K O N T R O L

K O N T R O L

Share

14/09/2025

ဒီပုံကစာလေးမှာ ကျွန်တော့်အမြင်က..

မြန်မာမိသားစု (အကုန်လို့မဆိုလိုပါဘူး ယေဘုယျပေါ့ဗျာ) တစ်ခုမှာ သားသမီးနှင့် မိဘဆက်ဆံရေးက အချစ်အပေါ်အခြေခံတာထက် ရိုသေမှု၊ နာခံမှု၊ ယဉ်ကျေးမှုတို့ကို အခြေပြုတာများတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့မြန်မာလူမျိုးတွေက အချစ်ကို မခံစားတတ်တာ၊ အချစ်မရှိတာမျိုး မဟုတ်ဘူးဗျာ။ စာတွေ၊ ကဗျာတွေ၊ ရုပ်ပုံ ပန်းချီကားတွေနှင့် ပုံဖော်ထားတာတွေမှ မြန်မာစာပေ၊ အနုပညာမှာ အများကြီးရှိပါတယ်။

ဒါပေမဲ့ စာတွေမှာ သီကုံးရေးဖွဲ့သလို တကယ့် လက်တွေ့ဘဝမှာ လုပ်ဖြစ်ကျလားဆိုတာက ခေတ်အလိုက်လူ့အဖွဲ့အစည်းအပေါ်မှာမူတည်သွားတော့ ကျွန်တော်တို့ရဲ့ မျိုးဆက်နှစ်ဆက်လောက်က ဒီလို အချစ်နှင့်ပတ်သက်တဲ့ အရာတွေ၊ နှုတ်အရ၊ အလုပ်အရ ဖော်ပြခြင်းတွေကို သိပ်မလုပ်ဖြစ်ကြတော့တာလို့ ကျွန်တော်တွေးမိတယ်။

မကောင်းဘူးလား ဆိုတော့ မဟုတ်ဘူး။ အရာတိုင်းမှာ အကောင်းအဆိုးဆိုတာ ရှိစမြဲဖြစ်တာကြောင့် သူ့အားသာချက်၊ အားနည်းချက်နှင့်သူတော့ ရှိတာပေါ့ဗျာ။

ကျွန်တော်တို့ မိဘတွေ ကျွန်တော်တို့ကို မချစ်ဘူးလားမေးရင် ပုံစံမတူ ချစ်ခြင်းတွေနှင့် ချစ်ကြတာပေါ။

ဒါပေမဲ့ တော်တော်များများမှာ မိဘတွေရဲ့ချစ်ခြင်းကို ကျွန်တော်တို့ကို စာတော်စေချင်ခြင်း၊ အလုပ်အကိုင်ကောင်းကောင်း လစာကောင်းကောင်းရစေချင်ခြင်း၊ အိမ်ထောင်ဘက်ကောင်းနှင့် လက်တွဲစေချင်ခြင်း လိုမျိုး ဘဝရဲ့အောင်မြင်မှုတွေကိုရအောင် ကြိုးစားစေတဲ့ ဘက်ကနေ ချစ်ခြင်းကို ငယ်ငယ်ကစပြီး ကြုံတွေ့ရတယ်။

ကျွန်တော်တို့ မိဘတွေခေတ်တုန်းက စားဝတ်နေရေးထအပါအဝင် နိုင်ငံ့အရေး၊ လုံခြုံမှု ဖူလုံမှုတွေကို ရှေ့တန်းတင်ရင်း ကြီးပြင်းလာခဲ့ကြရတာဖြစ်တော့ သူတို့ရဲ့ သားသမီးတွေအလှည့်မှာ ဒါမျိုး မကြုံတွေအောင်၊ မခံစားရအောင်ဆိုတဲ့ ဆန္ဒက သူတို့ရဲ့ကျွန်တော်တို့အပေါ်ထားတဲ့ ချစ်ခြင်းပုံစံတစ်မျိုးဖြစ်တယ်လို့ ကျွန်တော်ယူဆမိတယ်။

‘သား အဆင်ပြေလား’ ဆိုတဲ့မေးခွန်းမှာ သားရဲ့စိတ်အခြေအနေကိုမေးတာမျိုးထက် ကျောင်းစာတွေလိုက်နိုင်လား၊ အမှတ်တွေကောင်းလား၊ ကျူရှင်သင်ဖို့လိုအပ်မလား ဆိုတဲ့ အရာတွေကိုပိုပြီး အာရုံစိုက်တယ်။

ပုံကစာလေးနဲ့ချိတ်ဆက်ချင်တာကဗျာ..

ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်အောင်၊ နားလည်အောင် ငယ်ငယ်က အထိတွေ့နည်းခဲ့မည်၊ အတွေ့အကြုံနည်းခဲ့မည်ဆိုရင်တောင် တစ်ဘက်ကကြည့်ရင်လည်း ကျွန်တော်တို့မှာ ကျွန်တော်တို့မိဘတွေရဲ့ သွန်သင်ဆုံးမမှုအောက်ကနေ ကြီးပြင်းလာခဲ့တာကြောင့် အနည်းနှင့်အများဆိုသလို ရလိုက်တဲ့ အားသာချက်တွေအများကြီးရှိပါတယ်.. လူကြီးမိဘကို ရိုသေလေးစားတာ၊ အခြေအနေအချိန်အခါကိုကြည့်တတ်တာမျိုးတွေကအစပေါ့ဗျာ။

အောက်ဆုံးကစာသားလေး “So you grew up believing love means not being a burden” ဆိုတာကတော့ ကျွန်တော့်ကို ဝမ်းနည်းစေတယ်။ ဘာလို့လဲဆိုတော့ မှန်နေတယ်။

မိဘကို ကိုယ်အသက်ကြီးလာတာနှင့်အမျှ ဝန်ထုပ်ဝန်ဖိုး မဖြစ်စေချင်ဘူးဆိုတာမှာ ပစ္စည်းဥစ္စာအရရော စိတ်ပိုင်းဆိုင်ရာအရရော ပါပါတယ်။

“တော်ပါပြီ.. မပြောတော့ပါဘူး။ သိသွားလို့ အမေ စိတ်ဆင်းရဲနေဦးမယ်” “မပြောပါနဲ့တော့ကွာ ငါတို့မောင်နှမတွေပဲ ကြည့်ပြီးဖြေရှင်းလိုက်မယ်။ အမေတို့ကို သွားပြီး စိတ်ဒုက္ခ မပေးနေနဲ့တော့။”

ဒီစကားတွေက ကျွန်တော်တို့ ဘဝမှာ အနည်းဆုံး တစ်ခါတော့ ဝင်ဖူး၊ တွေးဖူး၊ လုပ်ဖူးတဲ့ ဖြစ်ရပ်တွေပါ။

အခက်အခဲတစ်ခုကို ပွင့်လင်းစွာ ဖွင့်ဟပြောခြင်းက တစ်ဘက်သူကို အထူးသဖြင့် မိဘတွေနှင့်ပတ်သက်လာရင် ဝန်တစ်ခုပေးတာပဲဆိုတဲ့ အတွေးက ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့ဒီအချိန်အထိ ကြုံတွေ့ဆဲ၊ ကြိုးစားဆဲ အခြေအနေတစ်ခုပေါ့ဗျာ။

ဒါပေမဲ့ ကျွန်တော့် ကိုယ်ပိုင်အတွေ့အကြုံကနေ ဒီစာလေးမှာ ကျွန်တော်မျှဝေချင်တာက “ကိစ္စတစ်ခုမှာ အစပြုလုပ်ဆောင်စရာ ရှိလာရင် အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူနှင့်ပတ်သက်နေရင် ကိုယ်ကနေစလိုက်ပါ” ဆိုတာပါ။

ခံစားချက်တွေ ထုတ်ပြောတတ်တဲ့ အလေ့မရှိဘူးလား။
နည်းနည်း ဖြည်းဖြည်းချင်း ကိုယ့်ဘက်ကနေစပြီး စကားစပြုကြည့်ပါ။ ချက်ချင်းမဟုတ်ရင်တောင် တဖြည်းဖြည်း အပြောင်းအလဲလေးတွေ တွေ့လာပါလိမ့်မယ်။

မေတ္တာတရားအခြေခံပြီး ဖြစ်တည်နေတဲ့ ဆက်ဆံရေးတွေ၊ တော်စပ်မှုတွေဖြစ်တာကြောင့် အနည်းနှင့်အများဆိုသလို ခက်ခဲမှုရှိနိုင်ပေမယ့် လုံးဝမဖြစ်နိုင်တဲ့ အခြေအနေမဟုတ်ဘူးဆိုတာကို ကိုယ်ကိုယ်တ်ိုင် စိတ်ထဲမှာ ဦးစားပေး ကြိုးစားကြည့်မယ်ဆိုရင် ကောင်းဖို့အများကြီးဖြစ်နိုင်တဲ့
အခွင့်လေးပါလို့ ကျွန်တော် သုံးသပ်မိပါတယ်ဗျာ။

အလုံးစုံကိုခြုံရေးတာကြောင့် ကွဲလွဲမှုတွေရှိမှာပါ။ အတွေ့အကြုံကိုယ်စီ ဘဝကိုယ်စီရှိကြတာကြောင့် ကျွန်တော်ရဲ့ ဒီစာလေးမှာ အပြုသဘောလေးကို ပိုဖြည့်တွေးပေးပါလို့ပြောရင်း..

- ကွန်ထရိုးလ်

09/08/2025

Admin သုံးယောက်မှာ အကြီးဆုံးက Single ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေတယ်..

အလတ်လေးကတော့ ကြည်နူးနေတာနှင့် လက်မလည်နိုင်ဘူး..

အငယ်ဆုံးလေးက ကွဲတော့ကွဲနေတယ် ဒါပေမဲ့ သူကွဲတာ ဘာကွဲတာလဲ မသည်းကွဲဘူးရယ်။

မိုက်တယ်နော် ငါတို့ သုံးယောက် 🙂

ကွန်ထရိုးလ် - ကေ့စ် - ကော့စ်မို့စ်

အကြီးဆုံးက မေးချင်တာ အချစ်စာတွေ ဘယ်လိုပြန်ရေးရမှာလဲ ဆိုတာလေးပါ 🥹

- ကွန်ထရိုးလ်

28/07/2025

‘မစ်လ်ကီဝေး (Milky Way)’

စာရေးဆရာလှသန်းပြောသလို ပီပြင်တဲ့လူသားဘဝဆိုတာအတူတကွရှိနေခြင်းသာဆိုရင် ငါတို့ထဲကဘယ်နှယောက်လောက်များလူသားဘဝကိုပီပီပြင်ပြင်နေထိုင်ဖူးပြီးပြီလဲ

လတ်တလောကြည့်ဖူးတဲ့ရုပ်ရှင်ထဲကလို
ဘယ်သူမှမရှိတဲ့တောင်တန်းတစ်ခုပေါ်မှာပက်လက်လှန်လှဲချပြီး Milky Way ကြည့်ချင်တယ်လို့ပြောတော့ ဖုန်းကိုထုတ်ပြီးသူရိုက်ထားတဲ့ Milky Way ပုံတွေပြတယ်
‘ပါရီမှာကျောင်းသွားတက်တုန်းကရိုက်လာတာ’တဲ့

သူ့ကြည့်ရတာဘဝမှာဘာမှများများစားစားတွေးစရာရှိပုံမပေါ်ဘူး
ကင်မရာတစ်လုံးရယ်၊ စကူတာလေးတစ်စီးရယ်
ဓာတ်ပုံဆရာတွေအကုန်လုံးတူတူပဲလား
သူများတွေကိုသာကင်မရာမီးတဖျတ်ဖျတ်နဲ့ဓာတ်ပုံလိုက်ရိုက်နေတာ သူတို့ကိုယ်တိုင်ကျဓာတ်ပုံရိုက်ခံရမှာတီကောင်ဆားနဲ့ပက်သလိုပဲ
သူ့မှာဓာတ်ပုံကောင်းကောင်းကန်းကန်းရယ်လို့မရှိသလောက်ရှားတယ်

ပုံအဟောင်းတစ်ပုံပြတယ်
ကလေးလေးတစ်ယောက်ပုံ
ဘယ်သူလဲဆိုတော့ ‘သူငယ်ငယ်က’တဲ့
ချစ်စရာလေးလို့ပြောတော့ ချစ်ဖို့မကောင်းတဲ့ကလေးရှိလို့လား ငယ်ငယ်တုန်းကတော့လူတိုင်းချစ်စရာလေးတွေချည်းပဲလေလို့ရယ်ပြီးပြောတယ်
အခုလည်းချစ်ဖို့ကောင်းကြောင်းတော့ဆက်မပြောဖြစ်လိုက်ပါဘူး
Boundaries…

တစ်ရက်ထမင်းတူတူစားတော့ သူ့ပန်းကန်ထဲမှာ Broccoli တွေဖယ်ထားတာတွေ့တယ်
အသီးအရွက်စားရတာမကြိုက်ဘူးတဲ့
တခြားဟာတွေသည်းခံပြီးစားလို့ရပေမယ့် Broccoli တော့လုံးဝမစားဘူးတဲ့လေ
I wish I liked broccolis more
မာရှယ်လ်နဲ့လီလီရဲ့ “Olive Theory” လို ငါများ Broccoli တွေပိုကြိုက်ခဲ့ရင်ဆိုတာမျိုးတွေးမိသေးတယ်
ဘာမှတော့မဆိုင်ပါဘူး

ဒါပါပဲ သူ့အကြောင်းသိသလောက်
လူတစ်ယောက်အကြောင်းဘယ်လောက်အတိုင်းအတာထိသိရရင်ခံစားချက်တွေပြောင်းပြန်လှန်ပစ်ဖို့လုံလောက်မလဲ

ညညအိပ်မက်ထဲမှာပြောတဲ့စကားတွေသူကြားသလား
မကြားချင်ယောင်ပဲဆောင်နေတာလား
သိချင်တာတွေသိပ်များပေမယ့် တစ်မိုးအောက်တူတူရှိနေရတာကိုပင်တော်ပါသေးရဲ့လို့ဖြေသိမ့်ရတဲ့ဘဝမှာနောက်ထပ်ဘာတွေများအထွန့်တက်ခွင့်ရှိမှာမို့လို့လဲ

‘အတ္တ သမံ ပေမံ နတ္ထိ’
သတ္တဝါမည်သည် ကိုယ့်ဘဝသာလျှင်ကိုယ်အမြတ်နိုးဆုံးတဲ့
သူ့ကိုတော့ဖြင့်ကိုယ့်ဘဝထက်ပိုပြီး မမြတ်နိုးမိသွားအောင်မျက်နှာချင်းဆိုင်တွေ့တိုင်းစေ့စေ့မကြည့်ခြင်းဖြင့်ကာကွယ်ရပါတယ်
အသွေးရောအသားရောပေးမိသွားရင်အသက်နဲ့ခန္ဓာအိုးစားကွဲမယ်မဟုတ်လား

အတူမရှိရလို့လူသားမဆန်ရလည်းနေပါစေတော့
အသည်းကွဲလို့သေတဲ့ထဲတော့မပါချင်ဘူး
Milky Way တွေတူတူကြည့်ဖို့အဖော်ရှိနှင့်ပြီးသားဆိုရင်ဘယ့်နှယ့်လုပ်ရမလဲ
ချစ်တဲ့အကြောင်းတွေပြောပြဖို့ရာ ဒီဘဝအတွက်တော့နောက်ကျသွားပြီထင်ပါတယ်။ ။

-Kosmos-

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon