Ananda Saytanar Foundation

Ananda Saytanar Foundation

Share

17/06/2026

🚨သင့်အိမ်ဘေးက ရေကြည်ရေအိုင် သေးသေးလေးတစ်ခုဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားစေတဲ့ ခြင်ကျားသောင်းချီ ပေါက်ဖွားရာ နေရာဖြစ်သွားနိုင်ပါတယ်❗

သွေးလွန်တုပ်ကွေးရောဂါဟာ ကြိုတင်ကာကွယ်ရုံနဲ့တင် ကင်းဝေးစေနိုင်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ခြင်ပေါက်ဖွားမှုရှင်းလင်းဖို့ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ။ 🛡️

🚫 ရေတင်ကျန်နိုင်တဲ့ နေရာများ ရှင်းလင်းပါ။
အိမ်အနီးအနားက ရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ ကားတာယာဟောင်း၊ အုန်းခွံနဲ့ ပန်းအိုးခွက်တွေကို သွန်ပစ်ပါ၊ ရှင်းလင်းပါ။ ခြင်ကျားတွေ ဥမဥနိုင်အောင် ရေစည်ရေအိုးတွေကို ဖုံးအုပ်ထားပါ။

🚪 ခြင်လုံဇကာ တပ်ဆင်ပါ။
အိမ်ရဲ့ ပြတင်းပေါက်တွေနဲ့ တံခါးတွေမှာ ခြင်လုံဇကာ တပ်ဆင်ထားပြီး နေ့ခင်းဘက် ခြင်ကိုက်ခံရမယ့် အန္တရာယ်ကို သဘာဝအတိုင်း အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။

🦟 ခြင်ထောင်နဲ့ အိပ်ပါ။
နေ့ခင်းဘက်ဖြစ်စေ၊ ညဘက်ဖြစ်စေ ကလေးငယ်တွေကို အိပ်စက်စေတဲ့အခါ ခြင်ထောင်နဲ့ အိပ်စက်တဲ့ အလေ့အထကို ပြုလုပ်ပေးပါ။

"ဖုံး၊ သွန်၊ လဲ၊ စစ်" အလုပ်က သေးငယ်ပေမယ့် သင့်မိသားစုရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။ 🤗

"သွေးလွန်တုပ်ကွေး ကင်းဝေးဖို့ ခြင်အန္တရာယ်ရှင်းလင်းစို့"

#သွေးလွန်တုပ်ကွေး #ခြင်အန္တရာယ်

09/06/2026

ဆီးချိုကြောင့် ဖြစ်နိုင်တဲ့ အာရုံကြောပြဿနာများ

ဆီးချိုရောဂါရှိသူတွေက ခြေထောက်တွေ ထုံတယ်၊ ထိလည်း မသိဘူး၊ ကျဉ်တယ် စတာတွေပြောတာ ကြားဖူးကြမှာပါ။ ဆီးချိုရောဂါက နောက်ဆက်တွဲအနေနဲ့ နှလုံးထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ အမြင်အာရုံထိခိုက်တာတွေသာမက အာရုံကြောတွေလည်း ထိခိုက်တတ်ပါတယ်။

ဆီးချိုရောဂါရှိသူတွေက သွေးတွင်းသကြားဓာတ် တက်တာကို မထိန်းနိုင်ရင် အာရုံကြောပိုထိနိုင်ပါတယ်။ အမျိုးအစား ၁ ရော၊ ၂ ပါ အာရုံကြောထိခိုက်နိုင်ပါတယ်။ လေ့လာချက်တွေအရ ဆီးချိုရောဂါရှိသူတွေရဲ့ 50% (တစ်ဝက်) က အစွန်အဖျားအာရုံကြောထိခိုက်တာ (ထုံတာ၊ ကျဉ်တာ) ဖြစ်တတ်ပြီး 30%က ကိုယ်တွင်းအင်္ဂါတွေကို ထောက်ပို့နေတဲ့ အာရုံကြောထိခိုက်တာ (ဥပမာ အထိုင်အထမူးတာ၊ လိင်တံမထောင်မတ်နိုင်တာ) ဖြစ်တတ်ပါတယ်။

နောက်ထပ်လေ့လာချက်တွေအရဆိုရင် အမျိုးအစား ၁ ဆီးချိုရောဂါရှိသူရဲ့ 20% က ဆီးချိုရှိတာ နှစ်၂၀လောက်ကြာရင် အာရုံကြောတွေ စပြီး ထိခိုက်တတ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေရဲ့ 15-50% က ၁၀ နှစ်လောက်ကြာရင် အာရုံကြောတွေ စပြီး ထိခိုက်လာနိုင်ပါတယ်။ အထူးသဖြင့် HbA1c 7% ကျော်တဲ့သူတွေက ပိုပြီး ဖြစ်နိုင်ပါတယ်။ ဒါက လေ့လာချက်တွေအရ ပြောတာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။

ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းက အမျိုးအစား (၃) မျိုးရှိပါတယ်။

𝐏𝐞𝐫𝐢𝐩𝐡𝐞𝐫𝐚𝐥 𝐧𝐞𝐮𝐫𝐨𝐩𝐚𝐭𝐡𝐲
အစွန်အဖျားအာရုံကြောတွေ ထိခိုက်တာဖြစ်ပြီး ခြေလက်တို့က အာရုံကြောတွေ ထိခိုက်တတ်ပါတယ်။ လက္ခဏာအနေနဲ့ ထုံတာ၊ ကျဉ်တာ၊ မသိလိုက်ဘဲ ထိခိုက်ဒဏ်ရာရပြီး အနာမကျက်တာတွေ ဖြစ်တတ်ပါတယ်။

𝐀𝐮𝐭𝐨𝐧𝐨𝐦𝐢𝐜 𝐧𝐞𝐮𝐫𝐨𝐩𝐚𝐭𝐡𝐲
နှလုံး၊ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထောက်ပံ့ပေးတဲ့ အာရုံကြောတွေပါ။ အထိုင်အထမှာ မူးတာ၊ အစာမကြေတာ၊ လိင်တံမထောင်မတ်တာတွေ ဖြစ်တတ်ပါတယ်။

𝐏𝐫𝐨𝐱𝐢𝐦𝐚𝐥 𝐧𝐞𝐮𝐫𝐨𝐩𝐚𝐭𝐡𝐲
တင်ပါး၊ ပေါင်၊ ခြေထောက်က အာရုံကြောတွေ ထိခိုက်တာပါ။ များသောအားဖြင့် တစ်ဖက်တည်း ဖြစ်တာများပါတယ်။ ပေါင်ကိုက်တာ၊ ကြွက်သားတွေ သိမ်လာတာ၊ ခြေထောက်တွေ အားပျော့လာတာတွေ ခံစားရပါတယ်။

ဆီးချိုကြောင့် အာရုံကြောထိခိုက်တာက
• သွေးတိုးရောဂါရှိသူတွေ
• အဝလွန်သူတွေ
• သွေးတွင်းအဆီဓာတ်များသူတွေ
• ကျောက်ကပ်ရောဂါရှိသူတွေ
• အရက်သောက်သူတွေ
• ဆေးလိပ်‌သောက်သူတွေမှာ ပိုပြီး ဖြစ်တတ်ပါတယ်။

ဆီးချိုကြောင့် အာရုံကြောထိခိုက်တာတွေအတွက် သောက်ဆေးတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ ကုသလို့ ရပါတယ်။ ပြန်ကောင်းမကောင်းဆိုတာက ဆီးချိုရောဂါ ထိန်းနိုင်မထိန်းနိုင်ပေါ်လည်း မူတည်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းနိုင်ရင်၊ သိပ်လည်း မဆိုးဘူးဆိုရင် ထုံတာ၊ ကျဉ်တာက တစ်နှစ်လောက်ဆို သက်သာနိုင်ပါတယ်။ ဖြစ်တာကြာပြီ၊ ပြင်းထန်တယ်၊ သွေးတွင်းသကြားဓာတ်လည်း မထိန်းနိုင်ဘူးဆိုရင် ပြန်ကောင်းဖို့ ခက်ပါတယ်။

ဆီးချိုရောဂါကြောင့် အာရုံကြောတွေ မထိခိုက်စေဖို့ဆိုရင်
• သွေးတွင်းသကြားဓာတ် သေချာထိန်းပါ။
• သွေးတိုးရောဂါရှိရင် သွေးမတက်အောင် ဂရုစိုက်ပါ။
• ကိုယ်အလေးချိန်ထိန်းပါ။
• အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ။
• ခြေထောက်ကို နေ့စဉ်စစ်ဆေးပါ။
• အနာတစ်ခုခုရှိတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
• သက်သောင့်သက်သာဖြစ်ပြီး တော်တဲ့ ဖိနပ်ကို စီးပါ။
• ထုံတာ၊ ကျင်တာနဲ့ တခြားအာရုံကြောရောဂါလက္ခဏာတွေ ခံစားရတဲ့အခါ ဆရာဝန်နဲ့ ပြသပါ။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ဆီးချိုကြောင့် အာရုံကြောမထိခိုက်အောင် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။



#ကျန်းမာရေးဗဟုသုတ
#ဆီးချို

26/05/2026

ဒီလက္ခဏာတွေ ရှိနေပြီဆိုရင် ဆီးချိုရောဂါကို သတိထားပါ



#ကျန်းမာရေးဗဟုသုတ #ဆီးချို

18/05/2026

ရေသောက်နည်းကြောင်း ပြနေတဲ့ လက္ခဏာများ

ရာသီဥတုပူတာကြောင့် ရေလုံလောက်အောင် သောက်ပေးဖို့ လိုပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ အပူရှိန်တက်တာ၊ ခန္ဓာကိုယ်ထဲက ဓာတ်ဆားဓာတ်တွေ ကမေရင်ကမဖြစ်တာ၊ အပူလျှပ်တာတွေ ဖြစ်နိုင်လို့ ခုလို နွေရာသီမှာ သတိထားပြီး ရေသောက်ရပါမယ်။
တစ်ရက်ကို ရေ ၈ ဖန်ခွက် သောက်ရမယ်လို့ ပြောပေမယ့် တကယ်တမ်းမှာ ခန္ဓာကိုယ်က ရေကို လိုရင်လိုသလောက် သောက်ဖို့ လိုပါတယ်။ ပိုပူရင်၊ ချွေးထွက်များလွန်းရင် ၈ ဖန်ခွက်ထက် ပိုသောက်ရမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတဲ့ လက္ခဏာတွေကို ကြည့်ပြီး သောက်ပေးဖို့ လိုပါတယ်။

ရေဓာတ်မလုံလောက်ကြောင်း ပြသနေတဲ့ လက္ခဏာတွေကတော့

ခေါင်းကိုက်ခြင်း
ခုလို နွေရာသီမှာ မကြာခဏ ခေါင်းကိုက်ကြတာ ပူလို့လည်း ဖြစ်နိုင်သလို ရေဓာတ်မလုံလောက်လို့လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လှုပ်လှုပ်ရှားရှားလုပ်ပြီး ချွေးထွက်ထားတဲ့သူတွေက ရေလုံလောက်အောင် မသောက်တဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။

နုံးခြင်း
ပင်ပင်ပန်းပန်းလည်း မလုပ်၊ အိပ်ရေးလည်း ဝပါလျက်နဲ့ နုံးနေပြီဆိုရင် ရေဓာတ်နည်းနေလို့ ဖြစ်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်ကို အားဖြည့်ဖို့၊ အညစ်အကြေးတွေ စွန့်ဖို့ အရေးပါပါတယ်။ ရေဓာတ်နည်းတဲ့အခါ ဒီလုပ်ငန်းစဥ်တွေ မလုပ်နိုင်တာကြောင့် နုံးရတာပဲ ဖြစ်ပါတယ်။

ခံတွင်းခြောက်ခြင်း
ရေမသောက်တဲ့အခါ တံတွေးမထွက်တာကြောင့် ခံတွင်းခြောက်လာပါတယ်။ ခံတွင်းနံ့တွေ ထွက်လာပါတယ်။ အာတွေခြောက်၊ နှုတ်ခမ်းခြောက်နေတာက ရေဓာတ်မလုံလောက်ခြင်းရဲ့ အသိသာဆုံး လက္ခဏာပါ။

ဆီးအရောင်ရင့်ခြင်း
ဆီးနည်းသွားတာ၊ ဆီးအရောင်ရင့်တာက ရေဓာတ်နည်းခြင်းရဲ့ လက္ခဏာတစ်ခုပါ။ ရေသောက်နည်းရင် ဆီးလည်းနည်းပြီး ကျောက်ကပ်က အဆိပ်အတောက်တွေ မဖယ်ရှားနိုင်တာကြောင့် ဆီးအရောင်ရင့်လာရတာပဲ ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း
ဝမ်းမချုပ်အောင် ရေများများသောက်လို့ လူကြီးတွေ ပြောလေ့ရှိသလို ရေသောက်နည်းတဲ့အခါ ဝမ်းမာပြီး ဝမ်းချုပ်တတ်ပါတယ်။ ရေများများသောက်မှ အူလမ်းကြောင်းလှုပ်ရှားမှုကောင်းပြီး ဝမ်းပျော့ပျော့သွားမှာ ဖြစ်ပါတယ်။

ကြွက်တက်ခြင်း
ချွေးထွက်များတာကို ကာမိအောင် ရေလုံလောက်အောင် မသောက်မိတဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းတာ၊ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတာ ဖြစ်လာပါတယ်။ ဒါကြောင့် ကြွက်တက်တာ၊ ကြွက်သားတွေ နာတာ၊ ညောင်းညာတာတွေ ဖြစ်လာပါတယ်။

ဒါတွေကတော့ ရေသောက်နည်းနေကြောင်း ပြသတဲ့အချက်တွေပါ။ ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် ရေလုံလောက်အောင် သောက်ပါ။

ရေသောက်ဖြစ်စေဖို့အတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေတွေကတော့
🔹ရေဘူးကို လက်လှမ်းမီတဲ့နေရာမှာ ထားပါ။
🔹ရေဆာတဲ့အခါ ရေပဲသောက်ပါ။ အချိုရည်တွေ၊ ကော်ဖီအေးတွေ ရှောင်ပါ။
🔹ရေအပြင် ဟင်းရည်၊ အုန်းရည်၊ ဓာတ်ဆား စတာတွေပါ သောက်ပေးပါ။
🔹ရေသောက်ချင်စိတ်ရှိအောင် ရေထဲကို သံပုရာစိတ်၊ ပူဒီနံ စတာတွေ ထည့်သောက်ပါ။
🔹ရေသောက်တာကို အကျင့်လုပ်ပါ။ ဥပမာ ရေချိုးခါနီး ရေတစ်ခွက်သောက်တာ၊ အိပ်ရာနိုးနိုးချင်း ရေသောက်တာမျိုးပါ။

ဘယ်လောက်သောက်ရမလဲဆိုရင် ဆီးအရောင်ကြည်ပြီး နေရတာ လန်းလန်းဆန်းဆန်းဖြစ်သည်အထိ သောက်ပေးပါ။ ရေဓာတ်က အသက်ရှင်ဖို့၊ ကျန်းမာဖို့ လိုအပ်တာကြောင့် နေ့စဥ်ရေလုံလောက်အောင် သောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

Dr Htet Htet Zaw Win


#ကျန်းမာရေးဗဟုသုတ #ရေ

13/05/2026

သည်းခြေကျောက်တည်နေရင် ဘာလုပ်ရမလဲ

သည်းခြေကျောက်ဆိုတာက အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာပါ။ သည်းခြေအိတ်ထဲက အရည်တွေ ပျစ်လာတဲ့အခါ သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။

သည်းခြေကျောက် ဖြစ်နိုင်ချေများသောသူများမှာ

▪️အသက် ၄၀ကျော် အမျိုးသမီးတွေ
▪️အဝလွန်သူတွေ
▪️အထိုင်များသူတွေ
▪️ကိုယ်ဝန်ဆောင်တွေ
▪️အဆီအစားများပြီး အမျှင်ဓာတ် အစားနည်းသူတွေ
▪️မိသားစုထဲမှာ သည်းခြေကျောက်ဖြစ်ဖူးသူတွေ
▪️ဆီးချိုရောဂါရှိသူတွေ
▪️အချိန်တိုတိုနဲ့ ဝိတ်ချသူတွေ
▪️ဟော်မုန်းဆေး၊ တားဆေးကတ် သောက်သူတွေ
▪️အသည်းရောဂါအခံရှိသူတွေ
▪️သွေးရောဂါရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

သည်းခြေကျောက်က အရွယ်အစား၊ ပိတ်တဲ့နေရာပေါ်မူတည်ပြီး လက္ခဏာအမျိုးမျိုး ပြတတ်ပါတယ်။ သည်းခြေအိတ်ထဲမှာပဲရှိတယ်၊ အရွယ်အစားလည်း သေးတယ်ဆိုရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။

သည်းခြေပြွန်ထဲမှာ ပိတ်သွားပြီဆိုရင်တော့

▪️ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းမှာအောင့်တာ
▪️ရင်ညွန့်အောက်မှာ အောင့်တာ
▪️ကျောအောင့်တာ
▪️နာကျင်မှုက ပုခုံးကို ပြန့်သွားတာ
▪️ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။

သည်းခြေကျောက်က မကုသဘဲ ထားမယ်ဆိုရင်
▪️သည်းခြေအိတ်အဝမှာ ပိတ်ပြီး သည်းခြေအိတ်ရောင်တာ
▪️သည်းခြေပြွန်ပိတ်တာ
▪️ပန်ကရိယပြွန်ပိတ်တာ
▪️ပန်ကရိယရောင်တာ
▪️သည်းခြေအိတ်ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။

သည်းခြေကျောက်က လက္ခဏာမပြရင် မကုလည်း ရပါတယ်။ လက္ခဏာပြင်းထန်လို့ ကုသမယ်ဆိုရင် ကုသနိုင်တဲ့ နည်းလမ်းတွေကတော့

👉 ဆေးဝါးများနဲ့ ကုသခြင်း- ကျောက်ပျော်ဆေးတွေ သောက်နိုင်ပါတယ်။ ဒါပေမယ့် ကျောက်ပျော်ဖို့ အချိန်ကြာနိုင်သလို ပြန်လည်း ဖြစ်တတ်ပါတယ်။ ခွဲစိတ်ဖို့ မသင့်တော်တဲ့သူတွေအတွက် ရွေးချယ်နိုင်ပါတယ်။

👉 ခွဲစိတ်ကုသခြင်း- ခွဲစိတ်ပြီး သည်းခြေအိတ်ကို ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။

သည်းခြေကျောက်က အဖြစ်များပါတယ်။ သည်းခြေကျောက်တည်ခြင်းကို အောက်ပါနည်းလမ်းများနဲ့ ကာကွယ်နိုင်ပါတယ်။
▪️အစာပုံမှန်စားပါ။
▪️အချိန်ယူပြီး ဝိတ်ချပါ။
▪️အမျှင်ဓာတ်များများစားပါ။
▪️အဝမလွန်အောင် ထိန်းပါ။

သည်းခြေကျောက်ရှိတိုင်း စိုးရိမ်စရာမလိုပါဘူး။ လက္ခဏာမပြရင် စောင့်ကြည့်လို့ရပါတယ်။ လက္ခဏာပြတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ကုသမှုကို ခံယူသင့်ပါတယ်။

Dr Htet Htet Zaw Win


#ကျန်းမာရေးဗဟုသုတ
#သည်းခြေကျောက်

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon