KND Trading & Distribution

KND Trading & Distribution

Share

28/05/2023

"ဒိုင်ယာရီမှ စာမျက်နှာများ" (1)

(မှတ်ချက်။ ။ ဝတ္ထုတို ဖြစ်ပါသည်)

***

လတ်ဆတ်အေးမြသည့် လေနုအေးများနှင့် ရှု့ခင်းတို့က တစ်ရက်တာကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် Energy အတွက် ရာနှုန်းပြည့်နီးပါး အားဖြည့်ပေးနေသကဲ့သို့ပင်။ သို့သော် ရာနှုန်းပြည့် Energy ပြည့်သွားစေရန်အတွက် တစ်ခုခုလိုနေသည်။ ဘာလိုနေပါလိမ့်….
“ဂွီ .. ဂွီ…”
အစာအိမ်ထဲမှ အချက်ပေးသံက လိုအပ်နေတာ ဘာလဲဆိုတာကို အဖြေပေးလိုက်ပြီဖြစ်သည်။ ဟုတ်တာပေါ့ ဒီနေ့က မန္တလေးတောင်ထိပ်ထိ တက်ခဲ့တာဆိုတော့ ခုနေဆို ဗိုက်ဆာပြီပေါ့။
ကျုံးဘေးမှသည် ရောက်ရာလမ်းမတစ်ခုကို ကွေ့ဝင်လိုက်သည်။ တစ်ရက်တစ်ရက် မနက်ခင်း အားကစားလုပ်ရင်း စက်ဘီးစီးရင်းနှင့် မနက်စာဆိုင်မျိုးစုံ အသစ်အဆန်းရှာဖွေစားသောက်ရသည်မှာ အတွေ့အကြုံလည်းရ၊ အရသာလည်းရှိ၊ ကောင်းလိုက်ပါဘိ။
“ငုဝါ - မုန့်တီ”

ရှည်ရှည်ဝေးဝေး စဉ်းစားမနေ၊ ဒီနေ့အတွက် မနက်စာအဖြစ် ဒီဆိုင်ကိုသာ ရွေးချယ်လိုက်တော့သည်။

ဆိုင်လေးက သပ်သပ်ရပ်ရပ် ခမ်းခမ်းနားနားလေး။ ဝင်းခြံလေးအတွင်းမှာ ထီးတိုင်လေးတွေ၊ စားပွံခုံလေးတွေအပြင် ပန်းပင်လေးတွေကိုပါ စနစ်တကျစိုက်ပျိုးထားတာကိုတွေ့လိုက်ရသည်။ အေးအေးချမ်းချမ်းနှင့် ထိုင်လို့ကောင်းမယ့်ပုံစံလေး။
စက်ဘီးကို ဒေါက်ထောက်ပြီး ဆိုင်ထဲသို့အဝင် ရုတ်တရက် ရာသီဥတုသည် ပို၍ အေးမြသွားသကဲ့သို့ခံစားလိုက်ရသည်။ ဘာမျှမစားရသေးခင် Energy 100% ထိချက်ချင်းပြည့်သွားပြီး ကမ္ဘာလောကကြီး ခေတ္တခဏ ရပ်တံ့သွားသလို ခံစား….

“အစ်ကို… အစ်ကို့ကိုပြောတာ ဘာများ သုံးဆောင်ဦးမလဲရှင့်”
သြော် ရှက်လိုက်ပါဘိတောင်း။ အချိန်စက္ကန့်ပိုင်းအတွင်း တစ်ယောက်တည်း ဘာတွေ ဖြစ်လို့ဖြစ်ပျက်နေမှန်းမသိ၊ ရင်ခုန်သံတွေကလည်း တရုတ်မင်္ဂလာဆောင် ဗျောက်အိုးဖောက်သလို။ သူမရဲ့ နှုတ်ဖျားမှ အသံကြောင့် အသိစိတ်ဝင်သွားပြီး…
“အဲ မုန့်.. မုန့်တီ တစ်ပွဲဗျ”
“ဘာနဲ့ စားမလဲရှင့်”
“ဘာတွေနဲ့ ရလဲဗျ”
“ကြက်၊ ငါးဖယ်၊ အရိုး နဲ့ အမဲကြောရပါတယ်”
“သြော် ကောင်းတာပေါ့.. ဒါဆိုရင်.. အင်း….. နန်းကြော အမဲကြီး တစ်ပွဲ”
“ရှင်”
“အဲလေ နန်းကြီး အမဲကြော ပြောတာ”
“ရမယ်နော်”
ကောင်မလေးခင်မျာ ရယ်ကျဲကျဲလေးနဲ့ တစ်ဖက်ကိုလှည့်သွားလိုက်တော့ ကျုပ်မှာ ရှက်လိုက်သည်ဖြစ်ခြင်း။ မျက်နှာကို ဘယ်နားထားရပါ့။ ဖြစ်နိုင်ရင် ဂိမ်းတွေထဲကလို၊ ရုပ်ရှင်တွေထဲကလို လက်ဖျောက် တစ်ချက်အတွင်း ဝုန်းဆိုပြီး ဒီကပျောက်ကွယ်ပြီး အိမ်ကို တန်းရောက်သွားချင်တဲ့စိတ်ပင်ဖြစ်သွားသည်။ ဒါပေသည့် တစ်ဖက်မှာလည်း ဒီကနေ ပျောက်မသွားချင်တဲ့စိတ်က တစ်ခါတည်းကပ်ပါလာသည်။ သူမ၏ ချိုသာသောအပြုံး၊ ရှည်သွယ်သော မျက်နှာ၊ နှစ်လိုဖွယ်အပြုံး နှင့် မဟာဆန်သော ဆံပင်စည်း တို့ကို ငေးကြည့်နေမိသည်မှာ ရင်ခုန်သံများပင် မှားကုန်ပြီဖြစ်သည်။
ဒီလို မျိုး ရင်ထဲတဒုန်းဒုန်းနှင့် ဘာမှန်းမသိသည့် ဖိုးသိုးဖတ်သပ် ခံစားချက်ကို မခံစားရသည်မှာ လေး၊ ငါး၊ ဆယ်နှစ်ပင် ရှိတော့မည်ဟုထင်ရသည်။ ဘာပဲပြောပြော ရင်ခုန် သံများ ပြန်လည်စတင်သည့်နေ့ကို မှတ်ရန် ဖုန်းကိုကြည့်မိသည်။
(18.9.18) သြော် လှလိုက်တဲ့ ရက်စွဲ။

သိပ်မကြာ …. မုန့်တီလာချတော့ မုန့်တီဖတ်တွေက အတုတ်ကြီး။ နန်းတုတ်ကြီးကိုချပေးတာပဲ။
“အယ်.. ညီမရေ.. အစ်ကိုမှာတာကလေ နန်းကြီးနော်။ ညီမက နန်းတုတ်ကြီး နဲ့ မှားချသလားလို့”
“ဟင် အစ်ကိုက နန်းကြီးမှာတာမလား။ ဒါက နန်းကြီးလေ။ အစ်ကိုက မန္တလေးက မဟုတ်ဘူးထင်တယ်”
“မန္တလေးသားစစ်စစ်ပါဗျာ”
“ဟုတ်လား ခဏနော်”
“ပြောပြောဆိုဆိုနှင့်သူမက မှန်သေတ္တာထဲမှ မုန့်ဖတ်အချို့ကိုသွားယူပြီး”
“ဒါတွေအားလုံးက မုန့်တီဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲရှိတာ
အသေးဆုံးက နန်းသေးမုန့်တီ၊ အလတ်က နန်းလတ်မုန့်တီ၊ အကြီးဆုံးက နန်းကြီးမုန့်တီ၊ ပြောရရင် နန်းသေး၊ နန်းလတ်၊ နန်းကြီးပေါ့။ နန်းပြားလည်းရှိသေးတယ်။ ဒါတွေအားလုံးက ဆန်နဲ့ကြိတ်တာ။ နန်းပြားနဲ့ ခေါက်ဆွဲပြားကလည်းမတူပြန်ဘူး”

သူမနှုတ်ဖျားက ပြောလာတဲ့စကားလေးတွေက ဘာပဲဖြစ်ဖြစ် နားထောင်လို့ကောင်းနေတာပါပဲလား။ မျက်နှာချင်းဆိုင် မျက်လုံးချင်းဆုံပြီးစကားပြောခွင့်ရတဲ့ အချိန်တွေက တိုတောင်းလိုက်တာ။ သူမနဲ့ဆိုရင်ဘာကြောင့်များ ကြာကြာအကြည့်ချင်းမဆုံရဲတာပါလိမ့်။ သူမကတော့ ပြောစရာရှိတာ ဆက်ပြောသည်။

“တခြားမြို့တွေမှာတော့ နန်းသေးကို မုန့်တီလို့ခေါ်တယ်။ ဒီမှာ ရခိုင်မုန့်တီကိုပြောတာပေါ့။ ဒီကနန်းလတ်ကို တခြားက နန်းကြီးတဲ့။ ဒီကနန်းကြီးကျ များသောအားဖြင့် တခြားမြို့မှာ တွေ့ရတာရှားတယ်။ နန်းတုတ်ကြီးလို့ခေါ်ကြတာများတယ်။”
“ဟုတ်ကဲ့ပါဗျာ။ မုန့်တီဋီကာ သေချာမှတ်ထားပါ့မယ်။”
“အမယ်.. ဒါတောင် ရှမ်းမုန့်တီနဲ့ ကရင်မုန့်တီ မပါသေးဘူးနော်”
သူမ မျက်စောင်းလေး တစ်ချက်နဲ့ လှည့်ထွက်သွားချိန် စည်းထားတဲ့ ကြက်တောင်စည်းလေးနဲ့ ဆံနွယ်တွေဟာ လေထဲမှာ ဝေ့ကနဲ။

စားကြည့်လိုက်တော့ အရသာက သူမတူအောင်ထူးကဲလှသည်။ အနံ့သင်းသင်းနှင့် ပဲမှုန့်စီးစီးလေး။ စားလိုက်တော့ ဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင်မသိ။

*****

သူမနှင့် စတင်ရင်းနှီးခဲ့သည်မှာ သုံးလခန့်ပင် ရှိချေပြီ။
ကျွန်ုပ်၏ မနက်ခင်း လေ့ကျင်းခန်းပြုလုပ်ရင်း ဆိုင်သစ်များ explore လုပ်ရခြင်းဝါသနာသည်လည်း ယခင်ကလောက် အသစ်မရှာဖြစ်ပေ။ တစ်ပတ်လျှင် အနည်းဆုံး လေးငါးရက်ခန့်သူမဆီသို့သာ ရောက်နေခြင်းကြောင့်ပင်။ သူမနှင့်ပင် ခင်ခင်မင်မင်ရင်းရင်းနှီးနှီး ပြောဆိုနိုင်လာပြီဖြစ်သည်။ မိုးအကုန် ဆောင်းအကူး နေ့တာတိုလာ၍ ချမ်းစိမ့်စိမ့်ဖြစ်လာသော်လည်း သူမချပေးသော ရေနွေးကြမ်းက ကောင်းမွန်သော အနွေးဓာတ်ကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည်။

“ကိုကျော်ဝဏ္ဏ စားလေ”
သူမရဲ့ အသံလေးကြားတော့မှ ပစ္စုပ္ပန်ကို အတွေးတွေက ပြန်ရောက်တော့သည်။ ဟုတ်သား ခေါက်ဆွဲသုပ်တောင် ရှေ့ရောက်နေမင့်ကို
“ဒါနဲ့လေ ငုဝါ”
“ပြောပါရှင့်”
“မုန့်တီရော ခေါက်ဆွဲရော ဘာမှာလိုက် မှာလိုက် ဘာလို့ ဒီလောက် စားကောင်းနေရတာလဲ လျှို့ဝှက်ချက် တစ်ခုခု များရှိလား”
“ဒါကလား လျှို့ဝှက်ချက်ရယ်လို့တော့မရှိပါဘူး။ ငုဝါတို့က မုန့်တီကို နောက်နေ့အကျန်မထားဘူး။ ဘာလုပ်လုပ် စေတနာနဲ့လုပ်တယ်။ ဟင်းရည်ကိုလည်း ကြက်ရိုးတွေကျနေအောင် သေချာ လုပ်တယ်လေ။”
“အနံ့ကလည်း ထူးခြားတယ်နော်”
“သြော် ဒါကတော့ ဒီ မစ္စတာရှက်(ဖ်) ငံပြာရည်ကို သုံးလို့ပေါ့”
ဟုတ်သား သူပြောမှ မုန့်ပြင်သည့်စားပွဲပေါ်မှ ငံပြာရည်ကို လှမ်းကြည့်မိသည်။

လပေါင်းများစွာ သူမ တစ်မျက်နှာ တစ်ရွာထင်နေသဖြင့် ဘာငံပြာရည်မှန်းတောင် သေချာမကြည့်ဖြစ်။
“အင်းနော် အဲ့ဒါကြောင့်ဖြစ်မယ်။ ဈေးကွက်ထဲအသစ်ဝင်တာထင်တယ် အရင်ကမသုံးဖူးဘူး။”
“ဟုတ်တယ်။ ဒါ့ကြောင့် မုန့်တီအရသာက ထူးခြားနေတာ။ ဈေးကျတော့ တော်တော်သက်သာတယ်။ အစ်ကို လည်း စမ်းသုံးကြည့်ပါလား လက်ဆောင်တစ်ပုလင်းပေးလိုက်မယ်လေ။”
“ဟာ အားနာစရာကြီး”
နှုတ်ကသာ အားနာစရာကြီးပြောနေပေမယ့် ပထမဆုံးအကြိမ်သူမက လက်ဆောင်ပေးမယ်ပြောလာတော့ ပေးပါစေ ပေးပါစေ ဟုသာ စိတ်ထဲက ရေရွတ်နေမိသည်။
“အားမနာပါနဲ့ ဒီမှာ ဂျပ်ဖာလိုက်ဝယ်ထားတာ တစ်ပုလင်း အသစ်ယူသွားနော်”
“ကျေးဇူးတင်ပါတယ်ဗျာ ကောင်းကောင်းသုံးပါ့မယ်”
သုံးပါမယ်သာပြောတာပါ။ တကယ်တမ်း အိမ်ရောက်တော့ စင်လေးပေါ်တယုတယတင်ပြီး ဘေးက စတိုးဆိုင်ကနေ ဖဲကြိုးလေးချည်ထားလိုက်သည်။ သူမ အမှတ်တရ ပေးတာလေး ဘယ်သုံးပစ်မလဲ သိမ်းထားမှာပေါ့။ 😊

*****

“ကဲ စားလို့ကောင်းပါတယ်ဗျာ”
“အန်တီရေ၊ ညီမရေ ကျွန်တော် နှစ်ပတ် သုံးပတ်လောက်တော့ ပျောက်ဦးမယ်ဗျာ”
“အေးပါ ငါ့တူရေ”
အန်တီက ပြုံးပြီးနှုတ်ဆက်ပေမယ့် ငုဝါတစ်ယောက် မျက်နှာညှိုးသွားသည်ကို တွေ့လိုက်ရသည်။ အမ်းငွေလေး ပေးရင်း
“ဘယ်ပျောက်မလို့တုန်း အစ်ကိုက”
“အလုပ်ကိစ္စနဲ့ ခရီးသွားရမှာ ညီမ။ အစ်ကိုတို့ ရုံးက တောင်ကြီးမှာ ရုံးခွဲသစ်ဖွင့်တော့ Supervisor အနေနဲ့ ရုံးလည်ပတ်တာ တစ်ချက် သွားပေးရမှာ။ နှစ်ပတ်လို့တော့ပြောတာပဲ။ ဒါပေမယ့် ဒီ့ထက်တော့ ကြာမယ်ထင်တာပါပဲ”
“အစ်ကို ကံကောင်းပါတယ်။ တောင်ကြီးဆိုတော့ ရှမ်းမလေးတွေ ချောတယ် ပေါတယ် ဆိုတဲ့ သီချင်းလိုပေါ့။ ပြန်လာချင်မှာတောင် မဟုတ်ဘူး”
အမယ် ကြည့်စမ်းပါဦး ဘာမှတောင် မတော်သေးဘူး သဝန်တွေ တိုနေလိုက်တာ။ ကျွန်တော် သူမကို တစ်ခါတည်းပွေ့ချီပစ်ချင်လိုက်တာ။ စိတ်ထိန်းမှပါလေ၊ တော်ကြာနှာဘူးဆိုပြီးပါးရိုက်သွားမှ ဒီမှာတင် ဇာတ်သိမ်းနေဦးမည်။

*****

နှစ်သစ်ကူးခါနီးပြီး တောင်ကြီးကနေ မန္တလေးပြန်အရောက် မန္တလေး၏ မနက်ခင်း ဆောင်းကလည်း အသင့်အတင့်တော့ အေးသဖြင့် ရာသီဥတုအပြောင်းအလဲမှာ သဟဇာတဖြစ်လှသည်ဟု ပြောရပေမည်။ မဟုတ်ဘဲ နွေရာသီဆိုလို့ကတော့ မန္တလေးရောက်တာနှင့် အပူလှိုင်းတွေကြား နေ့ချင်းညချင်း တန်းရောက်သွားသလို ခံစားသွားရမည်မှာအသေအချာပင်။
ကျွန်တော် သူမအတွက်ဝယ်လာသော အင်းလေးရိုးရာချည် ဝမ်းဆက်လေးကို စတိုးဆိုင်မှာ ပါကင်လှလှလေးဝင်ထုတ်ခဲ့ပြီး ဆိုင်ကယ်ရှေ့ခြင်းထဲ ထည့်လာခဲ့သည်။ ကျွန်တော်ပြန်လာတာတွေ့ရင် သူမလည်း ပျော်မည်ဟုတော့ မျှော်လင့်ရသည်။ စကားတွေအများကြီး ပြောချင်သေးသည်။ ကျွန်တော်လည်း မစားရတာကြာနေသည့် သူမလက်ရာ မုန့်တီလေးကိုလွမ်းလှပြီ။ ဆိုင်ရှေ့လည်းရောက် ရော ကျွန်တော့်ခြေလှမ်းတွေ ပိုမိုတက်ကြွလာပြီး အပြေးလေးဝင်မိသည်။

“အန်တီရေ … သြော် ဒီနေ့ ဆိုင်ပိတ်တာလား လပြည့် လကွယ်လားဗျ”
“မဟုတ်ပါဘူးကွယ်။ ဒီတိုင်းပဲ နေမကောင်းချင်သလိုလိုဖြစ်နေလို့ ငါ့တူရေ”
“ဟုတ်လား ငုဝါရော အန်တီ”
“မပြောချင်ပါဘူးအေ”
“ပြောပါအန်တီရဲ့”
“ဟာ နင့်ညီမ မိုက်လုံးကြီးတယ်ကွာ”
စိတ်ထဲ ဒိန်းကနဲ မိုးကြိုးပစ်သွားသလို၊ ဗို့အားပြင်း လျှပ်စီးတစ်ခုကို ထိတွေ့မိသလို စတင်ခံစားလိုက်ရသည်။ အန်တီပြောနေပုံမှာ တကယ့်ကို အတည်ပေါက်ကြီး။ တကယ့်ကို အကြီးကြီး တစ်ခုခုဖြစ်လောက်ပြီ။ 🤔
“အန်တီ အမှန်တိုင်းပြောမယ်ကွယ်။ မင်းနဲ့ဆိုတောင် ငုဝါနဲ့ကို သဘောတူသေးတယ်။ ခုတော့”
ဗျာ … စကားကိုကြားလိုက်တော့ ထပဲခုန်ရမှာလိုလို ဘေးက သစ်ပင်နဲ့ပဲခေါင်းနဲ့ပြေးတိုက်ရမှာလိုလို။
“မင်းရဲ့ပျောက်သွားတဲ့ ထီလက်မှတ်ကြီးက အကြီးဆုံးဆု ပေါက်တာကွ” ဆိုတာထက် ဆိုးနေပြီ။
“အေး သားမလို့ပြောပြမယ်။ တခြားသူကိုတော့ ပြန်မပြောပါနဲ့။ လင်နောက်လိုက်သွားပြီထင်တာပဲအေ။ တစ်ခုခုဖြစ်မှာကိုလည်း စိုးရိမ်နေတာ။ အထုတ်တစ်ထုတ် နဲ့သွားလိုက်တာ မနေ့ညက ပြန်မလာဘူး”

*****

အန်တီ့ စကားသံအဆုံး နားထဲက တဝီဝီနှင့် လေသံတွေပဲကြားနေရသည်။ နောက်ပိုင်းစကားများ ကြားတစ်ချက် မကြားတစ်ချက်။ ကျွန်တော့် ဦးနှောက်နှင့် အတွေးအခေါ်များသည်လည်း Heat တက်နေသည့် အင်ဂျင် တစ်ခုလို ကောင်းကောင်းအလုပ်မလုပ်ချင်။

“ကံစီမံရာပေါ့ အန်တီရယ်။ ကျွန်တော် ကြားရတာ တကယ်စိတ်မကောင်းပါဘူး။ ကျွန်တော် သူ့အတွက် လက်ဆောင်ဝယ်လာတာ။ ဒါကို သူ့အတွက် မင်္ဂလာလက်ဖွဲ့လို့ပဲပြောပြီးပေးပေးပါအန်တီ။ ခွင့်ပုပါဦးခင်ည” 😥

ကျွန်တော့် မျက်ရည်များက စကားပြောနေရင်း မတားနိုင်မဆီးနိုင် ထွက်ကျမလာခင် ဗလုံးဗထွေးနှင့် အမြန်နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့သည်။ ဖြစ်နိုင်ရင် ဒီနေ့ မိုးမြန်မြန်ရွာချစေလိုက်ချင်သည်။ ယောက်ျားရင့်မာတစ်ယောက် ဆိုင်ကယ်စီးနေရင်း ကျလာသည့် မျက်ရည်များကို ဘယ်သူမှ မမြင်စေချင်။ ခက်သည်က ဆောင်းလည်ကြီးဖြစ်နေပြန်သည်။ ဒီဇင်ဘာမှာ တိုက်ခတ်လာသော အေးစက်စက်လေများသည် ကျွန်တော့် ရင်မှ အပူကို မငြိမ်းနိုင်ပေ။

*****

ဟုတ်သည်။ ဘယ်အရာမှ ယုံစား၍မရ။ ချစ်ကြိုက်ပြီးသား အတွဲများလည်း ကွဲကြသည်။ ညားပြီးသား လင်မယားများလည်း ကွဲတတ်ကြသည်။ ဘာမှ မဖြစ်သေးခင် စောစောစီးစီး ဝေးတော့ ဘာဖြစ်လဲ.. အသည်းကွဲရတာတောင် သက်သာသေး ဒါပေါ့ အချစ်ကသစ္စာ မရှိဘူးဘယ်သူပြောလဲ။ များများ ချစ်ရင် များများ အသည်းကွဲမယ် အခုလောက်နဲ့ ရပ်တော့ … အရမ်းကြီး မဆိုးတော့ဘူးပေါ့။

ဒီလိုပါပဲ ကျွန်တော် သောက်နေတဲ့ ရှေ့က ဘီယာပုလင်းတွေ အရက်ပုလင်း တွေကလည်း များများ သောက်ရင် များများမူးမယ်။ 🍺🍻🍺 နည်းနည်းသောက်တော့ နည်းနည်းမူးမယ်။ အချစ်ကလည်း သစ္စာရှိတယ်။ အရက်ကလည်း သစ္စာရှိတယ်။
“အန်တီ ဂေါ်ဖီသုပ်တစ်ပွဲ လက်ဖက်လျှော့ပေး”
“ဟေ့ကောင် မင်းဘယ်သူ့မှာနေတာလဲ”
ရှေ့က ကိုအောင်က မေးတော့မှ ကျွန်တော် အသိဝင်သည်။

ကျွန်တော့် အိမ်မှာ ကိုအောင်နဲ့ နှစ်ယောက်ထဲ ထိုင်သောက်နေတာပဲ။ ကျွန်တော် ကိုအောင့်ကို ဘာတွေ ပွားပြီး ဘယ်လောက် ရင်ဖွင့်ထားလဲ မှတ်မိချင်တာလိုလို မမှတ်မိချင်တာလိုလို။ မှတ်မိတာတစ်ခုက သူလည်း အသည်းကွဲလာသည်၊ ကျွန်ုတော်လည်း အသည်းကွဲထားသည်။ အသဲကွဲသမားအချင်းချင်း ရင်ဘတ်ချင်းနီးပြီး စကားလုံးရေ ဘယ်နှသောင်းလောက် ပြောမိပြီးမှန်း၊ အကြောင်းအရာတစ်ခုကို ဘယ်နှခါပြန်ထပ်ပြောခဲ့မိမှန်းလည်း မမှတ်မိတော့ချေ။

“ကျုပ် အခုလို သောကဗျာပါဒတွေ များနေချိန် ဂရုစိုက်ပေးတာ ကျေးဇူး အထူးဗျာ။ ခင်ဗျာ ကျေးဇူး *** မှ မမေ့ဘူး”
“ဟမ် ဘာပြောတယ်”
“ခင်ဗျား ကျေးဇူး ဘယ်တော့မှ မမေ့ဘူးပြောတာပါဗျ။ ဟုတ်တယ်လေ လူကိုယ်တိုင်လည်း လာသေးတယ်။ ဆူရှီလည်း ဝယ်ကျွေးတယ်။ ဟော့သည်မှာ ကျုပ်တို့တွေ စားသင့်စားထိုက်တဲ့ Trade mark မြက်ကင်တွေလည်း ဝယ်လာပေးတယ်”
“သြော် ဒါတော့ အသည်းကွဲသမားချင်း အတူတူကိုး ချစ်ညီရဲ့။ ငါတို့ အခြေအနေတွေက မချစ်သင့်တဲ့သူတွေကို ချစ်မိပြီး ဘွတ်အဲလို့ အော်ရမယ့် ဘဝတွေကိုးကွ။” 🐄
“ဒါပေါ့ချစ်ကိုရီး။ ခင်ဗျားနဲ့ကျုပ်က ပုလင်းတူဘူးစို့ ညိုကီ စစ်စစ်တွေပဲဗျာ”
“ဒါပေါ့ကွာ”
“နေဦးဗျာ အမြည်းမကုန်ခင် ရှိတာနဲ့ လက်ဖက် သုပ်မယ်ဗျာ”
🥗🥗🥗
ဒီလိုနဲ့ ကိုယ့်ဘာသာ ကိုယ်ပဲ ရှိတာလေးတွေ ကောက်ထည့်ပြီး လက်ဖက်သုပ်တော့ မျက်လုံးက စင်ပေါ်တင်ထားတဲ့ မစ္စတာရှက်(ဖ်) ပုလင်းပေါ်ရောက်သွားသည်။ သူမနှင့် အမှတ်တရများ မေ့ပစ်ဖို့လိုသဖြင့် ကိုအောင့်ကို လက်ဆောင်ပေးပစ်ရန် ကြံလိုက်သည်။ သို့သော်တကယ်တမ်း ပေးပစ်ဖို့ကျတော့လည်း နှမြောစရာ။ ဒီလိုနှင့် အပြီးတိုင် မစွန့်ပစ်တော့ဘဲ သိမ်းထားရာကနေ အကျိုးရှိရှိ သုံးစွဲပစ်လိုက်ရန် စိတ်ကူးလိုက်ပြီး သုပ်လက်စ လက်ဖက် ထဲ ထည့်သုပ်လိုက်သည်။ အားပါးပါး ကောင်းချက်ပေပဲ။ ဒါ့ကြောင့်လည်း ငုဝါ တို့ လက်ရာ ဒီလောက်ကောင်းတာကိုး။
ငုဝါ ငုဝါ .. ကျွန်တော် ဒီနာမည်ကို မတသင့်တော့ပါဘူးလေ။ အခုချိန်တရင် ငါးပါးသီလထဲက ကာမေသုမိစ္ဆာစာရ ကံတောင် ကျူးလွန်သလိုများဖြစ်နေမလား။ ဒီအချိန်ဆို သူတစ်ယောက် ဘယ်မှာ ဘယ်သူနဲ့ …

အာ.. ဝက်သဖက်… ဘယ်လောက်ဆိုးလိုက်တဲ့ အတွေးလဲဗျာ။ ခေါင်းထဲကနေ ထွက်သွားစမ်းပါ။
ကဲကဲ ကိုယ့်သောက်စရာရှိတာပဲ အာရုံစိုက်တော့မည်ဟုသာ ရင်ဝယ်ပိုက်ပြီး မော့ချလိုက်သည်။

ဘီယာကလည်း တမျိုးကြီးပါကလား ဟူသောအတွေးနှင့်အတူ လက်ထဲက ပုလင်းကြည့်လိုက်တော့မှ ဘီယာပုလင်းနှင့် ငံပြာရည်ပုလင်း မှားသောက်မိမှန်းသိရသည်။
“သြော် ငုဝါ ငုဝါ သူများတွေဆီက မင်းအချစ်က ခါးတယ်တို့ အချစ်က ငရုတ်သီးလို ဆိုပြီးတင်စားတာကြားဖူးပါတယ်။
မင်းအချစ်က ငံပြာရည်ကို ပုလင်းလိုက်မော့ရသလိုပဲ။ ငံကြွိကြွိနဲ့ပါလားကွာ……..”

****************************
Written by : နောင်လတ်(မန်း)
ဤအစီအစဉ်ကို Mr.Chef ငံပြာရည် - မန္တလေးနှင့်အနီးတစ်ဝိုက်ဖြန့်ချိရေး KND Trading & Distribution မှ မေတ္တာဖြင့် ကူညီ ပံ့ပိုးပါသည်။ ချစ်မိတ်ဆွေများလည်း Mr.Chef သောက်ကြည့်ချင် (အဲလေ) သုံးကြည့်ချင်ပါက ဆက်သွယ်နိုင်ပါသည်။
09-772801400, 09-2011002
****************************

Photos from KND Trading & Distribution's post 24/05/2023

မင်္ဂလာပါ။
KND Trading & Distribution မှ ​ဖြန့်ချိလျက်ရှိသော ကုန်ပစ္စည်းများဖြစ်ပါတယ်။
ထပ်တိုးရန် ကုန်ပစ္စည်းများရှိသေးတာကြောင့် Update ထပ်တင်ပေးပါမယ်။
အားပေးသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Ph: 09772801400, 092011002

Want your business to be the top-listed Grocery Store in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


89 လမ်း၊ 23(D) အနီး/သင်းသီရိလမ်း၊ မန္တလေးမြို့။
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00