Natural Burmese

Natural Burmese

Share

11/05/2024

အမေး- "ကြည့်လိုက်လား" " သွားလိုက်တယ်"မှာပါတဲ့ " လိုက်" ရဲ့အဓိပ္ပါယ်။

🍂🍂🍂

🌻 ကြိယာထောက်နဲ့ဆိုင်တဲ့အမေးပါ။
ဆန်စဉ်ရာကျည်ပွေ့လိုက်စရာမလိုပဲ
ဒါကိုဖတ်မှတ်ပြီး အမေးမှာပါတဲ့ စာလုံးတွေရဲ့အဓိပ္ပါယ်ကို ကိုယ်တိုင်သဘောပေါက်ရုံမက ကျန်တဲ့ကြိယာထောက်သဘောတွေပါသိသွားနိုင်ပါတယ်။👇

🔖 ကြိယာ၏
အထောက်အပံ့🔖

" ကြိယာထောက်" ခေါ် ကြိယာတစ်မျိုးအကြောင်း.ပြောပြရန် ရည်ရွယ်ပါသည်။ ကြိယာ၏အဓိပ္ပါယ်ကို လိုအပ်သလို အထောက်အကူ
ပြုသည့်အတွက် " ကြိယာထောက်"
ဟု ခေါ်ခြင်းဖြစ်သည်။ကြိယာထောက်ပစ္စည်းဟုလည်း
ခေါ်သည်။🍁

ကြိယာထောက်က ကြိယာကို ဘယ်လိုအထောက်အကူပြုပါသလဲ။
" ပြောတယ်" ဆိုသောကြိယာပုဒ်ကိုမူတည်၍ စဉ်းစားကြည့်ရအောင်။
"ပြော" ကို နောက်က " တယ်" ဆိုသောပစ္စည်းဆက်ပြီး " ပြောတယ်" ဟုသုံးကြောင်း အားလုံးအသိပင်ဖြစ်သည်။ "ပြော" ဆိုသောကြိယာကို ဆိုလိုသောအဓိပ္ပါယ် တိတိကျကျရအောင် ကြိယာထောက်အမျိုးမျိုး
တွဲနိုင်ပါသည်။🍁

" ပြောအပ်တယ်" ဟုဆိုလျှင် ပြောသင့်သည်ဟုဆိုလိုကြောင်း တွေ့ရပါသည်။ "ပြောခဲတယ်" ဟုဆိုလျှင် အလွယ်တကူ မကြာခဏမပြောကြောင်း ဖော်ပြခြင်းဖြစ်သည်။
" ပြောခဲ့တယ်" ဆိုလျှင်တော့ အရင်ကပြောပြီးသည်ဟု ဆိုလိုသည်။
"ပြောချင်တယ်" က ပြောဖို့ဆန္ဒရှိကြောင်းဖော်ပြသည်။ "ပြောတတ်တယ်" က ကျွမ်းကျင့်သည့်အလေ့ရှိသည်ဟု ဆိုလိုသည်။ "ပြောထိုက်တယ်" က ပြောသင့်သည်ဟု အဓိပ္ပါယ်ရသည်။
" ပြောနေတယ်" က ပြော၍မပြီးသေးကြောင်း ပြောဆဲဖြစ်ကြောင်းဖော်ပြသည်။ " ပြောနိုင်တယ်" က
ပြောဖို့အစွမ်းရှိကြောင်း အခွင့်အရေးရှိကြောင်း ဖော်ပြသည်။
" ပြောနှင့်တယ်" က ကြိုတင်ပြီးပြောခြင်းဖြစ်သည်။ " ပြောပါတယ်"
က ယဉ်ယဉ်ကျေးကျေးပြောကြောင်း ဖော်ပြသည်။ " ပြောဖူးတယ်" က ယခင်ပြောခဲ့ကြောင်း ဖော်ပြသည်။" ပြောမိတယ်" က
မပြောသင့်ဘဲပြောကြောင်း ၊
" ပြောရက်တယ်" က မငဲ့မညှာပြောကြောင်း၊ " ပြောရှာတယ်" က ပြောသူကို ကရုဏာသက်ကြောင်းဖော်ပြသည်။ "ပြောလိုက်တယ်" က
ပြောခြင်းပြီးမြောက်သည့် အဓိပ္ပါယ်ဖြစ်သည်။
" ပြောလွန်းတယ်" က အများကြီးပြောသည်၊ အလွန်အမင်းပြောသည်ဟု ဆိုလိုသည်။ " ပြောဝံ့တယ်" က
ပြောရဲခြင်းဖြစ်သည်။🍁

ဤသာဓကများကိုကြည့်လျှင် ကြိယာထောက်က ကြိယာ၏အနက်အဓိပ္ပါယ်ကို မည်သို့ထောက်ကူကြောင်း သိသာလောက်ပါပြီ။ ကြိယာနောက်တွင် ကြိယာထောက် တစ်ခုမကသုံးနိုင်သည်။ " ပြောနိုင်ပါတယ်"
" ပြောနိုင်ကြပါတယ်" " ပြောနိုင်ရက်ကြပါတယ်" " ပြောနိုင်ရက်ကြပါပေတယ်" စသည်ဖြင့် "ပြော" နှင့်
" တယ်" ကြားတွင် ကြိယာထောက် ငါးလုံးထိထည့်သုံးနိုင်သောသာဓကကို ပြခြင်းဖြစ်သည်။

တချို့ကြိယာထောက်များမှာ အရင်းခံကြိယာအဖြစ် သုံးနိုင်သော
စကားလုံးများဖြစ်သည်။
" နိုင်၊ သင့်၊ တတ်၊ အား" တို့ကို
ကြည့်ပါ။ " ဘောလုံးပွဲနိုင်တယ်"
" ဒီစာအုပ်ရဲ့တန်ဖိုးက သင့်ပါတယ်"
" သူရှမ်းစကားတတ်တယ်"၊
" ငါဒီနေ့အားတယ်" ဆိုသောသာဓကများတွင် ထိုစကားလုံးများသည် အရင်းခံကြိယာများဖြစ်သည်။ သို့သော်
" ကျွန်တော်အင်္ဂလိပ်စကားပြောနိုင်တယ်"၊ " ဒီကိစ္စကို မေးသင့်တယ်"၊
" အဖေက ညနေတိုင်း လမ်းလျှောက်တတ်တယ်"၊
" ငါရုပ်ရှင်မကြည့်အားဘူး" ဆိုသောအသုံးများတွင် " နိုင်၊ သင့်၊ တတ်၊ အား" တို့ကို ကြိယာထောက်များအဖြစ်သုံးထားကြောင်းတွေ့နိုင်ပါသည်။🍁

အရင်းခံကြိယာအဖြစ်သုံးတာလား၊
ကြိယာထောက်အဖြစ်သုံးတာလား
ခွဲခြားနိုင်သောမှတ်ကျောက်တစ်ခုမှာ
မဟုတ်ကြောင်းပြသော " မ" နှင့် တွဲသုံးကြည့်ခြင်းဖြစ်သည်။
" ပြောသင့်တယ်" ကို " မ" တွဲသုံးကြည့်လျှင် " မပြောသင့်ဘူး" ဟု
သုံးရသည်မဟုတ်ပါလား။
ထို့အတူ " မသွားနိုင်ဘူး"၊ " မရေးတတ်ဘူး"၊ " မလုပ်ရက်ဘူး" စသည်ဖြင့် " မ" ကို ရှေ့ကထားပြီး
သုံးရမြဲဖြစ်သည်။ အရင်းခံ
ကြိယာနှင့် ကြိယာထောက်တို့၏
ရှေ့မှာ " မ" တွဲရကြောင်းတွေ့နိုင်သည်။ " ပြောနေတယ်" ကို
" မ" တွဲသုံးလျှင် " ပြောမနေဘူး"ဟု
" မ" ကို ကြိယာနှစ်လုံးကြားက
ထည့်သုံးရသည်မဟုတ်ပါလား။
ထို့အတူ " လိုက်ပြတယ်"၊ " ခူးစားတယ်"၊ တို့တွင်လည်း " မ"ထည့်လျှင် " လိုက်မပြဘူး"၊ " ခူးမစားဘူး"ဟု " မ" ကို ကြားကထည့်သုံးရသည်။ ဤသာဓကများတွင်
"နေ၊ ပြ၊ စား" တို့မှာ ကြိယာထောက်များမဟုတ်ကြောင်း တွေ့ရသည်။

🍁 ကြိယာနှင့် ကြိယာထောက်တွဲလျှင်
" မ" ကိုရှေ့ကထားရပြီး အရင်းခံကြိယာနှစ်လုံးတွဲလျှင် " မ" ကို ကြားကထားရကြောင်း
တွေ့ရသည်။🍁

အရင်းခံကြိယာအဖြစ်ရော ကြိယာထောက်အဖြစ်ပါ သုံးနိုင်သောစကားလုံးများ၏ အသုံးချင်း
ယှဉ်ကြည့်လျှင် အရင်းခံကြိယာအဖြစ်သုံးတာလား ကြိယာထောက်အဖြစ်သုံးတာလား ခွဲခြားနိုင်ပါသည်။ " စားကောင်းတယ်" " နေကောင်းတယ်" ဆိုသောစကားများတွင် " ကောင်း" သည် အရင်းခံကြိယာလား၊ ကြိယာပြည့်လား
"မ"တွဲပြီးသုံးလျှင် သိနိုင်ပါသည်။
"မစားကောင်းဘူး" ဟုသုံးလျှင်
"မ" ကို ရှေ့မှာထားရသည့်အတွက်
"ကောင်း" သည် ကြိယာထောက်ဖြစ်ကြောင်း သိနိုင်သည်။
မစားသင့်သော၊ စားလျှင် အန္တရာယ်ဖြစ်နိုင်သော သဘောကိုဆိုလိုပါသည်။ " ဒီအသီးကမစားကောင်းဘူး၊ စားလျှင် သေတတ်တယ်" ဟူသောအသုံးမျိုးဖြစ်သည်။
"မနေကောင်းဘူး"ဟု သုံးလျှင်လည်း ထို့အတူ မနေသင့်သည့် အဓိပ္ပါယ်ဖြစ်သည်။ "ခေါင်းရင်းဘက်ကို ခြေဆင်းပြီးမနေကောင်းဘူး" ဟု သုံးပုံမျိုးဖြစ်သည်။🍁

"စားမကောင်းဘူး"၊ "နေမကောင်းဘူး"ဟူ၍ " မ" ကို ကြားကထားပြီး
သုံးလျှင်မူ " စားလို့မကောင်းဘူး၊
နေလို့မကောင်းဘူး" လို့ ဆိုလိုခြင်းဖြစ်သည်။
"ကောင်း" ကို အရင်းခံကြိယာအဖြစ် သုံးခြင်းဖြစ်သည်။ "ထမင်းစားမကောင်းဘူး၊ ခံတွင်းပျက်နေတယ်" ၊ " နေမကောင်းလို့ ဆေးခန်းသွားမယ်"
ဆိုသောအသုံးမျိုး ဖြစ်သည်။
အသံထွက်ပုံချင်းလည်းကွဲပါသည်။ "စားကောင်းတယ်" မှ"ကောင်း"ကို ကြိယာထောက်အဖြစ်သုံးလျှင် / စားဂေါင်းဒယ်/
ဟု အသံထွက်ပါသည်။"ကောင်း"
ကို အရင်းခံကြိယာအဖြစ်သုံးလျှင်
/ စားကောင်းဒယ်/ ဟု အသံထွက်ပါသည်။ / မစားဂေါင်းဗူး/ဟူသော
ကြိယာထောက်အသုံးနှင့်
/ စားမကောင်းဘူး/ ဟူသောကြိယာအသုံးတို့တွင် အသံထွက်ချင်းကွဲပုံပါ
ယှဉ်ကြည့်နိုင်ပါသည်။🍁

ကြိယာထောက်အဖြစ်သာသုံးပြီး
အရင်းခံကြိယာအဖြစ်မသုံးနိုင်သော
ကြိယာထောက်များမှာ-
" ချင်၊ နှင့်၊ ပါ၊ ဖူး၊ မိ၊ ရက်".စသည်တို့ဖြစ်သည်။တခြားအဓိပ္ပါယ်နှင့်သုံးလျှင် ရချင်ရပါလိမ့်မည်။ ကြိယာထောက်၏အဓိပ္ပါယ်အတိုင်း အရင်းခံကြိယာအဖြစ်မသုံးနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ " ကျွန်တော်စားချင်တယ်" ဟုသုံးနိုင်သော်လည်း
" ကျွန်တော်ချင်တယ်" ဟု မသုံးနိုင်ပါ။" သူပြောမိတယ်" ဟု သုံးနိုင်သော်လည်း "သူမိတယ်"ဟု
( ထိုအဓိပ္ပါယ်မပျက်စေဘဲ) မသုံးနိုင်ပါ။ တစ်လုံးတည်းသုံး၍ မရဘဲ
ကြိယာနှင့်တွဲသုံးရသော စကားလုံးများဖြစ်သည်။ 🍁

ကြိယာထောက် ထားသည့်နေရာ
သုံးမျိုးရှိကြောင်းတွေ့ရသည်။
"စားချင်ကြတယ်"၊ " လုပ်နိုင်ကြတယ်"၊ "ပြေးခဲ့ကြတယ်"ဆိုသောအသုံးများတွင် "ချင်၊ နိုင်၊ ခဲ့" ဟူသောကြိယာထောက်များကို
"ကြ" ၏ရှေ့မှာထားရကြောင်း တွေ့နိုင်ပါသည်။ "သေကြရှာပြီ"၊
" ဆူကြလွန်းလို့"၊ " ပြောကြပြန်ပြီ"
တို့တွင် " ရှာ၊ လွန်း၊ ပြန်" ဟူသောကြိယာထောက်များကို "ကြ" ၏နောက်မှာထားရကြောင်း တွေ့ရပါသည်။ "ရှိပါသေးတယ်"၊ " လာပါလိမ့်မယ်"၊ " ပြန်ပါအုန်းမယ်"(ပြန်ပါဦးမယ်)တို့တွင် "သေး၊ လိမ့်၊ အုန်း(ဦး)" ဟူသောကြိယာထောက်များကို "ပါ"၏နောက်မှာ ထားရပါသည်။ 🍁

နေ့စဉ် ပြောဆိုသုံးနှုန်းနေသော မြန်မာစကားထဲက ကြိယာထောက်များကို စူးစမ်းကြည့်ခြင်း ဖြစ်ပါသည်။🍁

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

📓 မြန်မာစကားအကြောင်း
တစေ့တစောင်း📓
{ ဆရာကြီးမောင်ခင်မင်( ဓနုဖြူ)}

***
ဇေယျာမြတ်( မြန်မာစာ မြန်မာစကား)

09/12/2022

⚜ မေး..
၁။ "ရုပ်ဆိုးပေမဲ့" ဆိုတဲ့အသုံးမျိုးမှာပါတဲ့ "မဲ့" ကို
"မဲ့" လို့ရေးတာနဲ့ "မယ့်" လို့ရေးတာ
ဘယ်ဟာကပိုပြီး ဆီလျော်ပုံ။

၂။ "ဒို့နဂါးနီ ဆင်းရဲသားတို့" ထဲက
"ဒို့" နဲ့ "တို့" ရဲ့အသုံးကွဲပုံ။

၃။ "ဖက်" နဲ့ " ဘက်"ရဲ့အသုံးကွဲပုံတို့ကို ရှင်းပြပေးစေချင်ပါတယ်။📌

👉 ဖြေ...

( ၁) " ပေမဲ့" မှာပါတဲ့ "မဲ့"ရဲ့အရင်းအမြစ်က " မယ်" ဖြစ်ပါတယ်။ အဲဒီလိုပဲ " တဲ့" ရဲ့အရင်းအမြစ်က " တယ်" ဖြစ်ပါတယ်။ " သူလာမယ်" " သူလာတယ်" ဆိုတဲ့စကားတွေမှာပါတဲ့
" မယ်" " တယ်" ဆိုတဲ့ ကြိယာဝိဘတ်တွေကို အထူးပြုဝိဘတ်အနေနဲ့ နာမ်ရှေကသုံးတဲ့အခါ
" လာတဲ့သူ" " လာမဲ့သူ" လို့ အသုံးပြောင်းသုံးတာပါ။ " တယ်" ကို အမြစ်သံပြောင်းရင် " တယ့်" ဖြစ်သွားသလို " မယ်" ကိုအမြစ်သံပြောင်းရင် " မယ့်" ဖြစ်သွားပါတယ်။
အရင်းခံစာလုံးပေါင်းအတိုင်းရေးရင်တော့ " လာတယ့်သူ" ကို "တဲ့" လို့ရေးတာ အသုံးတွင်နေပါပြီ။
( ယသတ်နဲ့ နောက်ပစ်သံ အတူတူပါပဲ။) ဒါကြောင့် " မယ့်" ကိုလည်း
" တဲ့" နဲ့ ရေးပုံတူအောင် " မဲ့" လို့ရေးတာပါ။ အချုပ်ပြောရရင်တော့
" ပေမယ့်" လို့ရေးတာလဲ မမှားပါဘူး။ " ပေမဲ့" ကတော့ ပိုပြီး အသုံးတွင်ပါတယ်။🥀

( ၂) " ငါတို့" ၊ " မင်းတို့" ၊
" ဆင်းရဲသားတို့" မှာပါတဲ့ " တို့" ဟာတစ်ခုထက်ပိုကြောင်းပြတဲ့
အများပြပစ္စည်း စကားပါ။
ငါတို့ကို/ ငါဒို့/ လို့အသံထွက်တာမှာ
"ငါ" မပါဘဲ " ဒို့" လို့ တစ်လုံးတည်း သုံးလိုက်တာပါပဲ။စာလုံးပေါင်းအရကတော့ " တို့" က အရင်းခံပါ။
တို့က အသံပြောင်းပြီး " ဒို့" ဖြစ်လာတာပါ။ ဒီတော့" တို့" ရော " ဒို့" ရော
ပြောသူအများကိုညွှန်းတဲ့ နာမ်စားတွေပါပဲ။ အသံ အပျော့အပြင်းပဲကွာတာပါ။🥀

' ( ၃) " ဖက်" နဲ့ " ဘက်" ကတော့
မြန်မာစာအဖွဲ့ ထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ
ခွဲခြားပြထားပါတယ်။ " ဖက်" က
"အဖော်အဖက်၊" "ပေါင်းဖက်"
" တစ်ဖက်နှစ်ဖက်" စတဲ့ ဂဏန်းနဲ့တွဲသုံးတဲ့ " ဖက်" တွေမှာ သုံးပါတယ်။
" ဘက်" ကတော့ တောင်ဘက်၊
ရွာဘက်၊ ဆန့်ကျင်ဘက်၊ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ နေရာပြတဲ့စကားတွေမှာ သုံးပါတယ်။အရပ်မျက်နှာတွေကိုရေးရာမှာ
" အရှေ့ဘက်၊ အနောက်ဘက်၊
တောင်ဘက်၊ မြောက်ဘက်" လို့
" ဘက်" ကို တစ်သမတ်တည်းသုံးပါတယ်။" ရဲဘော်ရဲဘက်" ဟာ အဖော်အဖက်ဖြစ်လို့ " ရဲဖော်ရဲဖက်" လို့ရေး သင့်ပေမဲ့ " ရဲဘော်" ဆိုတဲ့အရေးအသားက အသုံးတွင်နေတာမို့ ခြွင်းချက်အဖြစ် " ရဲဘော်ရဲဘက်" လို့ပဲရေးရပါတယ်။🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀

📘 ဆရာကြီးမောင်ခင်မင်( ဓနုဖြူ)
လူငယ်တွေမေးကြတဲ့ ထွေထွေရာရာ မြန်မာစာ- ၁ 📘

23/09/2022

ဆန်ကိုချက်တော့ဆန်ချက် 😁

20/09/2022

Learning Burmese Alphabet through songs

Crd Lar La

12/09/2022

ရေးတော့အမှန် ဖတ်တော့အသံ

ဗမာမဟုတ်တဲ့သူတွေဗမာစကားမပီလို့သတ်ပုံပါမှားတာတော့အဆိုးမဆိုသာဘူး။ ဒါပေမဲ့သူတို့မှားတာကိုနားထောင်ကောင်းလို့ဆိုပြီးလိုက်အတုယူလို့တော့လည်းမဖြစ်ချေဘူး၊ ပြင်ပေးသင့်တယ်။ ကျွန်တော်တို့ငယ်ငယ်ကစလုံးဆလိမ်ကွဲအောင်အမေက ဆန်ဆီဆားဆေး ရွတ်ခိုင်းခဲ့ပြီး ဆူးစူးတယ် စိတ်ဆိုးတယ်လို့ပီအောင်ပြောတတ်လာတယ်၊ တက်နဲ့တတ်မကွဲတာ ထက်နဲ့ထပ်မကွဲတာတွေကျလက်ခံဖို့ရာခက်သွားပြီ။ ဗမာထဲမှာတောင်သနဲ့တမကွဲတာ ဒီနေ့ဝက်တားဟင်း ဆိုတာမျိုးကျလူကြီးတွေကလျှာခင်ငြိတာလို့ပြောကြတယ်။

မနှစ်ကမှဆုံးသွားတဲ့လန်ဒန်တက္ကသိုလ်ကဆရာဂျွန်အိုကယ် John Okell ကမြန်မာစကားမှာ အသံထွက်စည်းမျဥ်း voicing rule တခုရှိတယ်လို့ရေးခဲ့ဖူးပါတယ်။ တသက်လုံးစကားတတ်စကတည်းကပြောလာတာဆိုတော့လည်းအမှတ်တမဲ့ပဲမို့သူပြောတော့မှ ဪ.. ဟုတ်သားပဲလို့အောက်မေ့မိတယ်။

တစ်ကနေတဆယ်မှာတခုနှစ်ခုကနေသုံးခုကျတော့သုံးဂုလို့ထွက်တာကိုပြောတာ၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေပြောတဲ့အခါကျဒီလိုပြောင်းမသွားတာခုခေတ်မီဒီယာသတင်းဖတ်သူတချို့ကိုသတိထားမိကြပါလိမ္မယ်။ လူထုကိုလူဒုမထွက် ဗိုလ်ချုပ်ကိုဗိုလ်ဂျုပ်မထွက် ရေးချင်ကိုရေးဂျင်မထွက် သွားခဲ့ကိုသွားဂဲ့မထွက် ရေးတဲ့အတိုင်းထွက်နေကြသလိုပေါ့။

အသတ်သံပြတ်များ - ကသတ်စသတ်တသတ်ပသတ်တွေကအသံထွက်ကိုမပြောင်းစေဘူး၊ ဥပမာ လှေကားတ(တစ်)ထစ် နှစ်ထစ် သုံးဒစ် လေးဒစ် ငါးဒစ် ခြောက်ထစ် ခုနစ်ထစ် ရှစ်ထစ် ကိုးဒစ် ဆယ်ဒစ်။

အသတ်ပေမဲ့အထက်ကဆယ်ထစ်ယသတ်အပြင်ငသတ်နသတ်ညသတ်လသတ်ကျတော့လည်းသံပြတ်မဟုတ်လို့ပြောင်းတယ်၊ဥပမာ လုပ်ချင်ကိုင်ဂျင် ရိုက်ချင်ကန်ဂျင် သွက်ချင်မြန်ဂျင် ပျောက်ချင်ကင်းဂျင် မြင်ဂျင်မှတ်ချင် တတ်ချင်မှန်ဂျင်။ ပဲအသုံးမှာလည်းပဲသံမထွက် ဘဲနဲ့ဖဲသံထွက်တာမျိုး၊ ဥပမာ မသင်ဘဲမတတ်ဖဲ မဟုတ်ဖဲမမှန်ဘဲ မပစ်ဖဲမပြင်ဘဲ မပါဘဲမလိုက်ဖဲ။ အလားတူ မကြိုက်ဖူးမလှဘူး မလုပ်ဖူးမကိုင်ဘူးမမြင်ဘူးမရောက်ဖူး မစားဘူးမသောက်ဖူး။ ဝင်သက်ထွက်သက် စာအုပ်သစ်နာမည်သစ်အဝတ်သန့်ရေသန့်ဖိနပ်သည်မုံ့သည်တို့မှာလည်းသသံချင်းမတူဘူးမို့လား။

ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကအင်္ဂလိပ်လိုကျတော့ဗမာထက်ပိုပီတာသတိထားမိကြပါသလား။ အကြောင်းကဗမာအက္ခရာမှာ ကခ တထ ပဖ လေမထွက်တာ unaspirated နဲ့ လေထွက်တာ aspirated voicing သေသေချာချာကွဲပြားတော့အင်္ဂလိပ်လို k(c) t p ကိုဗမာကအသံမှန် ခ ထ ဖ မထွက်ပဲ က တ ပ ထွက်နေလို့။ လွန်ခဲ့တဲ့ ၄၅နှစ်လောက်ကဆေးရုံမှာစစ္စတာနော်ထီးရာက pain ကိုဖိန်းထွက်ပေမဲ့ကျွန်တော်ကပိန်းထွက်နေတာမျိုး။ သူကအသံထွက်မှန်တယ်။ အင်္ဂလိပ်တွေကျပြန်တော့ က တ ပ ကိုရှေ့ကစသံပါမှထွက်နိုင်တယ် ဥပမာ စကတ်(ထ်) စတန့်(ထ်) စပိန်(န်) ခုခေတ်ဘိုလိုပဲ စတိုင်(လ်) လုပ်ပြောနေကြတဲ့ စပိကောက်(စပိခေါက်ထ်) စပို့(စပ္ပို့ထ်)။

ဒီနေရာမှာနောက်ဆက်တွဲပြဿနာကဘားဂလစ်ရှ် Burglish နဲ့ ဖိုးဖိုးကို ဗမာက Phoe Phoe ရေးတော့ အင်္ဂလိပ်က Foe Foe ဖတ်၊ Po Po နဲ့ပြီးရမဲ့ကိစ္စ။ အလားတူ ဖေဆိုတဲ့နာမည်နဲ့ဖေဖေကို မူလသတ်ပုံ Pe မရေးပဲ Phay လုပ်လာကြပြန်တော့သူများက Fay လို့ဖတ်မှာ။ ရှေးကတည်းက ဖြူ Phyu နဲ့ ဘုန်း/ဖုန်း Phone လည်းအတူတူပေမဲ့ကြာလှပြီမို့ပြင်ကြမယ်မထင်။ ဗမာလိုပနဲ့ဖကွဲပြားချင်ရင် H ကို p ရှေ့ကထား Hpyu Hpone.. မွှေး Hmwe ထက် Htet လိုပေါ့။ ခုခေတ်မှာပိုဆိုးလာတာက ပုလဲမူလသတ်ပုံ Pale ကို Palel ရေးလာကြတာမျိုး၊ ကြယ် နွယ် ကို Kye Nwe နဲ့မပြီးပဲ Kyel Nwel လုပ်လာကြတာမျိုး၊ ကိုယ့်ဗမာပါးစပ်ကနောက်ဆုံးပိတ် လ သံကိုထွက်လေ့မရှိဦးတော့နိုင်ငံခြားသားတွေက ပလဲလ် ကြဲလ် နွဲလ် လို့ထွက်မယ်။

အဆုံးမတော့ကိုယ်လည်းသူ့အသံမပီသူလည်းကိုယ့်အသံမပီ အသံတုဝိဇ္ဇာမဟုတ်ရင်အထုံဝါသနာပါရမီမပါရင် ဗမာလိုမပီတာအင်္ဂလိပ်လိုငပိသံထွက်တာကိုအပြစ်မြင်နေလို့တော့အပိုပါပဲ။ အဲ.. သတ်ပုံမှာတော့မူကွဲတွေလက်ခံနိုင်ရမှာဖြစ်သော်လည်းပစ္စလက္ခတ်မလုပ်ကြပဲမြန်မာစာဖြစ်ဖြစ်အင်္ဂလိပ်စာဖြစ်ဖြစ်မှန်အောင်ကြိုးစားသင့်ပါတယ်။

Want your school to be the top-listed School/college in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lashio
10100