Beautiful Life
12/06/2026
သစ္စာရှိသော ခွေးလေး ဟာချီကို❣️
07/06/2026
ဒီနေ့ရေးချင်တာကတော့ လူတိုင်းနီးပါး သိနေ ကြားနေပြီးဖြစ်တဲ့ အကြောင်းအရာလေးပါပဲ။ ဆယ်ကျော်သက်လူငယ်တွေ ပေါ့ပေါ့ပါးပါး ဖတ်ဖို ရည်ရွယ်ပါတယ်။ ခေါင်းစဉ်လေးက “လူပီသဖို့” တဲ့ ….
လူပီသဖို့… အဝတ်အစားထက် စိတ်ဓာတ်ကို အရင် ဆေးကြောလျှော်ဖွတ်လိုက်ကြရအောင်။
လောကကြီးမှာ အမေမွေးလို့ လူဖြစ်လာကြတယ်။ လူရယ်လို့ဖြစ်လာဖို့ကတော့ ရှေးက ကံအကြောင်းတရားရှိခဲ့ရင် တော်တော်လွယ်ပါတယ်။ အမေ့ဗိုက်ထဲ ၉ လကျော် ၁၀လ နီးပါးနေ၊ မွေးရက်ပြည့်ရင် ဆေးရုံ သွားတက်၊ ဒါမှမဟုတ် အရပ်လက်သည် ဒါမှမဟုတ် သားဖွားဆရာမ နဲ့ မွေး။ ဗိုက်ထဲက ထွက်လာတာနဲ့ “ဟော… လူလေးတစ်ယောက်” ဖြစ်ပြီပေါ့။ ဒါပေမဲ့ “လူပီသဖို့” ကျတော့ ဆေးရုံက ဘယ်ဆရာဝန်တွေ ဆရာရာမတွေ ကမှ မွေးပေးလို့ မရဘူး။ ကိုယ့်ဘာသာကိုယ် နေ့တိုင်း နှလုံးသားကို ဆေးကြောပြီးမှ မွေးယူရတဲ့ အရာမျိုးဗျ။
လူဖြစ်ရုံနဲ့ လူမဖြစ်သေးတဲ့ ကိစ္စ…
စကားပုံတစ်ခု ရှိတယ်မဟုတ်လား၊ “အဝတ်က လူ၊ ရွှေက အဆင်” တဲ့။ ဒါပေမဲ့ လူပီသဖို့ကျတော့ အဝတ်အစားတွေ၊ ရွှေတွေထက် ပိုအရေးကြီးတဲ့ အရာတစ်ခု ရှိတယ်… အဲဒါက “ကိုယ်ချင်းစာတရား” တဲ့။
လွယ်လွယ်လေး တွေးကြည့်ရအောင်….
ကိုယ့်ကို သူများက လာဆဲရင် နာတယ်မလား? အဲဒါဆို သူများကိုလည်း သွားမဆဲနဲ့လေ။ ကိုယ့်ပိုက်ဆံအိတ် ပျောက်ရင် နှမြောတယ်မလား? အဲဒါဆို သူများပစ္စည်းလည်း မခိုးနဲ့ပေါ့။ ဒါဟာ အထူးအဆန်း ဒဿနတွေ မဟုတ်ပါဘူး၊ ကိုယ့်စိတ်နဲ့ နှိုင်းပြီး သူများဘက်က ဝင်တွေးပေးတဲ့ ရိုးရှင်းလှတဲ့ ကိုယ်ချင်းစာစိတ်လေးပါ။
ဒီစိတ်လေးရှိပြီဆိုရင် လူသားတွေရဲ့ အခြေခံ စည်းကမ်းဖြစ်တဲ့ “ငါးပါးသီလ” ဆိုတာ ဝတ်စုံတစ်ခုလို အလိုလို အံဝင်ခွင်ကျ ဖြစ်သွားရော။
ပါဏာတိပါတာ- ခြင်တစ်ကောင်ကို ရိုက်ခါနီးမှာတောင် “သူလည်း အသက်ရှင်ချင်ရှာမှာပဲ” လို့ တွေးမိတဲ့ ကရုဏာ။
အဒိန္နာဒါနာ- ကိုယ်မပိုင်တဲ့ ပစ္စည်းကို လက်ဖျားနဲ့တောင် မတို့ချင်တဲ့ အရှက်နဲ့ အကြောက်။
ကာမေသုမိစ္ဆာစာရာ- သူများရဲ့ အိမ်ထောင်ရေး၊ မိသားစု အသိုက်အဝန်းကို ကိုယ့်အိမ်ထောင်ရေးလို တန်ဖိုးထားပေးတာ။
မုသာဝါဒါ- စကားတစ်ခွန်း ပြောလိုက်လို့ သူများဒုက္ခရောက်မယ့်အစား အမှန်တရားနဲ့ပဲ ရိုးရိုးသားသား ရင်ဆိုင်တာ။
သုရာမေရယ- မူးအောင်သောက် ရူးချင်ယောင်
ဆောင်ပြီး ပေါက်ကရတွေ လျှောက်လုပ်မယ့်အစား အသိဉာဏ်ကို အမြဲတမ်း လင်းလင်းထိန်ထိန် ရှိနေစေတာ။
ဒီငါးချက်သာ အမြဲစောင့်ထိမ်းနေရင် ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အလှပဆုံး ဝတ်စုံကို ဝတ်ဆင်ထားတဲ့ “လူပီသသူ” တစ်ယောက် ဖြစ်နေပါပြီ။
ကြုံလို့ ပြောပြဦးမယ့် လောကထဲက “လူဆန်း” များနှင့် သူတို့ရဲ့ မျက်လှည့်ပွဲတွေ…
လူ့လောကထဲ လျှောက်သွားရင်း တစ်ခါတလေ လူရုပ်ပေါက်ပြီး လူစိတ်မရှိတဲ့ အခွင့်အရေးသမားတွေကို တွေ့ဖူးကြမှာပါ။ သူတို့ကတော့ အပေါ်ယံမှာ သကာရည်လူးထားတဲ့ စကားလုံးတွေနဲ့ လူကြီးလူကောင်း လုပ်ပြတတ်ကြပေမဲ့ အတွင်းထဲမှာတော့ ပိုးဟပ်တွေလိုပဲ အမှောင်ထဲမှာ အစာရှာတတ်ကြတယ်။
တစ်ခါတလေ ကျပြန်တော့လည်း ပတ်ဝန်းကျင်တစ်ခုလုံးက ယုတ်ညံ့မှောင်မိုက်နေတာကို “ဒါဟာ ခေတ်မှီတာ၊ ဒါဟာ အထာကျတာ” လို့ အထင်ကြီးပြီး အတင်းဝင်တိုး၊ အဲဒီအထဲမှာ ပျော်ဖို့ ကြိုးစားနေတဲ့သူတွေကို တွေ့ရတတ်ပါတယ်။ မီးတောက်နားမှာ ပျော်မွေ့နေတဲ့ ပိုးဖလံငယ်လေးတွေလိုပါပဲ။ တန်ဖိုးရှိတဲ့အမှန်တရားနဲ့ အမှားအမှန် ဝေဖန်ပိုင်းခြားမှုကို မေ့လျော့ပြီး၊ အပေါ်ယံ သာယာမှုတွေနဲ့အဆိပ်အတောက် ဖြစ်စေတဲ့ လူအသိုက်အဝန်းကိုမှ အထင်တကြီးနဲ့ စံပြလုပ်ချင်နေကြတာဟာ တကယ့်ကို ရင်နာစရာ ကောင်းလှပါတယ်။
သူတို့က ကိုယ်ကျိုးအတွက်ဆို သူငယ်ချင်းကိုလည်း နင်းပစ်ဖို့ ဝန်မလေးဘူး။
သူများ အောင်မြင်သွားရင် ဝမ်းသာရမယ့်အစား မနာလိုစိတ်နဲ့ ရင်ဘတ်ထဲမှာ မီးတောက်နေတတ်တယ်။
သူတစ်ပါးရဲ့ ကောင်းကွက်ကို ရှာဖို့ထက် အမှားတစ်ခုခုကို စောင့်ချောင်းပြီး ကဲ့ရဲ့ဖို့ပဲ ချောင်းနေတတ်ကြတာ။
ကိုယ်ဖြစ်သမျှ အပြစ်ကို သူများအပေါ် ပုံချတတ်သေးတယ်။ ဒါကတော့ တော်တော်ဆိုးတဲ့ စရိုက်ပါ။ ကိုယ့်မှာ အမှားတစ်ခုခုရှိရင်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ယုတ်ညံ့မှုကို ဖုံးကွယ်ချင်ရင် သူတစ်ပါးဆီက အပြစ်သေးသေးလေးကို မှန်ဘီလူးနဲ့ လိုက်ရှာပြီး ပုံကြီးချဲ့တတ်ကြတယ်။ "ငါမကောင်းတာထက် သူက ပိုဆိုးတယ်" ဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ့်အညစ်အကြေးကို သူများအင်္ကျီပေါ် သွားသုတ်ပြီး သန့်ရှင်းချင်ယောင်ဆောင်တတ်တဲ့ မျက်လှည့်ဆရာတွေပေါ့
စိတ်ကူးထဲမှာတင် ပုံဖော်ကြည့်ရုံနဲ့တင် အသက်ရှူကျပ်စရာ ကောင်းတယ်မလား။ ဒါကြောင့် ဒီလို ယုတ်ညံ့တဲ့ စရိုက်တွေ ကိုယ့်ဆီ ကူးမလာအောင် အမြဲတမ်း စိတ်ကို Mask တပ်ထားဖို့ လိုပါတယ်။
ကဲ… မြင့်မြတ်တဲ့ လူသားဖြစ်ဖို့ လှေကားထစ်တွေကို တက်ကြစို့
အခြေခံ သီလလေး လုံခြုံလို့ လူပီသပြီဆိုရင်၊ ပေါ့ပေါ့ပါးပါးနဲ့ နောက်တစ်ဆင့် တက်လှမ်းကြည့်ရအောင်။ လူ့ဘဝဆိုတာ အထပ်မြင့်တိုက်ကြီးလိုပဲလေ၊ အပေါ်ရောက်လေလေ လေကောင်းလေသန့်ရပြီး မြင်ကွင်းက ကျယ်ပြန့်လာလေလေပဲ။
၁။ “စာဂ” ဆိုတဲ့ လက်ဖဝါးကို ဖြန့်လိုက်ခြင်း
အမြဲတမ်း ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးထက်၊ သူတစ်ပါးကို ကူညီဖို့ ဖြန့်ပေးလိုက်တဲ့ လက်ဖဝါးက ပိုပြီး နွေးထွေးပါတယ်။ လောဘတွေကို နည်းနည်းချင်း လျှော့ပြီး ခွက်ထဲက ရေလျှံရင် ဘေးလူကို ဝေမျှသောက်တဲ့ အလေ့အကျင့်လေးပေါ့။
၂။ စိတ်ထဲမှာ “မေတ္တာ” ရေမွှေး ဆွတ်ထားခြင်း
ဘယ်သူ့ကိုပဲ တွေ့တွေ့၊ ဘာသာ လူမျိုး မခွဲခြားဘဲ “အဆင်ပြေပါစေ၊ အေးချမ်းပါစေ” ဆိုတဲ့ စေတနာနဲ့ ကြည့်တတ်လာတာ။ မေတ္တာရှိတဲ့သူ့အနားမှာ နေရရင် အဲကွန်းခန်း ထဲရောက်သွားသလို အလိုလို အေးမြသွားတတ်ပါတယ်။
၃။ “ခန္တီ” ဆိုတဲ့ ကုတ်အင်္ကျီ ဝတ်ထားခြင်း
လောကကြီးက တစ်ခါတလေ ကိုယ့်ကို မတရား ဆဲချင်ဆဲမယ်၊ နှိမ်ချင်နှိမ်မယ်။ အဲဒီအခါ ဒေါသတကြီး ပြန်မတုံ့ပြန်ဘဲ ပြုံးပြုံးလေးနဲ့ ခွင့်လွှတ်လိုက်တာဟာ တကယ့်ကို ရင့်ကျက်ပြီး မြင့်မြတ်တဲ့ တန်ခိုးရှင်လို အစွမ်းထက်တဲ့ အပြုအမူပါပဲ။
၄။ ဉာဏ်ပညာနဲ့ လောကကို ငေးမောခြင်း
အဆိုးနဲ့ အကောင်း ကြုံလာတဲ့အခါ စိတ်ကို ကလေးကစားစရာ ချားရဟတ်လို အတက်အကျ အလွန်အကျွံ မဖြစ်စေဘဲ၊ “သြော်… ဒါလည်း ဖြစ်တတ်တာပဲ” လို့ဆင်ခြင်ပြီး တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်ခြင်း ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင်တော့ဗျာ…
ကျွန်တော်တို့အားလုံးဟာ ကမ္ဘာမြေဆိုတဲ့ တည်းခိုခန်းလေးမှာ ခဏတာ လာတည်းကြတဲ့ ခရီးသည်တွေပါ။ Check out time ရောက်လို့ အခန်းပြန်အပ်တဲ့အခါ ငွေကြေးတွေ၊ စည်းစိမ်တွေ၊ ရာထူးတွေ စတဲ့ ပိုင်ဆိုင်မှုတွေက ထားခဲ့ရမှာပါ။ ကိုယ်နဲ့အတူ ပါသွားမှာက “ငါ လူပီပီသသ နေထိုင်သွားနိုင်ခဲ့ရဲ့လား၊ အဆိပ်အတောက် များလွန်းတဲ့ပတ်ဝန်းကျင်တွေထဲမှာ ကိုယ့်စိတ်ကို ရောယှက်မပစ်ဘဲ သန့်သန့်ရှင်းရှင်း နေနိုင်ခဲ့ရဲ့လား” ဆိုတဲ့ စိတ်ခံစားမှုလေးပဲ။
ဒါကြောင့် အချင်းချင်း ကိုယ်ချင်းစာရင်း၊ ယုတ်ညံ့တဲ့ စရိုက်တွေနဲ့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ သူတစ်ပါးကို လက်ညှိုးထိုးတတ်တဲ့ အကျင့်တွေကို ပြတင်းပေါက်ကနေ အဝေးကြီး လွှင့်ပစ်ရင်း၊ တစ်ဆင့်ချင်း မြင့်မြတ်တဲ့ လူသားတစ်ယောက်အဖြစ် ပေါ့ပေါ့ပါးပါးနဲ့ လှလှပပ အသက်ရှင် ဖြတ်သန်းသွားကြပါစို့ဗျာ။
24/05/2026
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
💚🙏🙏🙏🙏🙏💚
คลิกที่นี่เพื่อเป็นสมาชิก?