CRD Research and Development Institute
14/01/2017
06/12/2016
" အမေရိကန်လုပ်ငန်းရှင်ကြီးများသို့ ဒေါ်နယ်လ်ထရမ့်ပ်မှရာဇသံပေးလိုက်ခြင်း "
အမေရိကန်ဝန်ထမ်းများကို အလုပ်ဖြုတ်၍ နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းအခြေစိုက်သွားသော အမေရိကန်လုပ်ငန်းကြီးများ၏ အမေရိကန်နိုင်ငံသို့ ပြန်လည်တင်သွင်းရောင်းချမည့် ကုန်ပစ္စည်းများ (ဥပမာ - iPhone နှင့် iPad) အပေါ်တွင် အမေရိကန်အစိုးရသစ်မှ သွင်းကုန်အခွန် (၃၅%) ကောက်ခံမည်ဟု သမ္မတလောင်းထရမ့်ပ်မှ အမေရိကန်လုပ်ငန်းကြီးများကို ဒီဇင်ဘာလ (၄) ရက်နေ့၊ တနင်္ဂနွေနေ့မနက်စောစောက Twitter မှတဆင့် ရာဇသံပေးခဲ့သည်။
"အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများပေါ်မှာ ကောက်ခံနေတဲ့အခွန်ပမာဏကို အကြီးအကျယ်လျှော့ချသွားမှာဖြစ်ပါတယ်။ အမေရိကန်လုပ်ငန်းတွေအနေနဲ့ အမေရိကန်ဝန်ထမ်းတွေကို အလုပ်ဖြုတ်၊ လုပ်အားခသက်သာတဲ့ ပြည်ပကိုရွှေ့ပြောင်းအခြေစိုက်ပြီး ဘာပြဿနာမှမရှိပဲ ၄င်းတို့ထွက်ကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံတွင်းသို့ ပုံမှန်အတိုင်း ပြန်လည်တင်ပို့နိုင်မည်ဟု ယူဆလျှင် အမှားကြီးမှားပါလိမ့်မယ်။ အမေရိကန်လုပ်ငန်းတွေအနေနဲ့ ပြည်တွင်းရှိပြည်နယ် (၅၀) အတွင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းအခြေစိုက်နိုင်ပြီး ယခုလိုရွှေ့ပြောင်းမှုများအပေါ်မှာ မည်သည့်အခွန်မှပိုမိုကောက်ခံမည်မဟုတ်ပါ။ ဒါပေမယ့် လုပ်အားခဈေးပေါတဲ့ နိုင်ငံတွေကိုရွှေ့ပြောင်းအခြေစိုက်ဖို့ စီစဉ်နေကြတဲ့ ကုမ္ပဏီတွေအနေနဲ့တော့ အကုန်အကျအလွန်များပြားမယ့် အမှားကိုမကျူးလွန်ကြသေးခင်မှာ ကြိုတင်သတိပေးလိုက်တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးလုပ်ဆောင်ကြမယ့် စီးပွားရေးလုပ်ငန်းတွေကို တံခါးဖွင့်ကြိုဆိုလိုက်ပါတယ်.."
မက္ကဆီကိုနိုင်ငံအခြေစိုက်အမေရိကန်လုပ်ငန်းများမှ သွင်းကုန်များအား (၃၅%) အခွန်စည်းကြပ်မည်ဖြစ်ပြီး၊ တရုတ်နိုင်ငံအခြေစိုက် အမေရိကန်လုပ်ငန်းများမှမူ (၄၅%) အခွန်စည်းကြပ်မည်ဟု သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလအတွင်း ထရမ့်ပ်မှဆိုခဲ့သည်။ ထိုနောက်ပိုင်း ၄င်း၏ကားစက်ရုံအား မက္ကဆီကိုနိုင်ငံသို့ရွှေ့ပြောင်းရန် စီစဉ်နေသော Ford ကုမ္ပဏီမှ ထရမ့်ပ်အနေနှင့်သာ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှုများပြုလုပ်ပေးနိုင်မည်ဆိုလျှင် ကားစက်ရုံအား မက္ကဆီကိုနိုင်ငံသို့ရွှေ့ပြောင်းတော့မည်မဟုတ်ဟု Ford ကုမ္ပဏီ၏ CEO ဖြစ်သူ မာ့ခ်ဖီးလ်ဒ် (Mark Field) မှ လတ်တလောဆိုလာသည်။
မက္ကဆီကိုနိုင်ငံသို့ရွှေ့ပြောင်းမည့် Carrier ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော United Technologies Corp. ၏ CEO ဖြစ်သည့် ဂရက်ဂ်ဟေးယက်စ် (Greg Hayes) ၊ သမ္မတလောင်းထရမ့်နှင့် အင်ဒီယာနာပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှုးဖြစ်သော ဒုတိယသမ္မတလောင်း မိုက်ခ်ပဲန့်စ်တို့အကြား ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီးနောက် မက္ကဆီကိုသို့ရွှေ့ပြောင်းမည့် အလုပ်အကိုင်ပေါင်း (၁၀၀၀) ခန့်ကို ရွှေ့ပြောင်းတော့မည်မဟုတ်ဟု လွန်ခဲ့သောရက်ပိုင်းက Carrier ကုမ္ပဏီမှ ကြေငြာခဲ့သည်။ လာမည့် (၁၀) နှစ်အတွင်း Carrier ကုမ္ပဏီမှအခွန်ပမာဏ ဒေါ်လာ (၇) သန်းလျှော့ချပေးမည်ဖြစ်ပြီး အဓိကအချက်မှာ ပြည်ထောင်စုအစိုးရမှချပေးသော ဒေါ်လာ (၆.၇) ဘီလျံတန် ကံထရိုက်များအား နှစ်စဉ်ရရှိနေသော Carrier ကုမ္ပဏီ၏မိခင်ကုမ္ပဏီဖြစ်သည့် UTC မှ အစိုးရကံထရိုက်များကို လက်လွတ်ဆုံးရှုံးမခံနိုင်သောကြောင့်ဟုလည်း ဆိုသည်။
လေအေးပေးစက်များ၊ ဓါတ်ငွေ့မီးဖိုများထုတ်လုပ်သော ၀န်ထမ်းများအား အလုပ်ဖြုတ်၍ ဓါတ်ငွေ့မီးဖိုများထုတ်လုပ်သည့်စက်ရုံအား လုပ်အားခသက်သာသော မက္ကဆီကိုနိုင်ငံသို့ရွှေ့ပြောင်းအခြေချမည့် အင်ဒီယာနာပြည်နယ်အခြေစိုက် Carrier ကုမ္ပဏီ၏လုပ်ရပ်အား တားဆီးမည်ဟု ရွေးကောက်ပွဲမဲဆွယ်မှုကာလအတွင်း ထရမ့်ပ်မှအဆိုပြုခဲ့ဖူးသည်။ သို့သော် ထရမ့်ပ်၏အဆိုပြုချက်အား မည့်သို့မှမဖြစ်နိုင်ပဲ ထရမ့်ပ်တွင် "Magic Wand" (မှော်စကြာ) ရှိမှသာရလိမ့်မည်ဟု သမ္မတအိုဘားမားမှ လှောင်ခဲ့သည်။ အလားတူပင် ထရမ့်ပ်မှ ရွေးကောက်ပွဲဝင်ရန်ကြေငြာခဲ့သည့်နောက်ပိုင်း ထရမ့်ပ်လိုလူမျိုးဘယ်တော့မှ သမ္မတဖြစ်လာလိမ့်မည်မဟုတ်ဟု အိုဘားမားမှအကြိမ်ကြိမ် ပြက်ရယ်ပြုခဲ့သည်။ သတင်းထောက်များအတွက် အိမ်ဖြူတော်တွင်ကျင်းပခဲ့သော ညစာစားပွဲတခုတွင်လည်း လူပုံပရိသတ်အကြားရှိ ထရမ့်ပ်အား အိုဘားမားမှ လှောင်ပြောင်ထိုးနှက်ခဲ့သည်။
သို့သော် သမ္မတမဖြစ်ခင်က ကျောင်းဆရာ၊ ရွာဆော်၊ လွှတ်တော်အမတ် စသည့်အလုပ်များလုပ်ကိုင်ခဲ့သော အိုဘားမားနှင့် မတူပဲ အဓိကကျသည့်အချက်တချက်မှာ မူလကတည်းက ကိုယ်ပိုင်လေယာဉ်နှင့် ခရီးထွက်နေသည့် ထရမ့်ပ်မှာ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရာတွင် ကျွမ်းကျင်လိမ္မာပြီး စီးပွားရေးသမားများ၏အထာကိုကောင်းကောင်းနပ်သော ဘီလျံနာထိပ်သီးလုပ်ငန်းရှင်ကြီးတဦးဖြစ်နေခြင်းပင်ဖြစ်သည်။ Carrier ကုမ္ပဏီကိစ္စသည် ဘယ်လိုမှမဖြစ်နိုင်ဟု ထရမ့်ပ်အားလှောင်ပြောင်ခဲ့သည့်၊ လာမည့် ဇန်န၀ါရီ (၂၀) ရက်နေ့တွင် သမ္မတသက်တမ်း (၈) နှစ်ပြည့်မည့် အိုဘားမားအား သမ္မတပင်မဖြစ်သေးသော သမ္မတလောင်းထရမ့်ပ်မှ ရက်ပိုင်းအတွင်းအောင်မြင်အောင်လုပ်ပြပြီး သာသာလေး ပညာပေးလိုက်သည်။
ယခုတော့ (၂၀၁၆) ရွေးကောက်ပွဲတွင် ထရမ့်ပ်ကိုအေးအေးဆေးဆေး အနိုင်ရမည့် ဟီလာရီမှ ၄င်း၏မူဝါဒများကိုဆက်လက်ထိန်းသိမ်းမည်ဟု အပိုင်တွက်ထားသော အိုဘားမားအနေနှင့် ၄င်း၏ အငြင်းပွားဖွယ်ရာ မူဝါဒအားလုံးနီးပါးကို ထရမ့်ပ်မှမြေလှန်ပြီး ၄င်း၏လုပ်ရပ်များကိုချောင်ထိုးခြင်း ခံရတော့မည်ဖြစ်သည်။ ဒီမိုကရက်များ၏ နိုင်ငံရေးမဟာဗျူဟာမှာ စီးပွားရေးလုပ်ငန်းများနှင့် လူလတ်တန်းစားများကို အခွန်များများကောက်၊ အလုပ်လက်မဲ့များကို အထိုက်အလျောက်ထောက်ပံ့ပေးပြီး ၄င်းတို့အနေနှင့် အစိုးရကိုမှီခိုအားထားနေရအောင် အစိုးရသည် ကျေးဇူးရှင်သဖွယ်ဖန်တီးကာ ပြည်သူများထံမှ မဲရအောင်လုပ်ပြီး ရွေးကောက်ပွဲများတွင် အနိုင်ရရှိရန်လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ရီပတ်ဘလစ်ကန်များသည်လည်း ရာနှုန်းပြည့်ကောင်းလှသည်ဟု မဆိုနိုင်သော်လည်း ပြည်သူများ၏ အလုပ်အကိုင်နှင့် စားဝတ်နေရေးထက် ရွှေ့ပြောင်းမွတ်စလင်များ၊ တရားမဝင်နေထိုင်သူများ၊ ဂေးများနှင့် လိင်ပြောင်းများအရေးကို ဦးစားပေးရှေ့တန်းတင်ပြပြီး အာဏာရရေးအတွက် အဓိကရှေးရှုကာ နိုင်ငံနှင့်ပြည်သူအားစတေးလိုသော လစ်ဘရယ်များနှင့် ဒီမိုကရက်များမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာတွင် ရီပတ်ဘလစ်ကန်များထက် များစွာနိမ့်ကျသည်ဟု ဆိုနိုင်သည်။
ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ကျမ်းကျိန်မည့် ထရမ့်ပ်အစိုးရအဖွဲ့၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခံထားရသော ၀ီလ်ဘာရော့စ် (Wilbur Ross) မှလည်း အောက်ပါအတိုင်းဆိုခဲ့သည်။
" သွင်းကုန်ခွန်က ကုန်သွယ်ရေးညှိနှိုင်းမှုတွေရဲ့ အစိတ်အပိုင်းတခု ဖြစ်လာမှာဖြစ်ပါတယ်.."
ထရမ့်ပ်အခြားသော ပစ်မှတ်တခုမှာ iPhone ၊ iPad ၊ Macbook နှင့် အခြားနည်းပညာအသုံးအဆောင်များထုတ်လုပ်သော နာမည်ကျော် Apple Inc. ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများရှိစက်ရုံများမှ ပစ္စည်းများကို အသုံးပြု၍ ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပြူတာများ စသည်တို့ကို ထုတ်လုပ်နေသော Apple ကုမ္ပဏီအနေနှင့် ၄င်း၏ကုန်ပစ္စည်းများအား အမေရိကန်ပြည်တွင်းမှာပင် ထုတ်လုပ်စေမည်ဟု ရွေးကောက်ပွဲမတိုင်မီ ထရမ့်ပ်မှဆိုခဲ့ဖူးသည်။ ထို့ကြောင့် ဈေးပေါသော ပြည်ပလုပ်အားကို အသုံးပြု၍သော်လည်းကောင်း၊ အမေရိကန်ပညာရှင်များကိုအလုပ်ဖြုတ်၍ လုပ်ခသက်သာသော နိုင်ငံခြားသားပညာရှင်များကို H1-B ဟုခေါ်သော ယာယီအလုပ်အကိုင်ဗီဇာဖြင့်ခေါ်ယူခန့်ထား၍လည်းကောင်း အမြတ်အစွန်းများစွာရရှိနေသည့် Apple နှင့် Facebook တို့မှအစပြုသည့် အမေရိကန်နည်းပညာထိပ်သီးကုမ္ပဏီကြီးများမှ ထရမ့်ပ်အား အပြင်းအထန်ဆန့်ကျင်၍ ဟီလာရီအား သန်းပေါင်းများစွာ ပုံအောပံ့ပိုးခဲ့ကြသည်။ ငွေကြေးမတတ်နိုင်သော အခြေခံလူတန်းစားများဖြစ်သော ကော်လာပြာအလုပ်သမားများနှင့် လယ်သမားများကို တွေ့ဆုံစကားပြောရန် ဆန္ဒမရှိသော်လည်း ယခုလို အလှုအတန်းရက်ရောသော Silicon Valley မှ လုပ်ငန်းကြီးများနှင့် ၄င်းသမ္မတဖြစ်လာမည့်အရေးကို မျှော်ကိုး၍ ဒေါ်လာသန်းချီ၍ မိန့်ခွန်းပြောခအဖြစ် ခေါင်းစဉ်တပ်၍ပေးသော Wall Street မှ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို အလွန်ပင်လိုလားသော ဟီလာရီကလင်တန်အနေနှင့် အလွန်တရာမှ အကြိုက်တွေ့ခဲ့ရသည်။
သို့သော် ၄င်းတို့၏မှန်းချက်နှင့်နှမ်းထွက်လွဲခဲ့ရပြီး၊ ဓနအင်အားချို့တဲ့သောကြောင့်လည်းကောင်း၊ အိမ်ကြက်ဟုအပိုင်တွက်ထားမှုကိုခံကြရသောကြောင့်လည်းကောင်း အိုဘားမား၊ ဟီလာရီနှင့် ဒီမိုကရက်များ၏ ပစ်ပယ်မှုကိုခံကြရပြီး အပြောင်းအလဲကိုလိုလားကြသော အခြေခံလူတန်းစားမဲဆန္ဒရှင်များ၏ထောက်ခံမှုကြောင့်၊ ရွေးကောက်ပွဲအလှုငွေစုစုပေါင်း ဒေါ်လာ (၁.၃) ဘီလျံခန့်ရရှိခဲ့ကာ နယူးယောက်မြို့တွင် ခြိမ့်ခြိမ့်သဲအောင်ပွဲခံပြီး ထရမ့်ပ်အားအလဲထိုးရန် ပြင်ဆင်ထားသော ဟီလာရီအရေးနိမ့်ကာ ဟီလာရီ၏တ၀က်ခန့်သာ ရံပုံငွေရရှိခဲ့သည့်
ထရမ့်ပ်မှ ရွေးကောက်ပွဲအနိုင်ရရှိပြီးသည့် မရှေးမနှောင်းမှာပင် အမေရိကန်ပြည်ထောင်စုတွင် iPhone အား ထုတ်လုပ်ရန်အတွက် လေ့လာမှုများပြုလုပ်ကြရန် iPhone အစိတ်အပိုင်းအများစုအား ထုတ်လုပ်သော အဓိကကုမ္ပဏီ (၂) ခုဖြစ်သော Foxconn နှင့် Pegatron တို့အား Apple မှမေတ္တာရပ်ခံခဲ့သည်။ သို့သော် Pegatron အနေနှင့်မူ ကုန်ကျစရိတ်များပြားမှုကြောင့် ငြင်းပယ်ခဲ့ပြီး တရုတ်နိုင်ငံတွင် စက်ရုံထောင်ထားသော ထိုင်ဝမ်အခြေစိုက် Foxconn မှသာ အမေရိကားသို့ရွှေ့ပြောင်းရန် လေ့လာပြင်ဆင်ခဲ့သည်။
ဒေါ်နယ်လ်ထရမ့် ရွေးကောက်ပွဲအနိုင်ရရှိပြီးသည့်နောက်ပိုင်း ကုန်သွယ်ဘက်နိုင်ငံများနှင့် ကုန်သွယ်မှုအပေးအယူများ ပြုလုပ်ရာတွင် "Tariffs" (သွင်းကုန်ခွန်) ကို လက်နက်ကိရိယာတခုအဖြစ် အသုံးချသွားမည်ဖြစ်သည်ဟု ၄င်း၏ရုံးအဖွဲ့မှဆိုခဲ့ပြီးဖြစ်သည်။ အဓိကအားဖြင့် ထရမ့်ပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်နိုင်ငံများမှ တရုတ်နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့ဖြစ်ပြီး၊ တရုတ်အစိုးရသည် ၄င်း၏ ငွေကြေးကိုတန်ဖိုးချပြီး မသမာမှုကျူးလွန်နေသည်ဟု ထရမ့်ပ်မှဆိုခဲ့သည်။ ရုရှားနှင့် တရုတ်ကဲ့သို့သော နိုင်ငံများသည် အင်အားဘယ်လောက်ရှိဆိုခြင်းကို အဓိကအလေးထားကြောင်း သိထားသော ထရမ့်ပ်မှ လွန်ခဲ့သည့်ရက်ပိုင်းကပင် ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်နှင့် တိုက်ရိုက်ဖုန်းပြောကာ တရုတ်နိုင်ငံအား ပြတ်ပြတ်သားသား ဆက်ဆံသွားမည်ဖြစ်သည်ဆိုခြင်းအား သံတမန်ရေးအရ ထရမ့်ပ်မှ ခပ်တင်းတင်းအချက်ပြခဲ့သည်။ အသံသိပ်ထွက်မလာသော တရုတ်အစိုးရအနေနှင့် ထရမ့်ပ်အားလုံးဝလျှော့မတွက်ရဲသည်မှာ သိသာ၏။
အမျိုးသားအကျိုးစီးပွားထက် နိုင်ငံရေးအကျိုးအမြတ်ရယူရန် ပို၍အားသန်သော လက်ရှိသမ္မတအိုဘားမားအား တရုတ်ကဲ့သို့သောနိုင်ငံအနေနှင့် မခန့်လှပဲ၊ ဖိလစ်ပိုင်သမ္မတဒူတားတီဆိုလျှင် အိုဘားမားအား "Son of a w***e" (ဖာသည်မသား) ဟု မကြာသေးမီက ဆဲရေးတိုင်းထွာမှုပြုခဲ့ဖူး၍ သံတမန်ရေးတင်းမာမှုများဖြစ်သွားခဲ့သည်။ သို့သော် မိမိမှန်သည်ဟုထင်သည်အား ရဲရဲပြောရဲရဲလုပ်တတ်သည့် မကြာမီ သမ္မတသစ်ဖြစ်လာမည့် နိုင်ငံရေးသမားမဟုတ်ပဲ လတ်တလောကမှ နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာကာ မဲဆန္ဒရှင်များ၏ထောက်ခံမှုဖြင့် ရွေးကောက်ပွဲအောင်နိုင်ခဲ့သော အကွက်မြင်သည့် စီးပွားရေး သမားဖြစ်သည့် ဒေါ်နယ်လ်ထရမ့်ပ်သည် နိုင်ငံရေးအရအကျိုးအမြတ်ရရှိရန် အဓိကထားပြီး အမြဲတမ်းလိုလို လူကြိုက်အောင်ရှေးရှုပြီး လုပ်ဆောင်လေ့ရှိသော လက်ရှိသမ္မတ ဘားရက်ခ်အိုဘားမားနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ အမေရိကန်ပြည်သူများ၏ အလုပ်အကိုင်နှင့် စားဝတ်နေရေးထက် လူနည်းစုအခွင့်အရေး၊ လက်တီနိုအခွင့်အရေး၊ မွတ်စလင်အခွင့်အရေး၊ ဂေးအခွင့်အရေး၊ လိင်ပြောင်းများအရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည်တို့ကို လုပ်ပြပြီး နာမည်ကြီးအောင်အားထုတ်နေသော အိုဘားမားနှင့် ရာထူးအာဏာအားအသုံးချ၍ ချမ်းသာသထက်ချမ်းသာရန် အလွန်စိတ်ဝင်စားပုံရသော ဟီလာရီကလင်တန်တို့အား ၄င်းတို့အထင်သေးသော ပြည်သူများမှ (၂၀၁၆) ရွေးကောက်ပွ္ပဲတွင် ဒဏ်ခတ်ခဲ့ကြသည်။
01/12/2016
မြစ်ကူးတံတားကြီး ၉ စင်းကို ယာဉ်ဖြတ်သန်းခ မကောက်ခံတော့ဘူးဟုဆို | KUMUDRA JOURNAL မြစ်ကူးတံတားကြီး ၉ စင်းကို ယာဉ်ဖြတ်သန်းခ မကောက်ခံတော့ဘူးဟုဆို
14/10/2016
The Top Five Accounting Mistakes Analysts Make Shocking as it may seem, most research analysts and investors still commit elementary accounting errors when analyzing financial statements. Here are some of the more common mistakes.
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon
11121