PDF Insight
"ငရဲခန်းထဲက ပြန်လည်လွတ်မြောက်ခြင်း အပိုင်း (၁) "
"လမ်းပေါ်ကနေ ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်ခံရပြီး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေ။ စစ်တပ်ရဲ့ ဖိအားပေး စေခိုင်းမှုအောက်ကနေ လွတ်မြောက်လာတဲ့ အလင်းဝင်ပြည်သူစစ်တွေက သူတို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ပေါ်တာဆွဲခံရပုံနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဖွင့်ချလိုက်တဲ့ အကြောင်းအရာ အသေးစိတ်ကို ရုပ်သံဖိုင်ထဲမှာ တွေ့မြင်နိုင်ပါတယ်"
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
31/05/2026
///နိုင်ငံရေးဦးဆောင်မှု နှင့် နိုင်ငံရေးဦးဆောင်သူ///
“နိုင်ငံရေးဦးဆောင်မှု” နဲ့ “နိုင်ငံရေးဦးဆောင်သူ” ဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ ဒါပေမယ့် အဓိပ္ပါယ်တူတာတော့ မဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းပြောရရင် နိုင်ငံရေးဦးဆောင်မှု (Political Leadership) က လုပ်ငန်းစဉ်၊ စနစ်၊ လမ်းညွှန်မှု တွေဖြစ်ပြီး နိုင်ငံရေးဦးဆောင်သူ (Political Leader) ကတော့ အဲ့ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့သူ ဖြစ်တယ်။ ကားတစ်စီးနဲ့ ဥပမာပေးရရင် “ဘယ်သွားမလဲ၊ ဘယ်လမ်းသွားမလဲ၊ ဘယ်လိုလုံခြုံအောင်သွားမလဲ” ဆိုတဲ့ direction နဲ့ system က နိုင်ငံရေးဦးဆောင်မှုဖြစ်ပြီး ကားမောင်းနေတဲ့သူက နိုင်ငံရေးဦးဆောင်သူ ဖြစ်တယ်။ ကားမောင်းသူကောင်းပေမယ့် လမ်းမှားနေရင်လည်း ပြဿနာရှိမယ်။ လမ်းကောင်းပေမယ့် မောင်းတဲ့သူမကျွမ်းကျင်ရင်လည်း အန္တရာယ်ရှိမယ်။ ဒါကြောင့် “Leadership” နဲ့ “Leader” ကဏ္ဍနှစ်ခုစလုံး အရေးကြီးပါတယ်။
နိုင်ငံရေးဦးဆောင်သူဆိုတာ “အမိန့်ပေးသူ” တစ်ယောက်သက်သက် မဟုတ်ပဲ ဦးတည်ချက် သတ်မှတ်ရတာ၊ လူထုကို နားလည်အောင် ရှင်းပြစည်းရုံးရတာ၊ မတူညီမှုတွေကို ပေါင်းစည်းခြင်း၊ သဘောတူညီမှုတွေ တည်ဆောက်ခြင်း၊ ဆုံးဖြတ်ချက်တွေချရတာ၊ စနစ်တည်ဆောက်ရတာ စတဲ့အလုပ်တွေကို လုပ်ရတယ်။ ကောင်းမွန်တဲ့ နိုင်ငံရေးဦးဆောင်သူဆိုတာ လူအများက ကိုယ့်ကို အားကိုးတဲ့စနစ်ကို မတည်ဆောက်ဘဲ၊ ကိုယ်မရှိတော့ရင်တောင် ဆက်လက် လည်ပတ်နိုင်တဲ့ ဦးဆောင်မှုစနစ်ကို တည်ဆောက်နိုင်တဲ့သူ ဖြစ်တယ်။ နိုင်ငံတစ်ခုကို လူတစ်ယောက်တည်းက မတည်ဆောက်နိုင်ဘူး။ လူတစ်ယောက်တည်းအပေါ် မူတည်တဲ့စနစ်တွေဟာ ခေါင်းဆောင် ပျောက်သွားတဲ့အခါ ပြိုကွဲတတ်တယ်။ ဒါပေမယ့် ဥပဒေနဲ့ အဖွဲ့အစည်းအပေါ် မူတည်တဲ့ စနစ်တွေကတော့ ခေါင်းဆောင်ပြောင်းသွားရင်တောင် ဆက်လက်တည်တံ့နိုင်တယ်။ လူတစ်ယောက်က အမြဲမရှိနိုင်ဘူး။ ဒါပေမယ့် စနစ်ကို တည်ဆောက်ထားမယ်ဆိုရင်တော့ အမြဲရှိနိုင်တယ်။ အဲ့ဒီစနစ်ထဲမှာ ခိုင်မာတဲ့ အဖွဲ့အစည်းများ၊ ရှင်းလင်းတဲ့ ဥပဒေ၊ စည်းမျဉ်းတွေ၊ အာဏာခွဲဝေမှုတွေ မရှိမဖြစ်လိုအပ်တယ်။
နိုင်ငံရေးဦးဆောင်သူတစ်ဦးမှာ ရေရှည်အမြင်၊ သမာဓိ၊ ဆုံးဖြတ်နိုင်စွမ်း၊ ကောင်းမွန်တဲ့ဆက်သွယ် ပြောဆိုမှု၊ လူမှုဘဝကိုနားလည်မှု၊ တာဝန်ခံမှု စတဲ့အချက်တွေရှိဖို့ လိုအပ်ပါတယ်။ ရေရှည်အမြင်မရှိရင် အနာဂတ်ကိုမမြင်ရင် လက်ရှိပြဿနာတွေထဲမှာပဲ လည်ပတ်နေမှာဖြစ်ပြီး သမာဓိမရှိတဲ့ မယုံကြည်ရတဲ့ ခေါင်းဆောင်ဆိုရင်လည်း လူထုက လိုက်နာမှာမဟုတ်ဘူး။ အချိန်မီ မဆုံးဖြတ်နိုင်ရင် အခွင့်အလမ်းတွေ ဆုံးရှုံးနိုင်သလို လူထုနဲ့ နိုင်ငံတကာကို နားလည်အောင် မရှင်းပြနိုင်ရင် ထောက်ခံမှုရဖို့ခက်တယ်။ လူမှုဘဝကို နားမလည်ရင် မူဝါဒချမှတ်မှုတွေက လက်တွေ့မကျတော့ဘူး။ တာဝန်ခံမှုမရှိရင် အာဏာဟာ အလွဲသုံးစား ဖြစ်လာနိုင်တယ်။ ဒါကြောင့် အထက်က အချက် ၆ ချက်ရှိဖို့ လိုအပ်ပါတယ်။ ဒီအရည်အချင်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ ရေရှည်အမြင်ရှိပေမယ့် သမာဓိမရှိရင် လူထုယုံကြည်မှုမရနိုင်ဘူး။ ဆုံးဖြတ်နိုင်စွမ်းရှိပေမယ့် လူမှုဘဝကို နားမလည်ရင် မူဝါဒတွေက လက်တွေ့မကျနိုင်ဘူး။
တစ်ယောက်တည်း ဦးဆောင်တဲ့စနစ်နဲ့ အဖွဲ့လိုက်ဦးဆောင်မှုစနစ်မှာ တစ်ယောက်တည်း ဦးဆောင်တဲ့စနစ်က ဆုံးဖြတ်ချက်မြန်မြန်ချနိုင်တယ်။ ဒါပေမယ့် အာဏာကို လူတစ်ယောက်တည်း အပေါ် စုစည်းသွားနိုင်တဲ့အတွက် အန္တရာယ်ရှိတယ်။ အဖွဲ့လိုက်ဦးဆောင်မှု Collective Leadership ကတော့ ပိုခက်တယ်။ ဆွေးနွေးရတယ်၊ ညှိနှိုင်းရတယ်၊ သဘောတူညီမှု တည်ဆောက်ရတယ်။ ဒါပေမယ့် ရေရှည်မှာ ပိုတည်တံ့တယ်။ Collective Leadership ဆိုတာ အာဏာကို ခွဲဝေထားခြင်း၊ ဆုံးဖြတ်ချက်တွေကို အတူတကွ ချမှတ်ခြင်း၊ တစ်ယောက်ကိုတစ်ယောက် ထိန်းကျောင်းနိုင်ခြင်း တို့ကို ဆိုလိုတယ်။ ဒီအခြေခံမရှိရင် ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ဖို့ခက်တယ်။ Power-sharing မရှိရင် conflict တွေကလည်း မပြေလည်နိုင်ဘူး။ Collective Leadership က အမြင်မတူမှုတွေကို စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းရတဲ့အတွက် အချိန်ယူရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေက လူအများလက်ခံနိုင်တဲ့အတွက် ရေရှည်ပိုတည်တံ့တယ်။
နိုင်ငံရေးဦးဆောင်သူတစ်ဦးရဲ့ အာဏာဟာ လက်နက်၊ ငွေကြေး သို့မဟုတ် ရာထူးကနေ ရလာတာမဟုတ်ဘဲ လူထုရဲ့ ယုံကြည်မှုနဲ့ လက်ခံမှုကနေ ရလာတာဖြစ်တယ်။ လူထုထောက်ခံမှုမရှိတဲ့ ဦးဆောင်မှုဟာ အချိန်တိုအတွင်း တည်ရှိနိုင်ပေမယ့် ရေရှည်မှာ တည်တံ့ဖို့ ခက်ခဲတတ်တယ်။ နိုင်ငံရေးဦးဆောင်သူ Transformational Leader ဆိုတာ လူတွေကို အမိန့်နာခံအောင်လုပ်တဲ့ ခေါင်းဆောင်မဟုတ်ဘူး။ လူတွေကို ကိုယ်တိုင် စဉ်းစားလာအောင်၊ ပြောင်းလဲမှုထဲမှာ ပါဝင်လာအောင် လှုံ့ဆော်နိုင်တဲ့သူ ဖြစ်တယ်။ လမ်းညွှန်တတ်တဲ့သူတင် မဟုတ်ဘူးပဲ “ပြောင်းလဲနိုင်တဲ့သူ” ဖြစ်တယ်။ ကောင်းမွန်တဲ့ နိုင်ငံရေးဦးဆောင်မှုတစ်ရပ်ဟာ လက်ရှိခေါင်းဆောင်ရဲ့ အောင်မြင်မှုအပေါ်သာမကဘဲ နောက်မျိုးဆက် ဦးဆောင်သူများကို လေ့ကျင့်ပျိုးထောင်နိုင်ခြင်းအပေါ်လည်း မူတည်ပါတယ်။ မျိုးဆက်လက်ဆင့်ကမ်းနိုင်တဲ့ အဖွဲ့အစည်းတွေက ပိုမိုတည်တံ့ကြတယ်။
နိဂုံးချုပ်အနေနဲ့
နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးဦးဆောင်သူဆိုတာ ခွဲမရတဲ့အရာနှစ်ခု ဖြစ်တယ်။ နိုင်ငံရေးဦးဆောင်မှုဆိုတာ “အမြင်ရှိခြင်း၊ လူထုယုံကြည်မှုရခြင်း၊ စနစ်တကျ အကောင်အထည် ဖော်နိုင်ခြင်း” စတာတွေကိုဆောင်ရွက်ဖို့ တည်ဆောက်ထားတဲ့ “စနစ်” ဖြစ်တယ်။ အာဏာအတွက်မဟုတ်ဘဲ တာဝန်ကို ဦးစားပေးရမယ်။ အချိန်တိုအောင်မြင်မှုထက် ရေရှည်တည်တံ့မှုကို ဦးတည်ရမယ်။ နိုင်ငံရေးဦးဆောင်မှုရဲ့ အဓိကရည်ရွယ်ချက်က လူတစ်ယောက်ကို အာဏာရှိစေဖို့ မဟုတ်ဘဲ လူတိုင်းအတူတကွ ရှင်သန်နိုင်တဲ့ စနစ်တစ်ခုကို တည်ဆောက်ဖို့ဖြစ်တယ်။ နိုင်ငံရေးဦးဆောင်သူကတော့ လူတွေကို ကိုယ်တိုင် စဉ်းစားနိုင်၊ ပူးပေါင်းနိုင်၊ စနစ်တည်ဆောက်နိုင်အောင် လမ်းဖွင့်ပေးနိုင်တဲ့သူ ဖြစ်တယ်။ တည်တံ့တဲ့ နိုင်ငံရေးဦးဆောင်မှုဆိုတာ လူတစ်ယောက်ကို အားကိုးတဲ့စနစ် မဟုတ်ဘဲ၊ လူတိုင်းပါဝင်နိုင်တဲ့ စနစ်တစ်ခုကို တည်ဆောက်နိုင်ခြင်း ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
28/05/2026
“အောင်မြင်ရန်မရှိတဲ့ မအလရဲ့ လုပ်ငန်းစဥ်များ”
ရွေးတုနဲ့ သမ္မတအတု ဖြစ်လာတဲ့ မင်းအောင်လှိုင်အတွက် လတ်တလောလုပ်ငန်းစဥ်က နှစ်ခုပဲရှိပါတယ်၊ တခုက ပြည်တွင်းမှာ စစ်ရေးအရ အသာစီးရရေးဖြစ်ပြီး နောက်တခုကတော့ အာဆီယံနဲ့ အိမ်နီးချင်းတွေကြား လူရာဝင်ရေးပါပဲ၊ စစ်ရေးကတော့ နိုင်ငံတကာရဲ့ နှုတ်ဆိတ်နေမှု အရေးယူဆောင်ရွက်ခြင်း မရှိမှုတွေကြောင့် ထင်သလို ဗုံးကြဲ သတ်ဖြတ်နေတာဖြစ်တယ်၊ အာဆီယံမှာတော့ ဗိုလ်သန်းရွှေလက်ထက်ကတည်းက အရှုပ်ထုပ်ဖြစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တသိုက်ဟာ အခုလဲ အရင်ကလိုပဲ ပြဿနာတွေ ပေးနေတာပါပဲ၊ တလောက အာဆီယံထိပ်သီးအစည်းဝေးအပြီး ဖိလစ်ပိုင်သမ္မတ သတင်းစာရှင်းလင်းပွဲ လုပ်ချိန်မှာ မြန်မာအရေးအတွက် သူတို့ဘယ်လောက်အုံးစား နေရတယ်ဆိုတာ တွေ့နိုင်ပါတယ်၊ စကားလုံးတွေ အင်မတန်သတိထားပြီး ပြောနေတဲ့ကြားက မြန်မာအရေးဟာ ကျေနပ်ဖွယ်ရာတိုးတက်မှုတခုမှ မရှိခဲ့ဘူးဆိုတာ ပြောသွားတာပါပဲ၊ စစ်တပ်ကလူတွေ အတော် သဘောမကျ ဖြစ်စေမယ့် စကားကိုတော့ သူပြောခဲ့ပါတယ် အဲဒါက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သူကိုနိုင်ငံရေးရဲ့ ခေါင်းဆောင်းဆောင်မှု နေရာမှာ ပြန်ရရှိစေဖို့ဆိုတာတွေ ခပ်ပြောင်ပြောင်ပဲ ပြောသွားတာဖြစ်တယ်။
အမှန်တော့ စစ်တပ်အုပ်စိုးနေတဲ့ မြန်မာကို အာဆီယံထဲ ဝင်ခွင့်ပြုလိုက်တဲ့ ၁၉၉၇ ခုနှစ်လောက်ကစလို့ အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာပါပဲ၊ ဒါကို အရင်က အာဆီယံခေါင်းဆောင်တွေဖြစ်တဲ့ လီကွမ်ယူးတို့ မဟာသီယာတို့ ကောင်းကောင်း ကြုံခဲ့ရတာပါပဲ၊ မြန်မာပါလာလို့ အနောက်နိုင်ငံတွေက အစည်းအဝေးမတက်တာ အဆင့်နိမ့်ကိုယ်စားလှယ်တွေပဲ လွှတ်တာ စသဖြင့် အမျိုးစုံ ဖြစ်ပျက်ခဲ့တာပဲ၊ လီကွမ်ယူးကတော့ ဗမာဗိုလ်ချုပ်တွေနဲ့ စကားပြောရတာ လူသေနဲ့ စကားပြောရသလိုပဲ ဆိုပြီးတောင်ပြောခဲ့တာပါ၊ ဒါပေမယ့် စစ်ဗိုလ်တသိုက်ကတော့ မိုက်ရုပ်နဲ့ ဂိုက်ထုတ်ပြီး အစည်းအဝေးတွေမှာ နားမလည် ပါးမလည်နဲ့ လျှောက်တက် နေခဲ့ကြတာမဟုတ်လား၊ အခု မအလ လက်ထက်မှာလဲ သူ့ဆရာတွေ အချိုးမျိုးပဲ ပြန်ကြုံကြရမှာမို့ လက်ရှိအာဆီယံ ခေါင်းဆောင်တွေ စိတ်ညစ်နေလောက်ပါပြီ၊ ဒီပုံစံတွေက မကြာခင်ရုရှားအာဆီယံ အစည်းအဝေးမှာ ထပ်ပြီးကြုံကြရတော့မှာပါ။ လောလောဆယ်တော့ အိန္ဒိယက မအောင့်နိုင် မထိမ်းနိုင် မအလကို လူရာသွင်းလာပါတယ်၊ တရုတ်ကတောင် မလှုပ်သေးဘူး၊ မိုဒီရဲ့ ကိုယ်ကျိုးကြည့်ဝါဒ က ဝေဖန်ခံရမှာသေချာပါတယ်။
ဒီရက်ပိုင်းမှာ ဗိုလ်ချုပ်တွေနဲ့ အာဏာရှင်စနစ်ရဲ့ သရုပ်မှန်ကို အပေါ်လွင်ဆုံး ပြောသွားတဲ့ အင်တာဗျူးတခု နားထောင်ရပါတယ်၊ အဲဒါကတော့ အလန်ကလီးမင့်နဲ့ DVB အင်တာဗျူးမှာပါ၊ အလန်ကလီးမင့်ဆိုသူက ဗုဒ္ဓဘာသာဝင်၊ မြန်မာနိုင်ငံမှာ ဘုန်းကြီးဝတ်ဖူးတဲ့အပြင် မြန်မာဓလေ့စရိုက်တွေနဲ့ စစ်ဗိုလ်တွေရဲ့ စရိုက်ဆိုးတွေကိုပါ ကောင်းကောင်းနားလည်တဲ့ သူတယောက်ပါပဲ၊ သူက မအလကို နောက်ဆုံး တနေ့မှာ ဟစ်တလာလို ဆဒန်ဟူစိန်လို ကဒါဖီ လိုကြုံရလိမ့်မယ်၊ အခုချိန်မှာ သားသမီး ဇနီးတွေနဲ့ ပိုင်ဆိုင်မှုတွေယူပြီး ရုရှားမှာ အာဆတ်လိုပဲ သွားနေဖို့တိုက်တွန်းသွားတာပါ၊ ဗုဒ္ဓဘာသာဝင်တွေ အကုန်သိကြတဲ့ မကောင်းမှုတခုကျူးလွန်တော့မယ်ဆိုရင် ဟီရိသြတ္တပ္ပ တရားလေးရှိဖို့ပါ တိုက်တွန်းသွားတယ်၊ တကယ်တော့ မအလနဲ့ စစ်ဗိုလ်တသိုက်ဟာ အရှက်အကြောက် မရှိယုံသာမက မကောင်းမှုတွေကို ပျော်ပျော်ကြီး ကျူးလွန်နေကြသူတွေပါ၊ သူတို့မှာ ထပ်ပြီး အပိုဆောင်းရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့အရာတွေလည်း ရှိနေပါသေးတယ်၊ အဲဒါတွေထဲမှာ ဦးနေဝင်းလက်ထက်ကတည်းက စစ်တပ်ထဲမှာ ရိုက်သွင်းထားတဲ့ ကုလားမုန်းတီးရေး၊ တရုတ်မုန်းတီးရေး စိတ်ဓါတ်တွေအပြင် အမျိုးသမီးတွေအပေါ် နှိမ်ချဆက်ဆံတတ်တဲ့ အမြင်တွေပါ ရှိနေတာ ဖြစ်တယ်၊ အဲဒါအပြင် တခြားသူတွေမှာ ရှိချင်မှ ရှိမှာဖြစ်ပေမယ့် မင်းအောင်လှိုင် တယောက်ထဲမှာရှိတဲ့ မူမမှန်တဲ့ စိတ်တမျိုး ရှိပါသေးတယ်၊ အဲဒါက နို့ညှာ(သိရသလောက် အချက်အလက်တွေအရ ခွေးပုဟာ နို့ညှာလို့ဆိုပါတယ်) တချို့မှာဖြစ်တတ်တဲ့ မနာလို ဝန်တိုစိတ်၊ အာဃာတနဲ့ အနိုင်ကျင့်လိုတဲ့ စိတ်နဲ့ သူသာအားလုံး ရချင်တဲ့စိတ်မျိုးဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် သည်းသည်းမည်းမည်း ဖြစ်နေတဲ့စိတ်ဟာ ဗိုလ်နေဝင်း အမွေဖြစ်တဲ့ အမျိုးသမီးတွေအပေါ် နှိမ့်ချ ဆက်ဆံလိုတဲ့စိတ်နဲ့ သူ့ရဲ့ မွေးရာပါ နို့ညှာစိတ်ကြောင့် ဖြစ်နိုင်ပါတယ်။
ဒီလိုအချက်တွေအပြင် မအလရဲ့ ရေရှည်လုပ်ငန်းစဥ်ကြီးတခုက မြန်မာကို ရာသက်ပန်စစ်တပ်က လွှမ်းမိုးအုပ်စီးထားနိုင်ရေး တာဝန်ပါပဲ၊ အဲဒါက သူနဲ့ မြေခွေးတွေ အမြီးချင်းလိမ်သလို ဆက်နွယ်ပတ်သက်နေတဲ့ စစ်ဗိုလ်ချုပ်အဟောင်းအသစ်အကုန် ပါတာဖြစ်ပါတယ်၊ အားလုံးအကျိုးစီးပွား တူနေတဲ့အတွက် တသဘောထဲလို့ပဲ ပြောရမှာပါ၊ ဒီထဲမှာ ဘာအကျိုးစီးပွားမှ မရပဲ အသေခံနေရသူတွေလဲ ရှိပါတယ်၊ အဲဒါက သူ့ရဲ့ သန္တေစစ်သားဆိုတဲ့ အခြားအဆင့်က လူတွေပါပဲ၊ ဒီလူတွေက ခိုးဆိုးလုနှိုက်တွေ ပညာမဲ့သူတွေကို အတင်းဖိညှပ်ပြီး ပုံသွင်းခံထားရ သူတွေပါပဲ၊ PDF ကလေးတွေကို ပညာမတတ်လို့ သူများအသုံးချတာခံရတယ်ဆိုပြီး မအလက စကားကို ပြောင်းပြန်ဖြစ်အောင်ပြောပါသေးတယ်၊ PDF လူငယ်တွေဟာ ပညာတတ်တွေ နိုင်ငံရေးအသိရှိသူတွေ နိုင်ငံချစ်သူတွေ ဖြစ်လို့သာ အရာရာစွန့်လွှတ်ပြီး စစ်အာဏာရူးတွေကို ဆန့်ကျင်ဖို့ လက်နက်စွဲကိုင် လာကြရတာ ကမ္ဘာကတောင် သိပါတယ်၊ ဒီလူငယ်တွေကသာ မအလရဲ့ လတ်တလောတာဝန်တွေရော ရေရှည်တာဝန်တွေကိုပါ တခုမှ မအောင်မြင်အောင် ချေဖျက်ပစ်ကြမှာ ဖြစ်ပါတယ်၊ ဒီလူငယ်တွေနဲ့အတူ တော်လှန်တဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေကသာ အာဏာရူးတွေကို တိုက်ဖျက်ပြီး သာယာလှပတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ထောင်ကြမှာ ဖြစ်ကြောင်းပါ။ ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing