Chue Chues Notiz

Chue Chues Notiz

Share

06/10/2024

#ဂျာနယ်ကျော်

(၁)

ကျွန်မသည် စာအုပ်စုဆောင်းသူတစ်ဦး ဖြစ်သည်။ စာအုပ်စုဆောင်းသူတို့၏ ထုံးစံအတိုင်း ဝယ်ကားဝယ်၏ မဖတ် ဟူသော လူစားမျိုးတွင် ကျွန်မသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ မဖတ်ဖြစ်သော စာအုပ်များလာသည့်တိုင် ဝယ်ယူရခြင်းကိုမူ ကြိုက်နှစ်သက်နေဆဲပင်။ ယခင်က တစ်လလုံး ဟိုစာအုပ်ဝယ်မည်၊ သည်စာအုပ်ဝယ်မည်ဟု တေးမှတ်ထားပြီးနောက် လကုန်ရက် သို့မဟုတ် လဆန်းပိတ်ရက်များ၌ စာအုပ်ဆိုင်သို့ သွားတတ်သည်။ တစ်ခါတစ်ရံ၌ ဆိုင်ရောက်မှသာ စိတ်ကူးတည့်ရာစာအုပ်မျိုး ဝယ်ယူတတ်သည်။

ကျွန်မ၏ စုဆောင်းသူဘဝ တစ်ခန်းရပ်ခဲ့သည်မှာ ၂၀၂၁ ခု မတ်လအကုန်၌ ဖြစ်သည်။ မည်သို့မည်ပုံ ဆက်ဖြစ်မည်မသိသော အခြေအနေများကြောင့် ကျွန်မ၏ ရင်နှစ်သည်းပွတ် စာအုပ်များထဲမှ တချို့တလေအား ရောင်းချပစ်ခဲ့သည်။ ရောင်းချပစ်ခဲ့ရာ၌လည်း ထိုစဥ်က အကြောင်းအရင်း အထွေထွေ ရှိခဲ့သည်။ အမျိုးမျိုး ပြောင်းလဲနေသော အခြေအနေများကြောင့် မမျှော်လင့်ထားသည့် အခြေအနေမျိုး ဖြစ်လာပါက စာအုပ်များအား ထားမပစ်ရက်ခဲ့နိုင်သောကြောင့် ထားပစ်ခဲ့ရမည့်အစား ရောင်းချပစ်လိုက်မည်ဟု ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ကျွန်မမြတ်နိုးရသော စာအုပ်များဖြစ်သော်လည်း စိတ်ပိုင်းဖြတ်ပြီးလျှင် နောင်တမရတတ်သော အကျင့်စရိုက်ကြောင့် ယနေ့ထိတိုင်အောင် နှမျောတသ ဖြစ်မိခြင်း မရှိပေ။

(၂)

ထိုအချိန်မှစကာ ယခုစာရေးသားမည်ဟု ရည်ရွယ်ခဲ့စဥ်အထိ ၃ နှစ် ၆ လတိုင်တိုင် စာအုပ်အသစ်ဝယ်ယူခြင်း မရှိခဲ့ပါ။ ထို့အပြင် ကျွန်မ၏ စိတ်ဝင်စားမှုသည်လည်း အွန်လိုင်းဘာသာပြန်ဝတ္ထုများဆီသို့ ကူးပြောင်းလာခဲ့ပြီး ကျွန်မသည်ပင် ဘာသာပြန်တစ်ဦး ဖြစ်လာသည်။ ထိုအဖြစ်မှာ ကိုဗစ်ကာလ မတိုင်မီမှ စတင်သည်။ ကျွန်မတို့ ၉၀ ခုနှစ်ဖွားများ၏ ငယ်ဘဝမှာ တရုတ်သိုင်းကားများနှင့် ကင်းကွာသူမရှိဟုပင် ဆိုရမည်။ ထို့ကြောင့် အမျိုးသား၊ အမျိုးသမီးမဟူ အနည်းနှင့်အများ သိုင်းဝတ္ထုများအား သဘောကျနှစ်ခြိုက်သူချည်းသာ။ ကျွန်မသည် ကိုဗစ်ကာလမတိုင်မီ အကြောင်းတိုက်ဆိုင်ကြုံကြိုက်၍ ခေတ်သစ်ရှန်းရှ၊ ဝူရှဟု ခေါ်ဆိုကြသော အွန်လိုင်းဘာသာပြန်ဝတ္ထုရှည်များနှင့် တီးခေါက်မိခဲ့သည်။ ထို့နောက် ငယ်ရွယ်စဥ်မှ စတင်သန္ဓေတည်ခဲ့သော သိုင်းလောကပိုးမှာလည်း သတ်လို့မသေနိုင်တော့ပေ။

ထိုအခြင်းအရာများမှာ ယခုရေးသားမည့် အကြောင်းအရာများနှင့် အနည်းငယ်မျှပင် စပ်ဆက်နေခြင်း မရှိသဖြင့် ဤနေရာမှာပင် တစ်ခန်းရပ်ပါမည်။

(၃)

ယခုနှစ် ဇူလိုင်လလယ်ခန့်မှ စတင်ကာ ကျွန်မထံ၌ YouTube မှ Audio Book များအား နားထောင်သည့် အကျင့်တစ်ခု ရှိလာသည်။ တစ်နေ့၌ နားထောင်ရန် video clip ရှာနေစဉ် စိတ်ကူးထဲ၌ ဂျာနယ်ကျော်မမလေး၏ အမည် ပေါ်လာပြီး ‘သူလိုလူ’ ကို နားထောင်လိုစိတ် ပြင်းပြလာခဲ့သည်။ မှတ်မှတ်ရရ ထိုနေ့မှာ ဩဂုတ်လ ၁၉ ရက်နေ့ ဖြစ်သည်။

လွန်ခဲ့သော နှစ်များစွာကပင် ဂျာနယ်ကျော်မမလေး၏ အဖြူ၊ စိတ်၊ မုန်း၍မဟူ၊ သူလိုမိန်းမ၊ သူမ စသည့် နာမည်ကျော် ဝတ္ထုများအား ဖတ်ရှုဖူးသော်လည်း ထိုနေ့မတိုင်မီအထိ ‘သူ့လိုလူ/သူလိုလူ’ အား ဖတ်ရှုခဲ့ဖူးခြင်း မရှိခဲ့သလို ဖတ်ကြည့်ရန်လည်း စိတ်မပါခဲ့ပေ။ လုံးလုံးလျားလျား မဖတ်ဖူးခြင်းလားဟူ၍ မေးလာမည်ဆိုလျှင် ထိုသို့မဟုတ်ဟု ပြောရမည်။ အစပထမ စာမျက်နှာ အနည်းငယ် ဖတ်ရှုဖူးသော်လည်း ရှေ့ဆက်ဖတ်ရန် စိတ်မပါသဖြင့် လက်လျော့လိုက်ခြင်းသာ။ လူမှုကွန်ရက်စာမျက်နှာများထက်၌ ဤစာအုပ်မှ ကောက်နုတ်ဖော်ပြချက်အချို့ကို ရံဖန်ရံခါ ဖတ်ဖူးပြီး ဂျာနယ်ကျော်ဇနီးမောင်နှံ၏ ထူးချွန်ထက်မြက်ပုံကို တီးခေါက်မိသည့်တိုင်အောင် ‘သူလိုလူ’ အား အစအဆုံး ဖတ်ရန် စိတ်ကူးစိုးစိမျှပင် မရှိခဲ့ပေ။

မှတ်မှတ်ရရ Audio Book နားမထောင်မိခင် ရှေ့ရက်ပိုင်းက ဂျာနယ်ကျော်မမလေးနှင့် ဂျာနယ်ကျော်ဦးချစ်မောင်တို့၏ အိမ်ထောင်ဦးနေ့ရက်များ၌ ငွေကြေးခက်ခဲခဲ့ပုံကို ကောက်နုတ်ဖော်ပြချက်အား ဖတ်ရှုမိခဲ့ရသည်။ ထိုအခြင်းအရာကပင် ကျွန်မအား ‘သူလိုလူ’ ကို ဖတ်ရှု/နားထောင် မိစေသော တွန်းအားဖြစ်ခဲ့ပုံပင်။

(၄)

အဆုံးထိတိုင်အောင် ဖတ်ရှု/နားထောင်ပြီးနောက် ကျွန်မစိတ်ထဲ၌ ဖြစ်ပေါ်လာသော ခံစားချက်မျိုးစုံကို ယခင်အတိုင်း မြိုသိပ်ထားရမည်လား၊ သို့မဟုတ် ချရေးသားရမည်လား ချီတုံချတုံ ဖြစ်လာမိသည်။ သို့သော်လည်း ကျွန်မလက်ထဲ၌ ‘သူလိုလူ’ စာအုပ် လက်ဝယ်ပိုင်ပိုင် ရှိမနေသဖြင့် ရေးသားရမည်ကိုလည်း စိတ်မလုံလှ။ ဤနေရာ၌ ပြောလိုသည်မှာ ခေတ်ကာလ ရွေ့လျားပြောင်းလဲ တိုးတက်လာသည့်နည်းတူ စာအုပ်များကိုလည်း e-book အနေဖြင့် ဖတ်ရှုသူများလာသည်။ ကျွန်မထံ၌လည်း e-book စာအုပ်ပေါင်းများစွာ ရှိသည်။ သို့သော်လည်း အလွန်သဘောကျနှစ်သက်မိသည့် အရာများအား ပိုင်ဆိုင်ထားလိုစိတ်ကြောင့် စုဆောင်းသူတစ်ဦးအနေဖြင့် စာအုပ်အပိုင် ရှိမနေခြင်းအား နေမထိသဖြင့် ဤသို့ဆိုလိုခြင်း ဖြစ်ပါသည်။ e-book ဖတ်ရှုရခြင်းအား ပိုမိုနှစ်သက်သဘောကျသော စာဖတ်သူများကို အပြစ်တင်ဝေဖန်လိုခြင်း မဟုတ်ပါကြောင်း သိစေလိုပါသည်။

ယနေ့တွင်မူ ကျွန်မထံ၌ ‘သူလိုလူ’ အပါအဝင် ဂျာနယ်ကျော်နှင့် စပ်ဆက်သော စာအုပ်အချို့အား ဝယ်ယူထားပြီးဖြစ်သည်။ ကျွန်မ၏ စုဆောင်းသူဘဝ ပြန်လည်စတင်ခြင်းတော့ မဟုတ်။ ကျွန်မရေးသားလိုသော အကြောင်းအရာအချို့အား ရေးသားနိုင်ရန်နှင့် လစ်ဟာသွားခြင်း မရှိစေရန် အတွက် ရည်ရွယ်ကာ ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။

ဆက်ရန်...

21/08/2024

*အမှတ်တရ တမ်းတစာလွှာ*
•••••••••••••••••••••••••••••••

ကျွန်မထံ၌ သူငယ်ချင်းဟူ၍ များများစားစား မရှိ။ မည်သည်ကြောင့်ရယ်မသိ ငယ်ရွယ်စဥ်မှစကာ ကျွန်မအပေါ် မလိုသူများလှသည်။ စဉ်းစားကြည့်မည်ဆိုလျှင် ကျွန်မ၏ မိဘများမှာ ကျိကျိတက် ချမ်းသာကြသူများ မဟုတ်ကြပါ။ သာမန်လူလတ်တန်းစား မိသားစုတစ်စုသာဖြစ်ပြီး တိတိပပ ညွှန်းဆိုရလျှင် လူလတ်တန်းစားထဲမှာမှ မရှိမရှား လူလတ်တန်းစား မိသားစုသာ။ ထို့ကြောင့် ကျွန်မအပေါ် မနာလိုသူ၊ ပြိုင်ဆိုင်လိုသူများအား အမှန်တကယ် နားမလည်နိုင်ပါ။

ကျွန်မ၏ ဆွေမျိုးအသိုင်းအဝိုင်းထဲတွင်လည်း ကျွန်မအား မလိုသူ၊ ပြိုင်ဆိုင်သူ များသည်။ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများထဲတွင်လည်း ထိုသို့သာ။ ပြောရမည်ဆိုလျှင် ကျွန်မငယ်ရွယ်စဥ် ကလေးဘဝ၌ ဖခင်ဘက်မှတော်စပ်သည့် ဦးလေးဖြစ်သူ၏ အမျိုးသမီးမှ ကျွန်မအပေါ် ကျိန်ဆိုသည့်စာကို အမှတ်မထင် ဖတ်ရှုခဲ့ရဖူးသည်။ သူငယ်ချင်းမိတ်ဆွေများထဲ၌လည်း ကျွန်မအကြောင်း လူတကာကို လှည့်ပတ်အတင်းပြောခြင်း၊ အရင်းနှီးဆုံးဟု သတ်မှတ်ထားသူမှ နောက်ကွယ်တွင် နာမည်ဖျက်အပုပ်ချခြင်း၊ ကျွန်မပင်လျှင်မသိရသူမှ ကျွန်မအကြောင်း မဟုတ်တမ်းတရား လိုက်လံပြောကြားခြင်း စသဖြင့် ထိုထိုသော အဖြစ်အပျက်များစွာရှိခဲ့သည်။ ငယ်ရွယ်စဥ် ကလေးဘာဝ ဆော့ကစားရာတွင်လည်း ကျွန်မပါဝင်ဆော့ကစားလျှင် ထမင်းသိုး၊ ဟင်းသိုး ဟုသာ သတ်မှတ်ခံရသည်။ ဤသည်ကား လောကဓံတရားဟု ဆိုရမည်လား၊ အတိတ်ကံဝဋ်ကြွေးဟု သတ်မှတ်ရမည်လားပင် မသိနိုင်တော့ပါ။

ဤဤထိုထိုသော အကြောင်းများကြောင့် ကျွန်မထံ၌ သူငယ်ချင်းကောင်း၊ အပေါင်းအသင်းကောင်းဟု သတ်မှတ်ထားသူ အလွန်နည်းသည်။ ထိုသို့ သတ်မှတ်ထားသူများအပေါ်၌လည်း အမှန်တကယ် စိတ်ရင်းအတိုင်း ခင်မင်ရင်းနှီးမိသည်။

ငယ်ရွယ်စဉ်မှစကာ ယုံကြည်ရသော မိတ်ဆွေသူငယ်ချင်း နည်းပါးခြင်းကြောင့်သော်လည်းကောင်း၊ တိရစ္ဆာန်လေးများအား ချစ်ခင်တတ်သော ပင်ကိုယ်စိတ်အခံကြောင့်သော်လည်းကောင်း ကျွန်မသည် ကြောင်ကလေးများအား ချစ်ခင်တွယ်တာလာခဲ့သည်။ ကြောင်လေးများမှာ ကျွန်မအတွက် အိမ်မွေးတိရစ္ဆာန်ဟု ဆိုရမည်ထက် မောင်နှမသားချင်း၊ မိတ်ဆွေသူငယ်ချင်း၊ တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်သည်။

ကျွန်မပထမဆုံး မွေးဖူးသည့်ကြောင်မှာ အမလေးဖြစ်သည်။ ထိုစဉ်က ကျွန်မအသက် ၁၀ နှစ်ပြည့်ဖို့ရန်ပင် အတော်လိုသေးသဖြင့် ထိုကောင်မလေးအား မည်သည့်နေရာမှ ရခဲ့ကြောင်းနှင့် ပတ်သက်သည့် အခြင်းအရာများအား အသေးစိတ် မမှတ်မိတော့ပါ။ ဘုန်းကြီးကျောင်းမှ ခေါ်ယူမွေးစားခြင်းဖြစ်နိုင်ချေ အလွန်များသည်။ ထိုကြောင်မလေးအား 'တောသူမ' ဟု ခေါ်သည်။ တောသူမလေးမှာ အလွန်ယဉ်သည်။ အခြားသူများကို မည်သို့ဆက်ဆံသည် မသိသော်လည်း ကျွန်မကိုမူ အလွန်ချစ်ခင်ရင်းနှီးစွာ ဆက်ဆံတတ်သည်။ တောသူမလေးဆုံးချိန် ကျွန်မတို့အိမ်၌ပင် မြေမြုပ်ခဲ့သည်။ ထိုစဉ်က မြေဖို့ရင်း အလွန်အမင်း ငိုခဲ့ကြောင်းကို ကောင်းစွာမှတ်မိနေသေးသည်။

ဒုတိယမြောက် ကြောင်မှာလည်း အမလေးသာ။ ထိုကောင်မလေးမှာ တောသူမ၏ ညီမလေးဟု သိရသဖြင့် ကျွန်မအနေဖြင့် အချစ်ပိုရသော်လည်း အရိုင်းစိတ်ဝင်ကာ ရက်သတ္တပတ် တစ်ပတ် မပြည့်မီမှာပင် အိမ်မှထွက်ပြေးသွားခဲ့သည်။

ဤနေရာတွင် ကြားဖြတ်ပြောရမည်ဆိုလျှင် ကြောင်ကလေးများနှင့် စတင်ရင်းနှီး ထိတွေ့ခဲ့ဖူးသည်မှာ ကျွန်မ၏ အဖိုးအဖွားများအိမ်တွင်ဖြစ်သည်။ တစ်ည ကြောင်ပေါက်လေးအား ခေါ်လာပြီး မွေးမြူထားရာမှ ‌မြင်မြင်ချင်း အလွန်ချစ်သွားမိခဲ့သည်။ ထိုကြောင်ပေါက်လေးမှာ အထီးလေးဖြစ်ပြီး နာမည်အား 'အသေးလေး' ဟု ခေါ်သည်။ ကျွန်မသည် သူ့အား 'လေးလေး' ဟု ခေါ်သည်။ များမကြာမီတွင် ဘုန်းကြီးကျောင်းမှ မိကျားဟုခေါ်သော ကြောင်မလေးတစ်ကောင်ကို ထပ်မံခေါ်ယူမွေးစားပြန်သည်။ ထိုမိကျားမှာ အလွန်လိမ္မာယဉ်ကျေးသည်။ ကျွန်မသည် သူ့အား အလွန်ချစ်ခင်စွာဖြင့် 'ကျားကျား' ဟု ခေါ်တတ်သည်။ မိကျားမှ ပေါက်ဖွားသော ကြောင်ပေါက်လေးများမှာလည်း ကျွန်မအပေါ် အလွန်တွယ်တာလှသည်။ မိကျားနှင့် တစ်ပုံစံတည်းတူသော ကြောင်မလေးတစ်ကောင် ရှိခဲ့ဖူးသည်။ ထိုကြောင်မလေးမှာ ကလေးမွေးဖွားရန်အတွက် ကျွန်မအား နံဘေးတွင် စောင့်ခိုင်းသည်အထိပင်။ ထိုကြောင်မလေးအား 'အသေးမလေး' ဟုသာ ခေါ်သည်။

ကျွန်မ၏ တတိယမြောက် ကြောင်မလေးမှာ မိကျား၏ သမီးလေးဖြစ်သည်။ အထက်၌ ဖော်ပြခဲ့သော အသေးမလေးနှင့် တစ်သုတ်တည်း ကြောင်မလေးဖြစ်သည်။ ထိုကြောင်မလေးမှာ အနည်းငယ်ရိုင်းပြီး အခြားကလေးများအား ကိုက်တတ်သဖြင့် အစုခွဲသည့်အနေနှင့် ကျွန်မတို့အိမ်မှ ခေါ်ယူလိုက်ခြင်းဖြစ်သည်။ အဖြူအမဲ စပ်ကြားလေးဖြစ်ပြီး အမဲရောင် ပိုကဲသောကြောင့် 'ပေါင်ချိန်' ဟု နာမည်ပေးထားပြီး ကျွန်မက 'ပေါင်ပေါင်' ဟု ခေါ်တတ်သည်။ ပေါင်ပေါင်မှာ ကြောင်စုန်းမလေး ဖြစ်ပြီး သူ၏ကလေးများအား ကိုက်ပစ်တတ်သည်။ သို့တိုင်အောင် ထိုအဆိုးမလေးအား ပိုလို့မရိုင်းသွားစေရန် အချစ်ပိုပေးရပြန်သည်။ ပေါင်ပေါင်သည် လေဖြတ်ပြီး ကိုယ်တစ်ပိုင်းသေရာမှ ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ စစဖြစ်ချိန်၌ သူ့အနားမှာသာနေကာ သူနှင့်အတူ လေ့ကျင့်ခန်းလုပ်ပေးရင်း အတူတူ အချိန်ဖြုန်းပေးလိုက်နိုင်ခဲ့သဖြင့် နောင်တရစရာ မရှိခဲ့ပါ။ ထိုစဉ်က ကျွန်မ ဆယ်ကျော်သက်အရွယ် ဖြစ်နေခဲ့ပြီ။

ပေါင်ပေါင်ဆုံးပြီး ၂ နှစ်ကျော်အထိ မည်သည့်‌ကြောင်မျှ မမွေးခဲ့ပါ။ သို့သော်လည်း ကံတရားက 'မောင်ညို' နှင့် ဆုံတွေ့ရန် ဖန်လာခဲ့သည်။ မောင်ညို သို့မဟုတ် ညိုညိုမှာ ကျွန်မ၏ စတုတ္ထမြောက်ကြောင်ကလေးဖြစ်သည်။ ညိုညို၊ ညိုညို ဟု ပြောလွန်းသဖြင့် ကျွန်မ၏ သူငယ်ချင်းများက ကြောင်မလေးများလားဟုပင် ထင်မှတ်မှားတတ်ကြသည်။ ညိုညိုမှာ ကျွန်မတို့လမ်းထဲမှ ကြောင်တစ်ကောင်ဖြစ်သည်။ ကျွန်မတို့ခြံထဲ၌ ဒဏ်ရာများဖြင့် လာရောက်ပုန်းခိုနေသည်ကို ကျွန်မမှာ ထမင်းခိုးကျွေးထားရင်းဖြင့် အိမ်သို့ ခပ်တည်တည် ဝင်ရောက်နေထိုင်ခဲ့သူ ဖြစ်သည်။ ယခင်ပိုင်ရှင်များမှ ပြန်လာခေါ်သည့်တိုင် ညိုညိုက ပြန်မသွားတော့။ ထိုအချိန်၌ ကျွန်မအသက် ၁၄ နှစ် ဖြစ်ဖို့များသည်။ ညိုညိုသည် ကျွန်မတို့အိမ်သို့ ရောက်စဉ်ကပင် အသက် ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီး ကျွန်မနှင့် ၆ နှစ်ခန့် အတူနေသွားခဲ့သည်။ ကျွန်မနှင့် ညိုညိုထံ၌ အမှတ်တရ များစွာရှိသည်။ တစ်ခါသား ကျွန်မ အတော်လေး နေထိုင်မကောင်းဖြစ်စဉ် သခင်နေမကောင်းလျှင် ကြောင်များမနေဟု ပြောတတ်ကြသူများပင်လျှင် အံ့ဩတကြီး ဖြစ်ရလောက်အောင် ကျွန်မနံဘေး၌သာ နေခဲ့သည်။ ထိုသို့နေရုံတင် မကသေးဘဲ မိန်းမပါ ယူလာခဲ့သေးသည်။ ညိုညို၏ မိန်းမဖြစ်သူမှာ အဝါနုရောင်လေးဖြစ်ပြီး အမွေးလေးများမှာ အလွန်နူးညံ့သည်။ ညိုညိုတို့ ဇနီးမောင်နှံမှာ တောကလူကြမ်းကြီးနှင့် မြို့သူအချောအလှလေးသဖွယ်ပင်။ ထိုစဥ်က ကျွန်မနေမကောင်းသောကြောင့် သူ၏မိန်းမဖြစ်သူအား အသံမထွက်ရန် ဟိန်းဟောက်နေသေးသဖြင့် ရယ်ရသေးသည်။ ထိုအကြောင်းများအား ပြန်ပြောလျှင် ယုံနိုင်ဖွယ်ရာရှိသည်။ လက်ကိုင်ဖုန်းများ ခေတ်မစားသေးသည့်အချိန်ဖြစ်သောကြောင့် သက်သေပြရန်မူ မရှိ။ ညိုညိုဆုံးသွားပုံမှာ အသက်ကြီးရောဂါနှင့်ဟု ဆိုရမည်။ ညိုညိုသည် ညစဉ်ညတိုင်း ကျွန်မအိပ်ရာနံဘေး သို့မဟုတ် ခြင်ထောင်အမိုးပေါ်၌ အိပ်တတ်သည်။ တစ်ည ပုံမှန်ကဲ့သို့ပင် ကျွန်မ၏ ခြင်ထောင်အမိုးပေါ်၌ လာအိပ်နေသဖြင့် မနက်နိုးသည့်အခါ ထတော့ဟု နှိုးချိန် မနိုးတော့။

ထို့နောက် ကျွန်မအသက် ၂၁ နှစ်အရွယ်တွင် 'ဆိုးပေ' ဟူသော ကြောင်ထီးလေးအား လက်ဆောင်ရခဲ့သည်။ ဆိုးပေမှာ အလွန်လည်သည်။ အိမ်သို့ ရောက်စမှာပင် အိမ်နှင့်စိမ်းမနေဘဲ ဖေဖေနှင့် မေမေ့ကိုပင် နင်းနှိပ်ပေးရင်း အမှတ်ယူတတ်ခဲ့သူ ဖြစ်သည်။ အမျိုးမျိုးသော အကြောင်းများကြောင့် ဆိုးပေ၏အကြောင်းအား အကျယ်တဝံ့ မရေးတော့ပါ။ အကြောင်းတိုက်ဆိုင်ကြံကြိုက်လျှင်မူ ဆိုးပေအကြောင်း စာတစ်ပုဒ် ရေးဖြစ်လိမ့်မည် ထင်မိသည်။ မည်သို့ပင်ဖြစ်စေ ညိုညိုပြီးလျှင် ဆိုးပေမှာ ကျွန်မဘဝထဲ ဒုတိယမြောက် မမေ့နိုင်မည့် ကလေးတစ်ဦးဖြစ်သည်။

ယခုလက်ရှိ ကျွန်မထံ၌ ကြောင်ကလေး ၅ ကောင်ရှိပြီး ထိုကလေးများအား ကျွန်မတစ်သက် သူတို့တစ်သက် အလွန်တရာ ချစ်ခင်မြတ်နိုး သွားဦးမည်သာ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon