DR SOE HTET AUNG
အလုပ်များသော၊ အားကစားလုပ်ရန် သီးသန့်အချိန်မရသော၊ Gym သွားရန် အခက်အခဲရှိသော အသက် ၃၅ မှ ၆၀ အတွင်း အဝလွန်သူ မိတ်ဆွေများအတွက် အရိုးရှင်းဆုံးအကြံပေးချက်
၁။ အစားလျှော့တာထက် အစားကိုစနစ်တကျရွေးစားဖို့ လိုတယ်ဗျ။ တစ်နေ့တစ်နေ့ ကိုယ့်ပါးစပ်ထဲ ဘာတွေသွင်းနေလဲ ဆင်ခြင်ပါ။
ထမင်းလျှော့ပြီး အသားတိုးစား၊ အရွက်တိုးစားပါ။ ထမင်းပန်းကန်ထဲကို အရွက် ၄ ပုံ ၁ ပုံ၊ အသား၊ငါး၄ ပုံ ၁ ပုံ ထည့်ပြီး အဲ့ဒီအချိုးအဆအတိုင်း စားပါ။ အသားပုံမှန်စားဖို့ ငွေကြေးအခက်အခဲရှိရင် ပဲမျိုးစုံနဲ့ တို့ဟူး၊ ပဲပြား တွေကို အသားအစား အချို့နေ့တွေမှာ စားပါ။ ဗိုက်လည်း ပြည့်၊ အာဟာရလည်း ဖြစ်ပါလိမ့်မယ်ဗျ။ ကျွန်တော်တို့ သိပ်ကြိုက်လေ့မရှိတဲ့ ငါးကလည်း ကျန်းမာရေးအတွက် အလွန်သင့်တော်တယ်ဆိုတာ ထပ်သတိပေးချင်ပါတယ်။
၂။ အချိုရည်ဖြတ်ဖို့ လိုပါတယ်။ လက်ဖက်ရည်လျှော့သောက်ဖို့ လိုတယ်ဗျ။ငါ ဘီယာမသောက်ပဲ ဗိုက်ထွက်နေတယ်ဆိုသူတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်။ တစ်နေ့တစ်နေ့ ရေမဟုတ်တဲ့ အခြားအရည်တွေ ပါးစပ်ထဲ
ဘယ်လောက် ဝင်နေလဲဆိုတာ။
၃။ တစ်ခါ တလေ ဗိုက်မဆာဘဲ ပါးစပ်ယားတာ၊ ပါးစပ်က ဆာတာမျိုး ဖြစ်ဖူးကြလား မသိဘူး။ အဲ့ဒီအခါမှာ အာလူးကြော်၊ကိတ်မုန့်၊ ဘီစကွတ်၊ အချိုရည်၊ ထိုးမုန့်၊ဟာလဝါ၊ ဒိုးနပ် စတဲ့ snack တွေ အစား ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ မြေပဲ ၊ ကြက်ဥပြုတ်၊ ငုံးဥပြုတ်စတဲ့ အာဟာရတန်ဖိုးမြင့်တဲ့ အစားအစာတွေ စားပါ။ အဆာလည်း ပြေ၊ အာဟာရလည်းဖြစ်ပါလိမ့်မယ်။ အသီးအနှံတွေလည်း စားလို့ရပါတယ်။
၄။ အားကစားလုပ်တဲ့အဆင့်မဟုတ်ဘဲ တစ်နေ့တာလုံး လှုပ်လှုပ်ရှားရှား နေခြင်း ကတောင် အဆီမတက်အောင် ကူညီပေးတယ်ဗျ။ ကျွန်တော်တို့ နယ်ဘက်ဆင်းပြီး ဆေးကုတော့ ရွာထဲက အဘွားကြီးတွေ လာပြတာကိုး။( အဘိုးကြီးတွေလာပြတာ နည်းပါတယ်။) ရန်ကုန်သူ၊ရန်ကုန်သားတွေ အသက် ၅၀လောက်ဆို ရောဂါစုံစပြုနေပြီ။ ဆေး ၃၊၄ မျ်ုးသောက်နေရပြီ။ နယ်က အသက် ၇၀ အဘွားကြီးက သွေးပေါင်လည်း ကောင်း၊ ဆီးချ်ုလည်း မရှိ၊ ECG လည်းကောင်း၊ ပိန်ပိန်ပါးပါး သွက်သွက်လက်လက်ဆိုတော့ ကိုယ့်မျက်စိထဲမှာ ထူးဆန်းနေတာ။ အမှန်က လယ်ထဲ၊ ခြံထဲဆင်းပြီး တောက်တောက်တောက်တောက် လုပ်နေတာဆိုတော့ အဆီက သိပ်မတက်တော့ဘူးပေါ့။ တစ်နေ့တာလုံး လှုပ်လှုပ်ရှားရှားနေရင် အဆီကျတာ ပိုမြန်ပါတယ်။ ဘတ်စ်ကားစီးသွားရတဲ့မိတ်ဆွေတွေ တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်ပါ။ အထုတ်အပိုးမပါရင် တော်ရုံတန်ရုံအထပ်မြင့်ကို ရိုးရိုးလှေကားက ရသလောက်တက်ပါ။ online shop လုပ်တဲ့မိတ်ဆွေတွေ customer reply ပြန်တာမျ်ုး၊ ပို့စ်တင်တာမျိုးကို လမ်းလျှောက်ရင်း ရသလောက်လုပ်ကြည့်ပါ။
၅။ အားကစားလုပ်ပါ။ အထက်မှာ ပြောခဲ့တာက အားကစား မဟုတ်သော လှုပ်ရှားမှုကို ဆိုလိုတာ။ ခုပြောမှာက အားကစား သတ်သတ်မှတ်မှတ်လုပ်ဖို့ပါ။ cardio တစ်ပတ် ၅ ရက်လုပ်ပါ။ တစ်ပတ် ၃ ရက်လောက် အလေးမ ပါ။ ( cardio ဆိုတာ လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာ၊ကြက်တောင်၊ ဘောလုံး၊ တင်းနစ် ၊ စင်ဘီးနင်း၊သိုင်း၊ လက်ဝှေ့ စတာတွေပါ) အချိန်မပေးနိုင်ရင် တစ်နေ့ ခြေလှမ်း ၇၀၀၀ လောက်နဲ့ တစ်ပတ် ၅ ရက်လောက် လမ်းလျှောက်၊ ရေမချိုးခင်လေးကို body weight squat (ထိုင်ထ)ကို တစ်ရက်ခြားလောက်လုပ်ရင်ကို အတော်ဟုတ်နေပါပြီ။ ထိုင်ထကို စလုပ်လုပ်ချင်း ၅ ခါပဲ ရရ လုပ်ပါ။ တဖြည်းဖြည်းနဲ့ အခါ ၅၀ ထိ ရအောင် ကြိုးစားပါ။ လမ်းကိုလည်း ခြေလှမ်း ၇၀၀၀ မရရင် ၁၀၀၀ ပဲ ရရ၊ ရသလောက်သာလျှောက်ပါ။ ဝိတ်ချတယ်ဆိုတာ ရေရှည်ခရီးပါ။ စွဲမြဲဖို့ လိုပါတယ်။ ယောက်ျားလေးတွေကတော့ Push up ( ဒိုက်ထိုးတာ) ကိုပါ တစ်ရက်ခြားလုပ်ပါ။
အထက်ပါ အကြံပြုချက်တွေဟာ ဝိတ်လဲချချင်တဲ့၊ ဘယ်ကစလုပ်ရမှန်းလည်း မသိတဲ့ ၊ gym လည်း မသွားနိုင်တဲ့ မိတ်ဆွေတွေကို ခေါင်းမရှုပ်အောင် အရိုးရှင်းဆုံး၊ အထိရောက်ဆုံးအကြံပေးထားတာပါ။ အဆင်ပြေကြပါစေဗျာ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ
ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်
ဒီဆေးက ဒီလိုတော့ ဖြစ်တတ်ပါတယ်။
မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။
ဒီတစ်ခါလူနာက အသက် ၆၅ နှစ်လူနာပါ။ လာပြတာက နှာစေးတာကြာနေလို့ လာပြတာပါ။ လူကို သေချာမေးကြည့်တော့ သူနှာစေးနေတာ ၄ လကျော်လောက်ရှိပြီလို့ ပြောပါတယ်။ နှာရည်တစ်ခါတလေကျပေမယ့် များသောအားဖြင့် နှာခေါင်းပိတ်တာပိုများပါတယ်။ နားနှာခေါင်းအထူးကုနဲ့လည်း ပြဖူးတယ်လို့ ပြောပါတယ်။ နှာခေါင်းထဲမှာ ဆိုးဆိုးရွားရွားပြဿနာမရှိဘူးလို့ သိရပါတယ်။ နှာခေါင်းပိတ်ရင် Topical nasal decongestant (နှာခေါင်းပွင့်ဆေး)လေးထည့်လိုက်၊ steroid nasal spray လေး ဖျန်းလိုက်နဲ့ နေနေတာပါ။ antihistamine လည်း နေ့တိုင်းနီးပါးသောက်နေရပါတယ်။ အဲ့ဒါလည်းခဏပဲ သက်သာပြီး တောက်လျှောက်နှာခေါင်းပိတ်နေတာလို့ လာပြတာပါ။
ကျွန်တော်လည်း လူနာကို သေချာစမ်းကြည့်ပါတယ်။ လူနာက အဲ့ဒီပြဿနာကလွဲရင် ကျန်တာ အိုကေပါတယ်။ သွေးပေါင်ချိန်လည်းကောင်း၊ ဆီးချိုလည်း ကောင်းပါတယ်။ ဆေးမှတ်တမ်းတွေလည်းပါလာပါတယ်။ ဖတ်ကြည့်တော့ လွန်ခဲ့တဲ့ ၅လလောက်က Medical check up စစ်ထားတာတွေ့ရပါတယ်။ HbA1c ၊ renal function ၊ liver function အကုန် ကောင်းပါတယ်။ ultrasound မှာတော့ Fatty liver နဲ့ BPH grade 1 ရှိနေပါတယ်။
သောက်နေတဲ့ ဆေးတွေက
Amlodipine 5 mg od
Tamsulosin 0.4mg hs
Atorvastatin 10mg hs သောက်နေပါတယ်။ နားနှာခေါင်းအထူးကု ပြထားတဲ့ ဆေးမှတ်တမ်းတွေလည်းပါပါတယ်။ ENT assessment မှာလည်း အန္တရာယ်ရှိတဲ့ ရောဂါတွေမတွေ့ရပါဘူး။
လူနာက နှာခေါင်းပိတ်တာကလွဲရင် ကျန်တာဘာမှ မဖြစ်၊ အန္တရာယ်
လက္ခဏာဘာမှ မရှိပါဘူး။ ဒါပေမယ့် ညတိုင်းနီးပါး နှာခေါင်းပိတ်တော့ တော်တော်စိတ်ညစ်နေတာတော့အမှန်ပါ။
အဲ့ဒါနဲ့ လူနာကို နည်းနည်းထပ်ပြီး စပ်စုကြည့်လိုက်တော့ သူနှာခေါင်းပိတ်တာက ညဘက် ၁၀ နာရီခွဲကနေ ၁၂:၃၀/၁ နာရီလောက်မှာအဆိုးဆုံးပါတဲ့။ ဆေးတွေသောက်၊ ဆေးတွေဖျန်းလုပ်ရင်လည်း နောက်နေ့ပြန်ဖြစ်တာပဲတဲ့။ နေ့ဘက်ဆို နေရတာအဆင်ပြေပါတယ်တဲ့။
ကျွန်တော့်အတွက် တော်တော်အဆင်ပြေတာက လူနာ နားနှာခေါင်းဆရာဝန်နဲ့ပြထားတာ၊ assessment လုပ်ထားတာပါ။ ENT assessment လုပ်ပြီးသားမို့ နှာခေါင်းထဲမှာ structural problem မရှိဘူးလို့ ယူဆလို့ရသွားပါတယ်။ ဒါဆိုရင် သူသောက်နေတဲ့ ဆေးထဲမှာ နှာခေါင်းပိတ်စေမယ့် ဆေးပါလားလို့ စစ်ကြည့်တော့ alpha blocker ဖြစ်တဲ့ Tamsulosin သောက်နေတာ သတိထားမိပါတယ်။ အဲ့ဒါနဲ့ သေချာစပ်စုကြည့်တော့ Tamsulosinသောက်တာ ၅ လ လောက်ပဲရှိပါသေးတယ်။ Ultrasound မှာ BPH ရှိလို့ ( ဆီးကျိတ်ကြီးတာရှိလို့) ဖြစ်နိုင်ပါတယ်။ Tamsulosin သောက်မှ သိသိသာသာပိုပိတ်လာတာပါ။ ဆေးသောက်ပြီး ၂ နာရီလောက်အတွင်းမှာ အဆိုးဆုံးပဲလို့ ပြောပါတယ်။
ဒါဆိုရင် တရားခံက Tamsulosin ကြောင့် ဖြစ်နိုင်ပါတယ်။ အဲ့ဒါနဲ့ သေချာအောင် လူနာကို ဆေးခဏရပ်ခိုင်းပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ခုရှိတာက ဆေးဖြတ်မှ လူနာရဲ့ ဆီးကျိတ်ရောဂါလက္ခဏာပိုဆိုးမှာလည်း ကြောက်ရပါသေးတယ်။ အဲ့ဒါနဲ့ လူနာကို ဆီးသွားရခက်တာ၊ ညှစ်ပေါက်ရတာ စတဲ့ obstructive symptoms တွေ ဆေးမသောက်ခင်ကရော ရှိခဲ့လား၊ အခုရော ရှိသေးလား သေချာမေးကြည့်တော့ တစ်ခါမှ မဖြစ်ဖူးကြောင်း ပြောပြပါတယ်။ ဒါဆို လူနာက လက္ခဏာမပြသေးပေမယ့် ultrasound မှာ BPH ရှိလို့ ဆေးကို ဒီတိုင်းပေးလိုက်တာနေပါလိမ့်မယ်။ ဒါဆိုရင် ဆေးခဏဖြတ်ကြည့်လို့ ပြဿနာမရှိလောက်ဘူးလို့ သုံးသပ်ပြီး လူနာကို Tamsulosin ၃ ရက်လောက်ခဏရပ်ကြည့်ဖို့၊ antihistamine ကို နှာမစေးရင်မသောက်ဖို့၊နှာခေါင်းပွင့်ဆေးတွေ၊ ဖျန်းဆေးတွေ ခဏရပ်ထားဖို့၊ ဆီးသွားရခက်တာ၊ ညှစ်ပေါက်ရတာရှိရင် ပြန်လာပြဖို့ သေချာမှာပြီး နောက် ၃ ရက်နေတော့ ပြန်ချိန်းလိုက်ပါတယ်။
နောက် ၃ ရက်နေတော့ လူနာပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လာပါတယ်။ နှာခေါင်းပိတ်တာ တော်တော်အဆင်ပြေကြောင်း ပြောပါတယ်။ ဒါဆို တရားခံက Tamsulosin ဆိုတာ သေချာသွားပြီပေါ့။ လူနာမှာ BPH grade 1 ရှိတယ်ဆိုပေမယ့် alpha blocker ပေးရမယ့် strong indication ရှိမနေတာနဲ့ ဆေးရပ်ခိုင်းလိုက်ပြီး ၊ တစ်ခုခုထူးခြားမှ ပြန်ပြဖို့မှာလိုက်ပါတယ်။
နောက်တစ်ယောက်ကတော့ အသက် ၃၅ နှစ် လူငယ်တစ်ယောက်ပါ။ သူလည်း နှာခေါင်းတွေပိတ်ပြီး အိပ်မရလို့ လာပြတာပါ။ ပိတ်တာလည်း နှာရည်လုံးဝမကျ၊ နှာလည်းမချေဘဲ ဘလိုင်းကြီး ပိတ်နေတာပါ။ သူကတော့ ဆီးလမ်းကြောင်းကျောက်တည်လို့ ဆီးလမ်းကြောင်းခွဲစိတ်အထူးကုရဲ့ ညွှန်ကြားချက်နဲ့ Tamsulosin သောက်နေတာပါ။ သူ့ကတော့ ဆက်ပေးရမယ့်အခြေအနေလည်းဖြစ်နေလို့ ညဘက်အစား ဆေးကို မနက်ပိုင်း ပြောင်းသောက်ခိုင်းလိုက်ပါတယ်။ အဲ့တော့မှ ညဘက်နှာခေါင်းပိတ်ပြီး အိပ်မရတဲ့ ပြဿနာလွတ်သွားပါတယ်။ ဒါပေမယ့် မနက် ၉ နာရီလောက် ဆေးသောက်ရင် ၁၂ နာရီမထိုးခင်လောက်ထိ နှာခေါင်းပိတ်နေပါသတဲ့။
နောက်တစ်ယောက်ကတော့ ကျွန်တော် ဦးနှောက်စားသွားတဲ့ ပြဿနာပါ။ လူနာကတော့ အသက် ၃၆ နှစ် အမျိုးသားပါ။ သူ့ပြဿနာက အဆန်းပါ။ (နားနဲ့မနာ၊ ဖဝါးနဲ့နာဖို့ ကြိုတင် မေတ္တာရပ်ခံပါရစေခင်ဗျား) လင်မယားအတူနေပြီးရင် သူတို့က ကလေးမရအောင် အပြင်မှာပြီးတဲ့ နည်းလမ်း ( Withdrawal method)ကို သုံးပါသတဲ့။ ပြဿနာက သံဝါသပြုပြီးလို့ အပြင်မှာပြီးတဲ့အခါ သုက်ရည်
ထွက်မလာတာပါ။ ပန်းသေပန်းညှိုးလည်း မဟုတ် ၊လိင်တံမာတင်းမှုလည်း အပြည့်အဝရှိတယ်။ ကြာကြာလည်းဆက်ဆံနိုင်တယ်။ ပြီးမြောက်သွားတဲ့ ခံစားမှုလည်း ရတယ်။ သုက်ရည်ပဲ အပြင်
ထွက်မလာတာပါ။ မသင်္ကာလို့ ကိုယ့်ဘာသာ တစ်ကိုယ်ရည်အာသာဖြေကြည့်တော့လည်း အဲ့ဒီလိုပါပဲ။ ပြီးသွားတယ်။ ဘာမှ ထွက်မလာပါဘူး။ လူနာခမျာ သုက်ပဲ ခန်းသွားတာလား၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ လူဖြစ်ရှုံးပြီလားဆိုပြီး စိတ်ပူလို့ လာပြတာပါ။ ကျွန်တော်လည်း ဒီလိုပြဿနာမျိုး စာတွေ့ရော၊ လက်တွေ့ရော မကြုံဖူးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးပေါ့။ အဲ့ဒါနဲ့ အင်တာနက်မှာ Ej*******on without semen emission လို့ ရိုက်ရှာကြည့်လိုက်ပါတယ်။ အဲ့တော့မှာ Retrograde ej*******on ကြောင့် ဖြစ်တာဆိုပြီးတွေ့ရပါတယ်။ မြန်မာလိုဆို သုက်ရည်က အပြင်မထွက်ဘဲ ဆီးအိမ်ထဲကို ပြန်ဝင်သွားတာပေါ့။ သူ့ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေရှာကြည့်တော့ Urosurgical procedures, Autonomic neuropathy, spinal cord disease, alpha blockers ဆိုပြီးတွေ့ရပါတယ်။ လူနာက အရွယ်ကောင်း၊ ရောဂါအခံမရှိ၊ သန်သန်မာမာ ၊ ခွဲစိတ်ထားတဲ့ ရာဇဝင်မရှိပါဘူး။ သောက်နေတဲ့ဆေးတွေရှိမရှိမေးတော့မှ ဆီးလမ်းကြောင်းကျောက်တည်လို့ Tamsulosin သောက်နေတာ ပေါ်လာပါတယ်။ သောက်နေတာတော့ ၂ ပတ်လောက်ရှိပါပြီ။ ဆီးလမ်းကြောင်းခွဲစိတ်အထူးကု ညွှန်းထားတာပါ။ ဒီဆိုရင် Tamsulosin ကြောင့် Retrograde ej*******on ဖြစ်ပြီး လူနာ dry or**sm ရတာဖြစ်မှာပေါ့။ လူနာက ခုတော့ ဆီးကျောက်ကြောင့် အောင့်တာနာတာ ဘာမှ မဖြစ်တော့ပါဘူး။အဲ့ဒါနဲ့ လူနာကို Tamsulosin ကြောင့် ဖြစ်နိုင်ကြောင်းပြောပြီး၊ ဆေး ၂ရက်လောက်ရပ်ပြီး ပြန်စမ်းကြည့်ဖို့ ပြောလိုက်ပါတယ်။ နောက်နေ့ လူနာပြန်လာပြီး အကုန်အဆင်ပြေသွားပြီ၊ အရင်အတိုင်းပြန်ဖြစ်သွားပြီးဖြစ်ကြောင်း ပြောပြပါတယ်။ လူနာရော၊ ဆရာဝန်ရော စိတ်အေးသွားတာပေါ့ဗျာ။ဆေးကိုတော့ ဆီးလမ်းကြောင်းခွဲစိတ်နဲ့ ရက်ချိန်းပြမယ့်နေ့အထိ ဆက်သောက်ခိုင်းလိုက်ပါတယ်။
ကျွန်တော်ပြောချင်တာလေးတွေက
၁။ Tamsulosin , doxazosin, prazosin စတဲ့ alpha blocker အုပ်စုဝင်ဆေးတွေသည် ဆီးကျိတ်ကြီးတဲ့လူနာတွေ၊ ဆီးလမ်းကြောင်းကျောက်တည်တဲ့ လူနာတွေမှာ အလွန်
အသုံးဝင်တဲ့ ဆေးစွမ်းကောင်းပါ။ ဆီးပေါက်ရခက်တဲ့ ပြဿနာကို လျော့စေတယ်။ ကျောက်ကျစေတယ် စသဖြင့် ကောင်းကျိုးတွေအများကြီးပါ။
ဒီပို့စ်မှာ Tamsulosin ရဲ့ ဘေးထွက်ဆိုးကျိုးတွေချည်းပဲ ရေးထားသလို ဖြစ်သွားပါတယ်။ ဘေးထွက်ဆိုးကျိုးလုံးလုံးမရှိတဲ့ ကုသမှု မရှိပါဘူးဆိုတာ ပြောပါရစေ။ ရမယ့် ကောင်းကျိုးနဲ့ ဖြစ်နိုင်ချေရှိတဲ့ ဘေးထွက်ဆိုးကျိုးကို ချိန်ဆပြီး ကောင်းကျိုးရမယ့်ဘက်က အလေးသာလို့ ဆေးပေးတာပါ။ ဒီပို့စ်ဖတ်ပြီးလို့ ကြောက်လန့်တကြားနဲ့ သောက်နေတဲ့ Tamsulosin ကို ကိုယ့်သဘောနဲ့မရပ်ဖို့ အလေးအနက်မှာပါရစေ။
၂။ Tamsulosin သောက်နေတဲ့ လူနာ နှာခေါင်းပိတ်တိုင်း တရားခံက ဒင်းပဲဆိုပြီး တထစ်ချမတွက်ဖို့ သတိပေးပါရစေ။ နှာခေါင်းပိတ်တဲ့အကြောင်းရင်းမှာ အဖြစ်များဆုံးက Local ENT problems ပါ။ Allergic rhinitis, Vasomotor rhinitis,nasal polyps, rhinosinusitis စတဲ့ cause တွေ အရင် exclude လုပ်ဖို့လိုပါတယ်။ အဲ့ဒါတွေ exclude လုပ်ပြီးလို့မှ၊ ကုသပြီးလို့မှ မသက်သာရင်တော့ alpha blocker ကြောင့် များဖြစ်နေမလားဆိုတာလေး သတိရရင် ကျွန်တော်ကျေနပ်ပါပြီ။ နောက်တစ်ချက်က alpha blocker စသောက်တဲ့ အချိန်နဲ့ symptom ပြတဲ့အချိန်နဲ့ ကိုက်မကိုက် ပြန်သုံးသပ်ဖို့လိုပါသေးတယ်။ အခြား cause တွေလည်း exclude လုပ်ထားတယ်၊ လူနာကလည်း alpha blocker စပြီးတော့မှ နှာခေါင်းသိသိသာသာပိတ်လာတာဖြစ်တယ်၊ဆေးရပ်လိုက်တော့ နှာခေါင်းပိတ်တာသက်သာသွားရင်တော့ alpha blocker ကြောင့် လို့ ရဲရဲပြောနိုင်ပါပြီ။
၃။ alpha blocker ကြောင့် နှာခေါင်းပိတ်တာဆိုရင်တော့ ဆေးရပ်မှ ပျောက်မှာဖြစ်ပါတယ်။ ဆေးမရပ်မချင်း ပိတ်နေဦးမှာပါပဲ။ တစ်ခုရှိတာက ဒီလူနာကို alpha blocker ဘာအတွက်ပေးထားတာလဲဆိုတာ ပြန်သုံးသပ်ဖ်ု့တော့လိုပါတယ်။ ဆေးရပ်လို့ရတဲ့ အခြေအနေလား၊ ဆေးရပ်ရင် ဒုက္ခရောက်နိုင်မယ့် အခြေအနေလား ပေါ့။ ဆေးက ယာယီပေးထားတာဆို ပြဿနာသိပ်မရှိပေမယ့်၊ တစ်သက်လုံးသောက်ရမှာဆို တစ်သက်လုံးနှာခေါင်းပိတ်ပြီး တစ်သက်လုံးအိပ်ရေးပျက်ရမယ်ဆို မစားသာပါဘူး။ အဲ့ဒီလိုမျိုးဆို alpha blocker ကို အချိန်ပြောင်းပြီး သောက်ခိုင်းလို့ရပါတယ်။ ဥပမာ Tamsulosin ကို ပုံမှန်အားဖြင့် postural hypotension မရအောင် ညဘက် ပေးလေ့ရှိပေမယ့် နှာခေါင်းအရမ်းပိတ်ရင် မနက်ပိုင်းကို ပြောင်းသောက်ခိုင်းတာမျ်ုး လုပ်လို့ရပါတယ်။ နှာခေါင်းပိတ်တာတော့ ပိတ်မှာပါပဲ။ ဒါပေမယ့် ညဘက်နှာခေါင်းပိတ်တာလောက်တော့ ဒုက္ခမရောက်တော့ဘူးပေါ့။
၄။ Retrograde ej*******on နဲ့ ပက်
သက်လို့ ပထမတစ်ခါကြုံဖူးတာက အသက် ၇၉ ကျော် အဘိုးကြီး ဆီးအရောင်မကောင်းလို့ လာပြတာပါ။ အဘိုးကြီးက ဆီးချိုလည်းရှိတော့ UTI လား၊ proteinuria လားပေါ့။ မေးကြည့်တော့ ဆီးအရောင်နောက်တာကလွဲရင် ကျန်တာဘာမှ မရှိပါဘူး။ အဲ့ဒါနဲ့ urine RE စစ်တော့ ဆီးထဲမှာ spermatozoa တွေ ပါလာတာတွေ့ရတော့ ကျွန်တော်လည်း ကြောင်သွားပါတယ်။ စာပြန်ဖတ်ကြည့်တော့မှ retrograde ej*******on မှန်းသိတာပါ။ ဒုတိယတစ်ခါကတော့ အပေါ်မှာရေးခဲ့တဲ့ Dry or**sm ရတဲ့လူနာပေါ့။ alpha blocker ကြောင့် retrograde ej*******on ရတာ၊ dry or**sm ရတာသည် reversible ဖြစ်ပါတယ်။ ဆေးရပ်လိုက်ရင်ပြန်ကောင်းပါတယ်။ မကြုံဖူးတဲ့မိတ်ဆွေတွေအတွက် မျှဝေပေးတာပါခင်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ
ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ်-၄၊ အောင်မာဃလမ်း၊(၁) ရပ်ကွက်၊ လှိုင်မြို့နယ်
Hypothyroidism လူနာများအတွက် စကားလက်ဆောင်( လိုတိုရှင်း)
၁။ Levothyroxine ကို အစာမစားခင် ၁ နာရီ ခွါသောက်တာ အကောင်းဆုံးပါ။ ကျွန်တော်တို့ လူနာတွေက ဆေးဆို စားပြီးသောက်တာ အကျင့်ပါနေလို့ သတိပေးတာပါ။ စားပြီးမှ သောက်ဖို့သတိရရင် ၄ နာရီအထိ ခွါဖို့လိုပါတယ်။ အစားအစာက ဆေးစုပ်ယူမှုကို လျော့ကျစေလို့ပါ။
၂။ ရက်ချိန်းမှန်မှန်ပြပါ။ အစောပိုင်းကာလမှာ TSH ကို ၂ လတစ်ခါ၊၃ လ တစ်ခါ စစ်ဖို့လိုပါတယ်။ နောက်ပိုင်း stable ဖြစ်လာရင် ၆ လ တစ်ခါ ၊ ၁ နှစ်တစ်ခါ စစ်ရင်ရပါပြီ။
၃။ အသား၊ငါး၊ဥအမျိုးမျိုး၊အသီးအနှံအစုံစားပါ။ အာဟာရမျှတအောင်စားပါ။ Supplement group တွေ ပြောနေတဲ့ selenium တို့၊ zinc တို့၊ ironတို့၊ iodine တို့ အကုန်ပါသွားပါလိမ့်မယ်။ supplement မဖြစ်မနေသောက်စရာမလိုပါဘူး။ လက်ရှိ သိုင်းရွိုက်ကုသရေး guidelines တွေမှာလည်း selenium ကို hypothyroidism လူနာတိုင်း မဖြစ်မနေပေးဖို့ မညွှန်းထားပါဘူး။ ဒီဓာတ်တွေက trace elements လို့ ခေါ်
တယ်။ များရင်အန္တရာယ်ရှိနိုင်ပါတယ်။ အာဟာရပြည့်ဝအောင်မစားနိုင်လို့ ဒီ
ဓာတ်တွေ ချို့တဲ့ရင်တော့ ပေးလို့ရပါတယ်။
၄။ အားကစားပုံမှန်လုပ်၊ အဆီအဆိမ့်၊ ချိုလွန်း၊ ငန်လွန်းတာတွေ ရှောင်ပါ။ Hypothyroidism ရှိရင် နှလုံးသွေးကြောကျဉ်းနိုင်၊ ပိတ်နိုင်ခြေ သာမန်ထက် မြင့်မားလို့ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ။
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ
ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်
အိမ်မှာသွေးပေါင်ချိန်စက်ရှိတယ်။ သွေးကျဆေးမသောက်ခင်မှာ သွေးပေါင်ချိန်တယ်။။ကောင်းနေရင်မသောက်ဘူး။ အဲ့ဒါမှန်လား၊မှားလား။
မှားပါတယ်။
ဒီအမှားက အိမ်မှာ သွေးပေါင်ချိန်စက် ဝယ်ထားတဲ့သူ အယောက် ၁၀၀ မှာ ၈၀ အထက် လုပ်မိတဲ့ အမှားပါ။
သွေးပေါင်ချိန်စက်ဝယ်ထားတဲ့ မိတ်ဆွေတွေကို တစ်ခုမေးချင်ပါတယ်။သွေးပေါင်ချိန်စက်အသစ်ကို ပါကင်ဖွင့်ရင် စက်အသုံးပြုပုံပြုနည်းတွေ၊ဆောင်ရန်ရှောင်ရန်တွေကို လမ်းညွှန်ထားတဲ့ စာအုပ်ငယ်လေးပါတယ်ဗျ။OMRON အမျိုးအစားစက်မှာဆို မြန်မာလိုပါရေးထားတယ်။ အဲ့ဒီစာအုပ်လေးကို သေချာဖတ်ကြည့်ဖူးလား။
အဲ့ဒီစာအုပ်ရဲ့ ရှေ့ဆုံးနားမှာ “ဒီစက်နဲ့ သွေးပေါင်ချိန်ပြီး ဆရာဝန်လမ်းညွှန်
ချက်မပါဘဲ ကိုယ့်ဘာသာဆေးအတိုးအလျှော့မလုပ်ပါနဲ့” လို့ ပေါ်တင်ကို ရေးထားတယ်ဗျ။( စာသားအတိအကျမမှတ်မိပေမယ့် အဲ့ဒီသဘောအတိုင်း သေသေချာချာရေးထားတာပါ)
စက်ကို ထုတ်တဲ့ ကုမ္ပဏီက သတိပေးထားတာနော်။ ကျွန်တော့်စကားမဟုတ်ဘူး။
နောက်တစ်ခုပြောချင်တာက သွေးကျဆေးတွေရဲ့ ဆေးအရှိန်စတက်ချိန်၊ ကိုယ်ထဲမှာ ဆေး အလုပ်လုပ်ချိန်၊ ဆေးအရှိန်ပျယ်ချိန် တွေကို မဖြစ်မနေသတိပြုဖို့လိုတယ်ဗျ။
ဥပမာ ပြောရရင် အများသိကြတဲ့ သွေးကျဆေး Amlong 5 ဆိုပါတော့။ Amlong 5 ရဲ့ အာနိသင်ဟာ အကြမ်းဖြဉ်း ၂၄ နာရီကျော်လောက် ခံပါတယ်။ ဆိုလိုတာက ဒီနေ့နံနက် ၈:၃၀ မှာ ဆေးသောက်ထားရင် နောက်နေ့နံနက် ၈:၃၀ လောက်အထိ ဆေးအရှိန်က ရှိနေဦးမှာပါ။ သွေးပေါင်ချိန်လည်း ကောင်းနေဦးမှာပါပဲ။ အဲ့ဒါကို သွေးပေါင်ကောင်းနေပြီထင်ပြီး ဆေးမသောက်တော့ရင် ဆေးအရှိန်ပြယ်တာနဲ့ သွေးပေါင်တက်လာမှာ အသေအချာပါပဲ။ ကြာရင် Amlong 5 နဲ့ ဆေးမတိုးတော့ဘူးဆိုတဲ့ ဇာတ်လမ်းတွေ ကြားရပါလိမ့်မယ်။ ဆေးကို အချိန်မှန် မပျက်မကွက်သောက်မှသာ ဆေးပတ်လည်ပြီး သွေးပေါင်ချိန်လည်း ၂၄ နာရီပတ်လုံး ကောင်းနေမှာပါ။
အချို့ကျတော့ သွေးကျဆေး အပြင်းစားနဲ့ အပျော့စား နှစ်မျိုးဆောင်ထား။ သွေးပေါင်ချိန်ကြည့်လို့ တက်နေရင် ဆေးအပြင်းသောက်၊ ကျနေရင် ဆေးအပျော့သောက်တဲ့ အဖွဲ့တစ်ဖွဲ့လည်း သပ်သပ်ရှိသေးတယ်ဗျ။ ဥပမာ- သွေးပေါင်ဘယ်လောက်ဆို Amlong 5၊ ဘယ်လောက်ဆို Amlong 10 ပေါ့။ ဒါလည်း အယူအဆမှားပါပဲ။ အပေါ်က ဟာကို ပြန်ဖတ်ကြည့်ပါဗျ။
အဲ့ဒီတော့ လိုရင်းချုပ်ရရင်
၁။ သွေးတိုးရှိတာ သေချာပြီ ဆိုရင် ဆေးမပြတ်တမ်းသောက်ပါ။ သွေးပေါင်မှန်နေရင်လည်း ဆေးဆက်သောက်ပါ။
၂။ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ လိုတိုးပိုလျှော့ မလုပ်ပါနဲ့။ ကုပေးတဲ့ဆရာဝန်အပေါ် ယုံကြည်မှုရှိပါ။ ဆရာဝန်ကလည်း လူနာသဘောပေါက်အောင် ရှင်းပြဖို့လိုပါတယ်။
၃။ရက်ချိန်းမှန်မှန် ပြဖို့လိုပါတယ်။ များသောအားဖြင့် ဆရာဝန်တွေဟာ သွေးပေါင်ကို ဝုန်းခနဲ ချလေ့မရှိပါဘူး။ လူနာခံနိုင်ရည် ရှိအောင် တဖြည်းဖြည်းချင်းသာ ဆေးကို တိုးသွားလေ့ရှိပါတယ်။ ယေဘုယျအားဖြင့် အခြားပြဿနာမရှိရင် ၂ ပတ်တစ်ကြိမ် ချိန်းပြီး ဆေးညှိလေ့ရှိပါတယ်။ ချိန်းတဲ့ရက်ကို မပျက်မကွက် ပြဖို့လိုပါတယ်။
၄။ လေ့ကျင့်ခန်းလုပ်ဖို့၊ အငန်လျှော့စားဖို့၊ ဆေးလိပ်ဖြတ်ဖို့ကတော့ မပါမဖြစ်ပါ။
အားလုံးအဆင်ပြေကြပါစေ။
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ
ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်
အားကစား မှန်မှန်လုပ်ပါ။
- ဆီးချို ဆေးတွေက ဆီးချိုပဲ ကျတယ်။ သွေးတိုး မကျဘူး။
- သွေးတိုးကျဆေးတွေက သွေးတိုးပဲ ကျတယ်။ သွေးတွင်း အဆီမကျဘူး။
- သွေးတွင်းအဆီကျဆေးက သွေးထဲကအဆီပဲကျမယ်။ ခွန်အား၊ သန်မာမှု ၊ နုပျိုမှုတို့ကို မပေးနိုင်ပါဘူး။
- အားလုံး အကျိုးရှိစေမယ့်၊ ခဲ တစ်လုံးနဲ့ ငှက်တွေ အများကြီး ထိစေမယ့် အရာက အားကစားပါ။
များများမလုပ်နိုင်ရင်တောင် တစ်နေ့ ခြေလှမ်း ၃၀၀၀ လောက်က စလျှောက်ကြည့်ပါ။ တစ်ပတ် ၄ ရက်ပဲစလုပ်ကြည့်ပါ။တဖြည်းဖြည်းချင်း တိုးသွားပါ။ မလောပါနဲ့။ ၇၀၀၀ ကျော်လောက် လျှောက်နိုင်အောင် လုပ်ပါ။
ဘာအကျိုးကျေးဇူးရှိလဲ မမေးနဲ့။ မိတ်ဆွေ တစ်နေ့တာလုံး လန်းဆန်းမယ်။ စားဝင်အိပ်ပျော်မယ်။ဆီးချိုသွေးတိုး ဖြစ်ခါစဆို ဆေးမလိုဘဲ ကောင်းသွားနိုင်တယ်။ ဖြစ်နေပြီဆိုရင်လည်း ဆေးတွေ ပိုတိုးမလာဘဲ လျော့လာမယ်။ ဆေးရုံဆေးခန်းဝေးသွားမယ်။ သူများအိပ်ယာထဲလဲနေချိန် ကိုယ်မလဲသေးဘူး။ လုပ်ကြည့်ကြစမ်းပါဗျာ။
#ဆီးချိုသမားတို့အတွက်၃လကျန်းမာရေးစောင့်ရှောက်မှု
ဆေးခန်းနေရာ ပြောင်းရွှေ့ကြောင်း အသိပေးခြင်း
လက်ရှိ အမှတ် ၇၉၊မယ်ဇီကုန်းလမ်း၊၈ ရပ်ကွက်၊ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားသော ဆုလာဘ်-၂ အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေးကို ၁.၆.၂၀၂၆ မှ စ၍ အမှတ် ၄၊ အောင်မာဃလမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ် ( ဘူတာရုံလမ်းနှင့် အောင်မာဃလမ်းထောင့်အနီး) သို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း မိတ်ဟောင်းမိတ်သစ်များကို အသိပေးအပ်ပါသည်ခင်ဗျား။
ဘယ်လိုဆီးချိုဆေးတွေက ဆီးချိုထိုးကျတတ်လဲ။
ဆီးချိုထိုးကျတတ် ၊ Hypoglycaemia ရတတ်တဲ့ ဆီးချိုဆေးက ၂ ခုပဲ ရှိပါတယ်။
၁။ အင်ဆူလင်ထိုးဆေး
၂။ sulphonyl urea အုပ်စုဝင်သောက်ဆေးတွေ ( Gliclazide, Glepizide ,Glimipiride) ဆေးတွေပါ။
ကျန်ဆီးချိုဆေးတွေက ဆီးချိုထိုးမကျတတ်၊ hypoglycaemia မရတတ်ပါဘူး။
ဒါပေမယ့် အထက်က ဆေး ၂ ခုသောက်နေတဲ့ လူနာတွေမှာဆိုရင်တော့ အဲ့ဒီဆေး ၂ ခုရဲ့ ဆီးချိုကျစေတဲ့ အာနိသင်ကို အားပေးနိုင်ပါတယ်။
လေးစားလျက်
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ
ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်
လှိုင်မြို့နယ်ရှိ ဓာတ်ခွဲခန်းတွင် sample ကောက်ပေးရန် runner တစ်ဦး အလိုရှိပါသည်။
Job position
Delivery Staff
Male/Female - 1 post
Job Requirement
☑️ ပညာအရည်ချင်း အနည်းဆုံး အလယ်တန်း အောင်မြင်ရမည်။
☑️သွက်လက်ချက်ချာပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
☑️စကားပြောပြေပြစ်၍ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
ှင့် စက်ဘီးကောင်းမွန်စွာ စီးနိုင်သောသူကို ဦးစားပေးမည်။
# #ဆေးရုံ ၊ဆေးခန်း၊ ဓါတ်ခွဲခန်းများတွင် runner. လုပ်ခဲ့ဖူးသူများ ပို၍ ဦးစားပေးမည်။
Benefits
-Salary - 400000
-Performance allowance +++
-OT+++
CV form များကို
Viber ph. 09793849732
[email protected]
19/04/2026
အင်ဆူလင် ထိုးရမှာ မကြောက်ကြပါနဲ့။
ဒီလူနာဆို အမျိုးအစား-၂ ဆီးချို။ ကျွန်တော့်ဆီရောက်လာတော့ RBS က Hi ( ဆီးချို ၆၀၀ ကျော်)၊ HbA1c ( ၃ လဆီးချို) က 10.6 ဖြစ်နေတယ်။ သောက်ဆေး ၃ မျိုးအထိ သောက်နေတဲ့ကြားက ကို ဖြစ်နေတာ။
Insulin glargine ကို basal insulin regime နဲ့ 0.2 units per kg ကို အိပ်ယာဝင်ခါနီး ထိုးခိုင်းတယ်။ ဆေး ညှိနည်းကို သူ့သမီးကို သင်ပေးလိုက်တယ်။၃ လ လောက်နေတော့ HbA1c က 7 ထိ ကျသွားသလို လူလည်းနေလို့ကောင်းလာ၊ အသားအရည်လည်းကောင်းလာပါတယ်။
ဆီးချိုရှိတဲ့ မိတ်ဆွေတွေကို အဓိက စကားလက်ဆောင်ပါးချင်တာက
၁။ အင်ဆူလင်ထိုးရမှာ မကြောက်ပါနဲ့။ အင်ဆူလင် ထိုးသင့်တာ မထိုးဘဲ ပေနေလို့ လေဖြတ်တာ၊ ခြေထောက်တွေ ပုတ်ကုန်တာ၊ ကျောက်ကပ်ဆေးရတဲ့ဘဝရောက်သွားတာ တစ်ပုံကြီးပါ။
၂။ အုတ်အကြောင်းသိချင်ရင် အုတ်
ဖုတ်တဲ့သူကိုမေး၊ ပန်းရံဆရာကိုမေး၊ အင်ဂျင်နီယာကိုမေး၊ ဆောက်လုပ်ရေးလောကထဲကလူကိုမေးမှ သေသေချာချာသိရမှာပါ။ အပြင်လူကို သွားမေးရင် တလွဲတွေဖြစ်ကုန်မှာပေါ့။ အဲ့ဒီလိုပါပဲ။ အင်ဆူလင်
အကြောင်းသိချင်ရင် ဒီဆေးအကြောင်း ဂဃနဏလေ့လာထားတဲ့ ဆရာဝန်ကိုမေးရမှာဖြစ်ပါတယ်။ ခုတော့ လူတွေက ဆရာဝန်တွေ သေချာရှင်းပြတာကို မယုံဘဲ “ အင်ဆူလင်ဆိုတာ ဂိတ်ဆုံးဆေး၊ အင်ဆူလင်ပေးရင် ဘာထိတယ်၊ ညာထိတယ်” ဆိုပြီး အရပ်ထဲမှာ လျှောက်ပြောနေကြတာကို ယုံနေကြတာ အလွဲကြီးလွဲနေတယ်ဆိုတာ ပြောချင်ပါတယ်။ ဆေးအကြောင်းကို ဆေးကုနေတဲ့ဆရာဝန်ထက် အပြင်လူက ပိုမသိနိုင်ပါဘူး။
၃။ အင်ဆူလင်ထိုးသူတွေမှာ ကြုံရတဲ့ပြဿနာတစ်ခုက ဆရာဝန်က “အင်ဆူလင်ကို ဘယ်လောက် ယူနစ်ထိုး”ဆိုပြီး ပဲ ရေးပေးပြီး ဆေးညှိနည်း မသင်ပေးလိုက်တာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဆရာဝန်တွေဘက်က အချိန်ယူပြီး ဆေးထိုးပုံထိုးနည်းလူနာကိုသင်ပေးကြဖို့၊ ရှင်းပြဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အင်ဆူလင်ထိုးသာထိုးနေတယ်၊ ဆီးချိုလည်း မကျဘူးဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာမှာပါ။ လူနာအနေနဲ့လည်း ဆေးအပေါ်၊ ဆရာဝန်ရဲ့ကုသမှုအပေါ် ယုံကြည်မှုလျော့နည်းသွားနိုင်ပါတယ်။ Insulin ညှိနည်းကို Insulin Myanmar Guidelines မှာ ဖတ်ကြည့်လို့ရပါတယ်။
၄။ နောက်ပြဿနာက ဆရာဝန်က ဆေးညှိနည်းသေချာပြောပေမယ့် လူနာက ပြောသလိုမလုပ်တာ၊ ညွှန်ကြားသလို မထိုးတာပါ။ အဲ့ဒါလည်း မတွေ့ချင်မှ အဆုံးပါပဲ။ ဆီးချို ၁၀၀ ကျော်ကို ကြောက်လို့မထိုးရဲတာနဲ့( အမှန်က ဆေးညှိနည်းသေချာသင်ထားပြီး နားလည်သွားရင် ထိုးကိုထိုးရဲပါတယ်။) ။ဆေးထိုးဖို့ မေ့နေရတာနဲ့။ ဆီးချိုကောင်းနေလို့ ကိုယ့်ဘာသာ ဆေးရပ်ပြီး မက်ဖော်မင်ပြောင်းသောက်နေတယ်ဆိုတဲ့ ဆရာ့ဆရာကြီးတွေနဲ့ ။ တကယ့်ကို ကြုံပလေဘုံပွေပါပဲ။ ဆရာဝန်ပြောသလို တိတိကျကျလုပ်ဖို့ တိုက်တွန်းလိုပါတယ်။
အားလုံးအဆင်ပြေကြပါစေဗျာ။
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ
ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်
#ဆီးချိုသွေးချိုနှင့်မြန်မာဥပုသ်-၇
ဆီးချိုရောဂါသည်များ ဥပုသ်ကာလ မှာ အင်ဆူလင် ဘယ်လို ညှိမလဲ။ အပိုင်း-၂
-mixed insulin (အင်ဆူလင် အကြည်နှင့် အနောက်ရောထားသော အင်ဆူလင်) ထိုးနေသူများ ဆေးညှိနည်း
ဒီထိုးနည်းကိုလည်း မြန်မာနိုင်ငံက အင်ဆူလင်ထိုးနေတဲ့ ဆီးချိုရောဂါသည်တွေ ရင်းနှီးကျွမ်းဝင်ကြပါတယ်။ ဘာ အင်ဆူလင်ထိုးလဲ လို့ မေးရင် mixtard ထိုးနေတယ်။ Novomix 30 ထိုးနေတယ် စသဖြင့် လူနာတွေ ဖြေလေ့ရှိတာ ဒီထိုးနည်းပါပဲ။
အမှန်က mixtard တို့၊ Novomix 30 တို့ဆိုတာ ကုမ္ပဏီကထုတ်တဲ့ အမှတ်
တံဆိပ်တွေပါ။ အခြား အလားတူ အာနိသင်တူ တံဆိပ်တွေ ရှိပါသေးတယ်။ Biosulin 30၊ Wosulin 30၊ Insunova 30 စတဲ့ နာမည်ပေါင်းစုံ ရှိပါတယ်။
Pre-mixed insulin ကို အများအားဖြင့် တစ်နေ့ ၂ ခါ ထိုးလေ့ရှိပါတယ်။ အများအားဖြင့် နံနက်ခင်းထိုးတဲ့ dose က ညနေခင်းထိုးတဲ့ dose ထက် ပိုများလေ့ရှိပါတယ်။ တစ်နေ့ တစ်ကြိမ် ထိုးတာ၊ တစ်နေ့ ၃ ကြိမ်ထိုးတာလည်း ရှိပါတယ်။
၁။ တစ်နေ့ တစ်ကြိမ်ထိုးရင် နံနက်မှာ ထိုးပါ။ ထိုးနေကျ ယူနစ်အတိုင်း ဆက်ထိုးနိုင်ပါတယ်။
၂။ တစ်နေ့ ၂ ကြိမ်ထိုးရင် မနက်ဆေးကို ပုံမှန်ထိုးနေကျအတိုင်း ထိုးပါ။ ညနေဆေးကို ရပ်ပါ။
၃ရက်တစ်ခါ ဆေးညှိဖို့လိုပါတယ်။ ဆေးညှိဖို့အတွက် နေ့လယ်စာ မစားခင် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ဆီးချိုစစ်ဖို့လိုပါတယ်။
- ဆီးချို ၈၀ အောက်ဆို နံနက်မှာ ထိုးမယ့် Insulin ကို နဂိုထက် ၂ units လျှော့ထိုးပါ။
- ဆီးချို 80နဲ့ 140ကြားဆို insulin အပြောင်းအလဲ လုပ်စရာမလိုပါ။ နဂို ထိုးနေကျအတိုင်း ဆက်ထိုးပါ။
- ဆီးချို 140 ကျော်ရင် Insulin ကို နဂိုထက် 2 units တိုးထိုးပါ။
အရေးကြီးတာတစ်ခုက ဆေးကို နေ့တိုင်းမညှိရပါဘူး။ ၃ရက် တစ်ခါသာ ညှိရပါမယ်။ ဆီးချိုကို ၃ ရက်ဆက်တိုက်စစ်ပြိး မှတ်တမ်းလုပ်ထားပါ။ အငယ်ဆုံးဆီးချိုတန်ဖိုးကို ယူပြီး ဆေးညှိပါ။
Pre-mixed insulin တစ်နေ့ တစ်ကြိမ်နဲ့ ဆီးချိုမထိန်းနိုင်ရင်တော့ basal bolus regimen ပြောင်းထိုးသင့်ပါတယ်။ အဲ့ဒါကတော့ နီးစပ်ရာ သမားတော်နဲ့ တိုင်ပင်ဖို့လိုပါတယ်။
ဒီလောက်ဆို ဥပုသ်ကာလမှာ Premixed insulin ညှိနည်းကို သဘောပေါက်လောက်ပါပြီ။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အလုပ်ကိစ္စတွေ မအားလို့ အခုမှ တင်ဖြစ်တာ ခွင့်လွှတ်ကြပါခင်ဗျ။
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ
ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်
Click here to claim your Sponsored Listing.