Let Me Talk

Let Me Talk

แชร์

21/07/2025

ပရီးမီးယားလိဂ်မှာ၊ ဥရောပဘောလုံးလောကမှာ Traditional No.9 လို့ခေါ်တဲ့ တိုက်စစ်မှူးစစ်စစ်တွေထက် False 9 တွေ ပိုပြီး အားကောင်းလာချိန်တခေတ်ဆိုပြီး ရှိခဲ့ဖူးတယ်။ ယာဂန်ကလော့ဂ်က ဖာမီနို၊ ပက်က ဖိုဒန်၊ ဘာနာဒိုလ်တို့နဲ့ သူတို့အသင်းတွေရဲ့ တိုက်စစ်မြှားဦးကို ပုံဖော်ခဲ့ကြတယ်။ အဲ့ဒီအချိန်တွေမှာ မော်ရင်ဟိုလို ခေတ်ဟောင်းဆန်တဲ့ နည်းပြတောင် ဟယ်ရီကိန်းကို No.9 စစ်စစ်မဟုတ်ဘဲ Advanced Striker အဖြစ် ပုံသွင်းယူခဲ့ရတယ်။

မြစ်တစ်ခုမှာ လူတစ်ယောက်ဟာ ရေနှစ်ခါ မချိုးနိုင်ဘူးတဲ့။ တသွင်သွင်စီးဆင်းနေတတ်တဲ့ မြစ်ရဲ့သဘောသဘာဝကို ဒီလိုမျိုး တင်စားကြတယ်။ အချိန်ရဲ့မြစ်ဟာလည်း စီးဆင်းနေစမြဲပေါ့။ ဘောလုံးလောကရဲ့ အိုင်ဒီယော်လော်ဂျီတွေဟာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေခဲ့တယ်။ Traditional No.9 တိုက်စစ်မှူးစစ်စစ်တွေ၊ ပြီးတော့ False 9 တွေ၊ False 9 တွေပြီးတော့Traditional No.9 တိုက်စစ်မှူးစစ်စစ်တွေ။ သမိုင်းဟာ ဒီလို တပတ် ပြန်လည်လာတယ်။

ဒီ Trend ကို ဦးဆောင်ခဲ့သူက ပက်ပါပဲ။ False 9 ကို သုံးပြနေရင်း Traditional No.9 ဆီ ပြန်သွားပြီး Treble ယူပြခဲ့တယ်။ အဲ့ဒီနောက်ပိုင်းကစလို့ No.9 Role တွေရဲ့ အရေးပါပုံက လက်ရှိဘောလုံးကမ္ဘာမှာ ပိုပြီး ကျယ်ပြန့်လာတယ်။ အခုဆို အာဆင်နယ်မှာ ယော့ခယိုက်ခ်၊ လီဗာပူးလ်မှာ ဒါဝင်ကနေ အီတီ‌ကီဆိုပြီး သူတို့ရဲ့ တိုက်စစ်မြှားဦးတွေမှာ No.9 Role တွေကို မြင်လာရတယ်။ No.9 Role တွေရဲ့ အခန်းကဏ္ဍဟာ ဒီထက်ပိုပြီး ကြီးမားလာဦးမယ့် အရိပ်အယောင်တွေကိုလည်း မြင်နေရဆဲပါပဲ။

ဒီအပြောင်းအလဲကို ပက်နဲ့အတူ စတင်ခဲ့သူဟာ အာလင်းဟာလန်းပါပဲ။ ပက်ရဲ့ ဒဿနတချို့ကို သွင်းဂိုးတွေနဲ့ ပြောင်းလဲနိုင်ခဲ့သူလို့လည်း ဆိုနိုင်တယ်။ ပက်နဲ့လက်တွဲခဲ့တဲ့ ပထမရာသီမှာတင် ဟာလန်းက (၅၂)ဂိုးအထိ သွင်းပြခဲ့တယ်။ ပရီးမီးယားလိဂ်သီးသန့်မှာတင် (၃၆)ဂိုး သွင်းခဲ့တယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်သစ်ပါပဲ။ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် လိုက်ပ်ဇစ်နဲ့ပွဲမှာ (၅)ဂိုး သွင်းပြီး ဘောလုံးကမ္ဘာကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တယ်။ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းဘုရင်လည်းဖြစ်ခဲ့တယ်။ အဆုံးသတ်မှာ Treble အောင်ပွဲကို ရခဲ့တယ်။

ဒီလိုတွေးကြည့်ရအောင်.. ပက်နဲ့ ဟာလန်းရဲ့ ပထမရာသီမှာသာ အခုလို မအောင်မြင်ဘဲ ကျရှုံးခဲ့မယ်ဆိုရင်ရော၊ အခုလောက်ထိ No.9 Role တွေက ဘောလုံးကမ္ဘာမှာ မျက်နှာပွင့်နေနိုင်ပါ့မလား။ ဟာလန်းဟာ အဆုံးသတ်သေချာသူ တိုက်စစ်မှူးတစ်ဦးမျှသာ မဟုတ်ပါဘူး။ ဘောလုံးကမ္ဘာမှာ ဘဝတူ No.9 Role Player တွေရဲ့ အခန်းကဏ္ဍကို တဖန်ပြန်လည်မြင့်တက်လာအောင် မြှင့်တင်ပေးခဲ့သူတစ်ဦးပါပဲ။ ပြီးတော့ ဒါကို လူလားမြောက်ခါစ (၂၂)နှစ်သားဘဝနဲ့ လုပ်ပြခဲ့တာပါ။

အခုတော့ ဒီအဖြစ်အပျက်တွေဟာ သုံးနှစ်နီးနီးကြာခဲ့ပြီ။ ဟာလန်းလည်း (၂၅)နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဒီနေ့ဆို လက်ရှိဘောလုံးကမ္ဘာက အကောင်းဆုံးတိုက်စစ်မှူးရဲ့(၂၅)နှစ်ပြည့်မွေးနေ့ကို ကျရောက်ခဲ့ပါပြီ။

🎉 Happy Birthday Earling Haaland 🎉



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

Photos from Myanmar Cityzens's post 20/07/2025

ဒီဘရိုင်းနားကွက်လပ်ကို ဖြည့်ပေးမယ့် ချာကီရဲ့ Lofted Pass များ...
---------------------------------------
[ဆောင်းပါး]

ကီဗင်ဒီဘရိုင်းနားနဲ့ စီးတီးရဲ့ ဇာတ်လမ်းကတော့ အားလုံးသိပြီးကြတဲ့အတိုင်းပါပဲ။ စီးတီးက စာချုပ်သက်တမ်းမတိုးတော့ကြောင့် ရာသီကုန်ချိန်မှာ စီးတီးနဲ့ လမ်းခွဲပြီး နေပယ်လ်မြို့ဆီ ကီဗင်ဒီဘရိုင်းနား တယောက် ခရီးနှင်ခဲ့ရတယ်။ စီးတီးမှာတုန်းက ကီဗင်ဒီဘရိုင်းနားရဲ့ ဖန်တီးနိုင်စွမ်းက အတော်လေးကို မြင့်မားပါတယ်။ စီးတီးမှာ ကစားခဲ့တဲ့ ဆယ်ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုသီးသန့်ဆိုရင်တောင် (၁၁၉)ကြိမ်အထိ ရှိပါတယ်။ သူ့ထက်များတာ (၂၂)ရာသီအထိ ကစားခဲ့ပြီး (၁၆၂)ကြိမ် ဖန်တီးနိုင်ခဲ့တဲ့ ရိုင်ယန်ဂစ်ပဲ ရှိတော့တယ်။

ရိုင်ယန်ဂစ်က ယူနိုက်တက်အကယ်ဒမီမှာမွေး၊ ယူနိုက်တက်မှာကြီးပြီး ဒီအသင်းနဲ့ပဲ ကစားသမားဘဝကုန်တဲ့အထိ ပရီးမီးယားလိဂ်မှာ ဖြတ်သန်းခဲ့သူပါ။ ကီဗင်ဟာ စီးတီးမှာ ဖြတ်သန်းခဲ့တဲ့ ဆယ်ရာသီမှာတောင် ဒဏ်ရာကြောင့် နားခဲ့ရချိန်တွေက တစ်ရာသီခွဲစာလောက် ရှိနေသေးတယ်။ ဒီလောက်ဆို ကီဗင်ရဲ့ ဖန်တီးနိုင်စွမ်းက စီးတီးမှာ ဘယ်လောက်တောင် မြင့်မားခဲ့သလဲ၊ အရေးပါခဲ့သလဲဆိုတာကို မြင်နိုင်ပါလိမ့်မယ်။ ပြီးတော့ တစ်ရာသီထဲမှာတင် ဂိုးနှစ်ဆယ်အထိ ဖန်တီးနိုင်တဲ့ အွန်နရီရဲ့စံချိန်ကို လိုက်မီခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဆိုရင်လည်း ကီဗင်ပါပဲ။

ဆိုတော့ ကီဗင်မပါနိုင်ချိန် စီးတီးရဲ့ ဖန်တီးနိုင်စွမ်းတွေ လျော့လျော့နေတတ်တာက တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဒဏ်ရာကြောင့် ကီဗင်နားနေရချိန်တွေမှာ ပက်က ရေတိုဖြေရှင်းမှုတွေနဲ့ နည်းလမ်းရှာပြီး ကျားကန်ထားရတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ ဘယ်တုန်းကမှ ကီဗင်နဲ့အတူရခဲ့တဲ့ စီးတီးရဲ့တိုက်စစ်က ဖန်တီးနိုင်စွမ်းကို ပက်က ရှာမတွေ့ခဲ့ဘူး။ အခုတော့ ပက်က၊ စီးတီးက ကီဗင်ကို ထာဝရလက်လွှတ်လိုက်ရပါပြီ။ ကီဗင်နဲ့အတူ သူ့ရဲ့ ဖန်တီးနိုင်စွမ်းတွေရောပေါ့။

ဒီတော့ မေးစရာရှိလာတာက ကီ‌ဗင်ဒီဘရိုင်းနားကွက်လပ်ကို စီးတီးမှာ ဘယ်သူ‌ဝင်ဖြည့်ပေးမလဲဆိုတာပါပဲ။ စီးတီးက ဒီအတွက် ဝှစ်ဗ်နဲ့ သတင်းကြီးခဲ့ပြီး အဆုံးသတ်မှာ ချာကီကို ခေါ်ယူခဲ့တယ်။ ဒီကစားသမားက ပြင်သစ်ရဲ့ Wonder Kid၊ Generational Talent ၊ Maverick ပါ။ ပြီးခဲ့တဲ့ရာသီဥရောပရဲ့ ဖန်တီးမှုအများဆုံးကစားသမားပါ။ ပြောလို့မကုန်တဲ့ ဂုဏ်ပုဒ်တွေနဲ့ လူငယ်ကစားသမားလေးပါ။

ဒါပေမဲ့ ကီဗင်ဒီဘရိုင်းနားကွက်လပ်ကို ဖြည့်ဖို့အတွက်လား။ ဒါဆိုရင်တော့ ဒီချာတိတ်ကို သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ရဦးမှာပါပဲ။ မတတ်နိုင်ဘူး။ ကီဗင်ဒီဘရိုင်းနားရဲ့ ကွက်လပ်က ဒီလောက်တောင်မှ ကြီးတာကိုး။ ဟိုးရှေ့ရှေ့ရာသီတွေလောက်က စတုတ်စီးတီးနဲ့ပွဲမှာ ဆာနေးလ်ကို ဖန်တီးပေးလိုက်တဲ့ ‌Pass မျိုး။ အဲဗာရက်ဇ်ကို ချန်ပီယံလိဂ်မှာ မျှောပေးလိုက်တဲ့ အလုံးမျိုး။ ဘာနာဒိုလ်ကို ကာဆယ်နဲ့ပွဲမှာ ထိုးပေးလိုက်တဲ့ ဖန်တီးမှုမျိုး။ စတာလင်နဲ့ အဂွယ်ရိုကို ခြေထောက်နဲ့ထိရုံနဲ့ ဂိုးရအောင် ဖန်တီးပေးခဲ့တဲ့ မြောက်များလှစွာသော Pinpoint Cross တွေလိုမျိုး။ ဒါတွေက ကီဗင်နဲ့အတူ အစဥ်သဖြင့် မြင်ခဲ့ရတဲ့အရာတွေပါ။ ဒါတောင် ချဲလ်ဆီးကို ဂျေဇူစ့်နဲ့တွဲပြီး ကန်သွင်းခဲ့တဲ့ ဂိုးမျိုး။ Treble ရာသီက ရီးရဲလ်ကို ချေပခဲ့တဲ့ ဂိုးမျိုးကို ထည့်မတွက်ရသေးပါဘူး။ နောက်ထပ်လည်း ကျန်ပါသေးတယ်။ အခုက စိတ်ထဲပေါ်လာသလောက်ကို လက်တန်းချရေးလိုက်ရုံပဲရှိသေးတယ်။

ဆိုတော့ ကီဗင်နေရာ ဝင်လာတဲ့ ကစားသမားဟာ ဒါတွေဒါတွေကို လုပ်ပြနိုင်ဖို့ စီးတီးဖန်တွေ မျှော်လင့်နေမိတာ မဆန်းပါဘူး။ ဒါပေမဲ့ လုပ်ကိုလုပ်ပြရမယ့် တာဝန်တစ်ခုလို သတ်မှတ်လိုက်မယ်ဆိုရင်တော့ ချာကီအတွက် မတရားရာ ကျပါလိမ့်မယ်။ ကီဗင်ဒီဘရိုင်းနားဟာ တခေတ်တယောက်ပေါ်တဲ့ ကစားသမားမျိုးပါ။ ချာကီမှာလည်း ဒါမျိုးဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ပိုင်စတိုင်နဲ့၊ ကိုယ်ပိုင်အရည်အသွေးတွေနဲ့ပါ။

ဒီနှစ်ယောက်ကြားမှာ တူတာရော မတူတာတွေပါ ရှိနေတယ်။ ဘယ်ခြေညာခြေ နှစ်ဖက်လုံးကို ကောင်းကောင်းသုံးနိုင်တာချင်း တူနေတယ်။ အရမ်းကြီး လျင်မြန်တဲ့ ကစားသမားမျိုး မဟုတ်ကြတာချင်း တူနေတယ်။ Kick Power ကောင်းတာချင်း တူနေတယ်။ ဒါပေမဲ့ အဆုံးသတ်စွမ်းရည်ကျ ကီဗင်က ပိုကောင်းပါတယ်။ အလိမ်အခေါက်အားပြုပြီး ကစားနိုင်တဲ့နေရာမှာတော့ ချာကီကတောင် ပိုသာပါတယ်။ ဒါပေမဲ့ နှစ်ယောက်လုံးမှာ ထပ်တူကျနေတာက ဘောလုံးဉာဏ်ရည်ဉာဏ်သွေး၊ Vision နဲ့ ဒီနှစ်ခုကြောင့် ထိုးထွင်းသိမြင်လာသမျှကို လိုက်လုပ်နိုင်တဲ့ ခြေထောက်တစ်စုံကို ပိုင်ဆိုင်ထားတဲ့အချက်တွေပါပဲ။

ဒီဆောင်းပါးမှာတော့ ဒီဘောလုံးဉာဏ်ရည်ဉာဏ်သွေးနဲ့ Vision ကြောင့် ထိုးထွင်းသိမြင်လာတာတွေကို တကယ်အကောင်အထည်ဖော်ပြီး ပြိုင်ဘက်ကို ဒုက္ခပေးခဲ့တဲ့ ချာကီရဲ့ ခြေထောက်တစ်စုံက ထွက်လာတဲ့ Lofted Pass တွေအကြောင်းကို တင်ပြသွားပါမယ်။ ကီဗင်ဒီဘရိုင်းရဲ့ ကွက်လပ်ကို ဒီ Pass တွေက ဘယ်အတိုင်းအတာထိ ဖြည့်ဆည်းပေးနိုင်မလဲသိချင်ရင်တော့ အဆုံးထိသာ ဝင်ဖတ်ကြည့်လိုက်ဖို့ တိုက်တွန်းပါရစေ။

[ REFERENCE:

Rayan Cherki’s lofted passes into the box can help Manchester City fill a Kevin De Bruyne-shaped hole By Thom Harris]



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok