Su Pyae
11/05/2025
ဟင်းနုနယ်ဆူးပေါက်
ဟင်းနုနွယ်ဆူးပေါက်ပင် (Amaranthus spinosus) သည် အာရန်သကီအီး မျိုးရင်းတွင်ပါဝင်ပြီး အင်္ဂလိပ်ဘာသာဖြင့်spiny amaranth, prickly amaranth သို့မဟုတ် thorny amaranth ဟုခေါ်ကြသည်။ ယင်းအပင်သည် မူလက အမေရိကဒေသတွင် အရင်းခံသော်လည်း ယနေ့ခေတ်တွင်မူ ကမ္ဘာ့တိုက်ကြီးများ၌ မဖိတ်ခေါ်ပဲရောက်ရှိလာသော ပေါင်းမြက်များအဖြစ်လည်းကောင်း တစ်ခါတစ်ရံတွင် အဆိပ်ရှိသော ပေါင်းမြက်အဖြစ်လည်းကောင်း တွေ့ရတတ်သည်။ အာရှတိုက်တွင်ကား ဆန်၊စပါးစိုက်ပျိုးရေးအတွက် အဓိကပေါင်းမြက်အဖြစ်တွေ့ရှိနေရသည်။
ပုံသဏ္ဌာန်အပင်
ဆူးရှိသော အပင်ငယ်မျိုး ဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ပင်စည် နှင့် အကိုင်း များတွင် မြောင်းပါ ရှိ၏။ ၁ ပေ မှ ၅ ပေ ထိ မြင့်သည်။ ပင်စည်နှင့် အကိုင်း ကြားများမှ ဖြောင့်၍ မာသော ဆူးများထွက်သည်။
အရွက်
ရွက်လွှဲ ထွက်သည်။ အလျား ၁၁/၂ လက်မ မှ ၄ လက်မ ထိရှည်၏။ အရွက်ပျော့ပျောင်း နူးညံ့ပြီး ရွက်ညှာ ရှည်သည်။
ဟင်းနုနယ်ဆူးပေါက်
အပွင့်
ပွင့်ညှာ မဲ့ပန်းခိုင် ဖြစ်သည်။ ပန်းခိုင်ပေါ် တွင် အစိမ်းရောင် သမ်းသော အဖြူပွင့်များ များပြားစွာပွင့်သည်။ မိုးဦးကျ ကဆုန် ၊ နယုန်လတွင် ပွင့်သည်။
တွေ့နိုင်သောနေရာများ
မြန်မာ နိုင်ငံ ဒေသ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ဟင်းနုနယ် ဆူးပေါက်သည် အေး၏ ၊ ဆီးဝမ်းကို ရွှင်စေ၏။ သားအိမ် ကိုက်ခဲခြင်းကို ပျောက်စေ၏။ နို့ရည်ကို ပွားများ စေ၍ သားအိမ်ကို အထူးအားပေး ၏ ၊ အဆိပ်ကိုပယ်တတ်၏။ သွေးယိုစီး ခြင်းကို တားမြစ် တတ်၏။ ရင်၌ ထိုးကျင်ခြင်း နှင့် မီးယပ်လွန်ခြင်း ကို လည်း ပျောက်ကင်းစေ နိုင်သော ဂုဏ်ရှိ၏။
အသုံးပြုပုံ
ပဉ္စငါးပါး
ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။
ပဉ္စငါးပါး ပြုတ်၍ သောက်သော် ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေး၏။
အရွက်
အရွက် ကို ညက်ညက်ကြိတ်၍ နှာခေါင်း မှ စပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံ ပေးသော် နှာခေါင်း သွေးလျှံသွေးကျ ပျောက်၏။
အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။
အရွက်ညှစ်ရည်ကို ပျားရည်နှင့် ရောလျက် သော် သွေးအန် သွေးကျ ရောဂါ ၊ မီးယပ် သွေးလွန် ခြင်း ၊ မီးယပ်ဖြူ ဆင်း ခြင်း၊ ညောင်းကျခြင်း နှင့် အနာ အဖု အပိမ့် များ ပေါက်ခြင်း ပျောက်၏။
အမြစ်
အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏။
အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏။
အမြစ်ကို ရေနှင့်သွေး ၍ စစ်ပြီး နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်က မီးယပ် လွန်ခြင်း ပျောက်၏။ [၁]
11/05/2025
ကြောင်ပန်း
ကြောင်ပန်း (ကြောင်ပန်းငယ်, Indian wild pepper) သည် အပင်ချုံပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁၅ ပေခန့်ထိ ရှိတတ်သည်။ ပင်စည်မှာ ညိုခြောက်ခြောက်အရောင်ရှိ၏။
အခေါက်ပါးသော်လည်း အနည်းငယ် ကြမ်းသည်။
အရွက်မှာ ၃ ရွက် မြွှာပေါင်းဖြစ်၍ မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်သည်။ ၃ ရွက်တွင် အလယ်ရွက်သည် ကျန်ဘေး ၂ ရွက်ထက် ပိုကြီး ပြီး ပို၍ ရှည်သည်။ ပုံသဏ္ဌာန်မှာ ထိပ်ဘက် ကျယ်သော ဘဲဥပုံရှိ၏။
အရင်းသွယ်၍ ထိပ်ဖျားချွန်သည်။ ရွက်ညှာ ၁ လက်မ၊ ၁ လက်မခွဲခန့်ရှိ၏။ အရွက်အောက်မျက်နှာပြင် မီးခိုးပြာရောင်ဖြစ်ပြီး အပေါ်မျက်နှာသည် အစိမ်းပုပ်ရောင် ရှိ၏။
ကြောင်ပန်း(ကြောင်ပန်းငယ်)
အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့်ကလေးများ သေးငယ်ပြီး စုပြုံ၍ပွင့်၏။ အရောင်မှာ ခရမ်းရောင်ရှိ၏။ ပွင့်ဖတ် ၅ ခုပါရှိ၍ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ် ကြီးပြီး ခရမ်းရင့်ရောင် ရှိသည်။ ၎င်းအဖတ်တွင် အရည် ရွှမ်းသော ခရမ်းရင့်ရောင်ရှိသည်။ ကျန် ၄ ခုမှာ ရွယ်တူဖြစ်ပြီး ခရမ်းနုရောင် ဖြစ်၏။ ကဆုန်၊ နယုန်တွင် ပွင့်သည်။ အသီးမှာ လုံးဝိုင်းသည် ၊ ထိပ်ဘက် နီညိုရောင်ဖြစ်၏။ ဝါခေါင် ၊ တော်သလင်း တွင်သီးသည်။
ရခိုင်လို ကျွန်ပန်းဟု ခေါ်ပြီး[၁]၊ မြန်မာနိုင်ငံ အပူပိုင်း ဒေသတွင် အများအပြား တွေ့ရသည်။ ပေ ၃၀၀၀ ကျော်အထိပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
မြန်မာဆေးကျမ်းများအလိုအရ ခါး၏၊ ဖန်၏၊ ပူ၏၊ ဝမ်းမီးကိုတောက်စေ၏၊ လေကိုနိုင်၏၊ အနာကို အသားနုတက်၍ ပျောက်စေ၏။ အဖျားကို နိုင်၏။ မီးယပ်မှန်စေ၏။ အားအင်တိုးပွား၏၊ အဆိပ်ကို ပြေပျောက်စေ၏။
အရွက်
အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း ၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏။
ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။
ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျားရောဂါ နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏။
ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏။
ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏။
ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏။
အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါင်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏။
ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။
11/05/2025
ရွှေမျက်မှန်ဘုရားကြီး
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရှိသမိုင်းဝင်ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး
ရွှေမျက်မှန်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ အလယ် ၊ ကြာနီကန်ရပ်ကွက်၊ရွှေသိမ်ကုန်းတော်၌ကိန်းဝပ်စံပယ်ရာတန်ဆောင်းတော်ကြီးအတွင်းတည်ရှိပြီးဒွတ္တဘောင်မင်းကြီး မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သောရုပ်ပွါးတော်မြတ်ကြီးဖြစ်ပြီးပြည်ထောင်စုမြန်မာနိုင်ငံတွင် မျက်မှန်တပ်ပူဇော်ထားသောတစ်ဆူတည်းသောဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။ ဘုရားပွဲကို နှစ်စဉ်တပေါင်းလဆန်း (၁၃)ရက်မှ လပြည့်နေ့အထိ (၃)ရက်တိုင် ကျင်းပသည်။[၁]
သမိုင်းကြောင်း
ပျူခေတ် နှောင်း၊ သရေခေတ္တရာမင်းအဆက်ဆက် တည်ထောင်ခဲ့သည့် ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရားနှင့်စန္ဒာဒေဝီမိဖုရားတို့သည် ဘီစီ(၅)ရာစုအတွင်း ရွှေတောင်မြို့ တောင်ဘက် အရပ် (၄)မိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်း မြင့်ပေါ်တွင်တည်ထားကိုးကွယ်ထားသောရွှေနတ်တောင်စေတီတော်မြတ်ကြီးကို အသစ်ထပ်မံ ပြုပြင်ပူဇော်ဖူးမျှော်ပြီး အပြန်ခရီးတစ်ထောက်အဖြစ် ယခု တည်ကုန်းဟု ခေါ်ဆိုသောအရပ်တွင် ညအိပ်ရပ်နားခဲ့သည်။
ဗိဿနိုးမိဖုရားကြီးသည် ညဉ့်အခါတည်းခိုရပ်နားစဉ် အိပ်မက်မြင်မက်ခဲ့သည်။ မိမိတို့တည်းခိုသောနေရာ၏ အနောက်မြောက် ယွန်းယွန်း အရပ်တစ်နေရာတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမျှော်ရကြောင်း အိပ်မက်မြင်မက်သည်ကို နံနက်မိုးသောက်သောအခါ ဒွတ္တဘောင်မင်းကြီးထံ အကြောင်းစုံလျှောက်ထားရာ မင်းကြီးလည်း မိဖုရား၊ မှူးမတ်၊ ပရိပ်သတ်နှင့် ယင်းနေရာကို ကြွရောက်ရှာဖွေကြလေသည်။
ယခု ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်လျှက်ရှိသောနေရာ ဖျောက်ဆိပ်ကုန်း(ယခု-သိမ်ကုန်း) သို့ ရောက်သောအခါ ဘုရားရောင်ကြည်တော်ကဲ့သို့ အရောင်မျိုးစုံဝင်းလက်၍ ကောင်းကင်သို့ ရောင်စဉ်များ ဖြာတက်သွားသည်ကို မင်း၊ မိဖုရား၊ မှူးမတ်နှင့် ပရိသတ်တို့ မြင်တွေ့လိုက်ရသဖြင့် မိမိတို့ဘုရားတည်ပြီး ကုသိုလ်ကောင်းမှုပြုရန်အတွက် နတ်ကောင်းနတ်မြတ်များက ပြသခြင်းဖြစ်သည်ဟု ယုံကြည်ကာ ဤရုပ်ပွားတော်မြတ်ကြီးကို မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ (ထိုစဉ်က ရွှေမျက်မှန် တပ်ဆင်ထားခြင်း မရှိသေးပါ။)
ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ပြီး မကြာသောကာလတွင် ဒွတ္တဘောင်မင်းတရားကြီး၏ နတ်မျက်စိအလင်းရောင် ကွယ်သွားရာ ပညာရှိမှူးမတ်များအား ဗေဒင်ကိန်ခန်းများ တွက်ချက်ကြည့်စေသောအခါ မင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားတော်မြတ်ကြီးတွင် ရုပ်ပွားတော်မြတ်ကြီး၏ မျက်လုံးတော်နှင့် လိုက်ဖတ်ညီသော မျက်လုံးတော်ပုံသဏ္ဌာန်နှင့် တူညီသည့်မှန်တစ်စုံကို ဆက်ကပ်လှူဒါန်းပါက မင်းကြီး၏ နတ်မျက်စိအလင်းရောင် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း လျှောက်ထားကြသဖြင့် မှန်တစ်စုံကို မှန်တစ်စုံကို ဗုဒ္ဓရုပ်ပွားတော်တွင် ဆက်ကပ်လှူဒါန်းရာ မင်းကြီး၏ နတ်မျက်စိအလင်း ပြန်လည်ရရှိခဲ့လေသည်။
မြန်မာသက္ကရာဇ် (၁၂၂၇) ခုနှစ်မတိုင်မီကုန်းဘောင်ခေတ်ကာလတွင်သာသနာရေးဂိုဏ်းဂဏများ အသင်းကွဲ ပေါ်ပေါက်လာသဖြင့် သာသနာတော် တည်တံ့ပြန့်ပွားစေခြင်းငှာ ရွှေတောင်မြို့သားကြီး ဇေယျနန္ဒမိတ်က ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်၍ ဒွတ္တဘောင်မင်းကြီး လှူဒါန်းခဲ့သော မှန်တစ်စုံကို ခြုံငုံလျက် ရွှေသားအတိရှိသော မျက်မှန်တော်ကြီးအဖြစ် ပြုပြင်မွန်းမံ တပ်ဆင်ပူဇော်ခဲ့လေသည်။[၂][၃]
ရွှေမျက်မှန်ဘုရားကြီးယခုအခါမှာ ဉာဏ်တော် အတောင် (၂၀) ခန့် မြင့်သည်။ ရုပ်ပွားတော်၏ မျက်နှာ သုံးပုံတစ်ပုံခန့်သာသာ အရွယ်ရှိ ရွှေမျက်မှန်ကြီး တပ်ဆင်ထားသည်။ မျက်မှန်တော်ကြီးမှာ တစ်ဖက်မှတစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီ ရှိသည်။ အလျား ၂၂ လက်မ ရှိသည်။ မျက်လုံးတော်မှာ လက်မ ၂၀ ရှိပြီး မဟူရာမျက်လုံးတော်များ ဖြစ်သည်။ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်များသည် ရုပ်ပွားတော်ကြီး၏မျက်မှန်တော်ကို ပြုပြင်လှူဒါန်းခဲ့ကြသည်။ သန့်စင်ပေးခဲ့ကြသည်။ ဤနည်းဖြင့် မျက်စိရောဂါများသက်သာပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။
ဂါထာတော်
ရွှေမျက်မှန်ဘုရားကြီးမျက်စိဝေဒနာပျောက်ကင်းစေသော ဂါထာတော်
ပါဠိဘာသာ
ဒက္ခိဏက္ခိစ သူရိယော
ဝါမအက္ခိစ စန္ဒိမာ
ဗုဒ္ဓစက္ခုနိ ဓါတုယော
အဟံဝန္တာမိ သဗ္ဗဒါ
ဧတေန ပုညကမ္မေန
စက္ခုရောဂေါ ဝိနဿတု
မြန်မာပြန်
လက်ယာဘက် မျက်စိတော်၌ နေမင်းသည် တည်၏
လက်ဝဲဘက် မျက်စိတော်၌ လမင်းသည် တည်၏။
ဘုရားရှင်၏ မျက်စိတော် ဓာတ်တော်တို့ကို တပည့်တော်သည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ရိုသေလေးမြတ်စွာ ရှိခိုးပါ၏။
ဤသို့ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် မျက်စိ၌ ဖြစ်သောရောဂါ ဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Pyay