Smart Wisdom Academy

Smart Wisdom Academy

Share

20/12/2024

💢 အိမ်စာ အကြောင်း သိကောင်းစရာ 💢

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဆရာ၊မတွေအချို့ဟာ စာကို ပိုတော်စေ၊ တတ်စေချင်တယ်၊ သင်ပြီးသားအရာတွေကို ပိုကျေညက်စေချင်တယ်။ အဲဒီ့အတွက် အိမ်စာပေးကြတယ်။ အချို့ကလည်း မိဘတွေက အိမ်စာမပေးလိုက်ဘူးဆိုရင် စာမသင်ဘူးလို့ ထင်မှာစိုးလို့ အိမ်စာပေးကြတယ်။ မိဘတွေကလည်း ကလေးတွေကို ကျောင်းမှာ တစ်နေကုန် စာသင်ရုံတင်မကဘူး ညမှာပါ အိမ်စာလုပ်မှ ကြိုက်တယ်။ အကြောင်းကတော့ အချိန်ကြာကြာ၊ ပမာဏများများ စာလုပ်လေလေ စာတတ်လေလေ၊ စာတော်လေလေလို့ ထင်တတ်ကြလို့ပါပဲ။အိမ်စာတွေ ကူလုပ်ပေးရလို့ စိတ်ညစ်ရတဲ့ မိဘတွေလည်းရှိတတ်ကြပါတယ်။ အဲဒီ့တော့ ကျွန်မတို့ ဒီအပတ်မှာ အိမ်စာတွေ အကြောင်း ဆွေးနွေးကြည့်ရအောင်။

ဖင်လန်နိုင်ငံဟာ ပညာရေးမှာ နံပါတ်တစ်ဆိုပြီး သတ်မှတ်ကြပါတယ်။ ဖင်လန်နိုင်ငံမှာ ကလေးတွေအတွက် အိမ်စာကို တစ်ပတ်မှာ အများဆုံး ၃ နာရီစာပဲပေးပါတယ်။ စင်္ကာပူနိုင်ငံမှာ တော်တော်ထူးချွန်တဲ့ ကျောင်းသားတွေဟာ တစ်ပတ်မှာ အိမ်စာ ၉ နာရီခွဲခန့်လုပ်ကြပါတယ်။ ကလေးတွေအတွက် အနည်းဆုံး ဘယ်နှစ်နာရီ အနည်းဆုံး အိမ်မှာ စာလုပ်ချိန်ထားပြီး အများဆုံး စာလုပ်ချိန်ရှိရမယ်ဆိုတဲ့အပေါ်မှာ တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ကလေးတွေမှာ ကိုယ်လက်လှုပ်ရှားရတဲ့အချိန်၊ စာရေး စာဖတ်အချိန်၊ လေ့လာသင်ယူရတဲ့အချိန်၊ မိသားစုနဲ့ ကုန်ဆုံးတဲ့အချိန်၊ စတာတွေက မျှတဖို့လိုပါတယ်။

အိမ်စာလုပ်ချိန်၊ ကျောင်းစာသင်ချိန် ဘယ်လောက် ကြာသလဲဆိုတာထက် အိမ်စာလုပ်ချိန်၊ ကျောင်းစာသင်ချိန်တွေကို ဘယ်လို ဖြတ်သန်းရသလဲ ဆိုတာက ပိုပြီး စဉ်းစားဖို့ အရေးပါပါတယ်။ ဥပမာ – ကျောင်းချိန်က ကြာကောင်း ကြာမယ် ဒါပေမယ့် ကျောင်းချိန်အတွင်းမှာ ဆရာ၊မတွေက ပျော်ရွှင် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို စိတ်ဝင်စားစေမယ့်နည်းလမ်းတွေ၊ တက်ကြွစွာ ပါဝင်စေတဲ့ နည်းလမ်းတွေနဲ့ သင်မယ်ဆိုရင် စာသင်ချိန် ကြာမြင့်တာဟာ ပြဿနာမဟုတ်ပါဘူး။ အဲဒီ့လိုပဲ အိမ်စာ ဘယ်လောက်များများပေးတယ်ဆိုတာထက် ကလေးတွေအတွက် အမှန်တစ်ကယ် အကျိုးရှိမယ့်၊ သူတို့ စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့၊ သူတို့ အသက်အရွယ်နဲ့ ညီမျှတဲ့ လုပ်ငန်းအမျိုး အစားနဲ့ လုပ်ငန်း ပမာဏဖြစ်ရင်ရပါတယ်။

အိမ်စာ ပမာဏထက် အိမ်စာ အမျိုးအစားကအရေးကြီးတဲ့အတွက် သမားရိုးကျ စာကျက်ခိုင်းတာ၊ စာရေးခိုင်းတာအပြင် အခြား လုပ်ကြည့်လို့ ရမယ့် လုပ်ငန်းတွေကို မျှဝေပေးလိုက်ပါတယ်။

က) ကလေးတွေ လက်တွေ့လုပ်ရမယ့် အိမ်စာမျိုး (အပင်အကြောင်း ကျောင်းမှာ သင်လိုက်တယ်ဆိုရင် အိမ်မှာ လက်တွေ့ စိုက်ခိုင်းပြီး အပင်တွေအကြောင်း လေ့လာခိုင်းတာမျိုးကို ဆိုလိုပါတယ်။)

ခ) မိသားစုနဲ့ စကားပြောပြီး စာဆွေးနွေးရတဲ့ တာဝန်မျိုး (ငါးပိအကြောင်း သင်တယ် ဆိုရင် အိမ်မှာ ငါးပိကို ဘယ်လိုနေရာတွေမှာသုံးသလဲ၊ ဘယ်လို ငါးပိအမျိုးအစား အိမ်မှာ သုံးသလဲ၊ ဘာကြောင့်သုံးသလဲ၊ ဘယ်ဆိုင်တွေမှာ ဝယ်ပြီး ဘယ်လောက် ကုန်ကြသလဲ၊ တစ်လကို ငါးပိ အတွက် ဘယ်လောက် သုံးရသလဲ … စတာတွေကို မေးစေလို့ရပါတယ်) ၊

ဂ) အခြား စာသင်ဖေါ်သူငယ်ချင်းတွေနဲ့ စာအကြောင်းဆွေးနွေးကြတာမျိုး (အိမ်နီးတဲ့ သူငယ်ချင်းနဲ့ ညနေပိုင်း မှာ ထပ်တွေ့ပြီး မနက်က စာတွေကို ပြန်နွှေးခိုင်းတာမျိုး။ သုံးသပ်ချက်တွေ အင်တာဗျူးခိုင်းတာမျိုးတွေ လုပ်လို့ရတယ်။ တစ်ခါတစ်လေ အိမ်အထိ မသယ်ခိုင်းပဲ နေ့လည်စာစားရင်း စကားပြောခိုင်းတာမျိုး၊ ကစားချိန်မှာ တစ်ခုခုအတူတူ လုပ်ခိုင်းတာမျိုးတွေ လုပ်လို့ရပါတယ်) ၊

ဃ) ကိုယ်လေ့လာနေတဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ ဇာတ်လမ်း ရုပ်ရှင် ကြည့်ခိုင်းတာမျိုး၊ စာဖတ်ခိုင်းတာမျိုး (ကလေးတွေကို သဘာဝ ပတ်ဝန်းကျင်အကြောင်း မသင်ခင်မှာ ဖြစ်ဖြစ် သင်ပြီးရင်ဖြစ်ဖြစ် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ ကာတွန်းတွေ၊ ရုပ်ရှင်တွေ ကြည့်ဖို့ ညွှန်းပြီး ကြည့်ပြီးတဲ့ အခါ ပြန်သုံးသပ်ချက်ပြောစေတာမျိုး ၊ အဆင်မပြေရင် သတင်းစာတို့ စာအုပ်တို့ကို ဖတ်ပြီး သင်ထားတဲ့ ခေါင်းစဉ်နဲ့ ချိတ်ဆက်ပြောစတာကို ဆိုလိုပါတယ်) စတာတွေက ကလေးတွေအတွက် ပိုပြီး စိတ်လှုပ်ရှားစေတယ်၊ ပိုပြီး စိတ်ဝင်စားစေတယ်။ စာတစ်ပိုဒ်ကနေ နောက်တစ်ပိုဒ်ကို ပြောင်းကူးရေးရတာ၊ အလွတ်ကျက်မှတ်ရတာတွေထက်စာရင် ပိုပြီး စိတ်ဝင်စားကြပါတယ်။

အခုနောက်ပိုင်းမှာ အိမ်စာတွေကို သမားရိုးကျမဖြစ်အောင် ပိုစတာတွေလုပ်ခိုင်းကြတယ်၊ စီမံချက်ကလေးတွေ(Projects)လုပ်ခိုင်းကြတယ်။ ကျွန်မကြုံဖူးသလောက်ဆို တစ်ခါတစ်လေ ကလေးတွေကို လုပ်ခိုင်းရတာ ကြာလွန်းလို့ မိဘတွေက လုပ်ပေးကြတာတွေရှိတယ်။ အဲဒီ့တော့ ကလေးတွေရဲ့ အိမ်စာဟာ မိဘတွေရဲ့ လုပ်ငန်းလိုဖြစ်ပြီး မိဘတွေကလည်း အိမ်စာပေးမှာ ကြောက်ကြတာတွေလည်း ကြုံဖူးတယ်။ ဒါကြောင့် ကလေးနဲ့ သင့်လျော်အောင် အချို့လုပ်ငန်းတွေကို ကျောင်းမှာ မပြီးနိုင်ရင် ကလေးလုပ်နိုင်မယ့် ပမာဏကို သေချာ လမ်းညွှန်ပြီး ခိုင်းသင့်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေကို တစ်ကယ်ကူညီချင်တယ်ဆိုရင် ကလေးတွေရဲ့ အတွေးတွေကို ကူညီပံ့ပိုးပေးပါ။ ကိုယ်တိုင် ဝင်မလုပ်ပါနဲ့။

ကလေးတွေ လေ့လာဖို့ သင်ယူမှု လုပ်ငန်းကို ဆရာ၊မက ပေးပေး၊ မိဘကပေးပေး

အဓိက က ကလေးတွေရဲ့ အသက်အရွယ်၊ ဖွံ့ဖြိုးမှု၊ စိတ်ဝင်စားမှုနဲ့ ကိုက်ညီသော အိမ်စာတွေကို ပေးဖို့အရေးကြီးပါတယ်။ တစ်ချိန်လုံး စာပဲ တစ်ချိန်လုံး လုပ်ခိုင်းပြီး တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ကစားခွင့် မရဘူးဆိုရင် ကလေးတွေကို ထိုင်းမှိုင်းစေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ မိဘနဲ့ အချိန်ကုန်ဆုံးတာတွေကလည်း အိမ်မှာလုပ်ရတဲ့ အိမ်စာ အနေနဲ့ပေးနိုင်ပါတယ်။ အဓိက က ကလေးရဲ့ သင်ယူမှုကို တိုးတက်စေချင်လို့ပေးတာဆိုရင် ကျက်စာ၊ ရေးစာပဲ ပေးတာထက် ကလေးတွေ စိတ်ဝင်စားစွာ၊ ပျော်ရွှင်စာ သင်ယူနိုင်ဖို့ စဉ်းစားပေးဖို့ လိုပါတယ်။ အချိန် ဘယ်လောက်ကြာကြာ စာရေးစားပွဲမှာ ထိုင်နိုင်လဲဆိုတာက ကလေး ဘယ်လောက် ကလေးရဲ့ သင်ယူမှု ဘယ်လောက် ကောင်းနေသလဲဆိုတာကို တိုင်းတာလို့ မလွယ်ကူပါဘူး။ အားလုံး ကလေးတွေရဲ့ ပညာရေးကို အိမ်မှာရော ကျောင်းမှာပါ ထိရောက်စွာ ပံ့ပိုးနိုင်ကြပါစေ။

မေတ္တာဖြင့်……
Credit: Sayama-ဆာယာမ

#ဒီလှိုင်

Want your university to be the top-listed University in Kamayut?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 60, 4Floor, Hledan Street, Kamayut Township, Yangon
Kamayut
11041