Come With Me

Come With Me

Share

Photos from Come With Me's post 26/10/2025

မိမိ၏ဇာတ်ကောင်တစ်ခုစီအတွက် ပုံမှန် မဟုတ်သောပုံစံဖြင့်ရေးသားသတ်မှတ်ခြင်း

24/10/2025

Mine
Chapter-(18)

💛💛💛💛💛💛💛

ပိုမိုနွေးထွေးစေဖို့တတ်နိုင်စွမ်းသော မိုင်းရဲ့လုပ်ဆောင်မှုများကြားမှာ ကျူးလစ်မှာမောဟိုက်ပူလောင်သွားခဲ့ရသည်။ထိုအခိုက်အတန့်မှာပဲ မိုင်းရဲ့ရင်ခွင်ထဲမှာပွေ့ပိုက်ထားတဲ့ကျူးလစ်က မိုင်းကိုဖက်တွယ်၍ နှုတ်ခမ်းကို ခပ်ဖွဖွတစ်ချက်နမ်းလိုက်သည်။ထို့နောက် စကားဆိုလေသည်။

“ဒီသစ်‌တောကို စပြီးသိခဲ့တာ မေရီ့ကြောင့်နော် မိုင်း"

“အချစ်.....အဲ့ဒါကို.....မတွေး.....”

မိုင်းရဲ့စကားမဆုံးခင် ကျူးလစ်က စကားဖြတ်ပြောလေသည်။

“ကျူးလစ်ရဲ့စိတ်တွေ ပြန်ကောင်းလာမယ်လို့ ထင်လားဟင်"

“အခုလည်းကောင်းနေတာပဲမဟုတ်လား အချစ်ရယ်”

“ဟင့်အင်း......မကောင်းဘူး....ကျူးလစ်က ရူးနေတာ”

“မဟုတ်ပါဘူး....ကိုယ့်အချစ်လေး မရူးဘူး....မဟုတ်ဘူးနော် အချစ်.....အဲ့လိုမတွေးရဘူး”

ကျူးလစ်က မိုင်းကို ပိုမို၍ တင်းကျပ်နေအောင်ဖက်ထားလိုက်သည်။တဖြည်းဖြည်းနှင့်ကျူးလစ်ရဲ့မျက်လုံးလေးများမှေးစင်းလာခဲ့သည်။သစ်တောထဲမှာအချိန်အကြာကြီး ပင်ပန်းလာခဲ့တာကြောင့်ဖြစ်လိမ့်မည်ထင်သည်။ပင်ပန်းနွမ်းလျနေသောကျူးလစ်ကို မိုင်းက ကြင်နာစွာချော့သိပ်ပေးလေသည်။

“အိပ်လိုက်ပါတော့ အချစ်ရယ်။မင်းလေး ပင်ပန်းနေခဲ့ပြီလေ”

“ချစ်တယ် မိုင်း”

ရင်ခွင်ထဲမှာမှီတွယ်အိပ်စက်သွားခဲ့သော ကျူးလစ်ရဲ့ခန္ဓာကိုယ်လေးကို မိုင်းက ယုယစွာပွေ့ဖက်ပေးထားမိသည်။မိုင်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေက ကျူးလစ်ရဲ့ကျောပြင်ကို ပွတ်သပ်‌ပေးနေခဲ့သည်။

မိုင်းရဲ့လက်တွေက ကျူးလစ်ကိုပွေ့ဖက်ထားခိုက်တွင် မိုင်းရဲ့စိတ်အာရုံကတော့ အတိတ်မှဖြစ်ရပ်များဆီသို့ ပြန်လည်ရောက်ရှိသွားလေ၏။

×××××××××××××××××××××××××

နေရာတစ်ခုခုဆီသို့ ကားကိုမောင်းနှင်နေသောမေရီ့ကို ကျူးလစ်က ထိတ်လန့်သောမျက်ဝန်းများဖြင့်ကြည့်နေခဲ့သည်။ကားနောက်ခန်းတွင် မိုင်းနဲ့အတူထိုင်နေသောကျူးလစ်ရဲ့ပုံစံက အတော်လေး ထိတ်လန့်နေပုံရသည်။

မိုင်းကတော့ တစ်ခုခုကို ကြိုသိထားသည့်အလား ငြိမ်သက်တိတ်ဆိတ်နေသည်။မိုင်းရဲ့ထုံးစံအတိုင်း အေးစက်နေသောမျက်နှာသေကြီးဖြင့် ကားမှန်ကိုကျော်၍ အပြင်ဘက်သို့ ငေးမောနေခဲ့သည်။

‌အချိန်တစ်ခုကြာအောင် ကားမောင်းပြီးနောက် ကားက ရပ်တန့်သွားသည်။ မေရီ အလိုရှိသောနေရာသို့ရောက်ရှိသွားပုံရသည်။မေရီက ကျူးလစ်ကို ကားပေါ်မှဆင်းရန် အမိန့်ပေးသည်။

“ဒီသစ်တောထဲကို ဝင်ပြေးစမ်း ကျူးလစ်”

“ရှင်”

“မင်းကို ပြေးလို့ပြောနေတာ”

ကျူးလစ်က မေရီ့ကို နားမလည်သော မျက်ဝန်းများဖြင့်ကြည့်လေသည်။ မေရီက ကျူးလစ်ရဲ့နားမလည်သလို ပြန်ကြည့်နေသောပုံစံကြောင့် ထပ်မံရှင်းပြလေသည်။

“မင်းကို မိုင်းက သေနတ်နဲ့လိုက်ပစ်လိမ့်မယ်။မသေချင်ဘူးဆိုရင် လွတ်အောင်ပြေး ကျူးလစ်”

မေရီ့ရဲ့စကားအဆုံးမှာ ကျူးလစ်ကမိုင်းကို တစ်ချက်လှမ်းကြည့်မိသည်။မိုင်းက ကားထဲမှသေနတ်ကို အေးအေးဆေးဆေးသွားယူနေသဖြင့် ကျူးလစ် ပိုမိုထိတ်လန့်သွားရသည်။

“မိုင်း.....ဘာလုပ်မလို့လဲ.....မိုင်း....အဲ့ဒါက.....”

“မပြေးပဲ စကားများနေမယ်ဆိုရင်တော့ မင်းသေလိမ့်မယ် ကျူးလစ်"

မိုင်းရဲ့စကားကြောင့် ကျူးလစ် ထိတ်လန့်စွာဖြင့် ထပ်မံစကားဆိုသည်။

“ကျွန်မကို သတ်မလို့လားမိုင်း”

မိုင်းက ဘာမှပြန်မဖြေပဲ ကျူးလစ်ရဲ့အနောက်ရှိသစ်ပင်ကို သေနတ်ဖြင့်လှမ်းပစ်လိုက်သည်။ကျယ်လောင်သောသေနတ်သံကြောင့် ကျူးလစ်က ထိတ်လန့်စွာဖြင့်အော်ဟစ်လိုက်သည်။

အော်ဟစ်ရင်း ကြောင်စီစီရပ်ကြည့်နေသော ကျူးလစ်ရှိရာသို့ မိုင်းက သေနတ်နှင့်ချိန်လိုက်သည်။ထိုအခါတွင်မှ သတိဝင်လာဟန်ဖြင့် ကျူးလစ်က သစ်တောထဲသို့ဝင်ပြေးသွားခဲ့လေတော့သည်။

မိုင်းက ကျူးလစ်ကို သေနတ်ဖြင့် အဆက်မပြတ် နောက်မှလိုက်ပစ်လေသည်။ကျူးလစ်မှာ ခြောက်ခြားစွာနှင့် အော်ဟစ်ရင်း သစ်ပင်များကိုအကာအကွယ်ယူ၍ ထွက်ပြေးနေရတော့သည်။

ကျူးလစ်မှာ ယခုကဲ့သို့ခြောက်ခြားဖွယ်ရာဖြစ်ရပ်မျိုးကို မကြုံဖူးသဖြင့် သေလုမတတ်‌ ဒုက္ခရောက်နေခဲ့သည်။ မိုင်းက သေနတ်နဲ့အဆက်မပြတ်လိုက်ပစ်နေခဲ့သည်။ကျူးလစ်ကို ထိအောင်မပစ်ပဲ ကျူးလစ်ရဲ့အနီးတစ်ဝိုက်သို့ လှည့်ပတ်ပစ်နေသော မိုင်းရဲ့သေနတ်မှ ကျည်ဆံများက သစ်ပင်ကြီးတွေရဲ့ပင်စည်ကို စုတ်ပြတ်ဖွာထွက်စေခဲ့သည်။

မိုင်း ပစ်ခတ်နေသော သေနတ်သံက အဆက်မပြတ်မြည်ဟီးနေသဖြင့် ကျူးလစ်မှာ မောပန်းလွန်းနေပြီဖြစ်သော်လည်း ဆက်ပြေးနေရသည်။

တစ်နေရာအရောက်တွင် ဆင်ခြေလျောတစ်ခုကို သတိမထားမိပဲ ကျူးလစ်မှာ အောက်သို့ခြေချော်၍ပြုတ်ကျသွားခဲ့ရတော့သည်။‌ဆင်ခြေလျောရဲ့ အောက်ခြေသို့ရောက်ရှိသွားချိန်တွင် ကျူးလစ်ရဲ့ခြေထောက်မှာ ထိခိုက်မိသဖြင့် နာကျင်သွားခဲ့ရသည်။

ကျူးလစ်က ခြေထောက်ကိုကိုင်၍ မျက်ရည်ကျမိသည်။ဒီအခြေအနေဖြင့် ထပြေးလို့ရမှာမဟုတ်ကြောင်း ကျူးလစ်နားလည်သည်။ မိုင်းက ကျူးလစ်ကို သေနတ်နဲ့ မသေမချင်းလိုက်ပစ်မှာလားဟု တွေးမိသောအခါ ကြောက်ရွံ့စွာဖြင့် ကျူးလစ်ရဲ့ခန္ဓာကိုယ်လေး တဆတ်ဆတ်တုန်ရီလာရသည်။

အချိန်ဘယ်လောက်ကြာမြင့်သွားသလဲ ကျူးလစ်မသိခဲ့ပါ။ ရုတ်တရက်ဆိုသလိုပဲ ကျူးလစ်ကိုခေါ်လိုက်တဲ့အသံကြားလိုက်ရသည်။

“ကျူးလစ်"

ရုတ်တရက်ကြားလိုက်ရ‌သော မိုင်းရဲ့အသံကြောင့် ကျူးလစ်က ကြောက်လန့်တကြားထအော်လေ‌ တော့သည်။

“အား.....မလာနဲ့.....မလာနဲ့.....သွား......ကျွန်မကို မသတ်ပါနဲ့......တောင်းပန်ပါတယ်.....ကြောက်တယ်.....အရမ်းကြောက်တယ်......ရှင်ထွက်သွားစမ်းပါ”

“ဟေ့....ဟေ့....သတိထား....သတိထားနော် ကျူးလစ်။ကိုယ်မင်းကို ဘာမှမလုပ်ပါဘူး"

မိုင်းက ကျူးလစ်ကို တင်းကျပ်နေအောင်ပွေ့ဖက်ထားလိုက်သည်။နှုတ်ခမ်းဖျားမှလည်း အဆက်မပြတ်စကားပြောရင်း နှစ်သိမ့်ပေးနေခဲ့သည်။

“ဘာလို့လဲ.....ဘာလို့အဲ့လိုလုပ်ရတာလဲ.....ဟင်.....မိုင်း.....ကျွန်မကို ဘာလို့ လိုက်သတ်နေရတာလဲ”

ကျူးလစ်က မိုင်းကို ထုရိုက်အော်ဟစ်သောင်းကျန်းသည်။မိုင်းက ကျူးလစ်ကို သိမ်းကြုံးပွေ့ဖက်၍ နှစ်သိမ့်လေသည်။

“တောင်းပန်ပါတယ် ကျူးလစ်ရယ်။ကိုယ်ပြောပြမယ်။အခုတော့ ဒီနေရာက အရင်ဆုံးထွက်သွားရအောင်”

“ဟင့်အင်း.....ကျွန်မ လမ်းမလျှောက်နိုင်ဘူး မိုင်း။ခြေထောက်က အရမ်းနာတယ်”

“အဲ့ဒါဆို ကျောပိုးပြီးသွားတာပေါ့.....လာခဲ့ ကျူးလစ်”

မိုင်းက ကျူးလစ်ကို ကျောပိုး၍ ထိုနေရာမှထွက်ခဲ့လိုက်သည်။ မိုင်းက ကျူးလစ်ကိုခေါ်သွားခဲ့သောနေရာသည် ကျောက်လိုဏ်ဂူတစ်ခုဖြစ်သည်။

“ဒါက......"

“ဒီနေရာကို ကိုယ်လာနေကျလေ”

မိုင်းက ကျူးလစ်ရဲ့ခြေထောက်ကို သေချာစစ်ဆေးပေးသည်။ဆေးလိမ်းပေးသည်။ထို့နောက် ကျူးလစ်ကို ဖြစ်ကြောင်းကုန်စင်ရှင်းပြလေသည်။

“ဒါဆို မေရီက ရှင်နဲ့စတွေ့တုန်းကလည်း ရှင့်ကို အခုလိုလုပ်တယ်ပေါ့”

“ဟုတ်တယ်.....သူက လူတွေကို ထိတ်လန့်အောင်လုပ်ပြီး ဆော့ကစားရတာကို သိပ်ကြိုက်တယ်လေ”

“ဒီကိစ္စတွေကို မေရီလုပ်ချင်တာဆိုရင် ရှင်က ဘာလို့အခုလိုလုပ်နေတာလဲ။မေရီ ကိုယ်တိုင်လုပ်ပါစေ”

“ကိုယ်လည်း ဘယ်လုပ်ချင်ပါ့မလဲ။သူက ကိုယ့်ကို ခိုင်းစေနေတာလေ။သူ့ကို ငြင်းဆန်လို့ မဖြစ်နိုင်တဲ့အနေအထားတစ်ခုမဟုတ်လား”

“ဒါပေမယ့် ရှင်သာ ငြင်းဆန်ချင်စိတ်ရှိတယ်ဆိုရင် သူ့ကို ငြင်းဆန်လို့ရပါတယ်။ဘာလို့ အဲ့လိုမလုပ်တာလဲဟင်....ဘာလို့လဲ”

မိုင်းကို စူးစမ်းသောမျက်ဝန်းလေးတွေနဲ့ကြည့်ရင်း မေးခွန်းထုတ်နေသော ကျူးလစ်ကို ပြန်ဖြေဖို့ မိုင်းမှာအဖြေမရှိပါ။မဟုတ်ဘူး.....အဖြေရှိသည်။ထိုအဖြေကို မဖြေချင်တာပဲဖြစ်သည်။

မိုင်းရဲ့အမေကြောင့် မေရီ့ကို သည်းခံနေရတာဖြစ်သည်လေ။ယခုအချိန်အထိ မိခင်ဖြစ်သူ ဘယ်ရောက်နေလဲ၊ဘာဖြစ်နေသလဲဆိုတာ မိုင်းမသိဘူး။မေရီ့ကို လက်ခံနေရတာကို မိခင်ဖြစ်သူအကြောင်းသိချင်၍ဖြစ်သည်။

မိခင်ရဲ့ကိစ္စမှာ မိုင်းအတွက် အလွန်ခက်ခဲနေသောဖြစ်စဉ်တစ်ချို့လည်း ရှိသေးသည်။ထိုအရာတွေက မိုင်းနဲ့မေရီရှင်းမှဖြစ်မည့်အရာတွေဖြစ်သည်။ထိုကိစ္စတွေက အလွယ်တကူရှင်းလို့ရမှာမဟုတ်ဘူးဆိုတာကို မိုင်း နားလည်သည်။မိုင်းရဲ့အခက်အခဲတွေကို ကျူးလစ်အား မပြောပြချင်ပါ။

“ကိုယ့်မှာအဖြေမရှိဘူးထင်တယ်"

“ဘယ်လို မိုင်း.....အရာရာတိုင်းမှာ အဖြေရှိပါတယ်။ရှင် မဖြေချင်လို့မဟုတ်လား"

“ကျေးဇူးပြုပြီး မမေးလို့ရမလား ကျူးလစ်။ကိုယ့်အတွက် တကယ်ခက်ခဲလို့ပါ”

“ရှိပါ‌စေလေ။ရှင်က မဖြေချင်ဘူးဆိုတော့လည်း အဲ့ဒီကိစ္စကို ထားလိုက်ပါ။ကျွန်မ ပြောချင်တာရှိတယ်။အဲ့ဒါကို နားထောင်ပေါ့”

“ဘာပြောချင်တာလဲ ကျူးလစ်”

“ရှင်က ကျွန်မကို ချစ်တယ်လို့ပြောထားတာမဟုတ်လား။ရှင့်ကိုလည်း ကျွန်မချစ်သူအဖြစ်လက်ခံထားတယ်။ဒါပေမယ့် ဒီလို အခြေအနေမျိုးဆိုရင် ကျွန်မ ရှင့်ကို လက်မခံနိုင်ဘူး”

“မင်းက ဘာဖြစ်စေချင်တာလဲဟင်”

“ရှင့်ကို မေရီ့လက်အောက်က လွတ်မြောက်စေချင်တယ်။မေရီ့ရဲ့ကျွန်ဖြစ်နေတာကို ကျွန်မ မမြင်ချင်ဘူး”

“မင်းလေးက ဘယ်လိုအခြေအနေမျိုးကို အလိုရှိတာလဲ”

“ဒီနန်းတော်ကို ကျွန်မပဲ အပြည့်အဝ ပိုင်ဆိုင်ထိန်းချုပ်ချင်တယ်။မေရီ့ကို မမြင်ချင်သလို အရာရာက ရှင့်ရဲ့အာဏာ လွှမ်းမိုးမှုအောက်မှာဖြစ်စေချင်ပြီး ရှင့်အပေါ် အာဏာသက်ရောက်တဲ့သူက ကျွန်မ ဖြစ်ချင်တယ်”

ကျူးလစ်က မိုင်းကို အလိုရှိရာတောင်းဆိုနေပြီဖြစ်သည်။မိုင်းဘက်ကရော.....ကျူးလစ်အလိုရှိတာကို ပေးနိုင်ပါသလား။ မိုင်းအတွက် ဘာမှထပ်စဉ်းစားစရာမလိုပါဘူး။ကျူးလစ် အလိုရှိရာအားလုံးကို ပေးအပ်ဖို့ဆန္ဒရှိပါသည်။

“မင်း အလိုရှိတဲ့ဆန္ဒက အဲ့ဒါလား ကျူးလစ်"

“အင်း....."

“ကောင်းပြီလေ။ဒါက မင်းရဲ့ဆန္ဒဆိုရင် ကိုယ်ဖြည့်ဆည်းပေးပါ့မယ်”

အဲ့ဒီနောက်မှာတော့.......။

×××××××××××××××××××××××××

“မိုင်း.......”

ရင်ခွင်ထဲက ကျူးလစ်ရဲ့လှုပ်ရှားမှုနဲ့ ခေါ်သံကြောင့် အတိတ်သို့ရောက်နေသော မိုင်းရဲ့အတွေးတွေပျက်ပြယ်သွားရသည်။

“ဟင်.....အချစ်.....ကိုယ်ရှိတယ်နော်....ဘာလို့လဲ....တစ်ခုခုဖြစ်လို့လားဟင်”

“ဘာမှတော့မဖြစ်ပါဘူး။ဒီနေရာက ဘယ်တော့ ပြန်ကြမှာလဲဟင်”

“ဘာလို့လဲ အချစ်”

“‌ကြောက်လို့....”

“သစ်တောထဲ ကိုယ်တို့လာနေကျပဲမဟုတ်လား။အန္တရာယ်ကင်းပါတယ်”

“ဒါပေမယ့်...... မေရီ့အကြောင်းပြန်တွေးမိပြီး.....”

“အင်း....အင်းပါ... မတွေးနဲ့နော်။မနက်ဖြန်ဆိုရင် သူတို့လာခေါ်လိမ့်မယ်”

“ဘယ်သူလဲ”

“ကိုယ့်ရဲ့အစေခံတွေလေ”

“သူတို့ကို မလိုက်နဲ့လို့ပြောထားတယ်လေ။ဘယ်လိုလိုက်လာမှာလဲ”

“ကိုယ်တို့ ဒီနေ့သစ်တောထဲကပြန်မထွက်လာရင် မနက်ဖြန် ဒီနေရာမှာလာခေါ်ဖို့မှာထားတယ်”

“အဲ့လိုဆိုရင်တော့လည်း မဆိုးပါဘူး”

“ဒါကြောင့်မို့လို့ ဘာမှမဖြစ်ပါဘူးကွာ။မကြောက်နဲ့နော်”

“အင်း....အင်း....”

ကျူးလစ်က မိုင်းကို နမ်းရှိုက်ရင်း မနက်ဖြန်ကိုစောင့်မျှော်လေ၏။အဲ့ဒီလိုနဲ့ မနက်ဖြန်မနက်ရောက်တဲ့အခါ မိုင်းရဲ့အစေခံတွေလာခေါ်ကြသည်။အဲ့ဒီလိုဖြင့် မိုင်းရဲ့နန်းတော်သို့ သက်တောင့်သက်သာအနေအထားဖြင့်ပြန်ရောက်ခဲ့ရသည်။

“အချစ်”

“အင်း.....မိုင်း”

“သေချာအနားယူရမယ်နော်။အရမ်းပင်ပန်းထားတာ”

“တကယ်ဆိုရင် မိုင်းက ပိုပြီးပင်ပန်းတာပါ။ကျွန်မ နှိပ်စက်ထားသမျှ ဒဏ်ရာဒဏ်ချက်တွေကို ခံစားနေရတာလေ”

“ဒီလောက်ကတော့ ခံနိုင်ရည်ရှိပါတယ်။ကိုယ့်အချစ်ကလေးရဲ့လက်ချက်ပဲဟာ....။ ဟုတ်တယ်မို့လား....ကောင်းပါတယ်”

“မိုင်း.....ရှင်နော်”

“ဟုတ်တယ်လေ။မင်းလေး ဆီက ဘယ်လိုအရာကိုမဆို ကိုယ်သဘောကျတတ်တာ သိသားနဲ့”

“ရှင့်ကို အဲ့ဒါကြောင့် သိပ်ချစ်တာ။ရှင်က ကျွန်မအတွက် စိတ်လုံခြုံမှုပေးနိုင်တဲ့လူတစ်ယောက်။ပြီးတော့ ကျွန်မရဲ့ရူးသွပ်မှုတွေကို လက်ခံပေးနိုင်တဲ့တစ်ဦးထဲသောသူ.....မိုင်း.....ချစ်တယ်.....ရှင့်ကို သိပ်ချစ်တယ်”

ကျူးလစ်က မိုင်းကို အပြစ်ကင်းစင်သော မျက်ဝန်းဖျော့ဖျော့လေးတွေနဲ့ကြည့်ရင်း တိုးလျစွာစကားဆိုတာဖြစ်သည်။ကျူးလစ်ရဲ့စူးရှနေသောမာနအငွေ့အသက်များ ရှိမနေသလို မိုက်မဲသောရူးသွပ်မှုအငွေ့အသက်တွေလည်းရှိမနေခဲ့ပါဘူး။ဒါဟာ ကျူးလစ်ရဲ့မြတ်နိုးဖွယ်ရာတစ်ခုအဖြစ်မက်မောစွာပွေ့ဖက်သိမ်းဆည်းလိုက်သည်။

“မေရီ့ကို မုန်းတယ် မိုင်းရယ်။သူက ကျွန်မအတွက် အိမ်မက်ဆိုးတစ်ခုပဲ”

“သူက မင်းကို အန္တရာယ်မပြုနိုင်ပါဘူး အချစ်ရယ်။ကိုယ်အသက်ရှိနေသ၍ မင်းလေးကို ဘာမှဖြစ်ခွင့်မပြုပါဘူး”

“အဲ့ဒါကို ကျွန်မ သိပါတယ် မိုင်း။ယုံလည်း ယုံကြည်ပါတယ်။ဒါပေမယ့် ရှင်ကာကွယ်ပေးတာကိုမလိုချင်ဘူး။သူ့ကို ကျွန်မကိုယ်တိုင် စီရင်ချင်တာ”

“မင်းကို ထိခိုက်နာကျင်စေမှာပေါ့။အဲ့ဒါက အန္တရာယ်များတယ်လေ”

ကျူးလစ်က မိုင်းကို တရားခံစစ်သောမျက်ဝန်းတွေနဲ့ စူးစမ်းသလိုကြည့်သည်။

“မေရီ မသေသေးဘူးလို့ ရှင်သိနေတာမဟုတ်လား”

“မဟုတ်ပါဘူး....မေရီက သေပြီ။ဒါပေမယ့် မင်းလေးပဲ သူ့ကို မသေသေးဘူးဆို....မင်းပြောတာကိုလည်း ထည့်သွင်းစဉ်းစားပေးရင်း....”

“အဲ့ဒီလိုပဲထားပါတော့။ကျွန်မသူ့ကိုမေးချင်တဲ့မေးခွန်းတွေရှိတယ် မိုင်း။မေရီ့ကို မျက်နှာချင်းဆိုင်တွေ့ပြီး သေချာမေးချင်တဲ့မေးခွန်းတစ်ချို့ရှိနေတယ်”

“ဘာတွေသိချင်တာလဲ အချစ်ရယ်”

“မေရီနဲ့မိုင်းကြားက.......”

ကျုးလစ်က စကားဆက်မပြောတော့ပါ။မိုင်းအနားမှ ထထွက်သွားသည်။ မိုင်းကို ကျောခိုင်းရပ်ရင်း ပြတင်း‌တံခါးမှတဆင့် အပြင်ဘက်သို့ငေးနေသော ကျူးလစ်ကို မိုင်းက စိတ်ပူစွာဖြင့် သတိပေးစကားဆိုသည်။

“တစ်ခုခုဖြစ်လို့လား အချစ်။ကိုယ့်ကို ပြောပါဉီး”

ကျူးလစ်က မိုင်းရှိရာဘက်သို့ အသာလှည့်ကြည့်၍ပြောသည်။

“ဘာမှမဖြစ်ပါဘူး မိုင်း။ကျွန်မရဲ့စိတ်တွေကို ထိန်းချုပ်ဖို့ကြိုးစားနေတာပါ”

“ဘာလို့ အဲ့လိုပြောတာလဲအချစ်ရယ်”

ကျူးလစ်က သက်ပြင်းချသည်။ထို့နောက် မိုင်းအနားသို့လာ၍ မိုင်းရဲ့မျက်ဝန်းတွေကို ဆွေးမြေ့စွာကြည့်လေသည်။

“မိုင်းကို ချစ်တယ်....သနားလည်းသနားတယ်.....ပြီးတော့......ပြီးတော့.....ပြောပြဖို့ခက်တဲ့ခံစားချက်တစ်ချို့လည်းရှိနေပြီး.......”

ကျူးလစ်က သက်ပြင်းရှိုက်လိုက်ပြန်သည်။ကျူးလစ်ရဲ့ပုံစံကိုကြည့်၍ မိုင်းစိတ်မကောင်းဖြစ်မိသည်။ကျူးလစ်ခံစားခဲ့ရတာတွေကို မိုင်းသေချာသိနေသည်ပဲ။ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်တဲ့မိန်းကလေးလဲဟု မိုင်းစိတ်ထဲတွေးနေမိသည်။

“မင်းလေး တစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုးချစ်တာပါ ကျူးလစ်။ကိုယ်မင်းကို သိပ်ချစ်တယ်။ဒါကြောင့် စိတ်ညစ်စရာတွေ မတွေးပါနဲ့လား အချစ်ရယ်”

“ကျွန်မ သိပါတယ်။နားလည်နေပါတယ်.....ဒါပေမယ့်.....ဒါပေမယ့်.......မိုင်း”

“ကိုယ့်ကို သေချာကြည့်စမ်း.....ကိုယ့်မျက်နှာကို သေချာကြည့်လိုက်စမ်းပါကွာ”

မိုင်းက ကျူးလစ်ရဲ့ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ပြီး စကားဆိုသည်။သိပ်မြတ်နိုးရတဲ့ သူမရဲ့မျက်နှာလေးကို ဖြည်းဖြည်းချင်းမော့ကြည့်မိသည်။

မော့ကြည့်လာသော မိုင်းရဲ့မျက်ဝန်းမှာ မျက်ရည်တွေ.....။အို....သူမရဲ့မျက်ဝန်းတွေက စိုလဲ့နေပါရောလား။မိုင်းဆိုတာ ဘယ်တုန်းကမှ ငိုခဲ့ဖူးသူမဟုတ်မှန်း ကျူးလစ်သိတာပေါ့။ဒါပေမယ့် အခုတော့ မျက်ရည်တွေဝဲလို့ပါလား။

ဒါပေမယ့် မိုင်းကို အခုလောလောဆယ် မသနားချင်ဘူး။ကျူးလစ်သိချင်တာကို မေးမှဖြစ်လိမ့်မည်။ မိုင်းရဲ့မျက်နှာကို သေချာကြည့်နေရင်း ကျူးလစ်ရဲ့ နှုတ်ခမ်းဖျားက မေးခွန်းထုတ်လိုက်ပါသည်။

“မေရီနဲ့ချစ်တင်းနှောခဲ့ဖူးသလား မိုင်း”

“ဘာ......”

ကျွန်မရဲ့တိုးလျလျအသံနဲ့မေးခွန်းကြောင့် အလန့်တကြားအော်ဟစ်လေတဲ့မိုင်းရဲ့နှုတ်ခမ်းလေးကို ကျွန်မရဲ့လက်ကလေးနဲ့ ခပ်ဖွဖွ တို့ထိလိုက်တယ်။

“ဒီအတိုင်း ကျွန်မ သိပ်ကြောက်တဲ့အရာကို ရင်ဆိုင်ကြည့်လိုက်တာပါ။ထပ်မေးမယ်....ဖြေပါ မိုင်း....ရှင်နဲ့မေရီခန္ဓာကိုယ်ချင်းရင်းနှီးခဲ့ဖူးသလားဟင်”

“ဘာလို့မေးတာလဲ အချစ်"

“မေရီကိုယ်တိုင် အဲ့လိုပြောခဲ့တာပဲ။ဘာလင်မသွားခင်ညက မေရီနဲ့ တွေ့ခဲ့တယ်။သူပြောခဲ့တာက.....”

“ဘာလို့ ဒီလိုနာကျင်စရာတွေကို လက်ခံထားသေးတာလဲ။မင်းကို သိပ်ချစ်တယ်လေ။အဲ့ဒီသိပ်ချစ်မိတဲ့ ကိုယ့်ရဲ့အချစ်တွေနဲ့ မင်းလေး ပျော်ရွှင်သင့်ပြီမဟုတ်လား”

“ပျော်တာပေါ့။သိပ်ပျော်တာပေါ့ မိုင်းရယ်။ကျွန်မ သိပ်ပျော်တာပေါ့။ဘယ်လိုစကားလုံးနဲ့မှ ဖော်ပြလို့မရနိုင်တဲ့ခံစားချက်မျိုးနဲ့ကျွန်မသိပ်ပျော်တာပေါ့ရှင်။ဒါပေမယ့် ကျွန်မရင်ထဲက မနာလိုမှုတွေကတော့ ပျောက်ဆုံးမသွားဘူး။တစ်နေ့ထက် တစ်နေ့ ပိုပိုတိုးပြီး အမြစ်တွယ်လာတဲ့ အဲ့ဒီ မနာလိုမှုတွေက ကျွန်မရဲ့နှလုံးသားကို ငရဲမီးနဲ့လောင်ကျွမ်းစေသလိုပဲ”

“တော်ပါတော့....တော်ပါတော့နော် အချစ်”

“ကျွန်မရဲ့မေးခွန်းကို မဖြေသေးဘူးနော်။ဘာလို့လဲ။အဖြေက ဟုတ်ပါတယ်ဆိုပြီး ဖြေရမှာမို့လို့လား”

“မဟုတ်ဘူး။ကိုယ်နဲ့ မေရီ ဘာမှမဖြစ်ခဲ့ဘူး အချစ်”

“တကယ်လား”

“အင်း....ကိုယ့်ရဲ့အပျိုစင်ဘဝကို ပထမဆုံးရရှိပိုင်ဆိုင်ခဲ့တာက မင်းလေးပါ။မင်းကလွဲပြီး ဘယ်သူ့ကိုမှ ရင်းနှီးကျွမ်းဝင်ခြင်းမရှိခဲ့ပါဘူး။မင်းကလွဲပြီး ဘယ်သူ့ကိုမှလည်း ချစ်မြတ်နိုးခြင်းမရှိခဲ့ပါဘူး အချစ်ရယ်”

“ဒါပေမယ့် မေရီပြောတဲ့စကားက ရှင့်ကို သူပိုင်ဆိုင်ခဲ့ဖူးပါတယ်တဲ့”

“မဟုတ်တဲ့စကားပါကွာ။သူလိမ်ပြောနေတာ”

“ကျွန်မကတော့ မိုင်း လိမ်ပြောနေတယ်လို့ထင်တယ်”

မိုင်းရဲ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ရင်းပြောလိုက်သော ကျွန်မရဲ့စကားကြောင့် မိုင်းရဲ့မျက်နှာလေး ပျက်ယွင်းသွားခဲ့သည်။သေချာနေပါပြီ။မိုင်းနဲ့မေရီတို့နှစ်ဦးကြားမှာ တစ်ခုခုဖြစ်ခဲ့ဖူးပါလိမ့်မည်။ကျွန်မရဲ့အတွေးတွေက ကျွန်မကို နှိပ်စက်လာခဲ့သည်။

“မုန်းတယ်”

ကျူးလစ်ရဲ့နားနှစ်ဖက်ကို လက်နဲ့ပိတ်ရင်း ရူးသွပ်စွာအော်ဟစ်ပစ်လိုက်မိသည်။မျက်လုံးစုံမှိတ်ရင်း ငယ်သံပါအောင်အော်ဟစ်မိတဲ့ကျူးလစ်ကို တားဆီးသတိပေးလာတဲ့ မိုင်းကို ဆောင့်တွန်းပစ်လိုက်သည်။

“ဖယ်စမ်း မိုင်း”

“ကျူးလစ်....သတိထားပါဦး”

“အရင်က ရှင်လုပ်ခဲ့သမျှအရာအားလုံးကို ခွင့်မလွှတ်နိုင်ဘူး။ရှင့်ကို ပိုင်ဆိုင်တဲ့သူက ကျွန်မပဲဖြစ်ရမယ်။ရှင့်အတွက် ပထမဆံုးနဲ့ နောက်ဆုံးချစ်ရတဲ့သူက ကျွန်မပဲဖြစ်ရမယ်။ရှင်က ကျွန်မ မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အရင်ပတ်သက်ဖူးခဲ့တယ်ဆိုရင်.....အဲ့ဒီလိုသာ ပတ်သက်ခဲ့ဖူးတယ်ဆိုရင်.....”

ကျူးလစ်ရဲ့မျက်ဝန်းတွေက မငြိမ်မသက်ဖြစ်လာသည်။ကျူးလစ်ရဲ့စကားလုံးတွေက အရူးဆန်ဆန်ဖြစ်လာသည်။

“ရှင့်ကို အသက်မရှင်စေချင်တော့ဘူး မိုင်း”

“အချစ်....”

“သေလိုက်.....အခုချက်ချင်း သေလိုက် မိုင်း.....ပထမဆုံးမှမဟုတ်ရင် ဘာကိုမှမလိုချင်ဘူး”

ကျူးလစ်က မိုင်းကို ဓားနဲ့ပြေးထိုးဖို့ကြိုးစားသည်။

“ကျူးလစ်....”

မိုင်းက အော်ဟစ် သတိပေးလေသည်။ထိုအခိုက်တွင် ရုတ်တရက်ဆိုသလိုပဲ ကျူးလစ်ရဲ့ခြေလှမ်းများရပ်တန့်သွားသည်။

“မဟုတ်ဘူး.....ရှင့်ကို သတ်လို့လည်း....ကျွန်မ စိတ်ကျေနပ်မှုရမှာမဟုတ်ဘူး.....ကျွန်မကိုယ့်ဘာသာပဲ ထိခိုက်အောင်လုပ်သင့်တာ......ဟုတ်တယ်......ကျွန်မ အသက်မရှင်သင့်တော့ဘူး”

ကျူးလစ်က ဓားနဲ့သူ့ကိုယ်သူထိုးစိုက်ဖို့ပြင်ဆင်လိုက်ပါသည်။မိုင်းက အသဲအသန်ပြေးသွား၍ ဓားကိုဆုပ်ကိုင်ထားဆီးလိုက်သည်။ဓားသွားက မိုင်းရဲ့လက်ကိုသွေး‌ထွက်သံယို‌ဖြစ်စေပါ၏။

“မိုင်း....ဘာလုပ်တာလဲ....လွှတ်....လွှတ်စမ်း မိုင်း”

“မင်းကိုယ်မင်း ထိခိုက်အောင်မလုပ်ဘူးလို့ပြောမှလွှတ်မယ်”

“သွေးတွေထွက်နေပြီ.....လွှတ်စမ်းလို့....မိုင်း....အခုလွှတ်”

“ပြောလေ....ထိခိုက်အောင်မလုပ်ပါဘူးလို့”

“အင်း....အင်း....မလုပ်ဘူး...အခုလွှတ်တော့”

မိုင်းက ဓားကိုဖြည်းဖြည်းချင်းလွှတ်၍ ကျန်လက်တစ်ဖက်ဖြင့် လျှင်မြန်စွာဆွဲယူသိမ်းဆည်းလိုက်သည်။မိုင်းရဲ့လက်မှ သွေးတွေကိုကြည့်၍ ကျူးလစ်ရဲ့ခန္ဓာကိုယ်လေးပျော့ခွေကျသွားခဲ့တော့သည်။

“ကျူးလစ်.....အချစ်ရေ.....သတိထားဦး......ကိုယ်ပြောတာကြားလား.....အချစ်”

💛💛💛💛💛💛💛

(နောက်တစ်ပိုင်း မျှော်)
(စာရေးသူ-အေဗရီရင့်ဟန်)

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon