လန့်ဖွယ်ရာ ဘယ်အရာကိုမှ သံသယ မဖြစ်မိပါဘူး။ အချိန်တွေ ကုန်လွန်ဖြတ်သန်းသွားပေမဲ့ သူကတော့ ခြောက်နှစ်သားအရွယ်မှာသာ ရှိနေဆဲပဲ။ တယ်လီဖုန်း မြည်လာတယ်။ ကောင်ကလေးက စင်္ကြံလမ်းထဲဆီ ပြန်ရောက်လာပြီး ဆယ့်ခုနစ်နှစ် သက်တမ်းရှိနေတဲ့ မီးခိုးရောင် ခြေသုတ်ခုံအပေါ်မှာ မြဲမြံစွာ မတ်မတ်ရပ်လို့ လက်လှမ်းပြီး ဖုန်းကို ကောက်ကိုင်လိုက်တယ်။ “ဟယ်လို” လို့ သူ ပြောလိုက်တယ်။ တိတ်ဆိတ်မှုက ဖုန်းခွက်ထဲမှာ တရှဲရှဲ မြည်နေလို့။ “ဟယ်လို၊ ကျေးဇူးပြုပြီး တစ်ခုခု ပြောပါလား” ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကောင်ကလေးနဲ့ စကားမပြောလိုကြပါဘူး။ သူက ဖုန်းခွက်ကို ပြန်ချလိုက်ပြီး တစ်စုံတစ်ခုကို စတင်သံသယဖြစ်မိလာတယ်။ ဒီတစ်ကြိမ်မှာတော့ သူက မီးခိုးရောင် ခြေသုတ်ခုံ အပေါ်မှာ ဆက်ပြီး မတ်တပ်ရပ်နေမိတယ်။ အချိန်တွေ ကျော်ဖြတ်သွားပြီးတော့ တယ်လီဖုန်း မြည်လာတယ်။ ကောင်ကလေးက ချက်ချင်းဆိုသလိုပဲ ဖုန်းခွက်ကို ကောက်ကိုင်လိုက်တယ်။ “ဟယ်လို၊ ဟယ်လို” ကောင်ကလေးရဲ့ အသံက အက်ကွဲနေလို့။ သူက “ဖုန်းခေါ်တာ ဘယ်သူလဲ” လို့ မေးလိုက်တယ်။ အဖြေမရဘူး၊ တရှဲရှဲ မြည်နေတဲ့ တိတ်ဆိတ်မှုပဲ ရှိတယ်။ တိတ်ဆိတ်မှုက ဖုန်းခွက်ထဲမှာ၊ စင်္ကြံလမ်းထဲမှာ တရှဲရှဲ မြည်နေတယ်။ တိတ်ဆိတ်မှုက တိုက်ခန်းတစ်ခုလုံးထဲမှာပါ တရှဲရှဲ စတင်မြည်စ ပြုလာတယ်။ ကောင်ကလေးက ဖုန်းကို ပြန်ချလိုက်ရမှာ ကြောက်ရွံ့နေမိပြီ။ သူက စောင့်ဆိုင်းနေပေမဲ့ ဘယ်အရာမှ မဖြစ်လာပါဘူး။ သူက ဖုန်းခွက်ကို ပြန်ချလိုက်တယ်၊ ဘာကိုမှလည်း သံသယ မရှိနေဘူး - ဘာလို့လဲဆိုတော့ နောက်တစ်ခါ ဘာဖြစ်လာလိမ့် မလဲ ဆိုတာ သူ သိလို့လေ။ တယ်လီဖုန်း မြည်လာတယ်။ တစ်ခါ။ ပြီးတော့ နောက်တစ်ခါ။ ပြီးတော့ နောက်တစ်ခါ။ ကောင်ကလေးက ဖုန်းကို ကောက်ကိုင်လိုက်ရမှာ ကြောက်ရွံ့နေမိပြီ။ ဒါပေမဲ့ သူ ကောက်မကိုင်နိုင်ဘူး၊ ဘာလို့လဲ ဆိုတော့ တယ်လီဖုန်းက မြည်နေလို့လေ။ တယ်လီဖုန်း တစ်လုံး မြည်လာတဲ့အခါ ခင်ဗျားတို့အနေနဲ့ ကောက်ကိုင်လိုက်ဖို့ လိုတာပဲမလား။ ဒီတော့ သူလည်း ဒီလိုပဲ လုပ်လိုက်တယ်၊ ဒါပေမဲ့ သူ့ရဲ့ လက်၊ ခြောက်နှစ်သားအရွယ် ကောင်ကလေးရဲ့ လက်က တုန်ယင်နေလို့။ သူက “ဟယ်လို” လို့ မပြောတော့ဘူး။ ဖုန်းခွက်ထဲကို ဒီအတိုင်း နားထောင်နေရင်းနဲ့ အသက်ရှုနေမိတယ်။ “ဖုန်းခေါ်တာ ဘယ်သူလဲ။ ကျေးဇူးပြုပြီး တစ်ခုခု ပြောပါလား။ ကျေးဇူးပြုပြီးတော့လေ ... ကျေးဇူးပြုပြီး ခင်ဗျား ဒီလို မလုပ်နိုင်ဘူးလား ... ကျွန်တော့်ကို ပြောစမ်းပါ။ ခင်ဗျား ဘာကြောင့် ပြန်မဖြေရတာလဲ” ကောင်ကလေးက ရှိုက်ငိုချမိလိုက်တော့တယ်။ မျက်ရည်တွေက မျက်နှာပေါ်ကနေ ပါးစပ်အထိ တသွင်သွင် စီးကျလာလို့ သူ ဆားငန်တဲ့အရသာကို ခံစားမိလိုက်တယ်။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီးတော့ပါဗျာ” သူက ဖုန်းခွက်ကို ပစ်ချလိုက်ပြီး ဖုန်းအိမ်ကနေ ကြိုးကို ဆွဲဖြုတ်လိုက်တယ်။ သူ တုန်ခါလာတယ်။ ရုတ်တရက်ဆိုသလို သူ အပေါ့သွားမှ ဖြစ်တော့မယ်။ အချိန်တွေ ကုန်ဆုံးသွားတယ်၊ ပြီးတော့ ကောင်ကလေးက စင်္ကြံလမ်းထဲက မီးခိုးရောင် ခြေသုတ်ခုံ အပေါ်မှာ မတ်တပ်ရပ်လျက်သား ရှိနေဆဲပဲ။ တယ်လီဖုန်းကို ကြိုးပြန်တပ်ရဦးမယ်ဆိုတာ သူ သိပါတယ်။ သူ့မှာ ရွေးချယ်စရာမှ မရှိတာ။ သူက ဖုန်းကြိုးကို ပြန်တပ်လိုက်တယ်။ ဖုန်း မြည်လာတယ်။ ကောင်ကလေးက ဖုန်းခွက်ကို ကောက်မကိုင်လိုက်ဘူး၊ သူက သူ့ကိုယ်သူ သေးငယ်သွားရအောင် စင်္ကြံလမ်းရဲ့ ထောင့်မှာ ကုပ်ကုပ်ကလေးဝပ်လို့ ဒီထက်ပိုနက်ရှိုင်းတဲ့ နေရာဆီ တိုးဝင်သွားနိုင်ပြီး လုံးဝ ပျောက်ကွယ်သွားပါစေလို့ ဆုတောင်းနေမိတယ်။ ကောင်ကလေးက ငိုယိုနေလျက်သားနဲ့ ဘုရားသခင်ဆီ ဆုတောင်းမိတယ်။ ဒါပေမဲ့ ဘုရားသခင်က တိတ်တဆိတ်ပဲ ဆက်နေတယ်၊ ကောင်ကလေးရဲ့ နားတွေအထဲမှာ တရှဲရှဲမြည်သံမျှသာပဲ ရှိတယ်၊ စင်္ကြံလမ်းထဲမှာ တရှဲရှဲမြည်နေတဲ့ အသံပဲ ရှိတယ်။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး” လို့ ကောင်ကလေးက တယ်လီဖုန်းကို အော်ဟစ်လိုက်မိတယ်။ ဒါပေမဲ့ တယ်လီဖုန်းက မြည်တယ်။ တယ်လီဖုန်းက မြည်နေတယ်။ တယ်လီဖုန်းက မြည်နေလို့ ။ ။
(ANDRIS KUPRIŠS’s THE TELEPHONE, Berlin,
Translated from Latvian to English by IAN GWIN)
မိုးရဲ မြန်မာဘာသာ ပြန်ဆိုပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon