EPS Topic Exam Myanmar
15/05/2026
အသက် ၂၁ နှစ်နဲ့ သိန်းထောင်ချီ အကြွေးပတ်လည်ဝိုင်းခဲ့ရတဲ့ "ယုံကြည်မှု" ရဲ့ နောက်ဆက်တွဲ အနိဋ္ဌာရုံ
"ညီမလေးတို့ တစ်ယောက်ချင်းစီက သိန်း ၁၀၀၊ ၂၀၀ နဲ့ ဘဝမပျက်သွားပါဘူး၊ အစ်မက အကုန်လျော်ပေးရင် အစ်မဘဝပျက်မှာပေါ့" တဲ့...။
ဒီစကားက တာဝန်ယူမှုမရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်က သူမကို ယုံကြည်ပြီး ပစ္စည်းအပ်ခဲ့တဲ့ ကျောင်းသူလေးတစ်ယောက်ကို ပြောလိုက်တဲ့ ရက်စက်လွန်းတဲ့ စကားတစ်ခွန်းပါ။
ကိုရီးယားမှာ ကျောင်းတက်ရင်း မိဘကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ Supplier အလုပ်ကို ကြိုးစားကြည့်ခဲ့တဲ့ ညီမလေး Theint။ Medicube ပစ္စည်းတွေ ခေတ်စားနေချိန်မှာ Supplier ၃ ယောက်စုပြီး Cargo ကနေတစ်ဆင့် ပစ္စည်းတွေ ပို့ခဲ့ပါတယ်။
ပစ္စည်းတန်ဖိုး: ဝမ် ၉၅၀ ကျော် (မြန်မာငွေ သိန်း ၃၀၀၀ နီးပါး)
ပစ္စည်းအလေးချိန်: ၁၀၀၀ ကီလိုဂရမ် (1 Ton)
ဝန်ဆောင်ခ: ၁ ကီလိုကို ဝမ် ၂၈,၀၀၀ (ဈေးအမြင့်ဆုံးပေးခဲ့ရတာပါ)
စရန်ငွေ: ကားခ ဝမ်သိန်း ၉၀ ကျော်ကိုလည်း ကြိုတင်ပေးချေခဲ့ပြီးသား။
၄ လကြာတဲ့အထိ အစပျောက်နေတဲ့ ပစ္စည်းများ
၂ လပိုင်း ၁ ရက်နေ့ကတည်းက အပ်ခဲ့တဲ့ ပစ္စည်းတွေဟာ အခုဆို ၄ လထဲ ရောက်တော့မယ်။ "၂ ပတ်ပဲ ကြာမယ်" လို့ ကတိပေးခဲ့ပေမယ့် အခုထိ ပစ္စည်းက ဘယ်ရောက်နေမှန်း မသိ၊ ဘယ်တော့ ရောက်မလဲဆိုတာလည်း အတိအကျ မဖြေနိုင်တော့ပါဘူး။
Logistics ဘက်က ပြဿနာတက်ရင်တောင် "အစ်မတစ်ယောက်လုံး ရှိတယ်၊ တာဝန်ယူတယ်" ဆိုတဲ့ စကားကြောင့် ယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း ပြဿနာတက်လာတဲ့အခါမှာတော့-
Cargo ရဲ့ တာဝန်ရှိသူဟာ Group ထဲကနေ Left ထွက်ပြီး ခေါင်းရှောင်သွားပါတယ်။
"နယ်ပြန်ပြီး ပစ္စည်းရောင်းလျော်မယ်" လို့ အကြောင်းပြခဲ့ပေမယ့် ရန်ကုန်မှာပဲ အေးဆေး အလုပ်လုပ်နေတာကို တွေ့ရပါတယ်။
Online ပေါ်မှာတော့ "သိန်း ၂၀၀၀ ကျော် လျော်ပေးလိုက်ရပြီ" လို့ ပုံရိပ်ကောင်းအောင် ပြောနေပေမယ့် လက်တွေ့မှာတော့ တစ်ပြားတစ်ချပ်မှ မလျော်ပေးခဲ့ပါဘူး။
ကိုယ့်ကို ယုံကြည်ပြီး အော်ဒါတင်ထားတဲ့ Customer တွေရှေ့မှာ မျက်နှာမပျက်ချင်လို့၊ နာမည်အပျက်မခံချင်လို့ ညီမလေးမှာ အတိုးနဲ့ ပိုက်ဆံတွေချေးပြီး တစ်ဖက်သတ် Refund တွေ လိုက်လုပ်ပေးနေရပါတယ်။
"အမေ့မျက်နှာကို မြင်ရင် ငိုမိမှာစိုးလို့ အမေနဲ့ ဖုန်းမပြောရတာ တစ်လကျော်ပြီ..."
ဒီစကားက ညီမလေးရဲ့ ခံစားချက်ကို အတိုင်းသား မြင်နေရပါတယ်။ လုပ်ငန်းရှင်ကြီးတွေက "ဘဝပျက်မှာစိုးလို့" ခေါင်းရှောင်နေချိန်မှာ အသက် ၂၁ နှစ်အရွယ် ကျောင်းသူလေးကတော့ တကယ်ကို ဘဝပျက်မတတ် စိုက်လျော်ပေးနေရတာပါ။
Cargo တို့ရဲ့ တာဝန်ယူမှု ကင်းမဲ့ပုံကို သိရှိစေဖို့။
နောက်ထပ် ကျောင်းသူ/သားတွေ၊ လုပ်ငန်းရှင်ငယ်လေးတွေ အခုလို မနစ်နာစေဖို့။
ဒီအကြောင်းအရာကို အများသိအောင် ဝိုင်းဝန်း Share ပေးကြပါဦး။ တရားမျှတမှု ရရှိပါစေလို့ ဆုတောင်းပေးပါတယ်🙏🙏🙏
07/05/2026
အိမ်မက်တို့ ဆုံဆည်းရာမြေမှ ကြွေလွင့်သွားရတဲ့ ကြယ်တစ်ပွင့်
မိသားစုရဲ့ ရှေ့ရေးအတွက် ကိုရီးယားမြေမှာ ချွေးနဲ့ရင်းပြီး ကြိုးစားခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ခရီးစဉ်ဟာ မမျှော်လင့်ဘဲ ဆုံးခန်းတိုင်သွားခဲ့ရပါပြီ။
ရန်ကုန်၊ ဒဂုံအရှေ့ပိုင်းကနေ မိသားစုကို လုပ်ကျွေးဖို့ ရောက်ရှိနေတဲ့ ကိုကျော်မင်းဦး (၃၈ နှစ်) ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက် ရေချိုးပြီးချိန်မှာ ရုတ်တရက် ဦးနှောက်သွေးကြောပေါက်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ဂင်မ်ချောင်မြို့ ဂျယ်အိလ်ဆေးရုံမှာ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့လို့ မျှော်လင့်ချက်တွေ ရှိခဲ့ပေမယ့် ဦးနှောက်အတွင်း သွေးယိုစိမ့်မှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် မေလ ၇ ရက် နံနက်အစောပိုင်းမှာပဲ အသက်ဇီဝိန် ချုပ်ငြိမ်းသွားခဲ့ပါတယ်။
ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိုးနဲ့ သားသမီးသုံးဦးတို့ရဲ့ အားကိုးရာဖြစ်တဲ့ ကိုကျော်မင်းဦးဟာ အဝေးတစ်နေရာမှာ ရှိနေပေမယ့် နောက်ဆုံးအချိန်အထိ အစွမ်းကုန် တိုက်ပွဲဝင်သွားခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုနဲ့ မိသားစုအပေါ် ထားတဲ့ မေတ္တာတွေကတော့ ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ။
ကိုကျော်မင်းဦးတစ်ယောက် ကောင်းရာသုဂတိလားပါစေ။မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Incheon