Thet Swe
27/08/2024
လူရယ်လို့ဖြစ်လာရင်လူသားဆန်ဖို့လိုပါတယ်
*********************************************
ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာစာနာတတ်ခြင်း ရှိတဲ့သူကပိုပြီး လူသားဆန်တယ်
မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာလူကိုလူလို ဆက်ဆံ တတ်တဲ့သူကပိုပြီး လူသားဆန်တယ်
လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာအမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့ ဘက်ခြမ်းကပိုပြီး လူသားဆန်တယ်
အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာကိုယ်ကျိုးအတွက် သိက္ခာကို ချနင်းနေသူထက်အများအကျိုးအတွက် အသက်ကိုစတေးရဲ သူတွေကပိုပြီး လူသားဆန်တယ်
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာစွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူကပိုပြီး လူသားဆန်တယ်
ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူကပိုပြီး လူသားဆန်တယ်
အရှက်တရား မရှိသူတွေကပြောချင်ရာပြောတတ်တယ်လူသားမဆန်တဲ့သူတွေကလုပ်ချင်ရာလုပ်တတ်တယ်
ဒါပေမယ့်....
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာကိုယ့်အကျိုးအတွက်တစ်ခြားသူတွေကိုထိခိုက်နစ်နာအောင်မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူကပိုပြီး လူသားဆန်ပါတယ်။
゚viralシ
゚viralシfypシ゚viralシalシ
゚viral
27/08/2024
#ပြည့်တန်ဆာမလေးသီရိမာ
***************************
"ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ်"
"ဟုတ်ပါတယ် သခင်မ … သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် …."
"မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်းတယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …တစ်လကြိုတင် ချိတ်ဆက်ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …"
"သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ပါသခင်မ … ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့ နှစ်ကိုယ်ကြားပြောပါရစေ တဲ့ …."
" ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခဏစောင့်ဖို့ ပြောထားလိုက်နော် …."
အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….။
ကိုယ်ကို မှန်ရှေ့မှာ တစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံလေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။
အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….။
ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့သက်တူရွယ်တူလောက်ရှိမယ့် မိန်းကလေးတစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခမ်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမကို စောင့်နေတာ တွေ့လိုက်ရတယ် ….
"ကျွန်မ ကသီရိမာ ပါ …."
သူကျမကို မော့ကြည့်ပြီး … ပါးစပ်အဟောင်းသားနဲ့ခဏငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….
"ဒီလောက် လှပကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံးဘွဲ့ကို ခံယူထားတာပဲ … ကျမတောင် ငေးမိသွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူဋ္ဌေကြီးရဲ့ ချွေးမပါရှင် …"
" သြော် … နန္ဒသူဋ္ဌေးလေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဖူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …
ဒီမယ် … ကျွန်မပြောပြပါဦးမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူဋ္ဌေးသူကြွယ်တွေထဲမှာ … ကျွန်မဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသောသူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့သိမ်မွေ့တဲ့ … ပြုစုမူအောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …"
" အင်း …. သူ သီရိမာနဲ့ မတွေ့ဖူးတာကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမကပဲ သီရိမာ ဆီလာပြီး သီရိမာကလာပေးဖို့ အကူအညီတောင်းရတော့တာပေါ့ရှင် …. "
"ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….ကျွန်မသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦးလှည့်မှာသိပ်ကြောက်ကြတယ်လေ …"
" ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျွန်မဖခင် သုမနသူဋ္ဌေးနဲ့ ကျွန်မခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားတော်ကို … သက်ဝင်ယုံကြည်မှုမရှိကြသေးဖူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံသေးဘူး … ကျွန်မကတော့ ကျွန်မ မိဘတွေလို ဒါန သီလ ဘာဝနာကို အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျွန်မလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …"
"ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ …."
"ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမျစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …"
" အို … အမ ဥတ္တရာ … ကျွန်မအမေလဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံလုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော ... သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ဘူး ….ခုလဲကြည့်လေ .. ကျွန်မမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျွန်မအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျွန်မရဲ့ ပျိုမျစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား …."
သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် …။.
"ကျွန်မဘယ်လိုကူညီရမလဲ … ပြောလေ"
"ဆယ့်ငါးရက်တိတိ ကျမအိမ်မှာလာနေပြီး ကျွန်မခင်ပွန်းကို … ခင်ပွန်းတစ်ယောက်လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျွန်မ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် …."
"ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျွန်မပြုစုလုပ်ကျွေးတာ နှစ်သက်မယ်လို့ အမထင်လားဟင် …."
"ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လား ညီမလေးရယ် …. ပျိုမျစ်မှုနဲ့ … အလှအပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … "
"တစ်ကယ်ဆို ကျွန်မ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကားကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ …."
"၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက်ပါ့မယ် …."
" အို … ကိစ္စမရှိပါဘူးအမ … ကျွန်မရထားနဲ့ပဲလာခဲ့ပါ့မယ် …."
နောက်တစ်နေ့ကျွန်မရဲ့ မြင်းဖြူ လေးကောင် က တဲ့ ရထားလုံး နန္ဒသူဌေးလေးရဲ့ အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ … ကျွန်မနဲ့ အတူပါလာတဲ့အလုပ်သမားတွေက .. ကျွန်မကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျွန်မကို သူ့လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျွန်မ သေတ္တာတွေကို သယ်သွားကြပါတယ် ….။
သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …။
"ညည်းတို့အရှင် … အခန်းတွင်းမှာလား …"
"ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်းနဲ့ ကပ်လျက်အခန်းမှာ ပြင်ထားပါတယ် …. "
" အေး အေး မင်းတို့လွတ်လပ်စွာနေကြတော့ …."
သူ ကျမကိုလက်ဆွဲခေါ်လာပြီး … ကျွန်မအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်းရှေ့မှာ .. ရပ်ပြီး …
"ခဏတစ်ဖြုတ်နားဦးနော်ညီမလေး …. ခဏနေ သူဋ္ဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…"
သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….ကျွန်မရဲ့မိခင်အမည်က သလ္လာဝတီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ်မိန်းကလေးတစ်ယောက် သိပ်ချောသိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်းယူရပြီဆိုရင် …. ဒီမိန်းကလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …ဘုရင်ကိုယ်တိုင် …စံနန်းဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုးရာဇာ နဲ့ ဘုရင်ဘွဲ့ပေးထားတဲ့ သူဋ္ဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနားတွေကို ဦးစီးရတယ် …။
တစ်ပြည်ထောင်မင်းတွေကို ဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ် ...ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျွန်မအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )ကျွန်မရဲ့မိခင်ဟာ … အဘယမင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …။
ကျွန်မကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျွန်မကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။ကျွန်မမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျွန်မကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမားတော်ကြီးဇီဝကဆိုပြီး ထင်ရှားခဲ့သလို … ကျွန်မဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ်၊ အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည်ရဲ့ အဓိကကျတဲ့ ၀န်ထမ်းတစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီးပျိုတွေ ဟာ…. မဟာဆီမဟာသွေးပဲဖြစ်ရတယ် လေ ….။
ကျွန်မတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့ဒါတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်မှုတ်တတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၎။ ရုပ်နဲ့လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ၊ ကုတင် … ပန်းအလှပြင် .. စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည်သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး၊ မြှား၊ ကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစားတို့ကို ကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ကလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင်၊ မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုင်ငံအတွက် သတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြင်းအတတ် နှင့် ပြန်လည်သင်ပြခြင်းအတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင်မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက် ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆိုဖျော်ဖြေကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲပါတယ် …. တစ်နှစ်တစ်ကြိမ် နိုင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်းသီကုံး ဖျော်ဖြေရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )
ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့ကျွန်မအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော်၊ ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာထေရီမကြီး ဖြစ်နေပြီပေါ့ …
အင်း ..ကျွန်မလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျွန်မ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျွန်မ ခြေထောက်လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေရဲ့ငွေအားလုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….။
"ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …"
သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …။.ကျမရဲ့ကပ်လျက်အခန်းထဲမှာ .. သူဋ္ဌေလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …။သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ညားမွန်ရည်တယ် … အပူအပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံပုံပဲ …ဥပတိရုပ်ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံးအားသန်ပုံပဲဆိုတာ အကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ်လိုဖွယ်အဆင်း ရှိသူလို့ သတ်မှတ်ရမှာပါ…။
"သီရိမာ …. ရောက်လာပါပြီ … အရှင့်သား …."
သူ ကျွန်မကို လှမ်းကြည့်လိုက်တယ် …ကျွန်မလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်းသေပြီ … သူ့အကြည့်ကို ကျွန်မရဲ့ရူပါရုံက သံလိုက်လိုဆွဲဆောင်သွားပြီ… မခွာတော့ဘူး … သူ ဥတ္တရာရှိနေတာ မသိတော့ဘူး …။
"ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေအမှုလုပ်များကလဲ ရှင့်ကို .. ကျွန်မနဲ့မခြား … ခစား၊ ရိုသေကြပါလိမ့်မယ် ….
ကိုယ့်ခင်ပွန်းလိုသဘောထား … "
ဒီစကားက ကျွန်မကို ပီတိဖြစ်စေတယ် …ကျွန်မ ဥတ္တရာကို ခေါင်းညိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံးကြည့်နေရာက မခွာနိုင်သေးဘူး …။ဥတ္တရာထွက်သွားပါတယ် … သူကျွန်မကိုကြည့်နေတုန်း …. ကျွန်မသူ့နားတိုးသွားလိုက် တယ် …။
" ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …"
"အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …"
"ဘာလို့ …"
"နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များမက်နေသလားလို့ပါ … လှလိုက်တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ..."
ကျွန်မလဲ သူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျွန်မကို သူ့မျက်စိအောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျွန်မတို့ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျွန်မကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုးခစားကြတယ် … ကျွန်မထင်တယ် .. သူကျွန်မကိုလက်လွှတ်မခံတော့ဘူး … ကျွန်မလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက်လိုပဲ နေချင်လာတော့တယ် ….။
ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့ သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။ဒီလိုနဲ့နန္ဒသူဋ္ဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….။
အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …နေ့စဉ် ဗုဒ္ဓဝေယျာဝစ္စနှင့် သီလမြဲသူ ဥတ္တရာနှင့် ….ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….ကျွန်မနဲ့နန္ဒကတော့ သံလိုက်နှင့်သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျွန်မတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျွန်မစိတ်ကို ကျွန်မသိနေပြီ … ကျွန်မ သူ့ကိုမခွဲနိုင်ဘူး ….မနက်ဖြန် ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုပ်တယ် ….။
အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒဇနီးဖြစ်ခဲ့သော် … ကျွန်မဆက်၍မတွေးချင်တော့ … ကျွန်မစိတ်ထဲမှာပြင်းပြနေတာ … ကျွန်မသာနန္ဒရဲ့ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …။
နန္ဒသလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …။
ကျွန်မ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြတင်းပေါက်ကနေ … အောက်ကိုငုံ့ကြည့်ပြီး …. ခေါင်းတညိမ့်ညိမ့်နဲ့ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် …။
ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျွန်မအပြေးအလွှား ပြတင်းနားကို သွားကြည့်လိုက်တယ် …ချွေးသံတရွှဲရွှဲနဲ့ ဗုဒ္ဓနှင့်သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား။
တောက် … ဒီမိန်းမ …ဟားးးး …. တရားကိုပဲနှစ်သက်တဲ့မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောက်ျားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှုပေးတတ်သူမှာကျတော့ ဘာလို့လင်သားမရှိရတာလဲ …ကျွန်မ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျွန်မကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….ကြည်လင်သန့်ရှင်းတဲ့အပြုံး … ကျွန်မဒေါသကိုဆွစေတဲ့အပြုံး … ငါ့လောက်မချောတဲ့မိန်းမမှာ … ဘာလို့ဒီလိုစွဲမက်ဖွယ်ဖြူစင်အပြစ်ကင်းတဲ့အပြုံး ရှိနေရတာလဲ ….ဒင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …
ကျွန်မဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုးကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက်ပါတော့တယ် …။
"အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …"
"သခင်မကို ကယ်ကြပါဦး ….."
ဝိုင်းအော်ကြသောအသံနှင့်အတူ … ယောက်ျားမိန်းမများ တဝုန်းဝုန်း အပေါ်ထပ်သို့ပြေး တက်လာကြပြီး … ကျွန်မကို ဆွဲထုတ်ရိုက်နှက်ကြပါတော့တယ် …သူ့အခန်း ခဏပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …
"ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် …"
"မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား …."
"ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …"
နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျွန်မသိသွားပြီ … ကျွန်မရဲ့ဘ၀အမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….ထာဝရမယားဖြစ်လို၍ ပြုမှားမိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …၀ိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနည်းခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …
"ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့"
ဆိုပြီး ကျွန်မကိုယ်ပေါ်မှာလှဲချအုပ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….ထောပတ်ရေတွေ တစ်ကိုယ်လုံးရွှဲရွှဲစိုနေပါလျက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် ….။
"သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …"
"မဟုတ်ဘူးအရှင်မ .. သူ ကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ် …."
" ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့်ရှောက်ရင် .. သခင်မတို့လဲ … ဝိတက် .. ဝိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေးနိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါဦး … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန်လိုက်ကြ …."
သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျန်မကိုစူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက်သွားတယ် ….။
" ကျွန်မ မှားပါပြီအမရယ် … အမက တစ်ကယ့်သူတော်ကောင်းပါ …"
"မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာပဲလေ"
"ကျွန်မကိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျွန်မကို မမုန်းဘူးလားဟင် …"
" ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော့မှာပေါ့ … ကြည့်ပါလား … အမ ဘာမှ မှ မဖြစ်တာ …ဒါဟာ အမက ညီမကိုမမုန်းဘူးဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲ ညီမလေးရယ် …."
ကျွန်မသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ် ….
အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျွန်မအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း၊ ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင်းဖြူလေးကောင် က တဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်းအပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….
ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်းထားသော်လည်း …. ၀င့်ဝါမှုမရှိ ပကာသနမဆန်သေအ၀တ်တို့နှင့် …ဖြူစင်တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုပ်ကို ခြေလျင်သယ်လာသောကျွန်မကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနဿ ဖြစ်နေကြပါတယ် …ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….။
ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျွန်မကိုယ်ကျွန်မ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး … မိသီရိမာ ….လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။မိန်းမယုတ် …. ။ (( ပြန်ကြားယောင်ပြီး ကျွန်မကိုယ်ကျွန်မ ကျိန်ဆဲမိပါပြီ )))ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျွန်မကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့်ပါတယ် … ကျွန်မက...
" ဖခင် … ယမန်နေ့က .. ကျွန်မဟာ … ကျွန်မရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်းမပြုအပ်သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော်ကောင်းကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသောနောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ပါတယ်"
"ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေလော့ …. ချစ်သမီး "
ချစ်သမီးတဲ့ … ဘ၀မှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျွန်မကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူဆီက ကြားချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျွန်မမျက်ရည်တွေကျလာပါတယ် … ။
"ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည် နှင့် လောင်းသောအခါ အသို့ရှိသနည်း …."
"တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့်ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာဓါတ်ဖြင့် ခံနေပါသည် ဘုရား "
"သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏ …သူတော်မဟုတ် အကျင့်ယုတ်သူကို ….သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏
ဝန်တိုစဉ်းလဲ … စေးနဲသူကို ….စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….
ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …သစ္စာစကားဖြင့်အောင်နိုင်ရာ၏ …."
ကျွန်မ မျက်ရည်သွင်သွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသောတရားအစုလေးဖြင့် ကျွန်မ စိတ်ကိုချက်ချင်းသိလိုက်ရသည် …အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။သံဝေဂတရား ချက်ချင်းရရှိလိုက်သည် … စိတ်သည် … ဝါဂွမ်းနှယ် ပေါ့ပါးကြည်လင်သွားခဲ့ရသည် …။
အိမ်ယာသည်လည်းကောင်း … ဥစ္စာသည်လည်းကောင်း … ကျွန်မ၏ရူပကာယသည်လည်းကောင်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျွန်မစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….။
"သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ …."
လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်ဟု … ကျွန်မ ထင်လိုက်မိသည် … ကျွန်မမျက်ရည်တွေကား ရွှဲရွှဲစိုလျှက်ပင် ….။
゚viralシ
゚viralシfypシ゚viralシalシ
゚viral
26/08/2024
https://youtu.be/B4iyEO6779c?si=dRV9OFKBeRzMPFEc
Like and Subscribe လုပ်ပြီးအားပေးကြပါဦးမိတ်ဆေွတို့
သားချော့တေး - သက်ဆွေ Like & Subscribe Like & Subscribe ...
25/08/2024
သည်းခြေကျောက်တည်ခြင်းအကြောင်း
*****************************************
သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ်(gallbladder)လို့ခေါ်ပါတယ်။ သူ့တာဝန်က အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။
#အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic ductကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။
အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့ သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုကိတာနဲ့ သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့အရည်က ထွက်လာပြီး အဆီကို ခြေဖျက်ပေးတယ်။ သည်းခြေရည်(bile)ရဲ့ တာဝန်က အသားအသောက်မှာပါတဲ့ အဆီ(fat)ကို ချေဖျက်ဖို့ ဖြစ်ပါတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ကိုလက်စတော(cholesterol)၊ဘီလီရူဘင်(bilirubin) နဲ့ သည်းခြေ ဆားဓာတ်(bile salts)တွေ ပါဝင်တယ်။ ဒီဓာတ်တွေ ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။
သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။ သည်းခြေပြွန်(Common bile duct)က ၆မီလီမီတာ အချင်းရှိပြီး ၆စင်တီမီတာရှည်တယ်။ ဒါ့ကြောင့် ၆မီလီမီတာအောက် အရွယ်ရှိကျောက်တွေဟာ သူဘာသာကျသွားနိုင်တယ်။
ယူကေမှာ စာရင်းတွေအရ လူကြီး ၁၀ယောက်မှာ တယောက်ဟာ သည်းခြေကျောက်ရှိနေပါတယ်။ ဒါပေမယ့် အများစုက ဝေဒနာမခံစားရဘူး။ အဝလွန်သူ၊အဆီများသူ၊အသက်(၄၀)အထက်တွေမှာ ပိုတွေ့ရတယ်။
အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက်ပိုဖြစ်တယ်။ ထပ်တွေ့တာက ကလေးမွေးဖူးတဲ့မိခင်တွေဟာ ပိုဖြစ်နိုင်တယ်ဆိုတာပါ။ ကလေးမွေးတုန်း ဟော်မုန်းအပြောင်းအလဲက ကိုလက်စတောကို များသွားစေတယ်။ နောက်ပြီး ဗိုက်အဆီပြင်များသူတွေမှာ ပိုတွေ့ရတယ်။ ဝိတ်အမြန်ချတာကလည်း အသည်းက ကိုလက်စတော ပိုထုတ်ရလို့ သည်းခြေကျောက်ကု ဖြစ်စေနိုင်တယ်။
သက်သက်လွတ်စားသူ၊အရက်ကို တော်သင့်ရုံသောက်သူတွေမှာ သည်းခြေကျောက်ရောဂါ အဖြစ်နည်းတာ တွေ့ရတယ်။
သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ သည်းခြေကျောက်အများစု (၈၀ရာခိုင်နှုန်း)က ကိုလက်စတောကျောက်(cholesterol stone)တွေ ဖြစ်ပါတယ်။ တချို့မှာ ကယ်လ်စီယမ်ကျောက်(calcium stone)လည်း ဖြစ်နိုင်တယ်။ ပေါင်းစပ်ကျောက်(mixed stone)လည်း ရှိဦးမယ်။အရွယ်အစားက ရွေးစေ့ကနေ ဂေါက်သီးလုံးအထိအမျိုးမျိုး ဖြစ်နိုင်တယ်။
အရေအတွက်ကလည်း မတူညီကြဘူး။ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။
ဘယ်အချိန်မှာကုဖို့လိုလဲ....??
သည်းခြေကျောက်က သည်းခြေပြွန်မှာ သွားပိတ်ရင်တော့ လူကို ဒုက္ခပေးလာတယ်။ ကုဖို့လိုပါပြီ။ အရင်ဆုံး လက္ခဏာတွေ ပြလာတယ်။ အစာမကြေတာရှိမယ်။ ဗိုက်ညာဖက်ခြမ်း ချွေးဒီးဒီးကျအောင် နာကျင်ခံစားရတယ်။ နာတာက ဆက်တိုက်နာတာ။ ဗိုက်တပြင်လုံးနာတာလည်း ရှိနိုင်တယ်။
#ဒီလက္ခဏာနဲ့ အတူ အဖျားကြီးတာ၊အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ ရှိတယ်။ သည်းခြေကျောက်က အငြိမ်မနေပဲ အောက်မှာရှိတဲ့ ပန်ကရိယကို သွားပိတ်ရင် ပန်ကရိယရောင်ဦးမယ်။ အရေးပေါ်ကုသရပါတယ်။
ပန်ကရိယ(pancreas)ကို မြန်မာတွေက မုန့်ချိုအိတ်လို့ ဘာသာပြန်ပါတယ်။ သရက်ရွက်(spleen)နဲ့ မတူဘူး။ မုန့်ချိုအိတ်ဆိုတာ ဗိုက်ညာဘက်၊သရက်ရွက်က ဘယ်ဖက်မှာရှိတယ်။ သရက်ရွက်(spleen)ကြီးတာကို ဘေလုံးကြီးတာလို့ ခေါ်ပြန်တယ်။
သည်းခြေကျောက်ရှိ၊မရှိ အက်ထရာဆောင်း(ultrasound)ရိုက်ပြီး သိနိုင်တယ်။ လူအများစုက ဆေးစစ်ရင်း အမှတ်မထင်တွေ့တာ။ကံကောင်းတာက လူသုံးယောက်မှာ နှစ်ယောက်ဟာ ဘာလက္ခဏာမှ မပြလို့ ကုသဖို့မလိုအပ်ဘူး။ အကယ်၍ မခံမရပ်နိုင်အောင် ဗိုက်နာလာတဲ့အခြေအနေမျိုးမှာ ကုဖို့လိုတယ်။
#အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသဖို့ထိ လိုတယ်။ နည်းပညာမြင့်လာတော့ keyhole surgeryဆိုတဲ့နည်းနဲ့ ခွဲလာကြတယ်။ ဗိုက်မှာ အပေါက်လေးဖောက် ပြွန်ထိုးပြီး သည်းခြေအိတိကို ဖြတ်ထုတ်ယူရတယ်။ သည်းခြေအိတ်ထုတ် လိုက်တဲ့အတွက် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ သည်းခြေရည်တွေကတော့ အစာရှိရှိ၊မရှိရှိ အူထဲကို အဆက်မပြတ်ထွက်နေတာကြောင့် အဆီစားများရင် အစာမကြေ၊ဝမ်းပျက်တာမျိုးခံစားရနိုင်တယ်။
သည်းခြေကျောက်တိုင်း ခွဲဖို့မလိုဘူး။ သိပ်မကြီးတဲ့ကျောက်တွေမှာ ပြင်ပကနေ လှိုင်းသုံးပြီး ကျောက်ခြေနိုင်တယ်။ ESWL(extracorporeal shock wave lithotripsy)လို့ခေါ်ပါတယ်။ စွမ်းအင်မြင့် အက်ထရာဆောင်းလှိုင်းကိုသုံးပြီး ကျောက်ခြေတဲ့နည်းပါ။
အရွယ်အစား ၂စင်တီမီတာအောက် တွေမှာ သုံးလို့ရတယ်။ ကောင်းတာက ခွဲစိတ်ဖို့ မလိုဘူး။ အသက်ကြီးသူတွေနဲ့ သင့်တော်တယ်။ တခြားနည်းက ကျောက်ပျော်ဆေး ပေးတာ။ သေးငယ်တဲ့ကိုလက်စတောကျောက်တွေမှာ ursodeoxycholic acid သောက်ဆေးပေးရင် ပျောက်ကင်းနိုင်တယ်။
အရွယ်အစား ၁စင်တီမီတာအောက်မှာ ၃၈ရာခိုင်နှုန်းအောင်မြင်ပြီး ပင်စိမ်းရွက်၊ပရုတ်အေးနဲ့ရောရင် ၅၃ရာခိုင်နှုန်းထိ အောင်မြင်တယ်။ ဆေးကို အနည်းဆုံး (၂)နှစ်လောက် သောက်ပေးရတယ်။ မကောင်းတာက ဆေးဖြတ်ပြီး ပြန်ဖြစ်နိုင်တယ်။
ကျောက်ရှိရင်ဘာတွေလုပ်သင့်လဲ
တရက်ကို အနည်းဆုံးရေ (၂)လီတာသောက်ပါ။ ဖြစ်စ (၂)ပတ်အတွင်း ရှောင်ရမည့်အစားအစာတွေ ရှိတယ်။ ထောပတ်၊ဒိန်ခဲ၊နွားနို့၊ရေခဲမုန့်၊ဘီစကစ်၊အခွံမာသီး၊အမဲသား၊ဝက်သား၊ဆိတ်သား၊ငါးသေတ္တာတွေ မစားပါနဲ့။ပြန်ကြော်ဆီ၊တိရိစ္ဆာန်ဆီ လုံးဝရှောင်ပါ။
အဆီများတာ၊သကြားဓာတ်ကဲတာတွေ ရှောင်ပါ။နှမ်းဆီ၊မြေပဲဆီ သန့်သန့်ကိုသာ သုံးပါ။ တရက်ကို ဆီလက်ဖက်ရည်တဇွန်းထက် ပိုမစားမိစေနဲ့။အစားအသောက်ထဲမှာ အမျှင်ဓာတ်များပါစေ။ သား၊ငါးတွေ အစား လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံကို အဓိကစားသုံးပေးသင့်တယ်။
အိမ်သုံးနည်းများ
(၁)
ပန်းသီးစိမ်းရည်က သည်းခြေကျောက်ကို အရည်ပျော်စေတယ်။ပထမငါးရက်အတွင်း ပန်းသီးဖျော်ရည် ၄ခွက်(သို့)ပန်းသီးစိမ်း ၄လုံးကို နေ့စဉ် အချိန်မှန် စားရမှာဖြစ်တယ်။ ရေများများသောက်၊အဖတ် တတ်နိုင်သမျှ လျှော့ရမယ်။၆ရက်မြောက်နေ့မှာ ညစာမစားပဲ Epsom salt (ဆားခါး) လက်ဖက်ရည်ဇွန်းတဇွန်းကို ရေနွေးတခွက်နဲ့ ရောသောက်ပါ။ ဆားခါးက သည်းခြေပြွန်ကို ပွင့်စေတယ်။ည(၈)နာရီမှာ နောက်တကြိမ်ဆက်သောက်ပါ။ ည(၁၀)နာရီမှာ သံလွင်ဆီ ခွက်တဝက်စာကို ရှောက်ရည်ခွက် တဝက်နဲ့ရောပြီး သောက်ရမှာ ဖြစ်ပါတယ်။ သံလွင်ဆီက ကျောက်ထွက်တဲ့လမ်းကြောင်းကို ချောမွေ့စေတယ်။ ဒါပေမယ့် ဒီနည်းသုံးတဲ့အခါ ဝမ်းလွယ်သူ၊ဆားခါးမတဲ့သူတွေ သတိထားရမယ်။ သုံးစွဲသူအချို့က နောက်ရက်မှာ ဝမ်းနဲ့အတူ အစိမ်းရောင်ကျောက်တွေ ပါလာတာ တွေ့ရသတဲ့။
(၂)
နောက်တနည်းက သည်းခြေနေရာကို ကြက်ဆူဆီအဝတ် တင်ပေးရတာပါ။ ကြက်ဆူဆီကို ဒယ်အိုးတလုံးနဲ့ အပူပေး၊ ပြီးရင် သန့်တဲ့အဝတ်စတခုကို ယူပြီး ကြက်ဆူဆီထဲစိမ်ပါ။
စိမ်ထားတဲ့ အဝတ်ကို ဝမ်းဗိုက်ညာဖက်ခြမ်းမှာ တင်ထားပါ။ အဝတ်စပေါ် ပလတ်စတစ်တထပ်အုပ်ပြီး ရေနွေးအိတ်ကပ်ပေးပါ။အပူလျှော့သွားတိုင်း အသစ်လဲပါ။
ဒီအတိုင်း နာရီဝက်လောက် ကပ်ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်လုပ်ပြီး (၃)ပတ်လောက်အကြာ ကောင်းသွားတဲ့လူနာတွေလည်း ရှိတယ်။
(၃)
သည်းခြေကျောက်ပျော်နည်းအများစုမှာ သံလွင်ဆီကို သုံးတာတွေ့တယ်။ တချို့က ပန်းသီးဖျော်ရည်၊ရှောက်သီးဖျော်ရည်နဲ့ ရောသောက်တယ်။
အနောက်နိုင်ငံတွေမှာ apple cigar vinegarကို နေ့စဉ် နည်းနည်းစီသောက်ခိုင်းတယ်။ဝိုင်သောက်တာလည်း ကောင်းသတဲ့။East Anglia တက္ကသိုလ်က လူပေါင်း ၂၅၆၃၉ ယောက်ကို ၁၀နှစ်ကြာလေ့လာတဲ့အခါ ဝိုင် ၂ယူနစ် နေ့စဉ်သောက်သုံးသူဟာ သည်းခြေကျောက်ဖြစ်နိုင်ချေ သုံးပုံတပုံထိ ကျဆင်းစေတယ်။
ဝိုင် ခွက်သေး တဝက်စာကို နေ့စဉ်သောက်သုံးခြင်းက ကျောက်မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခံစားရသူ ၄၀ရာခိုင်နှုန်း သက်သာစေတယ်။
(၄)
သည်းခြေသမား သစ်တော်သီး စားဖို့ အကြံပြုပါတယ်။ သစ်တော်သီးမှာပါတဲ့ pectinဓာတ်က သည်းခြေကျောက်ကို ပျော့သွားစေတယ်။
သစ်တော်သီးအရည် ခွက်တဝက်စာကို ရေနွေးနဲ့ရောပါ။ ပျားရည် ထမင်းစားဇွန်း(၂)ဇွန်း ရောပြီး တနေ့သုံးကြိမ်သောက်ပါ။
အခွံခွာ၊ပါးပါးလှီးပြီး ရေနဲ့ မိနစ်(၂၀)ခန့် ပြတ်ပြီး ပန်းကန်လုံးတလုံးစာ တနေ့နှစ်ကြိမ် (၂)ပတ်သောက်လို့လည်း ရတာပဲ။
(၅)
Psyllium ဆိုတာ အမျှင်ပါတဲ့ ဝမ်းပျော့ဆေးတမျိုးပါ။အူလမ်းကြောင်းကို သန့်စင်စေပြီး ကိုလက်စတောကို ချပေးတယ်။ သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးတယ်။ Psylliumအထုပ်ကို ရေများများနဲ့ဖျော်၊တနေ့(၂)ကြိမ်သောက်ရင် ကျောက်ပျော်စေသတဲ့။နနွင်းထည့်ရင် သည်းခြေရည်ရဲ့ပျော်ဝင်မှုကို အားကောင်းစေတယ်။
(၆)
Milk thistleဆိုတာ အသည်းရောဂါတွေမှာသုံးတယ်။ ဒီထဲမှာပါတဲ့ silymarinဓာတ်က ခါးသက်သက်အရသာရှိတယ်။ သည်းခြေရည်ကို ပိုထုတ်လုပ်ပေးလို့ သည်းခြေကျောက်တွေ ကျသွားနိုင်တယ်။milk thistleအစေ့ တဇွနိးစာကို ကြိတ်၊ရလာတာကို ရေနဲ့ရော အပူပေးပြီး မိနစ်(၂၀)နပ်ထား၊အရသာကောင်းအောင် ပျားရည်တဇွန်းထည့် တနေ့(၂)ကြိမ်သောက် ရင် သည်းခြေကျောက်ကျစေတယ်။
အသည်းအားဆေးတွေထဲမှာ ပါတဲ့ phosphatidylcholine 100mg တနေ့သုံးကြိမ်သောက်လို့လည်း ရတယ်။
(၇)
အသည်းအဆီဖုံးသူတွေ ရှောက်ရည်နေ့စဉ်သောက်ပေးပါ။ ရှောက်သီးမှာပါတဲ့ ဗီတာမင်စီက ကိုလက်စတောကို ရေထဲမှာ ပျော်ဝင်စေမယ်။အသည်းမှာရှိတဲ့ ကိုလက်စတောတွေကို ကျဆင်းစေတယ်။ ရှောက်သီးကို အခွံမခွာ၊သကြားမထည့်ပဲ အစိမ်းလိုက်ဝါးစားနိုင်တယ်။
နောက်တနည်းက ရှောက်ရည်ထမင်းစားဇွန်း (၄)ဇွန်းကို ရေတဖန်ခွက်နဲ့ရောပြီး မနက်အိပ်ရာထ အစာမရှိခင်သောက်ပါ။ (၆)လနေတဲ့အခါ ဓာတ်မှန်ရိုက်ကြည့်ပါ။ အသည်းအဆီဖုံးတာ သိသိသာသာသက်သာလာလိမ့်မယ်။
#ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၉.၃.၂၀၁၅)
゚viralシ
゚viralシfypシ゚viralシalシ
゚viral
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
73 Street, Mahar Aung Myay Township
Mandalay