Crop Pest Management
16/03/2025
တောင်သူ့အတွက် မှတ်စု (၂) - ထောပတ်စိုက်ပျိုးရေး၏ ပတ်ဝန်းကျင်ကို သက်ရောက်ပုံ
ဘာသာပြန် ဆောင်းပါး ဖြစ်ပါသည်။
Source: https://theconversation.com/what-actually-makes-avocados...
ဥရောပနှင့် မြောက်အမေရိကတွင် မြင့်တက်လာနေသည့် ထောပတ်သီး လိုအပ်ချက်သည် နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ထုတ်လုပ်မှုကို သုံးဆ တိုးတက်လာစေခဲ့သည်။ သို့ပေမယ့်လည်း လူသိများ၍ အရေးပါလာသည့် ယင်းသီးနှံနှင့်ပတ်သက်၍ ငြင်းခုန်စရာတွေလည်း များပြားခဲ့သည်။ စိုက်ပျိုးထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်လာမှုနှင့် ကမ္ဘာ့အနှံ့ ပျံ့နှံ့လာမှုကြောင့် ဖြစ်သည်။
တကယ်တော့ ယင်းပြဿနာများသည် ကနဦးအစကတည်းကပင် ထောပတ်နှင့်အတူ ယှဥ်တွဲပါရှိလာခြင်း မဟုတ်ပါ။ ယခုထက်တိုင် ရေရှည်တည်တံ့နိုင်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ ဖြစ်နေနိုင်ပါသေးသည်။ သို့သော် ထောပတ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆက်စပ်သည့် အမြစ်စွဲလာသည့် ပြဿနာများကလည်း ရိုက်ခတ်လာနေပြီဖြစ်သည်။
ထောပတ်ပင်သည် ၄င်းဖြစ်ထွန်းရန် အကောင်းဆုံးအခြေအနေများဖြစ်သည့် ပူနွေး၍ သမပိုင်းရာသီဥတုရှိသော ဗဟိုနှင့်တောင်အမေရိကနိုင်ငံများမှ မူရင်းဖြစ်သည်။ အဲဒီနိုင်ငံများ မှာ ထောပတ်မျိုးကွဲများစွာ ရှိပါသည်။ ယင်းမျိုးကွဲထဲက တစ်ခုမှာ ယနေ့အချိန်တွင် ကျနော်တို့နှင့် ရင်းနှီးပြီးဖြစ်နေသည့် ဟ(စ်) (Hass)မျိုး ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ဝန်းကျင်ကမူ ဟ(စ်)မျိုးသည် တစ်ပင်ချင်းပုံစံ ပေါက်ရောက်/စိုက်ပျိုးခဲ့ကြသည့်မျိုး ဖြစ်ပါ သည်။
ယခုဆယ်စုနှစ်များတွင် ထောပတ်သီးကို လူကြိုက်များလာခြင်း၏ အချက်တစ်ခုမှာ “Superfood” ဟူ၍ ဈေးကွက်တင်ရောင်းချခြင်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ အချို့သော ကျန်းမာရေးဆိုင်ရာထောက်ခံမှုများက အလွန်အကြူး အမွှန်းတင်ထားခြင်းများ ရှိသော်လည်း ဗီတာမင်၊ သတ္တုဓါတ်များနှင့် မပြည့်ဝသည့် အဆီများ ကြွယ်ဝစွာပါရှိသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ မပြည့်ဝဆီများ ပါဝင်ခြင်းကြောင့်ပင် နှစ်လိုဖွယ် မွတ်ညက်သော အသားကို ဖြစ်စေခြင်းဖြစ်ပါသည်။
ဒါဆို ဘာလို့ အငြင်းပွားစရာအကြောင်း ရှိလဲ?
အခြားသော ခေတ်မီစိုက်ပျိုးရေးစနစ်များကဲ့သို့ပင် အများစုသော ထောပတ်စိုက်ဧရိယာများ သည် ဓါတ်မြေဩဇာနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ် ကြီးမားစွာ မီခိုနေရသဖြင့် မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်ခြင်းကို အားပေးနေပါသည်။ အခြားသော သီးနှံများစွာထက် အထွက်နှုန်းနည်းသဖြင့် ထောပတ်သီး တစ်ကီလိုဂရမ်လျှင် ကာဗွန်ထုတ်လွှတ်မှု မြင့်မားနေသည်။
ပျှမ်းမျှအားဖြင့် ထောပတ်သီး တစ်ကီလိုဂရမ်တွင် ၂.၅ ကီလိုဂရမ် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ညီမျှသည့် ဖန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လွှတ်ပါသည်။ ယင်းဓါတ်ငွေ့များသည် ကာဗွန်ဒိုင် အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်တို့ ပါဝင်ကြပြီး ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများမှ ထုတ်လွှတ်နေခြင်း ဖြစ်ပါသည်။
ထောပတ်သီး တစ်ကီလိုဂရမ်အတွက် ကာဗွန်ထုတ်လွှတ်မှုသည် ငှက်ပျောသီး တစ်ကီလိုဂရမ် ထက် ၂ ဆ မြင့်မားပြီး ပန်းသီးထက် ၅ ဆ ဖြစ်ပြီး ခရမ်းချဥ်သီးထက် အနည်းငယ် မြင့်မားပါသည်။
သို့သော် ယင်းကာဗွန်ထုတ်လွှတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်ထွက်ပစ္စည်းများမှ ပျှမ်းမျှ ကာဗွန်ထုတ်လုပ်မှုထက် နည်းပါးပါသည်။ ပျှမ်းမျှအားဖြင့် ကြက်ဥ တစ်ကီလိုလျှင် ၄.၆ ကီလို၊ ကြက်သား တစ်ကီလို လျှင် ၉.၈ ကီလို၊ အမဲသား တစ်ကီလိုလျှင် ၈၅ ကီလိုဂရမ် ကာဗွန်နှင့်ညီမျှသည့် ဖန်လုံအိမ် ဓါတ်ငွေ့များ ထုတ်လွှတ်သည်။
ကာဗွန်ထုတ်လွှတ်မှုအနေဖြင့်ဆိုလျှင် ထောပတ်သီးများကို ရေလမ်းဖြင့် သယ်ယူပို့ဆောင် ခြင်းသည် တွက်ချေအကိုက်ဆုံးဖြစ်ပါသည်။ ခရီးတစ်ကြောင်းဖြင့်ပင် အရေအတွက် များပြားလှသော ထောပတ်သီးများကို သယ်ဆောင်နိုင်၍ ဖြစ်ပါသည်။ မိုင်ပေါင်း ထောင်ချီ၍ ကွာဝေးသည့် ခရီးမှာပင် ထောပတ်သီးတစ်ကီလိုဂရမ်လျှင် ၀.၂ ကီလိုဂရမ် ကာဗွန်မျှ ထုတ်လွှတ်၍ ယင်းပမာဏသည် စိုက်ပျိုးထုတ်လုပ်စဥ်က ကာဗွန်ထုတ်လုပ်မှုထက်ပင် များစွာ နည်းပါးပါသည်။
သင်္ဘောဖြင့် တင်ပို့ခြင်းသည် အခြားသောပြဿနာများကို ရှောင်ရှားနိုင်ခြင်းမျိုးတော့ မဟုတ် ပါ။ ရေလမ်းဖြင့် တင်ပို့ခြင်းကို လွန်ကဲစွာ အမီပြုခြင်းသည် အပြောင်းအလဲ၊ အဟန့်အတား များကို ခံနိုင်ရည်မဲ့သည့် အစားအသောက်တင်ပို့ခြင်းစနစ်ကို ဖြစ်ပေါ်စေသည်။ လမ်းကြောင်း တွင် ကုန်စည်များ ပြွတ်သိပ်စုံပုံစေခြင်း၊ ကုန်စည်စီးဆင်းမှု နှေးကွေးခြင်း၊ ဥပမာ- ၂၀၂၁ ခုနှစ် တွင် ကုန်တင်သင်္ဘောများအား စူးအက်တူးမြောင်း ဖြတ်သန်းခွင့် ပိတ်ခြင်း၊ ကမ္ဘာ၏ အခြား တစ်ဘက်တွင် အငတ်ဘေးဆိုက်ခြင်းနှင့် စစ်ပွဲများသည် အခြားသောနိုင်ငံများတွင် အစားအ စာ ပြတ်တောက်ခြင်းများ၊ သို့မဟုတ် အဟန့်အတားများကို ဖြစ်စေနိုင်ပါသည်။
ရာသီဥတု ကပ်ဘေးများ ပိုမိုများပြားပြင်းထန်လာသည့်အချိန်တွင် ယင်းပြဿနာများ တိုးပွားလာစေသည်။ အဆိုပါအရေးကိစ္စများသည် ထောပတ်သီးနှံတစ်ခုတည်းအတွက် ဖြစ်ပျက်နေသည့် သီးခြားပြဿနာများတော့ မဟုတ်ပါ။ သို့သော် ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်ထောက်ပံ့ခြင်းများသို့ ရှေ့ရှုမည်ဆိုပါက ပိုမို၍ အထိခိုက်ခံနိုင်ရည်ရှိစေပြီး အနာဂတ်တွင် အစားအသောက် ပြတ်လပ်ခြင်းကို ကူညီကာကွယ်နိုင်မည်ဖြစ်ပါသည်။
ပတ်ဝန်းကျင် ဝန်ထုပ်ဝန်ပိုး
ထောပတ်သီးပင်သည် ရေအသုံးပြုမှုများသည့် အပင်အမျိုးအစားဖြစ်ပြီး ပျှမ်းမျှအားဖြင့် အသီး တစ်ကီလိုဂရမ် ထွက်ရှိရန် ရေ ၁၀၀၀ လီတာ လိုအပ်သည်။ ယင်းရေလိုအပ်ချက်သည် အခြားသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များထက် ပိုမိုများနေပြီး စပါးကဲ့သို့ နှံစားသီးနှံများထက် နည်းပါးပါသည်။ ရေ မလုံလောက်သည့် ဒေသများတွင် ထောပတ်သီး စိုက်ပျိုးခြင်းကို အဓိက ပြဿနာဖြစ်လာနိုင်သည်။
ကမ္ဘာ့ ထိပ်တန်း ထောပတ်သီး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည့် မက္ကဆီကိုနိုင်ငံသည် တစ်နှစ် အတွင်း ရှည်လျားသည့် ခြောက်သွေ့ကာလကို ကြုံတွေ့နေရသည်။ ထို့ကြောင့် ထောပတ်စိုက် ခင်းအား ရေပေးသွင်းခြင်းသည် ဒေသခံပြည်သူများ၏ ရေအရင်းအမြစ်ကို ထိခိုက်လာနေ သကဲ့သို့ ဖြစ်နေသည်။ သင့်တင့်သည့် ရေဖြန့်ဝေသုံးစွဲနေသည့် ကိစ္စသည် လာမည့် ဆယ်စုနှစ် များတွင် ပိုမိုဆိုးဝါးလာနိုင်သည်။
သဘာဝအပေါ် သက်ရောက်မှုများကိုလည်း ထည့်သွင်းစဥ်းစားသင့်ပေသည်။ ယခင်က ထောပတ် စိုက်ပျိုးခဲ့ကြရာတွင် အခြားသော သီးနှံများနှင့် ရောနှောစိုက်ပျိုးခဲ့ကြသည်။ ရောနှောသီးနှံများကို ဝမ်းစာအဖြစ်လည်းကောင်း၊ ပိုလျှံသည်များကို ရောင်းချခြင်းဖြင့် လည်းကောင်း လုပ်ဆောင်ကြပါသည်။ ယင်းစိုက်ပျိုးသည့်အလေ့အကျင့်သည် ယူအက်စ်နှင့် ဉရောပတွင် ဈေးကွက်လိုအပ်ချက်အရ ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါတွင် ထောပတ်ကို အဓိကအားဖြင့် တင်ပို့သီးနှံအဖြစ် ထုတ်လုပ်မှု အမြင့်ဆုံး ရရှိစေ ရန် တစ်သီးတည်း စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြပါသည်။ ယင်းတစ်သီးတည်း စိုက်ပျိုးစနစ်များသည် အခြားသော ဒေသသီးနှံမျိုးများ လျော့နည်းပျောက်ကွယ်သွားနိုင်ဖွယ် ရှိနေပြီး ရောနှောစိုက်ပျိုးခြင်းထက် ဖျက်ပိုးနှင့် ရောဂါများကို ခံနိုင်ရည်မဲ့စေပါသည်။
ထို့ပြင် တစ်သီးတည်း စီးပွားဖြစ်စိုက်ပျိုးစနစ်တွင် ဓါတုပိုးသတ်ဆေးများ၊ ဓါတ်မြေဩဇာ များအား ပမာဏများပြားစွာ သုံးစွဲရန် လိုအပ်လာနေပြီး ဇီဝမျိုးကွဲများ ကြွယ်ဝမှု၊ မြေကြီး အရည်အသွေးနှင့် လူသားတို့ကျန်းမာရေးကို အဆိုးဘက်မှ သက်ရောက်လာနေပါသည်။
အဆိုးဆုံးမှာ အချို့သော ဒေသများတွင် ထောပတ်စိုက်ခင်းအသစ်များ ထူထောင်ကြခြင်းသည် သစ်တောများ ပြုန်းတီးခြင်းသို့ တွန်းပို့နေပါသည်။ ယူအက်စ်သို့ ထောပတ်သီး အဓိက တင်ပို့ သည့် မက္ကဆီကိုနိုင်ငံ၏ မီကိုကန်ပြည်နယ်တွင် နှစ်စဥ် သစ်တောဧရိယာ ဟက်တာ ၂၅၀၀၀ မျှ ရှင်းလင်းခံနေရသည် ဆိုပါသည်။
မီကိုကန်ဒေသသည် သစ်တောဖုံးလွှမ်းဧရိယာ များပြားပြီး မျိုးသုဥ်းပျောက်ကွယ်ရန် အန္တရာယ် ရှိနေသည့် မျိုးစိတ်များ၏ မူရင်းဒေသများ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းဒေသများ တွင် ထောပတ်သီးနှံကို တိုးချဲ့စိုက်ပျိုးနေခြင်းသည် ဇီဝမျိုးကွဲများ ကြွယ်ဝခြင်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် လူသားတို့ကြောင့် ထိခိုက်သက်ရောက်မှုများမှာလည်း စဥ်းစားဖွယ် ဖြစ်ပါသည်။ ထောပတ်သီးများ တင်ပို့ရောင်းချကြခြင်းသည် ဒေသခံ လယ်သမားများအား ဝင်ငွေထောက်ပံ့ပေးနေချိန်တွင် ထောပတ်သီးနှံ စိုက်ပျိုးခြင်းကို ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအဖြစ် ထင်မြင်ခံစားနေရခြင်းများလည်း ရှိနေပါသည်။ ထို့ပြင် မက္ကဆီ၌ ရာဇဝတ်မှု များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ထောပတ်စိုက်ခင်းများတွင် ဖြစ်ပွားနေပြီး အချို့သော မြို့/ရွာများသည် ထောပတ်ခင်းများကို အမှီပြုနေသည့် ဥပဒေပြင်ပ ဖြစ်စဥ်များကို ညဥ်းငွေ့နေကြရသည်။
စိတ်ဓါတ်ကျစရာကောင်းတာက လွယ်လွယ်ကူကူ အဖြေတော့ မရှိပါ။ သင့်တင့်တဲ့ ကုန်သွယ် မှု ဒါမှမဟုတ် အော်ဂဲနစ်ထောပတ်ကတော့ စားသုံးသူကျန်းမာရေးအတွက်ရော ဇီဝမျိုးကွဲများ အတွက်ပါ အကူအညီဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတဲ့ ဖြစ်စဥ်ကလည်း ပြီးပြည့်စုံနေတာမျိုး မဟုတ်သေးပါ၊ ပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံများက လုပ်ကွက်ငယ်တောင်သူများ အတွက် ဈေးကြီးနေပါသေးတယ်။ သို့သော်လည်း တစ်သီးတည်း ပုံစံ စိုက်ပျိုးနေပါက ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကတော့ နည်းပါးသွားမည် မဟုတ်ပါ။
ထောပတ်သီးသည် ပတ်ဝန်းကျင် ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေသည့် တစ်ခုတည်းသော အစားအ သောက်တော့ မဟုတ်ပါ။ အများစုသော တိရစ္ဆာန်ထွက် ထုတ်ကုန်များထက် ကာဗွန်ထုတ်လုပ် မှု အများကြီး နည်းပါးနေပြီး မျိုးစိတ်တစ်မျိုးတည်းက ဈေးကွက်ကို လွှမ်းမိုးထားတဲ့ သီးနှံများစွာထဲက တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ထောပတ်သီးထုတ်လုပ်မှုဟာ သဘာဝနှင့် ဒေသခံများအပေါ် ဖြစ်ပေါ်စေတဲ့ ဆိုးကျိုးတွေကိုလည်း မှိတ်မှိတ်ထားလို့ မဖြစ်ပါဘူး။
စားသုံးသူများအတွက် အကောင်းဆုံးအကြံပြုချက်ကတော့ ဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ထောပတ်သီးမျိုးစိတ်တစ်မျိုးတည်း လိုအပ်ချက်ကို လျှော့ချနိုင်စေဖို့ အခြားသော မျိုးကွဲများ ကိုလည်း စဥ်းစားပေးကြဖို့ ဖြစ်ပါတယ်။ မဖြစ်နိုင်ခဲ့ပါက ထောပတ်သီးကို ပုံမှန် အမြဲစွဲ စားသုံးတဲ့ သီးနှံမျိုးထက် အချိုပွဲပုံစံ စားသုံးမှုပုံစံမျိုးအဖြစ် ကြိုးစားကြည့်သင့်ပါတယ်။
မျိုးသန်းထွန်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon-Mandalay Highway
Pyinmana