Excel Myanmar
Reporting Automation ကိုခုမှစလုပ်မယ့်
ကလေးတွေအတွက်ပါ 🎈🎈🎈
အပိုင်း ၄ ရောက်ပြီဆိုတော့ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ Automation စနစ်ကြီးကို "ရေရှည်ခိုင်မြဲအောင် ဘယ်လို ထိန်းသိမ်းမလဲ" ဆိုတဲ့ အပိုင်းကို တက်လှမ်းကြရအောင်ဗျာ။
လူတော်တော်များများက Automation တစ်ခု လုပ်ပြီးသွားပြီဆိုရင် "ပြီးပြီဟေ့" ဆိုပြီး လက်ခါထုတ်လိုက်ကြတာ များတယ်ဗျ၊ တကယ်တော့ အဲဒါက အစပဲ ရှိသေးတာဗျာ။
နည်းပညာလောကမှာ "Technical Debt" ဆိုတဲ့ စကားရှိတယ်ဗျ၊ ဒီနေ့ ကျွန်တော်တို့ အလွယ်တကူ တည်ဆောက်လိုက်တဲ့ စနစ်လေးက နောင်တစ်ချိန်မှာ ပြုပြင်ရခက်တဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်မလာစေဖို့ အခုကတည်းက အမြော်အမြင်ရှိရှိနဲ့ စဉ်းစားထားရမှာပါဗျာ။
အဓိက အချက်ကတော့ ကျွန်တော်တို့ရဲ့ Workflow ကြီးက ပြောင်းလဲနေတဲ့ Data ပုံစံတွေကြားမှာ "ကျည်ကာ" (Resilient) ဖြစ်နေဖို့ပဲဗျ။
အဲဒီတော့ ပထမဆုံး အနေနဲ့ ကျွန်တော်တို့ စဉ်းစားရမှာက "Documentation" ဆိုတဲ့ မှတ်တမ်းမှတ်ရာ ကိစ္စပဲဗျာ။
အဲဒီ စကားလုံးကို ကြားလိုက်တာနဲ့ လူတိုင်းက ပျင်းဖို့ကောင်းတယ်လို့ ထင်ကြမှာပါ၊ ဒါပေမဲ့ စဉ်းစားကြည့်ပါဦးဗျ၊ နောက် ၆ လလောက်နေလို့ ခင်ဗျား အားလပ်ရက် ခရီးထွက်နေချိန်မှာ ကိုယ်လုပ်ထားတဲ့ Automation စနစ်ကြီးက Error တက်သွားတယ် ဆိုပါစို့ဗျာ။
အဲဒီအချိန်မှာ ကိုယ့်နေရာ ဝင်လုပ်ပေးတဲ့ လူက ဘာကုဒ်တွေ ရေးထားလဲ၊ ဘယ်ဖိုင်က ဘယ်ကို သွားတာလဲဆိုတာ နားမလည်ရင် ခင်ဗျားဆီ ဖုန်းတဂုန်းဂုန်း ဆက်တော့မှာပဲဗျ။
ဒါကြောင့် ဘယ် Tool ကိုပဲ သုံးသုံး "ဘာကြောင့် ဒီလို လုပ်ထားတာလဲ" ဆိုတဲ့ အကြောင်းပြချက်လေးတွေကို Note လေးတွေ ရေးထားခဲ့ဖို့ မမေ့ပါနဲ့ဗျာ။
ဒါဟာ ကိုယ့်နောက်က လူအတွက်တင် မဟုတ်ဘူးဗျ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကူညီတာလည်း ဖြစ်ပါတယ်ဗျာ။
ခင်ဗျားကိုယ်တိုင်လည်း နောက် ၃ လလောက်နေရင် "ငါ ဒါကို ဘာလို့ ဒီလို လုပ်ခဲ့ပါလိမ့်" ဆိုပြီး ပြန်စဉ်းစားရခက်နေတတ်လို့ပါဗျ။
နောက်တစ်ဆင့်ကတော့ Reporting ရဲ့ အဆင့်မြင့်ဆုံး ပန်းတိုင်ဖြစ်တဲ့ "Static Report ကနေ Dynamic Dashboard" ဆီကို ကူးပြောင်းတာပဲဗျာ။
အရင်ကဆိုရင် ကျွန်တော်တို့က Report တစ်ခု ပြီးသွားရင် PDF ကြီး ထုတ်ပြီး Email နဲ့ ပို့လိုက်ကြတာပေါ့ဗျာ။
ဒါပေမဲ့ အဲဒီ PDF ကြီးက ပို့လိုက်တဲ့ ခဏမှာတင် အချက်အလက်တွေက ဟောင်းသွားပြီဗျ။
အဲဒီအစား Power BI လိုမျိုး၊ Tableau လိုမျိုး Tool တွေကို သုံးပြီး "Live Dashboard" ကြီး တစ်ခု လုပ်ထားလိုက်မယ်ဆိုရင် Manager တွေက သူတို့ သိချင်တဲ့ အချိန်မှာ ခလုတ်လေး နှိပ်ပြီး ချက်ချင်း ကြည့်လို့ရသွားပြီဗျာ။
ခင်ဗျားဆီကိုလည်း "ဖိုင်ပို့ပေးဦး" ဆိုတဲ့ ဖုန်းတွေ ဝင်မလာတော့ဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီနေရာမှာ အရေးကြီးတာက "ဘာတွေ ပြမှာလဲ" ဆိုတဲ့
အချက်ပဲဗျ။
Data တွေ အများကြီး ရှိတိုင်း Dashboard ပေါ်မှာ အကုန်တင်ပြနေရင် ကြည့်ရတဲ့လူက မျက်စိလည်သွားမှာပဲဗျ။
လူတစ်ယောက်က Dashboard ကို ၅ စက္ကန့်လောက် ကြည့်လိုက်ရုံနဲ့ "အခြေအနေ ကောင်းလား၊ ဆိုးလား" ဆိုတာကို ချက်ချင်း သိသွားအောင် လုပ်ပေးနိုင်ဖို့က တကယ့် အနုပညာပဲဗျာ။
ဒီခရီးစဉ်မှာ နောက်ထပ် သတိထားရမှာက "Trust in Data" ဆိုတဲ့ ယုံကြည်မှု အပိုင်းပဲဗျ။
ခင်ဗျားရဲ့ Automation က ဘယ်လောက်ပဲ မြန်မြန်၊ ထွက်လာတဲ့ ကိန်းဂဏန်းတွေက မှားနေမယ်ဆိုရင် ဘယ်သူကမှ သုံးမှာ မဟုတ်တော့ဘူးဗျ။
ဒါကြောင့် Automation တစ်ခုကို အတည်မပြုခင်မှာ "Manual" လုပ်ထားတဲ့ အဟောင်းနဲ့ "Auto" လုပ်ထားတဲ့ အသစ်ကို ဘေးချင်းယှဉ်ပြီး အကြိမ်ကြိမ် စစ်ဆေးရပါမယ်ဗျာ။
ကိန်းဂဏန်း တစ်ခုချင်းစီက ဘယ်ကနေ လာတာလဲဆိုတာကို ခြေရာခံလို့ ရနေရမယ်ဗျ။
အဲဒီလို ယုံကြည်မှု တည်ဆောက်ပြီးသွားပြီဆိုရင်တော့ ခင်ဗျားရဲ့ လုပ်ငန်းခွင်မှာ ခင်ဗျားဟာ အစားထိုးလို့ မရတဲ့
လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်ဗျာ။
အချုပ်ပြောရရင်ဗျာ
Reporting Automation ဆိုတာ ကိရိယာတွေ (Tools) နဲ့ပဲ ဆိုင်တာ မဟုတ်ဘဲ "စဉ်းစားပုံ စဉ်းစားနည်း" (Mindset) ပြောင်းလဲတာလည်း ဖြစ်ပါတယ်ဗျ။
အလုပ်ကို ပိုမြန်အောင် လုပ်တာထက် ပိုပြီး ထိရောက်အောင်၊ ပိုပြီး မှန်ကန်အောင် လုပ်ဖို့ကို အမြဲ ဦးတည်စေချင်ပါတယ်ဗျာ။
နည်းပညာတွေက အမြဲ ပြောင်းလဲနေမှာပဲဗျ
ဒါပေမဲ့
ကျွန်တော်တို့ တည်ဆောက်ထားတဲ့ စနစ်ကျတဲ့ အလုပ်လုပ်ပုံကြီးကတော့ ခင်ဗျားရဲ့ သက်တမ်းတစ်လျှောက်လုံး အသုံးဝင်နေမှာပေါ့ဗျာ
ကဲကဲ လက်ညောင်းပြီး
အပိုင်း ၅ မှာ ဆက်ပြောမယ်ဗျာ
ဘွတ်ဘွတ် 🎈🎈🎈
“ကျွန်တော်နှင့်လုပ်ငန်းခွင်အတွေ့အကြုံများ”
ဟိုးအရင်က ရုံးခန်းကျဉ်းကျဉ်းလေးထဲမှာ
ပန်ကာတဝီဝီအောက်၊ ဖိုင်တွဲတွေကြားထဲ
ခေါင်းမဖော်နိုင်အောင် အလုပ်လုပ်ခဲ့ရတဲ့နေ့တွေကို သတိရမိကြဦးမှာပါ။
အဲ့ဒီတုန်းက ကိုယ်တွေက "ရုံးရဲ့အနုမြူ" လေးတွေပေါ့။ အသက်လည်းအငယ်ဆုံး၊ ရာထူးကလည်း ဂျူနီယာအဆင့်ဆိုတော့ လူကြီးတွေရဲ့ လေလှိုင်းတွေကို ငြိမ်ခံခဲ့ရတာပေါ့။
အဲ့ဒီတုန်းက လူကြီးတွေဆိုတာကလည်း
ထူးဆန်းတယ်ဗျ။
ရုံးအလုပ်ထက် အိမ်က မိသားစုအကြောင်း၊ ဈေးဖိုးအကြောင်း ဒါမှမဟုတ် မနေ့ကကြည့်လိုက်ရတဲ့ ဇာတ်ကားထဲက မင်းသားအကြောင်းကိုပဲ ရုံးခန်းတစ်ခုလုံး ဟိန်းနေအောင် ပြောတတ်ကြတာ။
Workflow တွေ မြန်ဆန်ဖို့ထက် သူတို့ရဲ့ ဂုဏ်ပုဒ်တွေ၊ အရင်က ဘယ်လိုကျားကုတ်ကျားခဲ လုပ်ခဲ့ရတယ်ဆိုတဲ့ "ဒဏ္ဍာရီ" တွေကို နားထောင်ပေးရတာက ပိုပင်ပန်းခဲ့တာ အမှန်ပဲ။
ကိုယ်တွေကတော့ စိတ်ထဲကနေ "ငါသာ သူတို့နေရာရောက်ရင်တော့လား..." ဆိုတဲ့ အိမ်မက်လှလှလေးတွေကို ဖန်တီးနေခဲ့ကြတာပေါ့။
အိုင်ဒီယာအသစ်တွေ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ ဒီရုံးခန်းကြီးကို အရောင်တွေ ခြယ်ပစ်မယ်၊ လူငယ်တွေလာရင်လည်း လက်တွဲခေါ်မယ်ဆိုတဲ့ စိတ်ကူးတွေဟာ အဲ့ဒီတုန်းကတော့ တကယ်ကို တောက်ပနေခဲ့တာ။
ဒါပေမဲ့ အချိန်ဆိုတဲ့ အရာက တကယ်ကို လှည့်စားတတ်တဲ့ မှော်ဆရာကြီးပဲဗျ။
တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်သွားရင်းနဲ့ အဲ့ဒီတုန်းက "တော်လှန်ရေးသမား" လူငယ်လေးတွေဟာ အခုတော့ ရုံးခန်းရဲ့ ထိုင်ခုံအကြီးကြီးတွေပေါ်မှာ နေရာယူလာကြပြီ။
ထူးဆန်းတာက အဲ့ဒီထိုင်ခုံတွေမှာ လူကို ပြောင်းလဲပစ်နိုင်တဲ့ "ကျိန်စာ" တစ်ခုခု ကပ်နေသလားပဲ။
ငယ်ငယ်က ကိုယ်တွေ အရမ်းမုန်းခဲ့တဲ့၊ ပျင်းစရာကောင်းလှပါတယ်ဆိုတဲ့ လူကြီးတွေရဲ့ ပုံစံခွက်ထဲကို အခု ကိုယ်တိုင်က အံဝင်ခွင်ကျ ပြန်ဝင်သွားတာကို မြင်ရတာ တကယ့်ကို ရယ်ရခက်၊ ငိုရခက် အခြေအနေကြီးပါ။
ဟိုးအရင်က လူကြီးတွေ ပြောခဲ့တဲ့ "သောက်ပေါစကား" တွေကိုပဲ အခု ကိုယ်တွေက လေသံပြောင်းပြီး ပြန်ပြောနေကြတာ။
အသစ်အဆန်းတွေကို လက်ခံဖို့ထက် "ငါတို့တုန်းကတော့ ဒီလိုပဲ လုပ်ခဲ့တာပဲ" ဆိုတဲ့ ရှေးရိုးစွဲ စောင်တန်းကြီးကို ပြန်ကိုင်မိနေကြတာက အံ့ဩစရာပဲဗျာ။
တကယ်တော့ Innovation ဆိုတာ စက်ရုပ်တွေ၊ ဆော့ဖ်ဝဲလ်တွေထဲမှာတင် ရှိတာမဟုတ်ဘူး။
လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အိုမင်းမသွားဘဲ ကျန်နေရမယ့် "လတ်ဆတ်မှု" တစ်ခုပါ။
ဒါပေမဲ့ လောကဓံရဲ့ ရိုက်ခတ်မှုတွေ၊ နေ့စဉ်ရုန်းကန်နေရတဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကြားမှာ ကိုယ်တွေရဲ့ အဲ့ဒီ "လတ်ဆတ်မှု" လေးတွေက ဖုန်တက်ပြီး မှေးမှိန်သွားတတ်ကြတာ ထုံးစံပါပဲ။
ကိုယ်တိုင်ကတော့ ငါကြီးပြင်းလာပြီ၊ ငါရင့်ကျက်လာပြီလို့ ထင်နေပေမဲ့ တကယ်တမ်းတော့ ငယ်ငယ်က ကိုယ်မုန်းခဲ့တဲ့ "စနစ်ဟောင်း" ကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့တာကို သတိမထားမိလိုက်ကြဘူး။
ရုံးခန်းထဲက လူငယ်လေးတွေကို ကြည့်ပြီး "သူတို့ ဘာမှမသိသေးပါဘူး" လို့ တွေးမိတဲ့ ခဏဟာ ကိုယ်တွေ "သောက်ပေါ" လူကြီးဘဝကို တရားဝင် ကူးပြောင်းသွားတဲ့ အချိန်ပဲ ဖြစ်မှာပါ။
ကျွန်တော်တို့ရဲ့ စိတ်ကူးယဉ် အိမ်မက်တွေက ဘယ်နားမှာ ပျောက်ဆုံးသွားခဲ့တာလဲ။
လူငယ်ဘဝက ကတိကဝတ်တွေ၊ ဖေးမကူညီမယ်ဆိုတဲ့ စေတနာတွေက ရာထူးနဲ့ လစာကြားမှာ ဘာလို့ အငွေ့ပျံသွားရတာလဲ။
ဒါကို ပြန်တွေးကြည့်ရင်တော့ အတော်လေးကို အတွေးနယ်ချဲ့စရာပါပဲ။
ဖြစ်နိုင်တာကတော့ ကျွန်တော်တို့ဟာ အပြောင်းအလဲထက် "သက်သောင့်သက်သာရှိမှု" ကို ပိုမက်မောသွားကြလို့ ဖြစ်ပါလိမ့်မယ်။
အသစ်တစ်ခုကို စမ်းသပ်ဖို့ထက် အဟောင်းကြီးထဲမှာပဲ ငြိမ်နေရတာက ပိုလွယ်တာကိုး။
ဒါပေမဲ့ အဲ့ဒီ "လွယ်ကူမှု" တွေကပဲ ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တဖြည်းဖြည်း ဝါးမြိုသွားခဲ့တာပါ။
ဘဝရဲ့ ပင်ပန်းမှုတွေကို ခဏလောက် ဘေးချထားပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ပြန်ကြည့်ကြည့်ကြရအောင်။
ကိုယ့်မျက်လုံးတွေထဲမှာ ဟိုးအရင်က တောက်ပခဲ့တဲ့ လူငယ်လေးရဲ့ အရိပ်အယောင် ကျန်သေးရဲ့လား။
ဒါမှမဟုတ် ကိုယ်တိုင်ကပဲ "ခြေရာဟောင်း" တွေကို နင်းမိနေတဲ့ လူကြီးတစ်ယောက် ဖြစ်နေပြီလား။
တကယ်တော့ လူကြီးဖြစ်ဖို့ဆိုတာ အသက်ကြီးလာရုံနဲ့ မလုံလောက်ပါဘူး၊ လူငယ်တွေရဲ့ အမြင်သစ်တွေကို လက်ခံနိုင်တဲ့ နှလုံးသားရှိဖို့လည်း လိုတာပေါ့။
အိုင်ဒီယာတွေ သေဆုံးနေတဲ့ ပတ်ဝန်းကျင်ကြီးမှာ ဆက်ရှင်သန်နေမယ့်အစား၊ ကိုယ်တိုင်က စပြီး "အရောင်သစ်" လေးတွေ ပြန်ဖြန်းကြည့်ရင်ရော မကောင်းဘူးလားဗျာ။
လူငယ်တွေရဲ့ ideology တွေကို နားထောင်ပေးတာ၊ workflow တွေကို ခေတ်နဲ့အညီ ပြောင်းလဲတာဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်
နုပျိုစေတဲ့ ဆေးတစ်ခွက်လည်း ဖြစ်နိုင်တာပဲ။
ကဲ... ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတာ
ခဏနားပြီး၊ မနက်ဖြန် ရုံးတက်တဲ့အခါမှာတော့ ကိုယ်မုန်းခဲ့တဲ့ လူကြီးပုံစံမျိုး မဟုတ်ဘဲ
ကိုယ်ဖြစ်ချင်ခဲ့တဲ့ "Cool Boss" ပုံစံလေးနဲ့ အလုပ်ခွင်ထဲကို ဝင်သွားကြည့်လိုက်ပါလားဗျာ
ဒီနေ့ မျှဝေပေးခဲ့တဲ့ အကြောင်းအရာလေးကနေ တစ်ခုခုကို ပြန်ပြီး သတိရသွားစေမယ်လို့
မျှော်လင့်ပါတယ်ဗျာ။
ခင်ဗျားတို့ တစ်ကယ် “Cool Boss” ဖြစ်ဖို့
ဆန္ဒရှိသေးရင်ပေါ့ဗျာ
ဘွတ်ဘွတ် 🎈🎈🎈
Reporting နဲ့ပတ်သက်သမျှ
Workflow Automation လုပ်ချင်ပြီး
ဘယ်ကစရမှန်းမသိတဲ့ ကလေးတွေအတွက်
ဒီဆောင်းပါးလေးနဲ့ ရှင်းပြထားပါတယ်
ကျွန်တော်တို့အလုပ်ခွင်မှာ လကုန်ရက်တွေဆိုတာ စိတ်အရှုပ်ရဆုံး နေ့ရက်တွေပါပဲ
ဘာလို့လဲဆိုတော့ Reporting လုပ်ရတာကိုး၊ ဟိုဌာနကပို့လိုက်တဲ့ Excel ဖိုင်၊ ဒီဌာနက ပို့လိုက်တဲ့ Sale Data တွေက ပုံစံမကျပန်းမကျတွေ၊ တချို့က Date format မှားနေမယ်၊ တချို့က နာမည်တွေပေါင်းတာ လွဲနေမယ်
အဲဒီတော့ ကျွန်တော်တို့က Report တစ်စောင်ထွက်ဖို့အတွက် အရင်ဆုံး Data Cleaning ဆိုတဲ့ သန့်ရှင်းရေးလုပ်ငန်းကို အရင်လုပ်ရတာပေါ့
ဒီအဆင့်က တကယ်တော့ အချိန်အကုန်ဆုံးနဲ့ လူကို အပင်ပန်းဆုံးဖြစ်စေတဲ့ အဆင့်ပါပဲ၊ အဲဒီလို လစဉ်လတိုင်း ထပ်ခါတလဲလဲ လုပ်နေရတဲ့ Manual Workflow ကြီးကို ကျွန်တော်တို့ ဘယ်လိုပြောင်းလဲပစ်ကြမလဲ၊
Excel ဖိုင်ကို ဖွင့်စရာမလို၊ လူက ဝင်ပါစရာမလိုဘဲ အစအဆုံး အလိုအလျောက်မောင်းနှင်မယ့် Automation စနစ်တစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်လို ပြောပြချင်တာပါ။
ပထမဆုံးအနေနဲ့ Data Cleaning ဆိုတာကို အရင်မြင်အောင်ကြည့်ရအောင်
သာမန်အားဖြင့်တော့ ကျွန်တော်တို့က Excel ထဲမှာ Filter တွေစစ်၊ Formula တွေသုံးပြီး အမှားပြင်ကြတယ်၊ ဒါက Manual လုပ်ရပ်ပေါ့
Automation လောကမှာတော့ ဒီအလုပ်ကို Power Query က တာဝန်ယူပါတယ်
Power Query ဆိုတာက ကျွန်တော်တို့ လုပ်သမျှ အမှားပြင်တဲ့အဆင့်တွေကို မှတ်သားထားပေးတဲ့ ကောင်လေးပေါ့
ဥပမာ- Row တွေဖျက်မယ်၊ စာလုံးအကြီးအသေးပြင်မယ်၊ Column တွေခွဲထုတ်မယ်ဆိုတာမျိုးတွေကို တစ်ခါသင်ပေးထားရုံပါပဲ
နောက်တစ်ခါ Data အသစ်ဝင်လာရင် သူက အလိုအလျောက် သန့်ရှင်းရေးလုပ်ပေးသွားမှာ၊ ဒီနေရာမှာ Excel VBA ဆိုတာကို ကြားဖူးကြမှာပါ
အရင်ကတော့ VBA နဲ့ ကုဒ်တွေရေးပြီး ခိုင်းကြပေမဲ့ အခုခေတ်မှာတော့ Cloud ပေါ်ကနေ အလုပ်လုပ်နိုင်တဲ့ Office Scripts တွေက ပိုပြီး ခေတ်စားလာပါပြီ၊ ဒါပေမဲ့ ဒီအဆင့်ထိက Excel ဖိုင်ကို ဖွင့်နေရတုန်း၊ လူက Click နှိပ်နေရတုန်းပါပဲ
ဒီတော့ နောက်တစ်ဆင့်တက်ပြီး "လူမလိုတဲ့ စနစ်" ဆီကို သွားကြစို့၊ ဒီနေရာမှာ မင်းသားကတော့ Power Automate ပါပဲ၊ သူက Workflow Automation ရဲ့ အဓိက ခလုတ်ပါ
စိတ်ကူးကြည့်ပါ... မိတ်ဆွေဆီကို Email တစ်စောင်ဝင်လာတယ်၊ အဲဒီ Email ထဲမှာ Report လုပ်ရမယ့် Raw Data ဖိုင်ပါလာတယ်၊ ပုံမှန်ဆို မိတ်ဆွေက အဲဒါကို ဒေါင်းလုတ်ဆွဲ၊ ဖွင့်၊ ပြင်၊ Save လုပ် ပြီးမှ Report ထုတ်မယ်မဟုတ်လား
Power Automate သုံးလိုက်ရင်တော့ ဇာတ်လမ်းက ပြောင်းသွားပြီ၊ Email ဝင်လာတာနဲ့ သူက အဲဒီဖိုင်ကို အလိုအလျောက်ယူပြီး OneDrive လိုမျိုး Cloud Storage ပေါ်ကို သိမ်းလိုက်တယ်၊ ဒီနေရာမှာ OneDrive Automation က အရေးပါလာပြီ
ဘာလို့လဲဆိုတော့ ဖိုင်တစ်ခု Cloud ပေါ်ရောက်လာတာနဲ့ "ဟေ့... Data အသစ်ရောက်ပြီ" ဆိုပြီး စနစ်ကို လှမ်းအသိပေးလိုက်လို့ပါပဲ
အဲဒီလို Cloud ပေါ်ရောက်သွားတဲ့ Data တွေကို Power BI က လှမ်းဆွဲယူလိုက်ပါတယ်
Power BI ထဲမှာ ကျွန်တော်တို့ စောစောက ပြောခဲ့တဲ့ Power Query အင်ဂျင်ပါပြီးသားဆိုတော့ Data က ဝင်လာတာနဲ့ တစ်ခါတည်း သန့်ရှင်းရေးလုပ်ပြီးသား ဖြစ်သွားတယ်၊ ပြီးတာနဲ့ လှပတဲ့ Dashboard တွေ၊ ဂရပ်တွေအဖြစ် အလိုအလျောက် ပြောင်းလဲသွားတော့တာပါပဲ
ဒါပေမဲ့ တချို့ကုမ္ပဏီတွေမှာကျတော့ Data တွေက Excel ဖိုင်နဲ့ လာတာမဟုတ်ဘဲ ဟိုးအရင်ခေတ်က သုံးခဲ့တဲ့ ဆော့ဖ်ဝဲအဟောင်းကြီးတွေ (Legacy System) ထဲမှာ ရှိနေတတ်တယ်၊ API လည်းမရှိ၊ Cloud လည်းမရတဲ့ အခြေအနေမျိုးပေါ့
အဲဒီလို အခြေအနေမျိုးကျရင်တော့ ကျွန်တော်တို့က Desktop Automation သို့မဟုတ် RPA (Robotic Process Automation) နည်းပညာကို သုံးရပါတယ်
UiPath လိုမျိုး Tool တွေက ဒီနေရာမှာ ဆရာကျတယ်၊ သူက ဘာလုပ်ပေးလဲဆိုတော့ လူတစ်ယောက် ကွန်ပျူတာရှေ့ထိုင်ပြီး မောက်စ် (Mouse) ရွှေ့တာ၊ ကီးဘုတ်ရိုက်တာတွေကို တုပပြီး လုပ်ပေးတာပါ
ဆော့ဖ်ဝဲအဟောင်းကြီးကို ဖွင့်မယ်၊ Login ဝင်မယ်၊ Report ဒေါင်းမယ်၊ ပြီးရင် OneDrive ထဲ ထည့်မယ်ဆိုတာမျိုးပေါ့
ဒါဆိုရင် System အဟောင်းကြီးတွေနဲ့ ချိတ်ဆက်ရတဲ့ ပြဿနာလည်း ပြေလည်သွားပြီ
ကဲ... အခုဆိုရင် စက်ဝိုင်းတစ်ခု လည်ပတ်သွားပါပြီ၊ သေချာပြန်တွေးကြည့်နော်၊ Email ဝင်လာတယ် (သို့) System အဟောင်းထဲက Data ထွက်လာတယ်
Power Automate သို့မဟုတ် RPA က အဲဒီ Data ကို ဖမ်းယူပြီး Cloud (OneDrive) ပေါ် တင်လိုက်တယ်၊ Cloud ပေါ်ရောက်တာနဲ့ Power Query က အသင့်စောင့်ပြီး Data Cleaning ဝင်လုပ်တယ်
သန့်ရှင်းပြီးသား Data ဟာ Power BI Dashboard ပေါ်မှာ ချက်ချင်း Report အဖြစ် ပေါ်လာတယ်၊ ပြီးတာနဲ့ Power Automate ကပဲ အဲဒီ Report Link ကို Manager ဆီ Email ပြန်ပို့ပေးလိုက်တယ်
ဒီလုပ်ငန်းစဉ် အစအဆုံးမှာ မိတ်ဆွေက Excel ကို ဖွင့်စရာမလိုသလို၊ ကွန်ပျူတာရှေ့မှာ ထိုင်နေစရာတောင် မလိုတော့ပါဘူး၊ မိတ်ဆွေ အိပ်ပျော်နေချိန်မှာတောင် ဒီ Workflow ကြီးက အလုပ်လုပ်နေမှာပါ
ဒါက နည်းပညာဆောင်းပါးတစ်ပုဒ်လို့ ဆိုပေမဲ့ တကယ်တမ်းတော့ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပြန်လည်ရှာဖွေခြင်းပါပဲဗျ
Manual Workflow တွေရဲ့ ထောင်ချောက်ထဲကနေ ရုန်းထွက်ပြီး တီထွင်ဖန်တီးမှုအားကောင်းတဲ့ နေရာတွေမှာ အာရုံစိုက်နိုင်ဖို့အတွက် Workflow Automation ဟာ မရှိမဖြစ် လိုအပ်လာပါပြီဗျ
နည်းပညာတွေ အများကြီးမို့လို့ နာမည်တွေကြားပြီး
မလန့်သွားပါနဲ့၊ အဓိက သဘောတရားကတော့ "Data ကို နေရာတစ်ခုကနေ ယူမယ်၊ သန့်ရှင်းမယ်၊ ပုံဖော်မယ်၊ ပြီးရင် လိုတဲ့သူဆီ ပို့မယ်" ဆိုတဲ့ Flow လေးတစ်ခုပါပဲ
ဒီ Flow ကို နားလည်သွားရင်တော့ မိတ်ဆွေရဲ့ လုပ်ငန်းခွင်ဟာ ပိုပြီး စမတ်ကျ၊ ပိုပြီး ပေါ့ပါးလွတ်လပ်တဲ့ နေရာတစ်ခု ဖြစ်လာမှာ
အသေအချာပါပဲဗျ
နောက်လည်း စိတ်ပါရင်
ခုလိုဆောင်းပါးလေးတွေဆက်ရေးဖို့
အားမွေးထားလိုက်အုံးမယ်ဗျာ
ဒီနေ့တော့ ဒီလောက်ပဲ
လက်လည်းအတော်ညောင်းသွားပြီ
ဘွတ်ဘွတ် 🎈🎈🎈
မိသားစုကိစ္စလေးတွေနဲ့
ကျန်းမာရေးအခြေအနေအရ
ကျွန်တော် page ရော group ရော
Excel နဲ့ ပတ်သက်တဲ့ Activity တွေအကုန်
နားပါတော့မယ် ခင်ဗျ
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ထဲက
တွေ့ခဲ့စုံခဲ့ဖူးတဲ့၊ အိမ်တွေ၊ကော်ဖီဆိုင်တွေထိ၊
ဘုန်းကြီးကျောင်းအဆုံး
Excel လိုက်သင်ပေးခဲ့ဖူးတာတွေကို
အမြဲသတိရနေမှာပါ
ကလေးတွေအကုန်လုံးကို
ဒီကနေပဲ နှုတ်ဆက်ပါတယ်ဗျ ❤️❤️❤️
လမ်းတွေ့ရင်တော့ နှုတ်ဆက်ပါဗျ
ကျွန်တော်က လူတွေကိုမမှတ်မိတာများလို့
Click here to claim your Sponsored Listing.