Shwe Pyi Thit

Shwe Pyi Thit

Share

29/10/2023

ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ သီတင်းကျွတ်လတွင် သင်္ကဿမှ မင်းနှင့်တကွသော ပြည်သူတို့သည် မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲပြုလုပ်ကြသည်။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်ကိုအကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်ပူဇော်ကြသည်။
မြတ်စွာဘုရားသည် မကုလတောင်၌ ဆဋ္ဌမဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာနတ်ပြည်သို့ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကိုအမှူးပြု၍ လောကဓာတ်တစ်သောင်းမှ စုဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူသည်။ တရားဟောကြားပြီး ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် စောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်။
ထိုအခါ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးတန်ဆောင်ထွန်းကာ မြတ်စွာဘုရားကို ကြိုဆိုကြသည်။ ဤအခါမှစ၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူတို့သည် သီတင်းကျွတ်လသို့ရောက်သည့်အခါ ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်း ပူဇော်ကြခြင်းဖြစ်သည်။ သီတင်းကျွတ်သည့်အခါ အများပြည်သူတို့အနေဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးပူဇော်ထွန်းညှိခြင်းကိုသာ အလေးအနက်ပြုကြလေ့ရှိသော်လည်း အနှစ်သာရမှာ အမိကျေးဇူးဆပ်ခြင်းကိုရည်ညွှန်း၍ အဘိဓမ္မာတရားကို ဟောကြားတော်မူခြင်းဖြစ်ပေသည်။
သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓကိုရည်မှန်း၍ ဆီမီးပူဇော်သည့် ယဉ်ကျေးမှုအစဉ်အလာမှာ ယနေ့ထက်တိုင် ထွန်းကားနေခြင်းမှာလည်း ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပနေခြင်းသာဖြစ်ပေသည်။ ရှမ်းတိုင်းရင်းသားတို့သည် မီးအလှဆင်ထားသည့် တိုးနရားအကဖြင့် ပူဇော်လေ့ရှိကြပါသည်။ အဆိုပါရှမ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအစဉ်အလာသည် မြတ်ဗုဒ္ဓကိုကြည်ညိုသည့်စိတ်၊ သဒ္ဓါစိတ်မှ ပေါက်ဖွားလာခြင်း ဖြစ်ပေသည်။
မည်သည့်တိုင်းရင်းသားလူမျိုးမဆို မိမိတို့၏ယဉ်ကျေးမှုအစဉ်အလာ တစ်မျိုးမျိုးဖြင့် ပူဇော်ခြင်းသည် ကောင်းသောကုသိုလ်၊ မြတ်သောအမှုသာဖြစ်သည်။ အစဉ်အလာကောင်းသည့် ဘာသာရေးအခြေခံ အဘိဓမ္မာအခါတော်နေ့၊ ဆီမီးထွန်းပွဲတော်၊ ပဝါရဏာနေ့နှင့် မြင်းမိုရ်မီးပူဇော်ပွဲစသည်ဖြင့် တစ်မျိုးမဟုတ်တစ်မျိုးကိုပြုလုပ်၍ ကောင်းမှုပြုကြသည်။ အဓိကမှာ အဘိဓမ္မာတရားတော်ကို နာကြားပူဇော်ခြင်း၊ သီတင်းကွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်းသည် အနှစ်သာရဖြစ်သည်။ ဤတွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ ပြန်ကြွတော်မူသောအခါ မြတ်ဗုဒ္ဓက လောကဝိဝရဏ တန်ခိုးတော်ဖြင့် ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအချင်းချင်း အဆီးအတားမရှိ မြင်တွေ့ဖူးမြော်ခွင့်ရသည့် ထူးကဲခြင်းဖြစ်ပါသည်။
လောကလူသားကောင်းကျိုးအတွက် မြတ်စွာဘုရားရှင်သည် ဝေနေယျသတ္တဝါ အပေါင်းတို့အားလုံးမကျန် ဖူးမြော်ခွင့်ကိုရရှိခဲ့ရာ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်မှာ ကြီးမားလှပါပေသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ခြင်၍၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာတရားတော်ကို နာယူအာရုံပြု၍ ကုသိုလ်ထူးကို ရယူနိုင်ကြမည်ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတည်းဟူသော ရတနာသုံးပါးစလုံး ရည်စူးပူဇော်နိုင်သော နေ့မြတ်ဖြစ်၍ ထူးကဲလှပေသည်။ မြတ်စွာဘုရား တန်ခိုးတော်၊ အဘိဓမ္မာတရားတော်နှင့် ရဟန်းတို့၏ ကြည်ညိုဖွယ် ပဝါရဏာကို မြင်တွေ့နိုင်ပေသည်။
ရဟန်းတို့သည် သီတင်းကျွတ်လပြည့်သောအခါ အညီအညွတ်စည်းဝေးကြ၍ ထေရ်စဉ်အလိုက် “ငါ့အရှင်တို့ သံဃာကိုဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် ကျွန်ုပ်အားအစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော။ မြင်သည်ရှိသော် ကုစားပါအံ့” ဟု ပဝါရဏာပြုခြင်းသည် ကျက်သရေမင်္ဂလာကောင်းခြင်းအဖြာဖြာနှင့်ပြည့်စုံပေသည်။ ဤသို့ မွန်မြတ်သောအမှုကို ရဟန်းတို့ပြုသကဲ့သို့ လူတို့အနေဖြင့် ဤသို့ပြုနိုင်ကြပါလျှင် မည်မျှအကျိုးထူးမည်ကို မှန်းဆ၍ပင်ရနိုင်မည်မထင်ပါ။ မည်မျှငြိမ်းချမ်းသာယာဝပြောမည်ကို ပြောနိုင်၍ပင် ရမည်မထင်ပါ။ သို့သော် လူတို့အနေဖြင့် ရဟန်းတို့ကဲ့သို့ မပြုနိုင်ပါချေ။
သို့ဖြစ်ရာ သီတင်းကျွတ်လပြည့်နေ့သည် မြန်မာတို့၏ ဘာသာယဉ်ကျေးမှု ရှေးရိုးအစဉ်အလာမပျက် စိတ်ကြည်နူးချမ်းမြေ့ဖွယ် မီးထွန်းပူဇော်ပွဲနေ့တစ်နေ့ဟု ဆိုသည်ထက် အမိကျေးဇူးဆပ်သောနေ့၊ အဘိဓမ္မာအခါတော်နေ့၊ မြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်သောနေ့၊ ပဝါရဏာပြုသောနေ့ဟူ၍ မွန်မြတ်သောသဒ္ဓါဆန္ဒဖြင့် ကုသိုလ်ပြုကြမည်ဆိုလျှင် ထူးကဲသောကောင်းမှုကုသိုလ်များ ရရှိကြလိမ့်မည် ဖြစ်ပါကြောင်း” …
“ရွှေပြည်သစ်” မိသားစုမှ ကောင်းကျိုးဝေမျှ နှိုးဆော်အပ်ပါသည် 🙏🏼🙏🏼🙏🏼

09/09/2022

*တော်သလင်း လပြည့်နေ့*🙏

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။

ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။

ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသုပြည်သားများ ကျင့်သုံးသော

သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊

သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊

အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။

ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။ ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။

ဂရုဓမ္မဆိုသည်မှာ ငါးပါးသီလကိုပင် ဆိုလိုရင်းဖြစ်သည်။ ၅၅၀-တိကနိပါတ် ဂရုဓမ္မဇာတ်တွင် အမြင့်ဆုံး ရှင်ဘုရင်မှ အနိမ့်ဆုံး ပြည့်တန်ဆာမအထိ ၅-ပါးသီလကို စောင့်ထိန်းသောကြောင့် မိုးလေဝသ မှန်ကန်၍ ကပ်ကြီးသုံးပါးမှ လွတ်ကင်းရကြောင်း ဖော်ပြထားသည်။
ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ အခါတော်နေ့) အဖြစ် ယခုအခါ ကျင်းပလျက်ရှိကြသည်။
ငါးပါးသီလကို ဂရုဓမ္မဇာတ်အရ သူတော်ကောင်းတို့ အလေးထား၍ ကျင့်သုံးအပ်သော သီလဖြစ်သောကြောင့် ဂရုဓမ္မသီလဟူ၍ လည်း ခေါ်ကြသည်။
လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် ဓမ္မတာသီလဟူ၍လည်း ခေါ်ကြသည်။
စကြာဝတေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် စက္ကဝတ္တိဓမ္မသတ်ဟူ၍လည်း ခေါ်ကြသည်။
ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံးသော တရားဖြစ်သောကြောင့် ကုရုဓမ္မသီလဟူ၍လည်း ခေါ်ကြသည်။
အရေအတွက် ၅-ပါးရှိသောကြောင့် ပဉ္စသီလဟူ၍လည်း ခေါ်ကြသည်။
လူပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်တရားဖြစ်သောကြောင့် ဂဟဋ္ဌသီလဟူ၍လည်း ခေါ်ကြသည်။
လူတို့အမြဲနိစ္စ စောင့်သုံးအပ်သောကြောင့် နိစ္စသီလဟူ၍လည်း ခေါ်ကြသည်။
မြတ်စွာဘုရား တားမြစ်သည့်အတိုင်း ရှောင်ကြဉ်ရသော အကျင့်ဖြစ်သောကြောင့် ဝါရိတ္တသီလဟူ၍လည်း ခေါ်ကြသည်။
အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သောကြောင့် အရိယကန္တသီလဟူ၍လည်း ခေါ်ကြသည်။
ကျင့်သုံးအပ် ကျင့်သုံးသင့် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလဟူ၍လည်း ခေါ်ကြသည်။
ဤသို့ အမည်အမျိုးမျိုးဖြင့် ဂုဏ်ပြုခေါ်ဆိုထားသော ဂရုဓမ္မသီလခေါ် ၅-ပါးသီလကား
(၁) သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂) သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃) ကာမဂုဏ်တို့၌ မှာယွင်းစွာပြုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၄) မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
(၅) မူးယစ်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။
ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ နားမျက်စိနှင့် တူ၏။
ငါးပါးသီလပျက်စီးသောသူသည် နား မျက်စိ ချို့ယွင်းသောသူကဲ့သို့ ဆင်းရဲဒုက္ခ ရောက်တတ်၏။
ငါးပါးသီလ ပျက်စီးသူသည် အသက်ရှင်လျက် သေသူမည်၏။
အမှိုက်သဖွယ် စွန့်ပစ်အပ်သူ မည်၏။
အပုပ်နံ့ထွက်သော အကောင်ပုပ်နှင့်တူ၏။
ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်သောသူနှင့် တူ၏။
ဤသို့ ငါးပါးသီလပျက်လျှင် ဆိုးကျိုးများကို ခံစားရရှိသည့်နည်းတူ ငါးပါးသီလကို စောင့်ထိန်းလျှင်လည်း ကောင်းကျိုးချမ်းသာများကို အတိုင်းမသိ ခံစား စံစား ရရှိကြပေသည်။
ငါးပါးသီလ စောင့်ထိန်းခြင်း၏ အကျိုးတရားများကို ဣတိဝုတ် အဋ္ဌကထာနှင့် ခုဒ္ဒကပါဌအဋ္ဌကထာတို့တွင် အကျယ်တဝင့် ဖွင့်ဆိုထားသည်မှာ မှတ်သားဖွယ်ကောင်းလှသည်။ ငါးပါးသီလမြဲသူမှာ စားဝတ်နေရေး မပူပင်ရ၊ သေသူအတွက် သောကမရောက်ရ၊ သေပြီးနောက်လည်း နတ်ပြည်သို့ ရောက်ရ၏။ သက်တမ်းစေ့ နေရ၏ စသော အကျိုးကျေးဇူးများကို ခံစားရ၏။
ထို့ပြင် ငါးပါးသီလကို လူတိုင်းကိယ်စီ မြဲကြပါလျှင် မိုးလေဝသ မှန်ကန်သည်။ သယံဇာတ သဘာဝပစ္စည်းများ ပေါကြွယ်နိုင်သည်။ အမှုအခင်းများကင်း၍ တရားရုံးများ အချုပ်ထောင်များပင် ထားစရာမလိုတော့ပေ။ ယနေ့ ကမ္ဘာသူ ကမ္ဘာသားတို့ တောင့်တနေသော ကမ္ဘာ့ငြိမ်းချမ်းရေးကြီးမှာ နိုင်ငံတိုင်း လူသားတိုင်းသာ ငါးပါးသီလ စောင့်ထိန်းကြလျှင် မုချမသွေ ရရှိနိုင်ပေသည်။

ယခုလို တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့တွင် ငါးပါးသီလစောင့်ထိန်းကြပြီးကပ်သုံးပါးဘေးမှလွတ်မြောက်ကြပါစေကြောင်း Shwe Pyi Thit မိသားစုမှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ရှင်။

Want your business to be the top-listed Engineering Company in Pyay?
Click here to claim your Sponsored Listing.

Website

Address


Pyay, Bago
Pyay
08151