Lay phyu Songs
05/07/2024
"ဇဝါ" အကြောင်း ပြောရအောင်
မနေ့က တေးရေးဆရာ ဇဝါရဲ့ အင်တာဗျုးလေး ကြည့်လိုက်ရတယ်။ စကားလုံးတွေ နူးညံ့သိမ်မွေ့သလောက် လူနေမှုပုံစံ ရိုးရှင်းပြီး ပွင့်လင်းတဲ့၊ နှစ်လိုဖွယ်ရှိတဲ့ စကားပြောဟန်ကို ဇဝါ့ဆီက အတိုင်းသား မြင်ရတယ်။ ဒီလို သိမ်မွေ့တဲ့သူတစ်ယောက်ဆီက အချိုဆုံး သီချင်းတွေ ထွက်လာတာ သိပ်တော့ အံ့သြစရာ မရှိဘူး။
ဝိုင်းစုခိုင်သိန်းရဲ့ "အပြစ်မမြင်" ၊ အယ်လ်ဆိုင်းဇီရဲ့ "မလွမ်းရဲသေးဘူးမောင်ရယ်" စတဲ့ မိန်းကလေးသီချင်းတွေကြောင့် သူ့ကို လူတွေ ပိုသတိထားမိလာကြတယ် ထင်တယ်တဲ့။ တကယ်လည်း ပြည်လုံးကျွတ် ပေါက်ခဲ့တဲ့ သီချင်းတွေကိုး။
ဒါပေမဲ့ ဇဝါရဲ့ တေးရေးဆရာဘဝ၊ ဂီတလောကထဲမှာ ထည့်ဝင်သယ်ပိုးမှုက အဲဒီထက် အများကြီး ပိုနက်ရှိုင်းပါတယ်။ ဇဝါက ဒီဘက် တေးရေးတွေထဲမှာ တလေးတစား သတ်သတ်မှတ်မှတ် ဦးညွတ်ရမယ့်အထဲမှာ ပါတယ်။
အငဲရဲ့ "စိတ်ရွက်လှေ" လို အစောပိုင်း အခွေတွေမှာကတည်းက ဇဝါက ဘယ်လို တေးရေးလဲ ဆိုတာ အထင်အရှား သက်သေပြခဲ့ပြီးသား။ "အနိုင်နဲ့ ပိုင်း" က ဇဝါ့ လက်ရာ။ လေးဖြူရဲ့ အိပ်မက်ကဗျာ အခွေမှာလည်း ဇဝါ ဆိုတဲ့ နာမည်ကို တွေ့လာရတယ်။ ပြီးတော့ သူ့ရဲ့ အထင်ရှားဆုံး မှတ်တိုင်က အယ်လ်ဖြူနဲ့ တွဲရေးခဲ့တဲ့ " အလင်းဆိုင်ရဲ့သီချင်း" ။ ကိုအောင်ရော၊ ကိုငှက်ပါ ဆိုခဲ့တဲ့ ဗားရှင်း နှစ်မျိုးလုံး ကြိုက်တယ်။
ကျနော် ထင်တာ မမှားဘူးဆိုရင် အလင်းဆိုင်ရဲ့သီချင်းမှာ အယ်လ်ဖြူက သံစဉ်၊ ဇဝါက စာသား ဖြစ်ပါလိမ့်မယ်။ ဒီထဲက " ကမ္ဘာအပြင်ကို ထွက်ပြေးသွားတဲ့ မီးခိုးများထဲ အချစ်ရဲ့ အရိပ်တစ်ခုကို လိုက်ရှာ " ဆိုတဲ့ lyric အတွဲအစပ်ကို ကျနော် အရူးအမူး စွဲလန်းခဲ့ဖူးတာ။
ပြီးတော့ လင်းလင်းရဲ့ ပထမဆုံးနဲ့ အကောင်းဆုံး အယ်လ်ဘမ် " စဉ်းစားပါ " မှာ ဇဝါ စာသား ဝင်ရေးတဲ့ သီချင်း ၄ ၊ ၅ ပုဒ်လောက် ပါတယ်။
ဒီထဲမယ် ခုချက်ချင်း စဉ်းစား၊ ခုတန်းပေါ်တဲ့ သီချင်းက "ရှိပါစေ" ဆိုတဲ့ သီချင်း။ "အိမ်ပြန်ခဲ့သော ညနေတွေ၊ အမှောင်ဝင်လာတဲ့ လမ်းလေးထက် ငါ လျှောက်ရင်း " ဆိုတဲ့ စာသားနဲ့ အစချီထားတဲ့၊ ကျနော့်အတွက် အမြဲတမ်း အမှတ်ရနေမယ့် သီချင်း။ နောက်ပြီး "နေတတ်သလို" ၊ "မငြိတွယ်နဲ့" တို့မှာလည်း ဇဝါရဲ့ ပြောင်မြောက်တဲ့ စကားလုံးတွေကို ခံစားနိုင်ပါတယ်။
မိန်းကလေး သီချင်းတွေအကြောင်း ပြောတဲ့နေရာမှာ ဇဝါ ထည့်မပြောခဲ့တဲ့ နာမည်ကျော်သီချင်းတွေ အများကြီး ကျန်ပါသေးတယ်။ သူ့သမီး ပိုပိုဟေသာရဲ့ "ချစ်တဲ့စိတ်ဆိုတာ" ၊ ကျနော်တို့ ဆယ်ကျော်သက် ကျောင်းသားဘဝက အသည်းအသန် ကြွေခဲ့ရတဲ့ စင်ဒီရဲ့ " သူမသိလည်း " သီချင်း။ အချစ်ကို ငံ့လင့် စောင့်စားနေတဲ့ မိန်းမသားတစ်ယောက်ရဲ့ ခံစားချက်ကို အသိမ်မွေ့ဆုံးနဲ့ အထိရောက်ဆုံး ရေးဖွဲ့ခဲ့သူဟာ ဇဝါပါ။ မိန်းကလေးတွေ ကိုယ်တိုင်ရေးတဲ့ သီချင်းတွေမှာတောင် ဒီလောက် မိန်းကလေးဆန်တဲ့ character ကို ကျနော် မတွေ့ဖူး မခံစားဖူးဘူး။
သူ inspire ဖြစ်တဲ့ တေးရေးကိုလည်း ကြည့်ဦးလေ၊ play boy တို့ ၊ e machine တို့ ခေတ်ကတည်းက ဒိတ်ဒိတ်ကြဲသီချင်းတွေ ရေးခဲ့တဲ့ ကိုလေးလွင်ပဲ။
ကျနော် ဒီစာကို လက်တန်း ရေးလိုက်တာတောင် ဇဝါရဲ့ သီချင်း အများကြီး ခေါင်းထဲက အစီအရီ ထွက်လာတာဗျာ၊ သေချာ လိုက်ရှာပြီး ရေးမယ်ဆို ပြောလို့ ကုန်နိုင်မှာတောင် မဟုတ်ဘူး။
နောက်ဆုံးအနေနဲ့ ဇဝါရဲ့ လူသိနည်းပြီး underrated ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ် ကိုယ့်လူတွေကို ညွန်းပေးချင်ပါတယ်။
ချယ်ရီ fm အခွေထဲမှာ အားတီ ဆိုခဲ့တဲ့ "မိုးသက်လေ" ဆိုတဲ့ သီချင်းပါ။ ဇဝါနဲ့ အားတီ တွဲဖက်မှုက အပုဒ်တိုင်း ရောက်၊ အပုဒ်တိုင်း ပေါက်သီချင်း ဖြစ်ခဲ့ပေမဲ့ "ချစ်နေဖို့၊ ဆောင်းနေ" တို့နဲ့ စာရင် "မိုးသက်လေ" က နည်းနည်း နောက်ရောက်နေတယ်လို့ ခံစားရတယ်။ အားတီကိုယ်တိုင်လည်း ရှိုးပွဲတွေမှာ သိပ်ဆိုတာ မတွေ့ရဘူး။
"တောင်တန်းတွေကြားက မြို့ငယ်လေး တစ်ခုလိုပဲ တို့နှစ်ယောက်လည်း" ဆိုတဲ့ စာသားက တောင်တန်းတွေကို ခုံမင်တဲ့ ကျနော့်အတွက်၊ တောင်တန်းတွေကြားက မြို့ငယ်လေးတစ်ခုမှာ ဘဝရဲ့ အစိတ်အပိုင်းတချို့ကို ကုန်လွန် ဖြတ်သန်းခဲ့ဖူးတဲ့ ကျနော့်အတွက်၊ မိုးသက်လေကို တောင့်တနေတဲ့ အခုလို ရာသီဥတုမျိုးအတွက် လွမ်းမောစရာ၊ စိတ်ဖြေသိမ့်စရာ သီချင်းတစ်ပုဒ် ဖြစ်လာဖို့ ဆန္ဒပြုလိုက်ပါတယ်။
ဒီသီချင်းလေးအကြောင်း ကိုဇဝါ့ကို အခါအခွင့် သင့်ရင်တော့ မေးကြည့်ချင်ပါသေးတယ်။
With Peace, Joy and Love
#ဇဝါ #ရှိပါစေ #သူမသိလည်း #မိုးသက်လေ
Click here to claim your Sponsored Listing.