History notes

History notes

Share

08/06/2026

"မိထွေးကျင့်ကြံ ကျင့်တန်သည်လော"
~~~~~~~~~~~~~

သာယာဝတီမင်း လက်ထက်မှာ သားတော် ပြည်မင်းသားကြီး အရေးအခင်း ပေါ်လာတော့ ကျီဝန် (နောင်အခါမကွေးဝန်ကြီး) ဦးကြာဥ အမှူးပြုတဲ့ လူစုဟာ ဘုရင်နဲ့ အနီးကပ်ဆုံး ကျပင်းခေါင်ဖျားထံ လျှောက်ထားပြီး ဘုရင့်ရွှေနား ပေါက်ကြားဖို့ ကြံခဲ့ပါတယ်။

ဒီတုန်းက နန်းတော်မှာ ပြည်မင်းကို အလိုရှိတဲ့ ယင်းတောဝန်တို့ လူစုနဲ့ ပြည်မင်းကို အလိုမရှိတဲ့ ဦးကြာဥတို့ လူစုရယ်လို့ အုပ်စုနှစ်ရပ် ကွဲထွက်လို့ နေခဲ့ပါတယ်။

ဒီအချိန်မှာ သာယာဝတီမင်းရဲ့ စိတ်အခြေအနေဟာ တစတစ ဆိုးရွားလာပြီမို့ ကျပင်းခေါင်ဖျား အနေနဲ့ ဒီသတင်း ရွှေနားတော်ကြားသင့် မကြားသင့်၊ တင်ပါကလည်း မိမိအနေနဲ့ သားအရင်းမဟုတ် မိထွေးသာဖြစ်သည်မို့ ပြည်မင်းသားအပေါ် ညှာတာကင်းလို့ အပြစ်ဖို့ နေသည်ရယ်နဲ့ အများ အထင်တော် ရှိမည် အကြောင်းတွေကြောင့် မကြံတတ်အောင် ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ မတင်သလို့ မဖြစ်တဲ့ အရေးအခင်းမို့ ကျပင်းခေါင်ဖျား ကိုယ်တိုင် ဒီသတင်းကို ဝန်မှူးမတ်တို့ဆီက အထောက်အထားများနဲ့တကွ ဘုရင့်ထံ တင်သခဲ့ပါတော့တယ်။

ဒီလိုနဲ့ပဲ သာယာဝတီမင်း ဟာ သားတော်မောင်ကို တပ်တော်ဖွဲ့လို့ ဖမ်းဆီးစေခြင်း၊ ထိုမှ ရေချလေခြင်းတို့တိုင် စိတ်အခြေအနေ မှောက်မှားသည်နဲ့အညီ အညှာတာကင်းစွာဖြင့် ကိုယ်တော်တိုင် စီရင်ချက်တို့ ချမှတ်သွားခဲ့ပါတော့တယ်။

စိတ်ရောလူပါ အကောင်း ပကတိရှိနေစဥ်မှာ ထီးနန်းလျာ အတွက်နဲ့ ပြစ်မှု မထင်ရှားသူ တူမောင်စကြာမင်းသား ကိုပင် ရေချခဲ့လေသည်မို့ စိတ်တော်အခြေ ယိမ်းယိုင်နေစဥ်မှာတော့ သာယာဝတီမင်းရဲ့ ပြစ်ဒဏ်စီရင်ချက်တို့ဟာ ဆိုဖွယ်ရာ မရှိ ရက်စက်လွန်းခဲ့ပါတယ်။

ဒါကြောင့်နဲ့ပဲ သာယာဝတီမင်းဟာ သားတော်ရင်း၊ မြေးတော်ရင်းတို့ကို ကိုယ်တိုင်စီရင်ခဲ့သူအဖြစ် ကုန်းဘောင်သမိုင်းမှာ အမည်းစက်စွန်းထင်းခဲ့ရရှာပါတော့တယ်။

ကိုးကား
ကျွန်းဦးတည့်သန်လျက်ခုံ
ဒဂုန်ခင်ခင်လေး

#မင်းနန်သူ

06/06/2026

"ဝရွှေပြည် လွမ်းချင်း"

ညောင်ရမ်းမင်းတြား ဒုတိယအကြိမ် တည်ထောင်ခဲ့တဲ့ အဝနန်းမြို့တော်ကြီးဟာ ဟံသာဝတီရောက်မင်းတြား လက်ထက်မှာ ပျက်သုဥ်းခြင်းနဲ့ ကြုံကြိုက်ခဲ့ရပြီး မင်းနဲ့တကွ မိဖုရား၊မင်းသမီးအပေါင်းတို့ အောက်ပြည် ဟံသာဝတီအရပ် ပါတော်မူခဲ့ကြရပါတယ်။

ဒီအခါမှာ အဝပြည်တော်စံ ဟံသာဝတီရောက်မင်းတြားက စလို့ အားလုံးသော မင်းမိဖုရား၊မင်းသမီးတွေဟာ ခမ်းနားကြီးကျယ်လှတဲ့ မိမိတို့ရဲ့ဇာတိဌာနေ အဝပြည်ဆီ ရော်ရမ်းလို့ အစဥ်လွမ်းဆွတ်ခဲ့ကြပါတယ်။

ဒီတင် စာဆိုရှင် ဖြစ်တဲ့ ဟံသာဝတီရောက်မင်းတြားဟာ အဝပြည်တော်ခမ်းနားပုံကို မှန်းဆလို့ အဝပြည်တော်လွမ်းချင်းတပုဒ် ရေးထုတ်ခဲ့ရှာပါတယ်။

ဒီလွမ်းချင်းကို မင်းတြားရဲ့ မိဖုရားခေါင်ကြီးဟာ မှတ်သားလို့ ထားရှိပြီး နောက်အခါမှာ အလောင်းမင်းတြား ရှေ့ ဆက်သွင်းစေလို့ မိမိတို့တော်ဝင်မျိုးနွယ်တစု အဘယ်မျှ အဝပြည်တော်ကြီးကို လွမ်းဆွတ်နေရပါကြောင်း ထုတ်ဖော်ခဲ့ရှာပါတယ်။

သို့တိုင် အဝပြည်ဖွား ညောင်ရမ်း နန်းတွင်းသူများဟာ ကုန်းဘောင်သခင်တွေ နန်းစိုက်ရာ ရွှေဘိုအရပ်မှာပဲ အလောင်းမင်းတြားလက်ထက် နောင်တော်ကြီးလက်ထက် မင်းနှစ်ပါးတို့တိုင် စံမြန်းသွားခဲ့ရပြီး အဝပြည်အရပ် ခြေချရန် အခွင့်မသာခဲ့ပါဘူး။

နောက်ဆုံး ဆင်ဖြူရှင်နန်းတက်မှသာ အဝရွှေပြည်ပြောင်းရွှေ့လို့ စံခဲ့ကြရပြီး မိမိတို့ဌာနီ အဝပြည်ကြီး ပြန်လည်စည်ကားသည်ကို မြင်တွေ့ခဲ့ရပါတယ်။

ဒီတုန်းက အဝပြည်ကြီး တဖန်ပြန်လို့ မင်းနေပြည်ဖြစ်ပြီး ကောင်းစားခဲ့တာကို ညောင်ရမ်းနန်းဆက်ထဲက ဟံသာဝတီရောက်မင်းရဲ့ တူမတော် ထွဋ်ချာဒေဝီ သာ မြောက်နန်းတော်မိဖုရား အဖြစ်နဲ့ အထင်အရှား ကြုံခဲ့လိုက်ရပါတယ်။

ဆင်ဖြူရှင်ရဲ့ ဒီမိဖုရားကြီး ဟာ သူတို့ ညောင်ရမ်းမင်းတွေ နန်းစိုက်ရာ အဝပြည်ကြီးကို နောက်ဆုံးမင်းနေပြည်အဖြစ် သတ်မှတ်ခဲ့ရတဲ့ ဘကြီးတော်စစ်ကိုင်းမင်းလက်ထက်တိုင် နှစ်ကြိမ်နှစ်လီ သိမီသွားခဲ့ပြီး နောက်ဆုံး ထိုအဝအရပ်မှာပဲ ခေါင်းချလို့ ကံကုန်သွားခဲ့ရပါတယ်။

#မင်းနန်သူ

31/05/2026

"ရတနာရွှေပုံ အထက် မဟေသီဘိသိက်သွန်းလောင်းရာဝယ်"
~~~~~~~~~~~~~~~

ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက်မှာ မုဒ္ဓာဘိဘိက်ခံယူရတဲ့ နန်းမတော်ကြီး ကျပင်းခေါင်ဖျား နည်းတူ နန်းရသုံးပါးနဲ့ ဒေဝီဘွဲ့ခံ နန်းဆွယ်မိဖုရားနှစ်ပါး တို့ကို ရတနာအစုအပုံထက် နေစေပြီး မဟေသီဘိသိက်တော် သွန်းလောင်းပေးခဲ့ပါတယ်။

ဒါပေမယ့် မြောက်နန်းရှင်ရွှေပုံ၊ အလယ်နန်းရှင်ရွှေဦး၊ အနောက်နန်း မမြလေး၊ မင်းခင်းမိဖုရား မင်းမြနွယ်နဲ့ ဗန်းမော်မိဖုရား ဥပေါတရာ တို့ဟာ ဘုရင်မင်းမြတ် ရဲ့ တိုင်းပြည်ထူထောင်ဖက် မိဖုရားခေါင်ကြီးတွေ မဟုတ်လို့ ဘိသိက်ခံစဥ်မှာ ပလ္လင်ပေါ် တက်ရောက်ခွင့်မရပါဘူး။

ဘိသိက်ခံရာ ရေသဖန်းအင်းပျဥ်းတော် အထက်မှာသာ မိဖုရားငါးပါး ပေါင်းစုထိုင်ရပါတယ်။

ပြီးတဲ့အခါမှာ ရတနာအစုအပုံ အထက် ဘိသိက်သွန်းတယ်လို့ ဆိုတဲ့အတိုင်း ရှေ့တော်မှာ အိတ်နီနဲ့ထည့်ထားတဲ့ ရွှေချိန် ၁၀ ၊ သန္တာလုံးရေ ၁၀၀၊ ပတ္တမြားလုံးရေ ၁၀၀ တို့ကို ရွှေကလပ်နဲ့တင်ဆောင်ထားရှိပေးရပါတယ်။

ဒါကြောင့် မိဖုရားငါးပါးကို ရတနာအစုအပုံထက် ဘိသိက်သွန်းလောင်း ရတယ်လို့ ရာဇဝင်ဆရာတို့ အဆိုရှိခဲ့ကြပါတယ်။

ဒီမဟေသီဘိသိက်ကိုပဲ သာယာဝတီမင်းရဲ့ မြေးတော် သီပေါမင်းလက်ထက်မှာလည်း မိုင်းနောင်ထိပ်စုဖုရား နဲ့ မြတောင်ထိပ်စုဖျား နှစ်ပါးကို မိဖုရားခေါင် တင်မြှောက်ရာမှာ သွန်းလောင်းခဲ့ကြပြန်ပါသေးတယ်။

ဒီနေရာမှာ မိုင်းနောင်ထိပ်စုဖုရား နဲ့ မြတောင်ထိပ်စုဖျား တို့ ဟာ ဘုရင်ရဲ့တိုင်းပြည်ထူထောင်ဖက် မိဖုရားခေါင်တွေအဖြစ် လျာထားခံရတာမို့ အခမ်းအနားကို မိဖုရားခေါင်အဆင်တန်ဆာ မဟာလတ္တာနဲ့ အတူ မှန်နန်းတော် ဘမရာသနပလ္လင်တော် အထက်မှာ တက်ရောက်လို့ သွန်းလောင်းခံ ခဲ့ကြပါတယ်။

#မင်းနန်သူ

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay